← Chapters

မဟာမိတ်ရှာဖွေခြင်း

Vol. 013 Ch. 1212

မဟာမိတ်ရှာဖွေခြင်း

Vol. 013 Ch. 1212

ယူချင်း၏ ကျော်ကြားမှုသည် သွေးနဂါးမြို့၏ အိမ်နီးချင်း မြို့များဆီသို့ပင် အလျင်အမြန် ပျံ့နှံ့သွားလေသည်။

သူသည် သွေးနဂါးမြစ်ပြိုင်ပွဲတွင် ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းချိုး၊ ရှန်းမြို့မှ ရှန်းနန်နှင့် ဥဒေါင်းမြို့မှ ခွန်ရွှမ်၊ ခွန်ကျန်း အပါအဝင် ပါရမီရှင်များ အားလုံးကို ရှုံးနိမ့်စေခဲ့သည်။ အထင်ကြီးစရာ ကောင်းလွန်းသည့် စွမ်းဆောင်ရည်ပင် ဖြစ်၏။ နှမြောဖွယ်ကောင်းသည်က လူအများစုမှာ သူ၏ တိုက်ခိုက်မှုကို သူတို့မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့နိုင်ခြင်း မရှိခဲ့ခြင်းပင် ဖြစ်သည်။ ထိုနာမည်ကျော်များ အားလုံးသည် ယူချင်း၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့လေသည်။

ချန်ယဲ့မြို့ တစ်မြို့လုံးသည်လည်း အံ့သြထိတ်လန့် ကုန်ကြလေသည်။ အတိတ်တွင် ရီဖူရှင်းသည် သူ့လူများနှင့်အတူ ကောင်းချီးနန်းတော် တစ်ခုလုံးကို အမြစ်ဖြုတ် ချေမှုန်းခဲ့ခြင်းဖြင့် ကျော်ကြားလာခဲ့သည်။ မကြာခင်မှာပင် သူသည် ချန်ယဲ့မြို့၏ မြို့တော်အရှင် ဖြစ်လာပြီး သူ၏ အမည်ကို လူအများသိလာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။

ယူချင်းသည်လည်း ထိုမျှထိ စွမ်းအား ပြည့်ဝလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

အင်ပါယာရှားဘုံမှ ဘယ်လိုတောင် ကြီးကျယ် မြင့်မြတ်သည့် သူရဲကောင်းတွေများလဲ။

သူတို့နှစ်ယောက်လုံးမှာ အလွန်ပင် စွမ်းအား ကြီးလှပေသည်။

အင်ပါယာရှားဘုံမှ မင်းသမီး ရှားရှင်းယွန်သည်လည်း တစ်ကြိမ်တစ်ခါမှ မတိုက်ရ သေးသော်လည်း အားနည်းသည်ဟု ဆုံးဖြတ်သင့်သည့် အထဲတွင် မပါဝင်ပေ။

ချန်ယဲ့မြို့  မြို့စားအိမ်တော်တွင် ဆန်းဇွန်သည်လည်း ထိုသတင်းကို ကြားသည်။ သူသည် ပြန်လည် သက်သာလာဖို့ရန် ရက်ပေါင်းများစွာ ကုသခဲ့ရသည်။

သူသည် အိမ်တော်ဝန်း အတွင်းသို့ သတင်းလာပို့သူ၏ လာရောက် အစီရင်ခံခြင်းကို ကြားလျှင် ခံစားချက်တို့ ရှုပ်ထွေးနေပေသည်။

စဉ်းစားကြည့်မည်ဆိုလျှင် သူ့အဖြစ်က ရယ်စရာပင်ဖြစ်၏။ ရီဖူရှင်းနှင့် ယူချင်းတို့က သူ့ကို မျက်စိထဲပင် မထည့်သော်လည်း သူသည် အကျိုးအမြတ်ရယူရန် ကြိုးစားရဲခဲ့သည်။

သူသည် အိပ်မောကျ နဂါးပြိုင်ပွဲတွင် ပါဝင်ရန် ယူချင်း တစ်ဖက်လှည့်ဖြင့် ကြံစည်ခဲ့ပြီး ယူချင်းသည် ပြိုင်ပွဲကို အနိုင်ရရှိခဲ့သည်။ ယခုတွင် ယူချင်းသည် သွေးနဂါးမြစ် တိုက်ပွဲတွင်လည်း ပြိုင်ဘက်ကင်းခဲ့ကာ ဒေသနန်းတော်သို့ပင် ဝင်ရောက်နိုင်ခဲ့သည်။

ဆန်းဇွန်၏ အိပ်မက်မှာ တစ်နေ့တွင် ဒေသနန်းတော်သို့ ဝင်ရောက်ကာ ကျင့်ကြံနိုင်ရန် ဖြစ်သည်။ သူသည် ဒေသနန်းတော်သို့ ဝင်ရောက်၍ အထဲတွင် မည်သို့သော ပါရမီရှင်များ ရှိနေမည်ကို မှန်းဆကာ မျှော်လင့်ချက် ကြီးမားခဲ့၏။

သို့သော်လည်း ယခု ယူချင်းသည် ထိုသို့ ပြုလုပ်ခဲ့လေပြီ။

ဆန်းဇွန်၏ အဖေ ဆန်းထျန်ကျန့်က သူ့ထံသို့ ရောက်ရှိလာသည်။ သူသည် မှော်ဆရာအား ရှုံးပြီးသည့်နောက်တွင် မြို့စားအိမ်တော်မှ မထွက်ခွာနိုင်တော့ပေ။

“မင်း အဲဒီအကြောင်း သိပြီးပြီလား”

ဆန်းထျန်ကျန့် သူ့ကို မေး၏။

“အင်း”

ဆန်းဇွန်သည် ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

“ဒေသနန်းတော်ကနေ ထွက်လာတဲ့သူတွေထဲမှာ သာမန်လူတွေတောင် သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်မှာ ရှိတယ်။ အဲဒီကနေ သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်တွေ အများကြီး ထွက်လာပြီးပြီ။ တချို့က သွေးနဂါးဘုံမှာပဲ နေပြီး တချို့ကတော့ တခြားဘုံတွေကို ထွက်သွားကြတယ်။ တချို့ဆိုရင် ရန်ဟောင် အဆင့်တောင်မှ ဖြစ်သွားကြတယ်”

ဆန်းထျန်ကျန့်က ပြောသည်။

“ပြီးတော့ ငါကြားတာတော့ ယူချင်းက အရင် သွေးနဂါးမြစ် တိုက်ပွဲမှာ ဗိုလ်စွဲခဲ့သူတွေထက် အများကြီး သန်မာတယ်တဲ့။ နောက်ပိုင်းကျရင် သူက ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်ကို ရောက်နိုင်လိမ့်မယ်”

ဆန်းဇွန် ဘာစကားမှ မပြောခဲ့ပေ။ သူ နားလည်ကြောင်း သက်ပြင်း ချရင်းဖြင့်သာ တုံ့ပြန်သည်။

“အင်ပါယာရှားဘုံကနေ လာခဲ့တဲ့ လူတွေကြားထဲမှာမှ ရီဖူရှင်းက ချန်ယဲ့မြို့တော်ရဲ့ အရှင်သခင် ဖြစ်လာတယ်။ သူနဲ့ ယူချင်းရဲ့ ဆက်ဆံရေးကို မင်း ဘယ်လိုထင်လဲ”

ဆန်းထျန်ကျန့်က မေးသည်။

“သူတို့က သူငယ်ချင်း ကောင်းတွေပဲ။ ရီဖူရှင်းနဲ့ ရှားရှင်းယွန်က ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေ။ ယူချင်းက သူ့ သူငယ်ချင်း ဖြစ်လိမ့်မယ်။ သူ ဘာပဲပြောပြော ပြောသမျှကို လုပ်ပေးတယ်။ သူတို့ရဲ့ ဆက်ဆံရေးက သာမန်တော့ မဟုတ်ဘူး”

ဆန်းဇွန်က ပြန်ဖြေသည်။

“မင်းက ကံမကောင်းတာပဲ။ မင်းကို ဖူဆွန်တောင်ကြားမှာ သွားကျင့်ကြံဖို့ ငါ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက အပြန်လမ်းမှာ ပြန်လည် မွေးဖွားခြင်းအဆင့် စွမ်းရည်ရှိတဲ့ လူတွေအများကြီးနဲ့ တွေ့လာခဲ့တယ်”

ဆန်းထျန်ကျန့်က ပြောသည်။ ဆန်းဇွန် ခေါင်းကိုသာ တွင်တွင်ငုံ့ထားသည်။ သူ့အဖေ ဘာကိုဆိုလိုသလဲ သူ နားလည်သည်။

“ဒီလိုပုံစံမျိုးနဲ့ မင်းက ရှန့်ထိုအဆင့်ကို တက်ဖို့ လွယ်ကူမှာမဟုတ်ဘူး။ သဘောထား ကြီးကြီးထားပြီး ရည်မှန်းချက်လည်း မြင့်မြင့်ထားဖို့ ငါ မင်းကို ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက ဒီမြို့အတွက်ပဲ အမြဲတွေးတယ်”

ဆန်းထျန်ကျန့်က သက်ပြင်းချသည်။ သားတစ်ယောက်ကို အဖေဖြစ်သူထက် ဘယ်သူကမှ မသိနိုင်ပေ။

ဆန်းဇွန်သည် အရည်အချင်း ရှိသော်လည်း အလွန် သဘောထားသေးပြီး ရည်မှန်းချက်ကို ကန့်သတ်ထားသည်။

သူ၏ ရည်မှန်းချက်က မြို့အတွင်းတွင် ကန့်သတ်ခံထားရ၏။ ထို့ကြောင့်သာ မဟုတ်လျှင် သူသည် အိပ်မောကျနဂါးပြိုင်ပွဲမှာ ပါဝင်၍ အချို့သော ရတနာများရရှိရန် အခြားလူများကို အသုံးချလိမ့်မည် မဟုတ်ပေ။

သူက ရှန့်ထိုအဆင့်သို့ ဝင်ရောက်နိုင်လျှင်ပင် သူ၏ အောင်မြင်မှုက သေးငယ်သော ရည်မှန်းချက်ဖြင့် ကန့်သတ် ခံရထားရမည့် ကံကြမ္မာ ဖြစ်လေသည်။

ဆန်းဇွန်သည် ရှက်ရွံစွာနှင့် ခေါင်းကိုသာ ငုံ့ထားတော့သည်။

“ဘာအာဃာတမှ မထားနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့ အချိန်ယူပြီး အကျိုးရှိအောင်လုပ်”

ဆန်းထျန်ကျန့် ပြောသည်။

“ဟုတ်ကဲ့ အဖေ”

ဆန်းဇွန် ပြန်ဖြေသည်။ သူ့အဖေက ခေါင်းညိတ်ကာ ပြန်ထွက်သွားသည်။ သူက မည်သို့ အာဃာတ ထားရဲပါမည်နည်း။

သူက အင်ပါယာရှားဘုံကို ဆန့်ကျင်နိုင်သော အင်အား မရှိပေ။

***

ထိုနေ့တွင် ဥဒေါင်းမြို့သို့ လီယောင်တစ်ယောက် အလည်အပတ် ရောက်ရှိလာလေသည်။

ခွန်ကျန်းနှင့် ခွန်ရွှမ်က မြို့စားအိမ်တော်၌ လီယောင်ကို လက်ခံတွေ့ဆုံခဲ့သည်။

“မင်းသမီးခွန်ရွှမ် ရှန့်ထိုအဆင့်ကို ရောက်သွားတယ ဂုဏ်ယူပါတယ်။ ကျုပ်က လက်ဆောင်တချို့ ပြင်ဆင်လာတယ်။ အဲဒါတွေကို မင်းသမီး သဘောကျမယ်လို့ မျှော်လင့်ပါတယ်”

လီယောင် သူ့လူများကို လက်ဆောင်များအား ရှေ့သို့ပေးဆောင်စေရန် အမိန့်ပေးသည်။

“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါတို့က အဲဒါတွေနဲ့ မထိုက်တန်ပါဘူး”

ခွန်ရွှမ်က လီယောင်ကို ကြည့်ရင်း ပြောသည်။ သူမလူများက လက်ဆောင်ကို ထွက်ယူကြခြင်း မရှိပေ။

“ဒီနေ့ ဘာကိစ္စရှိလို့များလဲ”

ခွန်ရွှမ်က မေးသည်။

လီယောင်သည် သွေးနဂါးမြစ်တိုက်ပွဲ မစတင်မီက ယူချင်းနှင့် အခြားလူများကို ဖမ်းဆီးရန် သူမတို့နှင့် လာရောက် ဆွေးနွေးခဲ့သည်။

သို့သော်လည်း ရလဒ်သည် နတ္ထိဘုံတိုက်ပွဲနှင့် အတူတူပင် ဖြစ်သည်။ အင်ပါယာရှားဘုံက အနိုင်ရသူသာ ဖြစ်နေဆဲဖြစ်၏။ ကံကောင်းသည်မှာ သူတို့ ဆိုးဆိုးဝါးဝါး မရှုံးနိမ့်ခဲ့ပေ။ တိုက်ပွဲ၏ ရလဒ်အနေနှင့် မင်းသမီး ခွန်ရွှမ်သည် ရှန့်ထိုအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။

“အမှန်အတိုင်း ပြောရရင် မင်းသမီး ... ကျွန်တော်တို့တွေ သွေးနဂါးဘုံကို လာခဲ့တာ ရီဖူရှင်း အတွက်ပဲ။ သူနဲ့ ယူချင်းက အရမ်း ပါရမီရှိတဲ့ လူတွေ။ အဲဒါကြောင့် ကျွန်တော်တို့သာ သူတို့ကို မသုတ်သင်နိုင်ရင် သူတို့က တာလီနဲ့ ဥဒေါင်းအင်ပါယာဘုံအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒါက ကျွန်တော်တို့နဲ့ မင်းသမီးကို ပူးပေါင်းဖို့ ဘာလို့ လာပြောနေရလဲဆိုတဲ့ အချက်ပဲ။ အရှင်သမီးကရော ဘယ်လိုထင်ပါလဲ”

လီယောင်က ပြောသည်။

“ဒါက ရှင်တို့ တာလီနဲ့ ရီဖူရှင်းတို့ကြားက အဖုအထစ်တွေပဲ။ ဒီတစ်ကြိမ်တော့ ကျွန်မ ဝင်ပါမှာ မဟုတ်တော့ဘူး”

ခွန်ရွှမ်က ငြင်းဆန်သည်။

ရီဖူရှင်းနှင့် ယူချင်း နှစ်ယောက်လုံးသည် သူတို့၏ ပါရမီအရည်အချင်းကို ပြသခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းနှင့် ရှားရှင်းယွန်ကြားတွင် အချို့သော ပတ်သက်မှုများ ရှိနေနိုင်သည်။

အင်ပါယာရှားသည် ရီဖူရှင်းကို သူ၏ သားမက်အဖြစ် သတ်မှတ်ပြီးသားပင် ဖြစ်နေနိုင်သည်။

ရီဖူရှင်းသာ အဖမ်းခံရလျှင် အင်ပါယာရှားဘုံက ပြင်းပြင်းထန်ထန် တုံ့ပြန်လာမည်ကို စိုးရိမ်ရ၏။ သူမသည် ကိုယ့်ကိုယ်ကိုယ် သူတို့၏ တိုက်ပွဲ၌ ကြားညှပ်သည့် မြေစာပင် မဖြစ်လိုပေ။

နယ်မြေများအကြားမှ စစ်ပွဲကို ထိန်းချုပ်နိုင်သည့် အစွမ်းအစ သူမတွင် မရှိပေ။

ထို့အပြင် လီယောင်၏ ရည်ရွယ်ချက်မှာ ရီဖူရှင်းနှင့် ရင်ဆိုင်ရန်သာ ဖြစ်သည်။ ဥဒေါင်း အင်ပါယာဘုံက သူတို့နှင့် တိုက်ခိုက်သင့်သည့် မည်သို့သော ရန်ငြိုးရန်စများ ရှိနေသနည်း။

သူတို့ တိုက်ခိုက်သည်ကို သူမတို့က ဘေးမှ အေးအေးလူလူ စောင့်ကြည့်နိုင်သည် မဟုတ်ပါလား။

“မင်းသမီးခွန်ရွှမ် ... နတ္ထိဘုံ တိုက်ပွဲမှာတုန်းက ရီဖူရှင်းက မင်းသမီးကို ဘယ်လို ဆက်ဆံခဲ့လဲ မေ့သွားပြီလား။ သူက အရမ်း သန်မာလာမယ်ဆိုရင် ဥဒေါင်းအင်ပါယာဘုံ အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်နော်”

လီယောင်က သူမကို သတိပေးသည်။ သူသည် ရီဖူရှင်း၏ သားရဲထိန်းချုပ် စွမ်းရည်ကို ရည်ညွှန်းပြောဆိုသည်။

ခွန်ရွှမ် မျက်မှောင်ကြုတ်သည်။ သူမသည် ပျော်ရွှင်သည့်ပုံ မပေါ်တော့ပေ။

“နတ္ထိဘုံ တိုက်ပွဲမှာက တိုက်ခိုက်ဖို့ အတွက်ဆိုရင် ဘယ်လို နည်းလမ်းမျိုးမဆို သုံးနိုင်တဲ့ စစ်ပွဲပဲ။ ပြီးတော့ ရီဖူရှင်းက အဲဒီအတွက် တောင်းပန်ခဲ့ပြီးပြီ။ သူ ဒါမျိုး နောက်တစ်ခါ လုပ်မယ်ဆိုရင်တော့ ငါက သူ့ကို ကျိန်းသေလွှတ်ပေးမှာ မဟုတ်ဘူး။ ဒါ့အပြင် လီယောင်… ရှင်လည်း နတ္ထိဘုံ တိုက်ပွဲမှာတုန်းက ရီဖူရှင်းကို သတ်ဖို့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ကြိုးစားခဲ့တယ်လေ။ ဒါပေမဲ့ ကျရှုံးခဲ့တယ်။ ငါကြားတာတော့ ရီဖူရှင်းက သတ္တမဓားဆိုတဲ့ နာမည်လိမ်ကို သုံးပြီး တာလီမှာ လာကျင့်ကြံ ခဲ့သေးတယ်ဆို။ ရှင် သူ့ကို ဆန့်ကျင်မယ့် အငြိုးတွေရှိနေတာ ရှင့်ကိစ္စပဲ။ ဒါက ငါတို့နဲ့ မသက်ဆိုင်ဘူး”

လီယောင်၏မျက်နှာက ရုတ်တရက် သုန်မှုန်သွားခဲ့သည်။ သူက ခွန်ရွှမ်ကို ကြည့်ကာ ပြုံးရင်း ပြောသည်။

“တိုက်ပွဲတွေ အများကြီး ရင်ဆိုင်ပြီးတဲ့နောက်မှာ မင်းက ရီဖူရှင်းကို ဆန့်ကျင်ဖို့ သတ္တိမရှိတော့တာပဲ မင်းသမီးခွန်ရွှမ်။ ကျုပ် အခု သွားသင့်ပြီ”

ထို့နောက် သူ လှည့်ထွက်သွားတော့သည်။

ခွန်ရွှမ်က သူ့ကို ကြည့်သည်။ လီယောင်က သူမ၏ နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်မှုကို ရည်ညွှန်းသွားမှန်း သူမ နားလည်သည်။ တစ်ကြိမ်သည် ရီဖူရှင်းထံမှာ ဖြစ်၍ နောက်တစ်ကြိမ်သည် ယူချင်းကြောင့် ဖြစ်သည်။

ထိုအကြောင်းကို ဝန်ခံရမည်အား မုန်းတီးမိသော်လည်း သူမသည် ထိုတိုက်ပွဲများကြောင့် အမှန်ပင် တစ်ဖက်လူကို အထင်ကြီးလေးစား သဘောကျခဲ့သည်။

လီယောင်သည် သူထွက်သွားပြီးနောက် အလွန်ပင် ဒေါသထွက်နေသည်။ ရီဖူရှင်းအပေါ်တွင် ထားသည့် ခွန်ရွှမ်၏ အမုန်းက ပြေပျောက်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမက အမှန်ပင် အလျှော့ပေးသည်လား။

ကြည့်ရသည်မှာ ဥဒေါင်းအင်ပါယာဘုံနှင့် ပူးပေါင်းရန် မဖြစ်နိုင်တော့ပြီ ထင်၏။

ခွန်ရွှမ်က သူ့ကို ဆွေးနွေးရန်ပင် ခွင့်မပြုခဲ့ပေ။

“ရှန်းမြို့ကို သွားကြမယ်”

လီယောင်က ခပ်တိုးတိုး ပြောသည်။ ထို့နောက်တွင် လီယောင်သည် သူ့လူများ ခြံရံလျက် ရှန်းမြို့သို့ သွားရောက်လေသည်။

***

လီယောင်သည် ရှန်းမြို့၏ မြို့စားအိမ်တော်သို့ ရှန်းနန်နှင့် တွေ့ဆုံရန် လာရောက်ခဲ့သည်။

သို့သော်လည်း ရှန်းမြို့၏အရှေ့ဂိတ်တံခါးတွင် တစ်စုံတစ်ယောက်မှ တားဆီးခြင်းကို ခံခဲ့ရသည်။ ထိုလူက ပြောသည်။

“အရှင်မင်းသား ရှန်းနန်က တံခါးပိတ် ကျင့်ကြံနေပါတယ်။ ဆွေးနွေးစရာ ကိစ္စတွေ ရှိနေတယ်ဆိုရင် ကျွန်တော် သတင်းပို့ပေး နိုင်ပါတယ်”

လီယောင်သည် စိတ်ထဲမှ လှောင်ပြောင်မိ၏။ ကျင့်ကြံနေသည်ဟု ပြောခြင်းမှာ ဆင်ခြေသာ ဖြစ်သည်။ သူ ခန့်မှန်းရလျှင် ရှန်းနန်သည် ဒဏ်ရာများကို ပြန်လည်ကုသနေခြင်း ဖြစ်ရမည်။

သွေးနဂါးမြစ်တိုက်ပွဲ၌ ယူချင်းသည် ရှန်းနန်ကို လက်သီးချက်များဖြင့် တိုက်ခိုက်စဉ်က မည်သည့် ထောက်ထားညှာတာမှုမှ မထားရှိခဲ့ပေ။

“မင်း အဲဒီသတင်းကို သွားပို့ဖို့ အဆင့်မမီမှာပဲ စိုးရတယ်။ ဒါက တော်ဝင်အဆင့်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်အရေးကိစ္စပဲ”

လီယောင်က ပြောသည်။

ထိုလူ၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာသည်။ တော်ဝင်အဆင့်တဲ့လား။

လီယောင် ဆိုလိုချင်တာက ဘာလဲ…

“ကျွန်တော် အရှင်မင်းသားကို သွားပြီး အစီရင်ခံလိုက်ပါ့မယ်”

ထိုလူက တွေဝေစွာ ပြောသည်။ သူက အစီရင်ခံရန် ထွက်သွားပြီး ပြန်လာသည့်အခါ၌ လီယောင်ကို ပြောသည်။

“အရှင်မင်းသားက လက်ခံတွေ့ဆုံ ပါလိမ့်မယ်။ အထဲကို ကြွပါ”

“ကျေးဇူးအများကြီး တင်ပါတယ်”

လီယောင်က ပြောလိုက်ပြီး ထိုလူနှင့်အတူ လိုက်သွားခဲ့သည်။

ဤတစ်ကြိမ်၌ သူသည် ဥဒေါင်းအင်ပါယာမြို့၊ ရှန်းမြို့နှင့် ရှေးဟောင်းတော်ဝင် မြို့များသို့ သွားရောက်လိုခဲ့သည်။ သူတို့တွေက သူ၏ တောင်းဆိုမှုကို လက်ခံခဲ့လျှင် လီယောင်သည် ရှုံးနိမ့်မည်ကို စိတ်ပူရန် မလိုအပ်တော့ပေ။

ဤမြို့သုံးမြို့ လုံးသည် အင်အားကြီးမားကြ၏။ ပထမမြို့နှစ်မြို့မှာ ရန်ဟောင် တန်ခိုးရှင်များမှ တည်ထောင်ထားခြင်း ဖြစ်၏။ ရှေးဟောင်းတော်ဝင်မြို့၏ အရှင်သခင်သည်ကား ရန်ဟောင်တစ်ပါး၏ ကိုးယောက်မြောက် အစေခံသာ ဖြစ်သည်။ သို့သော် သူ၏အင်အားမှာလည်း ကြီးမားနက်ရှိုင်း လွန်းပေသည်။

သို့သော်လည်း ခွန်ရွှမ်သည် သူ၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ လီယောင်သည် ရှန်းမြို့၌ သူ၏ ဆွေးနွေးမှု အောင်မြင်နိုင်ရန် မျှော်လင့်ခဲ့သည်။

လီယောင်က အတန်ကြာလျှင် ရှန်းနန်နှင့် တွေ့ဆုံခဲ့သည်။ ရှန်းနန်သည် တင့်တယ်သည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ပင် ကြည့်ရကောင်းကာ ချောမောလှသည်။ ကြည့်ရသည်မှာ သူ မည်သည့်ဒဏ်ရာမှ မရထားသကဲ့သို့ ဖြစ်သည်။

သူသည် ထိုင်နေရင်းက လီယောင်ကို ပြုံးပြသည်။

“ထိုင်ပါ”

လီယောင်က ထိုင်သည်။ ရှန်းနန်က ပြောသည်။

“လိုရင်းကိုပဲ ပြောကြရအောင်။ လီယောင်… ဒီနေ့ ကျုပ်ကို လာရှာတာ ဘာအတွက်လဲ”

လီယောင်က အနီးမှ လူများကို ကြည့်သည်။ ရှန်းနန်က ချက်ချင်းပင် သဘောပေါက်စွာနှင့် သူ၏ လက်ကို ဝှေ့ယမ်းသည်။ လူအားလုံး ထွက်သွားကြသည်။ လီယောင် သူ့အား တစ်ခုခု လုပ်မည်ကို စိုးရိမ်ရန် မလိုအပ်ပေ။

“သွေးနဂါးဘုံရဲ့ ဘုံတွေကြားမှာ အင်ပါယာရှန်းဘုံက အရမ်းစွမ်းအား ကြီးတယ်ဆိုတဲ့ အကြောင်းကို အများကြီး ကြားဖူးပါတယ်။ ဒီနေ့ ကျွန်တော် ခင်ဗျားကို လာရှာရတဲ့ အကြောင်းက ပူးပေါင်းချင်လို့ပါ”

လီယောင်က ပွင့်ပွင့်လင်းလင်း ပြောသည်။

“ဘယ်လို ပူးပေါင်းမှုမျိုးလဲ”

ရှန်းနန်က မေးသည်။

“ကျုပ်တို့ တာလီက အင်ပါယာရှားဘုံရဲ့ ရီဖူရှင်းနဲ့ အဖုအထစ်တချို့ ရှိနေတယ်။ ချန်ယဲ့မြို့စား ရီဖူရှင်းက တာလီပြည်ထောင်ကို ရုပ်ဖျက် ဝင်ရောက်ပြီး ကျင့်စဉ်တွေကို ခိုးသွားခဲ့တယ်။ သူက တာလီရဲ့ ရန်ဟောင်အဆင့် ကျင့်စဉ်ကိုတောင်မှ သင်ယူသွားခဲ့သေးတယ်။ ကျုပ် တာလီကနေ ဒီကို စစ်တပ်နဲ့အတူ လာခဲ့ရတဲ့ ရည်ရွယ်ချက်က သူနဲ့ ရင်ဆိုင်ဖို့ပါပဲ”

လီယောင်က ဆက်ပြောသည်။

“ဒါပေမဲ့ ရီဖူရှင်းကို အရမ်း အစွမ်းထက်တဲ့ လူတွေက ကွယ်ပေးနေတာမို့ ကျုပ်တို့ တစ်ဖွဲ့တည်းနဲ့ သူ့ကို ဖမ်းနိုင်မလား မသေချာဘူး။ အဲဒါကြောင့် ကျုပ်က မဟာမိတ်လာရှာရတာပဲ။ အင်ပါယာရှန်းဘုံက ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိရင် သူ့ကို အတူတူ ဖမ်းပြီးတဲ့အခါမှာ အင်ပါယာရှန်းဘုံက သူ့ကို ခဏထိန်းသိမ်းထားဖို့ ခွင့်ပြုပေးနိုင်တယ်”

လီယောင် ထောက်ပြနေသည်က ရီဖူရှင်းကို ဖမ်းမိသည့်အခါ၌ အင်ပါယာရှန်းဘုံသည် ရန်ဟောင်အဆင့် ကျင့်စဉ်နှင့် ပတ်သက်၍ မေးမြန်းနိုင်ပြီး ဤသည်က သွေးဆောင်မှု တစ်ခုဖြစ်ကြောင်း သံသယရှိရန် မလိုပေ။

“ခင်ဗျားပြောနေတာ အမှန်တွေပါ ဆိုတာကို ဘယ်လို အတည်ပြုနိုင်မှာလဲ”

ရှန်းနန်က မေးသည်။

“တာလီတော်ဝင် အကြံပေးက ကျုပ် ခမည်းတော်က ယုံကြည်အားထား ရပြီးတော့ မရေတွက်နိုင်တဲ့ လူတွေရဲ့ ရိုသေလေးစားမှုတွေကို ခံယူထားရတဲ့သူပါ။ ရီဖူရှင်း ရသွားတာက သူ့ရဲ့ ကျင့်စဉ်ဖြစ်တဲ့ ပညာရှိကျမ်း ဖြစ်ပြီးတော့ အဲဒါက ရန်ဟောင်အဆင့် အထက်မှာ ကျိန်းသေရှိတယ်။ ခင်ဗျား သူနဲ့ပတ်သက်ပြီး စုံစမ်းကြည့်ရင် ရီဖူရှင်းက အဲဒါကို တိတ်တိတ်လေး သင်သွားတယ်ဆိုတာကို သိရလိမ့်မယ်”

လီယောင်က ဆက်ပြောသည်။

“သွေးနဂါးမြစ် တိုက်ပွဲမှာတုန်းက ယူချင်း သုံးခဲ့တဲ့ နတ်ဆိုးကျင့်စဉ်ကိုရော စိတ်မဝင်စားဘူးလား”

ယူချင်း၏ အမည်ကို ကြားလိုက်ရသည့် အချိန်၌ ရှန်းနန်၏ မျက်လုံးများသည် အေးစက်သွားသည်။

သွေးနဂါးမြစ် တိုက်ပွဲအတွင်း၌ ယူချင်းသည် သူ့ကို မြေပေါ်သို့ မည်သို့ ရိုက်ချခဲ့သည်ကို မည်သို့ မေ့နိုင်မည်နည်း။

သူ့ဘဝ၌ ထိုသို့သော အရှက်ရမှုမျိုး မည်သည့်အခါကမှ မကြုံဖူးခဲ့ပေ။

ထိုနတ်ဆိုးကျင့်စဉ်ကား အလွန်ပင် စွမ်းအားကြီးသည်။

“ဒါပေမဲ့ အင်ပါယာရှန်းဘုံက အင်ပါယာရှားဘုံနဲ့ ဘာရန်ငြိုးမှ မရှိဘူး”

ရှန်းနန်က ပြောသည်။

“ဒါက အင်ပါယာရှန်းဘုံနဲ့ အင်ပါယာရှားဘုံကြားက ရန်ကြွေးအကြောင်း မဟုတ်ပါဘူး။ ခင်ဗျား တခြားမြို့တစ်ခုကို ထပ်ပြီး မအုပ်ချုပ်ချင်ဘူးလား။ ရှားရှင်းယွန်က ဒီကိစ္စထဲ ဝင်ပါမယ်လို့ မဆိုလိုဘူးလေ”

လီယောင်က ဆက်ပြောသည်။

“ရီဖူရှင်းနဲ့ ယူချင်းက အောက်ဘုံက အင်ပါယာရှားဘုံရဲ့ တန်ခိုးရှင်လေး သာသာပါပဲ။ မင်းသမီးရှားရှင်းယွန်က သူတို့ရဲ့ ပါရမီအရည်အချင်း တွေကြောင့်သာ တန်ဖိုးထားနေတာ”

လီယောင် ပြောသည်ကို ကြားသည်အခါတွင် ရှန်းနန်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အပြုံးတချို့ ခိုတွဲလာသည်။ သည်ကိစ္စက သူ့ကို အတော်လေး ဆွဲဆောင်နိုင်ပေသည်။

***

All Chapters