မင်းတို့ ကော်မရှင်ခ မရဘူး
Vol. 102 Ch. 1529
“ သူက ငါနဲ့ ဖလစ်ချင်လို့ ဟုတ်လား …” ကျန်းထျန်ထျန် ခေါင်းခါရမ်းလိုက်ပြီး “ ငါတော့ နင်ပြောနေတာတွေက ရယ်စရာကြီးလို့ ထင်တယ်… အဲ့ဒီ အစ်ကိုလေးက ဒီလောက် ချောတာ ငါက ဒီတိုင်း သာမန် ဆေးကျောင်းသူလေး တစ်ယောက်ရယ်… ပြီးတော့ ငါ့အိမ်ကလည်း ချမ်းသာတဲ့ထဲ ပါတာ မဟုတ်ဘူး … သူ ငါ့ကို ကြိုက်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
“ နင် ဘာတွေ ပြောနေတာလဲ… ငါတို့က မချမ်းသာဘူးဆိုရင်တောင် ငါတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်တွေက လှတယ်လေ…” ဟွမ်ရှောင်းချင်သည် မရှိမဲ့ ရှိမဲ့ တင်နှင့်ရင်ကို အတင်းညှစ်ပြီး ကော့ပြလိုက်၏။
“ တခြားဟာတွေကို ထည့်မပြောသေးနဲ့… နင့် ခြေတံ အရှည်ကြီးတွေနဲ့တင် သူ့ကို တစ်ညလုံး ဖျော်ဖြေတင်ဆက်ဖို့ လုံလောက်နေပြီ… နင့်တင်လေးကလည်း လုံးလုံးကိတ်ကိတ်လေး … ရိုက်လိုက်လို့ကတော့ တော်တော့်ကို အရသာရှိတာ … သူလည်း အဲ့တာကို ကြိုက်မယ်ဆိုတာ ငါ သေချာကြီး ပြောရဲတယ်…”
“ ပေါက်ကရတွေ တော်စမ်း …” ကျန်းထျန်ထျန် မျက်နှာ နီရဲစွာ ပြောလိုက်သည်။
နှစ်ယောက်သား တီးတိုးတွတ်ထိုးရင်း လင်းရီ၏ ရှေ့မှောက်သို့ စိတ်လှုပ်ရှားမှုများစွာဖြင့် ရောက်လို့လာသည်။ ဟွမ်ရှောင်းချင်က “ အစ်ကိုလေး … ရှင် ထျန်ထျန်ရဲ့ ဝီချက်အကောင့် လိုချင်လို့လား … ကျွန်မဆီမှာ ရှိတယ်… ကျွန်မ ပေးမယ်…”
“ ဟင်… ငါ သူ့ဝီချက်အကောင့်လိုချင်တယ်လို့လည်း မပြောမိပါလား …”
“ ရှင်က သူ့ ဝီချက်ကို မလိုချင်ဘူးပေါ့…”
“ ငါက ဒီတိုင်း အိမ်လေးတွေက မဆိုးဘူးထင်လို့ … ဝယ်ချင်လို့ …”
အံ့အားသင့်သွားခြင်း ။
လင်းရီက အိမ်ဝယ်ချင်သည်ဟု ပြောသံကြားတော့ မိန်းကလေး နှစ်ယောက်လုံးမှာ ရုပ်သေကြီးများ ဖြစ်သွားခဲ့ကြ၏။
သူက ချောလို့ သူမတို့က ကြော်ငြာ လက်ကမ်းစာစောင်ကို ကမ်းပေးလိုက်တာလေ။ တကယ်ကြီး အိမ်ဝယ်တဲ့လူနဲ့ လာတိုးနေပါရောလား။
“ ငါ ၂၀၀ စတုရန်း မီတာ ရှိတဲ့ အိမ်သုံးလုံး လိုချင်တယ်… ငါ့ကို အိမ်မော်ဒယ်တွေ ကြည့်ဖို့ ခေါ်သွားပေးနိုင်မလား …”
သူ့တွင် တခြား ဘာလုပ်စရာမှ မရှိသဖြင့် လင်းရီသည် အိမ်အရင်ဝယ်၍ ရန်စီကို ပေးဖို့ စီစဉ်ထား၏။
“ ၂၀၀ စတုရန်းမီတာ…”
လင်းရှီ ပင်လယ်အော်ရှိ အိမ်များ၏ မြေဈေးနှုန်းက တစ်စတုရန်းမီတာကို ယွမ် ၁၈၉,၀၀၀ ပေါက်ဈေးရှိသည်။ ၂၀၀ စတုရန်းမီတာ ဆိုပါက ယွမ် သန်း ၄၀ ခန့် ကျသင့်လိမ့်မည်။
အကယ်၍ သူသာ ယူနစ် သုံးခုလုံးကို တစ်ပြိုင်နက် ဝယ်ယူမည် ဆိုပါက ယွမ် သန်း ၁၀၀ ပင် ကျော်သွားလိမ့်ဦးမည်။
ဒီ အစ်ကိုလေးက ချမ်းသာလိုက်တာ။
“ ဘာဖြစ်လို့လဲ… မင်းတို့ဆီမှာ ၂၀၀ စတုရန်းမီတာ ရှိတဲ့ ယူနစ်တွေက မရှိတော့လို့လား…”
“ မဟုတ်ဘူး မဟုတ်ဘူး… ရောင်းဖို့ အများကြီး ရှိတာပေါ့… အစ်ကိုလေး အချိန်ရရင် ကျွန်မတို့ ကြည့်ဖို့ ခေါ်သွားပေးမယ်လေ…”
“ သွားစို့ …”
အရောင်းပြခန်းက လင်းရီတို့ ရှိနေသည့် တည်နေရာနှင့် သိပ်မဝေးချေ။ သုံးယောက်သား မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် ရောက်ရှိလာသည်။
“ ထျန်ထျန် ၊ ရှောင်းချင် … နင်တို့ ပြန်လာကြပြီလား … ကြော်ငြာတွေ ကမ်းတာရော ဘယ်လိုလဲ … ပြီးကြပြီလား…”
ပြောလိုက်သူက ပိုနီတေး ဆံပင်ပုံစံနှင့် ကောင်မလေး တစ်ယောက်ဖြစ်သည်။ သူမက အနက်ရောင် လေကာ အင်္ကျီကို ဝတ်ဆင်ထား၏။ ထျန်ထျန်တို့ နှစ်ယောက်ကို မြင်တော့ သူမ၏ မျက်ဝန်းတို့ထဲ မသိမသာ နှိမ်ချသည့် အကြည့်တို့က သိသိသာသာ ကြီးပင်။
ထိုမိန်းကလေး၏ နာမည်က လီလုဖြစ်၏။ သူမက ကျန်းထျန်ထျန်နှင့် ဟွမ်ရှောင်းချင်တို့၏ တစ်တန်းတည်း အတူ ကျောင်းတက်ရသည့် သူငယ်ချင်းများ ဖြစ်ကြသည်။ ၎င်းတို့ အိပ်သည့် အခန်းပင် တစ်ယောက်နှင့် တစ်ယောက် မျက်စောင်းထိုး၌ တည်ရှိ၏။ သို့သော် အချင်းချင်း စကားပြောဆို ဆက်ဆံသည်ကတော့ ရှားပါးလှသည်။ ယနေ့ သူမတို့ အားလုံးက ဤနေရာတွင် အချိန်ပိုင်း အလုပ် လျှောက်ထားလုပ်ကိုင်ကြပြီး လူကိုလည်း နှစ်အုပ်စု ခွဲထား၏။
သူမဘေး၌ အနောက်တိုင်း ဝတ်စုံနှင့် အမျိုးသား တစ်ဦးရှိသည်။ သူတို့နှစ်ဦးက ရယ်ရယ်မောမောနှင့် စကားပြောဆိုနေကြ၏။ အချိန်တိုင်းလည်း ရယ်မောရင်းဖြင့် တစ်ဦးကို တစ်ဦး ထိတွေ့နေကြကာ နှစ်ဦး၏ အပြုအမူတို့က သံသယ ဝင်စရာပင်။
“ ဒီ အစ်ကိုလေးက အိမ်ဝယ်ချင်နေတာလေ… ဒါကြောင့်မို့ ငါတို့ သူ့ကို ဒီခေါ်လာခဲ့ပေးတာ…”
“ ဟုတ်လား … နင်တို့ အမြန်အမှီလိုက်ရင် ကောင်းမယ်နော်… မနေ့က ငါခေါ်လာခဲ့တဲ့ ဖောက်သည်က အရစ်ကျ ငွေချေသွားခဲ့တာ … ပြီးတော့ နင်တို့တွေ ကြည့်ရတာ ခုထိ သုည ရှိသေးတာနော်…”
ဟွမ်ရှောင်းချင်သည် လီလျိုကို စုန်းမကြီး တစ်ဦးကဲ့သို့ ကြည့်လိုက်ပြီး ထူးမခြားနား အမူအရာဖြင့် တုံ့ပြန်လိုက်၏။
“ ဒီအစ်ကိုလေးကလည်း အိမ်ဝယ်မှာပဲ … ပြီးတော့ သူက ယူနစ် သုံးခုတောင် ဝယ်မှာ… ငါတို့နှစ်ယောက်က နင့်ထက် ကော်မရှင်တွေ အများကြီးပိုရမှာ အသိသာကြီး … လာကြွားမနေနဲ့…”
“ ယူနစ် သုံးခု ဟုတ်လား …”
လီလုနှင့် အခြား အရောင်းဝန်ထမ်းလည်း ကြက်သေသေသွားခဲ့သည်။
လင်းရှီ ပင်လယ်အော်ရှိ အိမ်တို့က ဈေးပေါသည့် အထဲ မပါချေ။ ၎င်းကိုပင် သူက ယူနစ်သုံးခု ဝယ်ယူမည်တဲ့လော။
ထိုအခိုက်အတန့်တွင် လီလုဘေးနား ရပ်နေသည့် အရောင်းဝန်ထမ်းက လင်းရီအနားသို့ လျှောက်လှမ်းလာသည်။
“ ဟယ်လို လူကြီးမင်း … ကျွန်တော်က လင်းရှီ ပင်လယ်အော်ရဲ့ အရောင်းမန်နေဂျာ ကျန်းချိန်ပါခင်ဗျ… လူကြီးမင်းက ဘယ်လိုအိမ်မျိုးကို ကြည့်ချင်နေတာလဲ မသိဘူး … ကျွန်တော် မိတ်ဆက်ပေးပါရစေ …”
ကျန်းထျန်ထျန်နှင့် သူမ၏ အသင်းက အချိန်ပိုင်း ဝန်ထမ်းများသာ ဖြစ်သည်။ သူမတို့၏ တာဝန်က ဖောက်သည် ခေါ်လာပေးရန် ဖြစ်ပြီး အသေးစိတ် မိတ်ဆက်ပေးရန်နှင့် ရောင်းချသည့် အလုပ်ကိုတော့ ကျွမ်းကျင်သည့် အရောင်းဝန်ထမ်းတို့ကသာ လုပ်ဆောင်ရသည်။
“ တစ်ခုကို ၂၀၀ စတုရန်းမီတာလောက်ရှိတဲ့ ယူနစ် သုံးခု ဝယ်ချင်တယ်…. တစ်ခုချင်းစီတိုင်းက ပင်လယ်ဘက်ကို မျက်နှာမူထားရမယ်… မင်းတို့ဆီမှာ အဲ့လို ပုံစံမျိုးနဲ့ အိမ်တွေရှိလား … ပြီးတော့ အကုန်လုံးကရော ပိုင်ဆိုင်မှု စာရွက်စာတမ်း အကုန်ပါပြီးသားလား …”
လင်းရှီ ပင်လယ်အော်ရှိ အိမ်အကြီးဆုံးက ၄၀၀ စတုရန်း မီတာကျော် ရှိသည်။ လင်းရီကတော့ ထိုမျှ ကြီးမားလှသည့် အိမ်ကြီးကို ဝယ်ယူရန် မလိုအပ်ဟု ခံစားရ၏။
အမျိုးသမီး သုံးဦးလုံးက တစ်ကိုယ်တည်း နေထိုင်ကြမည် ဖြစ်ပြီး အကယ်၍ ၎င်းတို့၏ ဆွေမျိုးတို့ တစ်ခါတစ်ရံ လည်ပတ်သည်မျိုး ရှိလျှင်ပင် ၂၀၀ စတုရန်းမီတာက လုံလောက်သည်ထက်ပင် ပိုနေသည်။ အကယ်၍ ထို့ထက် ပိုကြီးမည်ဆိုပါက အထီးကျန်သည်ဟု ခံစားရတတ်၏။
ဤသည်က ကျီချင်းရန်အတွက်လည်း ထူးမခြားနားပင်။ သူမလေးဆို အိမ်အကြီးကြီးထဲတွင် တစ်ညလုံး တစ်ယောက်တည်း နေရမည်ဆိုပါက ကြောက်ရွံ့နေတတ်၏။
“ ဟုတ်ကဲ့ … တော်တော်များများ ရှိပါတယ် ခင်ဗျ…”
ကျန်းချိန် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ သူတော့ ယနေ့ တကယ့် သူဌေးကြီးနဲ့ လာတိုးပြီလေ။
၂၀၀ စတုရန်းမီတာ ရှိသည့် အိမ်သုံးလုံးက ယွမ် သန်း ၁၀၀ ကျော် ကျသင့်လိမ့်မည်။ ဤကတဆင့် သူ၏ ကော်မရှင်ခက နှစ်သန်းလောက်အထိ ရနိုင်လေသည်။
ကျန်းချိန်သည် လင်းရီ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အိမ်များအားလုံးကို ပြင်ဆင်၍ အခင်းအကျင်း မြေပုံကို လင်းရီလက်ထဲ ကမ်းပေးလိုက်သည်။
လင်းရီလည်း လက်ကမ်းစာရွက်ကို ယူ၍ တစ်ချက် ကြည့်လိုက်၏။ အပြင်အဆင်နှင့် အရွယ်အစား ၊ တစ်ထပ်တည်း နီးပါးတူသည့် ယူနစ် သုံးခုကို သူ ရွေးချယ်လိုက်သည်။
“ ဒီ ယူနစ်သုံးခု… ဘယ်လောက်ကျလဲ ငါ့ကို တစ်ချက် တွက်ပေးဦး … ကတ်နဲ့ ချေမယ်…”
ကျန်းချိန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လင်းရီ အထဲသို့ ဝင်လာသည်မှာ ဆယ်မိနစ်ပင် မပြည့်သေးသော်လည်း ကတ်နဲ့ ပိုက်ဆံချေရန် အဆင့်သင့် ဖြစ်နေသည်။
“ လူကြီးမင်းခင်ဗျ… အရစ်ကျ ပေးသွင်းဖို့ လျှောက်ထားချင်လား ဒါမှမဟုတ် အပြည့် ငွေချေမှာလား မသိဘူး …”
“ များတာလည်း မဟုတ်တာကို ဘာလို့ လျှောက်ထားနေဦးမှာ … ကရိကထတွေ များတယ်… တစ်ခါတည်း အပြည့်ချေမယ်…”
လင်းရီ ပြောလိုက်သည်။
ထိုစကားကြားတော့ အားလုံး မယုံကြည်နိုင် ဖြစ်သွားခဲ့ကြသည်။
ယွမ်သန်း ၁၀၀ ကျော်လေ၊ အဲ့တာကို မများဘူး ဟုတ်လား။
သူက ဘယ်လောက်တောင် ချမ်းသာနေလို့ပါလိမ့်။
လင်းရီက တကယ်ကြီး အိမ်ဝယ်ရန် ရောက်လာသည်ကို မြင်တော့ လီလုမှာ အလွန်အမင်း မနာလို ဖြစ်သွားခဲ့၏။
ထိုမျှ ဖောက်သည်အကြီးစားတစ်ဦး ဖြစ်နေလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။
သူမတို့ကဲ့သို့သော အချိန်ပိုင်း အလုပ်သမားများအဖို့ ကော်မရှင်ခက အလွန်အမင်း နိမ့်ပါးသော်လည်း အိမ်သုံးလုံး ရောင်းချရခြင်းက ရသည့် ယွမ်သန်း ၁၀၀ ကျော်ထဲက ကော်မရှင်ခသည် အနည်းဆုံး တစ်ဦးလျှင် ယွမ် ငါးသောင်းခန့် ရနိုင်ပေသည်။
သူမမှာဖြင့် မနေ့က ဖောက်သည်တစ်ဦး ရဖို့အရေး အာပေါက်မတတ် ပြောခဲ့ရပြီး တစ်ညလုံးလည်း ဝန်ဆောင်မှု ပေးခဲ့ရသေးသည်။ သို့တိုင် ရသည့် ကော်မရှင်ခက ယွမ် ၂၀၀၀ တဲ့လေ။
ဘာလို့ ဒီကောင်မတွေက ကံသိပ်ကောင်းနေရတာပါလိမ့်။
သူတို့တွေ ပိုက်ဆံ မရအောင် ငါ တစ်ခုခုတော့ ကြံဖို့ လိုနေပြီ။
“ ဟုတ်ကဲ့ပါ ခင်ဗျ ဟုတ်ကဲ့ပါခင်ဗျ… ခဏလေးစောင့်ပေးပါဦးဗျ… ကျွန်တော် စာချုပ်စာတမ်းတွေနဲ့ ပိုင်ဆိုင်မှု ပုံစံတွေကို ပြင်ဆင်ခိုင်းထားလိုက်ပါ့မယ်.. လူကြီးမင်းက လက်မှတ်လေး ထိုးပေးရုံပါပဲ…”
“ မြန်မြန်လုပ် … ငါ အလျင်လိုနေတယ်…”
“ ကောင်းပါပြီဗျ … မြန်စေရပါမယ်… မကြာစေရပါဘူး …”
ကျန်းချိန်သည် လင်းရီကို ဘေးရှိ သီးသန့်ထိုင်ခုံတစ်ခုသို့ ခေါ်သွားပေးပြီး စာချုပ်ကို စောင့်ဆိုင်းရင်းဖြင့် ခေတ္တ စကားပြောလိုက်၏။
“ လူကြီးမင်းလင်း … ကျွန်တော် တစ်ချက် တွက်ချက်ကြည့်လိုက်တာ အိမ်သုံးလုံးအတွက် ၁၃၈ သန်း ကျသင့်ပါတယ်..”
“ ဈေးက အဆင်ပြေတယ်…”
ကျန်းထျန်ထျန်နှင့် ဟွမ်ရှောင်းချင်တို့ နှစ်ဦးသားလုံး ပြောစရာစကား ကင်းမဲ့သွားခဲ့ရသည်။
“ ထျန်ထျန်… နင်မနေ့ညက ရွှေရောင် ငါးကြင်း အိပ်မက် မက်တယ် ပြောတယ်နော်… ခု တကယ်ကြီး ဖြစ်လာနေပြီ…” ဟွမ်ရှောင်းချင် စိတ်လှုပ်ရှား ကြီးစွာဖြင့် ပြောလိုက်ပြီး “ ဒီအိမ်သုံးလုံး ရောင်းရငွေက ယွမ် ၁၃၈ သန်းတောင်မှတဲ့… ငါတို့ ရမယ့် ကော်မရှင်ခက အနည်းဆုံး ယွမ် သောင်းဂဏန်းလောက်တော့ ရှိမှာပါနော….”
“ ငါလည်း အသေးစိတ်တော့ ဘယ်သိမှာ… ဒါပေမယ့် အများကြီးတော့ ရလောက်တယ်… ငါတို့ရဲ့ နေထိုင်စားသောက်စရိတ်တွေ ပူစရာ လိုတော့မယ် မထင်ဘူး …”
“ ဟွန့် … နင်တို့တွေ ဆုတောင်းနေလိုက် … အိမ်ကို ရောင်းတာက မန်နေဂျာကျန်းလေ… အဲ့တာ နင်တို့နဲ့ ဘာဆိုင်လို့ …” လီလု ပြောလိုက်သည်။
“ ဒါပေါ့ … နင်တို့ တစ်ပြားတစ်ချပ်လေးမှ မရတာတော့ ဘယ်ဟုတ်မလဲ… သူ နင်တို့ကို ပေးရင်ပေးမှာပေါ့လေ… အများဆုံး ယွမ် ၁၈၀ လောက်ပေါ့…”
“ သူ့ကို ဒီရောက်အောင် ခေါ်လာခဲ့ပေးတာ ငါတို့ပါနော်… ငါတို့က ဘာကိစ္စ ကော်မရှင်ခ မရရမှာ…” ဟွမ်ရှောင်းချင် မေးမြန်းလိုက်သည်။
“ နင်တို့က သူ့ကို ဒီခေါ်လာခဲ့ပေးတယ်… ဒါပေမယ့် တခြား ဘာမှ မလုပ်ပေးဘူးလေ… နင်တို့ကို ဘာလို့ ကော်မရှင်ခ ပေးရမှာ… ဆက်ပြီး အိပ်မက်မက်နေကြ…”
“ နင်လည်း ဖောက်သည်တွေ ခေါ်လာခဲ့ပေးတာပဲ … နင်ကျတော့ ကော်မရှင်ခရပြီး ငါတို့ကျ ဘာလို့ မရမှာ…”
“ ဘာလို့ဆို ငါက အဲ့လူကို ဒီခေါ်လာခဲ့ပေးပြီး လုံခြုံစိတ်ချရတဲ့ အပေးအယူတစ်ခုလည်း လုပ်ခဲ့လို့လေ.. ဒီတော့ ငါက ကော်မရှင်ခရတာ သာမန်ပဲ…”
“ ဟုတ်ပြီ… တော်ကြတော့ … မင်းတို့တွေ ငါ လူကြီးမင်းလင်းနဲ့ စကားပြောနေတာကို ကန်းနေကြလား …” ကျန်းချိန် ဆတ်ကနဲ ငေါက်လိုက်၏။
“ ရတယ်… အနှောင့်အယှက်ဖြစ်တာမှ မဟုတ်တာ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါလည်း သိတော့ သိချင်မိသား… သူတို့က ဘာလို့ ကော်မရှင်ခ မရတာလဲတဲ့…”