← Chapters

ကောင်မ‌လေး သုံးယောက်အတွက် ခရစ်စမတ် လက်ဆောင်

Vol. 102 Ch. 1528

ကောင်မ‌လေး သုံးယောက်အတွက် ခရစ်စမတ် လက်ဆောင်

Vol. 102 Ch. 1528

“ ငါ နင့်ကို လိပ်စာ ပို့ပေးလိုက်မယ်…”

“ ကောင်းပြီ…”

ဖုန်းချပြီးနောက် လင်းရီသည် ရန်စီထံက ဝီချက်မက်ဆေ့ချ်တစ်စောင် လက်ခံရရှိလိုက်၏။

ထို့နောက် သူမ ပြထားသည့် လိပ်စာအတိုင်း အနောက်တိုင်း စားသောက်ဆိုင် တစ်ခုထံသို့ မောင်းထွက်လာခဲ့လိုက်သည်။

တည်နေရာက ဝေးလှသည် မဟုတ်ရာ ချိန်းဆိုထားသည့် နေရာသို့ နာရီဝက်အတွင်း ရောက်ရှိလာသည်။

စားသောက်ဆိုင်၏ နာမည်ကို ‘ Wells’ ဟု အမည် ပေးထားသည်။ ဆိုင်က သိပ်ကြီးလှသည်တော့ မဟုတ်ပေ။ သို့ပေမယ့် ကမ်းခြေအနီးနားတွင် ဖွင့်လှစ်ထားသည်ဖြစ်၍ ငှားရမ်းခက အတော်လေး ဈေးကြီးလှ၏။

ကားပါကင်ထိုးပြီးနောက် လင်းရီ ဘေးဘီဝဲယာသို့ ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်သော်လည်း ရန်စီကို မမြင်တွေ့ရသေးချေ။ ထို့ကြောင့် သူမထံ ဖုန်းခေါ်ကြည့်လိုက်၏။

လင်းရီ စကားမပြောရသေးခင်မှာပဲ ရန်စီဘက်က စကားအရင်စလာသည်။

“ နင် ရောက်နေပြီလား… “

“ ခုလေးတင် ရောက်တာပဲ … ဒါပေမယ့် မင်းကားကို မမြင်မိလို့..”

“ အမ်….. ငါ ကိစ္စ တစ်ခု ရှိလို့ နောက်ကျနေတာ… ဒီတော့ နင် နည်းနည်း ထပ်စောင့်ပေးဦးနော်…” ရန်စီ ပြောလိုက်ပြီး “ အဲ့နားတစ်ဝိုက် နင် လမ်းလျှောက်ထွက်ရင်လည်း ခဏထွက်လိုက် … ပြီးရင် ပင်လယ်ရှုခင်း ဒါမှမဟုတ် တစ်ခုခု ကြည့်နေလိုက်ပေါ့ … နင် ငါ့ကို ခဏတော့ စောင့်ရမယ် သိလား …”

“ အင်း .. လောစရာ မလိုပါဘူး … ဖြည်းဖြည်းသာ မောင်းလာခဲ့ …”

“ အိုကေ …”

ရန်စီ၏ စကားလုံးကို ကြားတော့ လင်းရီသည် သူမ အချိန်တော်တော်နှင့် ရောက်လာနိုင်မည် မဟုတ်ကြောင်းကို ရိပ်စားမိသွားခဲ့သည်။ ထို့ကြောင့် သူတစ်ယောက်တည်း အရင် ဝင်မသွားတော့ချေ။ အနီးနားရှိ ကမ်းခြေသို့ သွား၍ တစ်ချက်ပတ်ကြည့်ရန် စိတ်ကူးလိုက်၏။

လတ်တလောတွင် ကိစ္စ တော်တော်များများ ဖြစ်ပျက်ထားသဖြင့် အနားယူရန် အခွင့်အရေး တစ်ခု လိုအပ်နေသည်။

တစ်ချိန်တည်းတွင် ငယ်ငယ်ရွယ်ရွယ် ကောင်မလေး နှစ်ဦးက ကမ်းခြေတွင် လှည့်ပတ်သွားလာနေပြီး သူမတို့ လက်ထဲတွင် လက်ကမ်းစာစောင် တစ်ထပ်ကို ကိုင်ထားသည်။

“ ထျန်ထျန် … သွားစို့ … ခုက ဆောင်းတွင်းကြီး… ကမ်းခြေမှာက လူသိပ်မများဘူး…”

ပြောလိုက်သည့် မိန်းကလေးက ဟွမ်ရှောင်းချင်ဆိုသည့် ကောင်မလေးပင်။ သူမက ဆံပင်အတိုနှင့်ဖြစ်ပြီး နားရွက်နားလောက်အထိသာ ရောက်သည်။ ပုံပန်းသဏ္ဌာန်က ငေးမောလောက်စရာ မဟုတ်သော်လည်း ရုပ်ဆိုးသည်မျိုးလည်း မဟုတ်ချေ။

ထျန်ထျန်ဟု အခေါ်ခံလိုက်ရသည့် ကောင်မလေး၏ နာမည်က ကျန်းထျန်ထျန် ဖြစ်၏။ ပုံပန်းသွင်ပြင် အရရော၊ ကိုယ်လုံးကိုယ်ပေါက် အရပါ ဟွမ်ရှောင်းချင်ထက် အများအပြား သာလွန်သည်။ သူမ လမ်းတွင် ဖြတ်လျှောက်သည်နှင့် လူတော်တော်များက သမင်လည်ပြန် ကြည့်မိကြ၏။

နှစ်ဦးစလုံးက ကျိုးဟိုင် ဆေးတက္ကသိုလ် ကျောင်းသူလေးများ ဖြစ်ကြပြီး အတန်းဖော်များ ဖြစ်ကြသည်။ ယခု လောလောဆယ် အတန်းမရှိသည်ကို အခွင့်ကောင်းယူ၍ ကြော်ငြာများ လိုက်ကမ်းပေးရင်းဖြင့် အချိန်ပိုင်း ဝင်ငွေ ရှာနေကြခြင်းပင်။

“ အဓိကက ငါတို့တွေ တစ်နေရာတည်းမှာ ဖြန့်လို့ မဖြစ်တာပဲ .. ငါတို့လက်ထဲ ကြော်ငြာတွေ ဒီလောက်များတာ ငါတို့ နည်းဗျူဟာ တစ်ခု မစဉ်းစားဘူးဆိုရင် အချိန်တိုအတွင်း ကမ်းပေးနိုင်မှာ မဟုတ်ဘူး …”

“ နည်းဗျူဟာနဲ့ လှုပ်ရှားလည်း အတူတူပါပဲဟယ်…” ဟွမ်ရှောင်းချင် ပြောလိုက်ပြီး “ အိမ်ဈေးနှုန်းတွေက ဈေးဒီလောက်ကြီးတာ သာမန်လူတွေက ဒီမှာ အိမ်ဝယ်ဖို့ စိတ်တောင် ကူးမှာ မဟုတ်ဘူး … ဒီတော့ ငါတို့ရဲ့ လက်ကမ်းကြော်ငြာတွေကို ယူကြမှာ မဟုတ်ဘူး … ဝယ်နိုင်၊ တတ်နိုင်တဲ့ သူဌေးတွေကျပြန်တော့လည်း အကြောင်းပြချက်မရှိ လမ်းသလားနေမှာမှ မဟုတ်တာ … ငါသာ အစောကြီးကတည်းက ကြိုသိခဲ့ရင် တခြား အချိန်ပိုင်းအလုပ်လေး ရှာပါတယ်ဟယ်…”

“ ဒီအလုပ်က တစ်နေ့ကို ယွမ် ၁၀၀ ရနေတာလေ.. ပြီးတော့ အိမ်ရောင်းရတဲ့ ကော်မရှင်ခကလည်း ရှိသေးတယ်… ငွေရှာရတာ လွယ်တယ်များ နင်ထင်နေတာလား … သေချာပေါက် ဘယ်လွယ်မှာ…” ကျန်းထျန်ထျန် ပြောလိုက်ပြီး “ ဒီတော့ ဒီရဲ့ လက်ကမ်းကြော်ငြာတွေကို ကမ်းပေးနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ စဉ်းစားမှ ဖြစ်တော့မှာ … ငါတို့သာ ကံကောင်းရင် အိမ်ဝယ်ချင်နေတဲ့ တစ်စုံတစ်ယောက်နဲ့လည်း တွေ့နိုင်တာပဲလေ… အဲ့လိုသာဆို ငါတို့ ဒီ နှစ်ဝက်အတွက် နေစရိတ် ၊ စားစရိတ် ငြိမ်းပြီ…”

“ ကျစ် … အဲ့မှာ အိပ်မက်မက်နေ… မဖြစ်နိုင်တာကြီးတွေ…”

“ ဘာလို့ မဖြစ်နိုင်မှာ …” ကျန်းထျန်ထျန် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါပြောပြမယ်… ငါမနေ့ညက အိပ်မက် အရမ်းကောင်းတယ်… အိပ်မက်ထဲမှာ ရွှေရောင် ငါးကြင်းတွေက ငါ့ရှေ့မှာ ရေကူးနေတာ … ငါ သူတို့ကို မောင်းထုတ်လို့လည်း မရဘူး … ဆိုလိုတာ ငါ မကြာခင် ချမ်းသာလာတော့မယ်ဆိုတဲ့ သဘောပဲလေ…”

“ ခစ်ခစ်ခစ် … ငါအခု သိလိုက်ပြီ…. နင်က လှရုံတင်မကသေးဘူး … စိတ်ကူးလည်း ယဉ်တတ်သေးတာပဲကိုး …”

ကျန်းထျန်ထျန်လည်း ပြုံးလိုက်သည်။ ဤကဲ့သို့ မိမိကိုယ်ကို နှစ်သိမ့်ပေးလိုက်သည်ကလည်း တစ်မျိုး ကောင်း၏။ ယခုဆို သူမ မိုတီ ရသွားပြီလေ။

ဟွမ်ရှောင်းချီ ပြောသည့်အတိုင်း ယခုအချိန်ခါက ဆောင်းတွင်း ဖြစ်သဖြင့် ဆောင်း၏ ဒဏ်က မြောက်ပိုင်းကဲ့သို့ မကြမ်းတမ်းသော်လည်း အပူချိန်က ၁၀ ဒီဂရီ ဆဲစီးယပ်လောက်အထိ ကျဆင်းနေဆဲပင်။

ကျိုးဟိုင်သူ ၊ ကျိုးဟိုင်သားတို့အဖို့ ဤသည်က အေးသည်ဟု သတ်မှတ်၍ ရ၏။ ထို့ကြောင့် ကမ်းခြေတွင် လူတို့ သိပ်မရှိကြချေ။

ဟိုဟိုဒီဒီ ကျိုးတို့ကျဲတဲ့ စုံတွဲ အချို့သာ မြင်နေရ၏။ သို့သော် အများစုက ဘယ်နေရာ သွားလို့ သွားရမှန်း မသိသဖြင့် ဤနေရာသို့ ရောက်လာခဲ့ကြခြင်းပင်။

ခွန်အား အများအပြား စိုက်ထုတ်ပြီးသည့်နောက်တွင် သူမတို့နှစ်ယောက်မှာ လက်ကမ်းကြော်ငြာ အစောင်ရေ တစ်ဒါဇင်မျှသာ ဖြန့်ဝေနိုင်ခဲ့၏။ သူတို့ လက်ထဲရှိ ထူထဲလှသည့် အရွက်ရေများကို ကြည့်ရင်း ညမှောင်သည့် အချိန်မှသာ ဖြန့်ဝေလို့ ပြီးလိမ့်မည်ဟု အာရုံရနေတော့သည်။

“ ထျန်ထျန်… သွားစို့… ငါတို့ပြီးပြီ… မြို့တွင်း ပျောက်ကျား ဆင်နွှဲဖို့ နောက်တစ်နေရာ ရှာရမယ့် အချိန်ရောက်ပြီ…” ဟွမ်ရှောင်းချင် ပြောလိုက်သည်။

“ မလောစမ်းပါနဲ့ဦး နင်ကလည်း …” ကျန်းထျန်ထျန် ပြောလိုက်ပြီး “ ငါ့ရှေ့မှာ တစ်ယောက်ရှိတယ်… ငါ့သူ့ဆီ တစ်ရွက် သွားပေးဦးမယ်…”

“ အကြံကောင်းတော့ မဟုတ်ဘူးနော်.. သူက အနည်းဆုံး မီတာ နှစ်ဆယ်လောက် ဝေးနေတာ နင် တစ်စောင် သွားပေးပြီး ပြန်လှည့်လာလို့ မတန်ဘူး …”

“ ဘာလို့ မတန်ရမှာ … မတော်လို့ သူက အိမ်ဝယ်ချင်နေတယ်ဆိုရင်ကော …”

ကျန်းထျန်ထျန် ခြေဖျားထောက်၍ လှမ်းကြည့်လိုက်၏။ “ ငါ သူ့မျက်နှာကို မမြင်ရဘူးဆိုပေမယ့် ငါ့ မသိစိတ် ပြောနေတာတော့ အဲ့အစ်ကိုလေးက တော်တော်လေး ချောလောက်တယ်…”

“ ဟေ့ ဟေ့ … နင် အသိတရား ကပ်စမ်း … ရူပအာရုံမှာ နစ်မြောမသွားနဲ့….” ဟွမ်ရှောင်းချီ ပြောလိုက်ပြီး “ ခံစားချက်က မှန်နေရင်တောင် နင် အနီးကပ်သွားကြည့်ရင် ရုပ်ဆိုးဆိုးနဲ့ ဘဲကြီး တစ်ကောင် ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲလေ… အချိန်မဖြုန်းစမ်းပါနဲ့ဟာ … မြန်မြန် နောက်ကလိုက်ခဲ့ … ဒါမှ ငါတို့ နောက်တစ်နေရာ ဆက်သွားလို့ရမှာ…”

“ တခြားနေရာတွေလည်း အတူတူပဲကို … ဘာပဲ ဖြစ်ဖြစ် ငါအားတယ်.. ဒီတော့ သူ့ကို အရင် တစ်စောင် ကမ်းလိုက်ကြတာပေါ့ …” ကျန်းထျန်ထျန်သည် ဟွမ်ရှောင်းချီကို လက်မောင်းကနေ အတင်းဆွဲပြီး ပြောလိုက်သည်။

“ သွားစို့ … နင်ငါ့ကို အဖော်လိုက်ပေးတယ်လို့ပဲ သဘောထားလိုက်လေနော်… သူ ချောတာ မချောတာ ဘယ်သူက ဂရုစိုက်နေမှာလဲ…”

“ နင်ကိုတော့ ငါ လက်လန်တယ် သိလား….”

ဟွမ်ရှောင်းချီလည်း ရွေးချယ်စရာ မရှိပေ။ လင်းရီထံ လျှောက်လှမ်းလာခဲ့ရတော့၏။

“ ဟယ်လို လူကြီးမင်း .. လင်ရှီး ပင်လယ်အော်က အခု ဖွင့်နေပါပြီရှင့် … ၁၂၁ ကနေ ၄၈၉ အထိ ရှိတဲ့ အိမ်အကြီးကြီးတွေ အဓိက ပါဝင်ပါတယ်… လူကြီးမင်း . . . . . .”

ကျန်းထျန်ထျန် စကားတစ်ဝက်နှင့် ရပ်တန့်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် လင်းရီက နောက်လှည့်ကြည့်လာသောကြောင့် ဖြစ်လေသည်။

သူက သိပ်ကိုချော၏။

ထိုစဉ် ဟွမ်ရှောင်းချင်မှာ စိတ်ထဲ ကဗျာတွေ စာတွေ ဖွဲ့နွှဲ့ပြီး ဖြစ်နေသည်။

“ သူ့ပုံရိပ်လေးကို ဘေးက ကြည့်တာနဲ့တင် စိတ်ကို ကသောင်းကနင်း ဖြစ်စေပြီး ကြီးစိုးနိုင်နေပြီကို ဘာလို့များ နောက်လှည့်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို ပျက်စီးစေရတာလဲ…”

ဒီအစ်ကိုလေးက မင်သက် အံ့အားရလောက်တဲ့အထိကို ချောမောလွန်းနေတယ်။

သူတို့တွေ မီတာ ၂၀ ကျော်မျှ လမ်းလျှောက်လာခဲ့ရသော်လည်း ဤ လက်ကမ်းကြော်ငြာစောင်ကို ကမ်းပေးနိုင်လိုက်သည်က …. တန်ပါသည်။ အကြီးကြီးကို တန်ပါသည်။

အကယ်၍ သူမတို့ ဤ မျက်နှာလေးအား မျှော်ဖူးရဖို့ဆို ၂ ကီလိုမီတာခရီးဆိုလျှင်လည်း မဆိုင်းမတွ ၊ ညည်းညူခြင်းမရှိ လျှောက်မိမှာ အမှန်ပင်။

လင်းရီ ကြော်ငြာကို လှမ်းယူပြီး တစ်ချက်ကြည့်လိုက်၏။ “ မင်းတို့က အိမ်ခြံမြေ အရောင်း အေဂျင်စီကလား …”

“ အွန်း … လင်းရှီပင်လယ်အော်က ကျိုးဟိုင်မှာ အဆင့်မြင့် ဗီလာ အသစ်တွေ ဆောက်ထားတယ်လေ… ရှင် စိတ်ဝင်စားရင် တစ်ချက် ကြည့်လို့ရတယ်…”

“ ကောင်းပြီ…”

“ အိုကေ … ကျွန်မတို့ ရှင့်ကို မနှောင့်ယှက်တော့ဘူးနော်…”

နှစ်ယောက်မှာ လင်းရီနှင့် မျက်နှာချင်းဆိုင် စကားပြောရုံမျှနှင့်ပင် မျက်နှာတို့ နီမြန်းနေကြ၏။ ကောင်းကောင်းမွန်မွန်ပင် စကားမပြောဆိုနိုင် ဖြစ်နေကာ ယုံကြည်ချက် ကင်းမဲ့နေတော့၏။

ထိုစဉ် စာပါ အကြောင်းအရာတို့က အနည်းငယ် ရင်းနှီးနေသည်ဟု လင်းရီ ခံစားလိုက်ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က လင်းရီ ဝမ်ရင်း၏ နေရာသို့ အနားယူရန် သွားစဉ်က ထိုကဲ့သို့သော အဆောက်အဦးတစ်ခုအကြောင်းကို သူမ ပြောခဲ့ဖူးဟန်ပင်။

ပင်လယ်နှင့် မီတာ ၂၀၀ လောက်သာလျှင် ဝေး၏။ ပြတင်းပေါက် အရှေ့တွင် ရပ်နေရင်း အတိုင်းမသိ ဝေးလံလှသည့် ပင်လယ်ကြီးကို လှမ်းမျှော်ကြည့်နိုင်သည်။ လူတစ်ချို့က ကျိုးဟိုင်၏ ထန်ချိန် ပထမတန်းစားဟုပင် ခေါ်လေ့ရှိကြပြီး ယခုတော့ လူတိုင်း၏ အာရုံစိုက်ရာဖြစ်လာခဲ့၏။

ထို့ပြင် ဆောက်လုပ်သည့်လူကလည်း ချောင်ရန်အုပ်စုထက် ပိုပြီး အထင်ကြီးဖို့ကောင်းကာ နာမည်ကျော်ကြားလှ၏။ အိမ်၏ အရည်အသွေးက အာမခံချက် အပြည့်အဝရှိမည်မှာ ကျိန်းသေသည်။

လင်းရီ မေးစေ့ကို ပွတ်သပ်မိလိုက်သည်။

ကျီချင်းရန်နှင့် လျန်ရူရွှယ်အတွက် သူ စဉ်းစားပြီးဖြစ်သော်လည်း လီချူးဟန်နှင့် ဝမ်ရင်း အတွက် လက်ဆောင်ပြင်ပေးဖို့ လိုနေသေးသည်။

ထို့ပြင် ယခု ရန်စီလည်း ရှိလာပြီ။ သူမတို့ အားလုံးအတွက် သူ လိုလေသေးမရှိ စီစဉ်ပေးရမည်။

‘ အိုကေ … မျှမျှတတ လုပ်တာပေါ့ … တစ်ယောက်ကို အိမ်တစ်လုံးစီနဲ့ သန်း ၂၀၀ မုန့်ဖိုးပေးထားလိုက်မယ်… သုံးယောက်လုံးရဲ့ ခရစ်စမတ် လက်ဆောင်က အတူတူပဲ… ‘

“ ဝေ့ … မင်းတို့နှစ်ယောက် ခဏလေး ပြန်လာခဲ့လို့ရလား…”

လင်းရီ၏ အသံကို ကြားတော့ အလှမ်း ခပ်ဝေးဝေးသို့ ရောက်နေသည့် ကောင်မလေးနှစ်ယောက်မှာ ရပ်တန့်သွားခဲ့ကြ၏။

“ အစ်ကိုလေး … ကျွန်မတို့ကို ခေါ်နေတာလား…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။

ဟွမ်ရှောင်းချီမှာ ရှက်သွေးဖြန်းသွားခဲ့၏။ “ ထျန်ထျန် … အဲ့ဒီ အစ်ကိုလေးက ဘာလို့ ပြန်ခေါ်တယ်ထင်လဲဟင်…”

“ သိဘူးလေ… အိမ်ဝယ်ချင်နေလို့များလား …”

“ ဘယ်ဖြစ်နိုင်မှာ … အသေးဆုံး အိမ်ကတောင် ယွမ် သန်း ၂၀ ရှိတာ သူ့ရုပ်က တစ်လုံး ဝယ်နိုင်တဲ့ပုံ ပေါက်လို့လား…” ဟွမ်ရှောင်းချီ ပြောလိုက်ပြီး “ ငါတော့ သူ နင့်ကို ဖလစ်ချင်နေတာကြောင့်လို့ပဲ ထင်တယ်… အိမ်အကြောင်း ဘာညာမေးမယ်… ပြီးရင် နင့်ဖုန်းနံပါတ်တောင်းမယ်… နင် စိတ်ကို သေချာပြင်ဆင်ထားတော့ သိလား …”

All Chapters