← Chapters

နောက်ကျရတဲ့ အကြောင်းပြချက်

Vol. 102 Ch. 1530

နောက်ကျရတဲ့ အကြောင်းပြချက်

Vol. 102 Ch. 1530

မူလတုန်းက ကျန်းချိန်သည် ဒီကိစ္စကို ပြောရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ စည်းမျဉ်းစည်းကမ်းတို့အရ ၎င်းတို့ရမည့် ကော်မရှင်ခသည် အနည်းဆုံး ယွမ် ငါးသောင်း ဖြစ်၏။

အကယ်၍ ယွမ် ၅၀၀ သို့မဟုတ် ယွမ် ၅,၀၀၀ ဖြစ်နေခဲ့လျှင် သူ နှစ်ခါ စဉ်းစားနေမှာ မဟုတ်ချေ။

သို့သော် ယခု ယွမ် ၅၀,၀၀၀ က အသေးအမွှား ပမာဏလေး မဟုတ်ချေ။ အကယ်၍ သူသာ ၎င်းတို့နှစ်ယောက်ကို ဒီတိုင်း ပေးပစ်လိုက်မည်ဆိုပါက စိတ်ထဲ ဧရာမ ဆုံးရှုံးမှုကြီးကို ခံစားရလိမ့်မည်။

“ အဲ့တာက ဒီလိုပါ … သူတို့က လက်ကမ်း ကြော်ငြာစာတွေ ဝေဖို့ပဲ တာဝန်ရှိတာလေ… အဲ့ဒီအတွက် တစ်ယောက်ကို တစ်ရက် ယွမ် ၁၀၀ ပေးထားပြီးသား … အိမ်ရောင်းလို့ရတဲ့ ကော်မရှင်ခက သူတို့နဲ့ မဆိုင်ဘူး … ဒါပေမယ့် ဆုတော့ ချမှာပါ… တစ်ယောက်ကို ယွမ် ၂၀၀ နီးပါးလောက်ပေါ့…”

“ ကော်မရှင် မရှိဘူး ဟုတ်လား …”

ဟွမ်ရှောင်းချီသည် သူမ၏ အသံကို မြင့်လိုက်ပြီး “ ကျွန်မတို့ မနေ့က အချိန်ပိုင်း အလုပ် လာလျှောက်တော့ ရှင်ပြောခဲ့တာ ဒီစကားမျိုး မဟုတ်ဘူးနော်…”

“ ကျွန်မတို့ လက်ကမ်းကြော်ငြာစာတွေ ဝေပေးတာ အပြင် အိမ်ဝယ်တဲ့ ဖောက်သည်တွေကို ခေါ်လာပေးနိုင်ရင် ကော်မရှင် ၃.၆ ရာခိုင်နှုန်း ရမယ် ပြောထားတာ မဟုတ်ဘူးလား… ဘာလို့ အခုကျ ဘောနပ်စ် ပိစိလေးပဲ ရတာလဲ…”

“ ငါ အဲ့လို စကားမျိုး ပြောခဲ့လို့လား…” ကျန်းချိန် ပြောလိုက်ပြီး “ ငါပြောခဲ့တာက ဘောနပ်စ်ရမယ်… ကော်မရှင်ခ ရမယ် မပြောဘူး … မရောထွေးလိုက်နဲ့ …”

“ မဟုတ်တမ်းလျားတွေ… ရှင် ကော်မရှင်ခရမယ်လို့ ကျွန်မတို့ကို ပြောခဲ့တာ ..”

ဟွမ်ရှောင်းချင်သည် လီလုကို လက်ညိုးထိုးလိုက်ပြီး “ သူတောင် မနေ့က ကော်မရှင်ခ ယွမ် ၂,၀၀၀ ရခဲ့သေးတယ်… ဒီ အစ်ကိုလေးက စုစုပေါင်း ယွမ် ၁၃၈ သန်းဖိုး အိမ်ဝယ်သွားခဲ့တာနော်… ဘာလို့ ကျွန်မတို့ကို ဘောနပ်စ် ယွမ် ၂၀၀ လေးတည်း ပေးမှာ…”

“ သူက မင်းတို့နဲ့ မတူဘူး … ငါတို့ ကိစ္စတွေကို လာပြီး မရောထွေးနဲ့ …” ကျန်းချိန် စိတ်မရှည်စွာ ပြောဆိုလိုက်သည်။

“ မင်းတို့ရမယ့် ဘောနပ်စ်က ယွမ် ၂၀၀ ပဲ … မကျေနပ်လည်း လစ်ကွာ…”

“ ရှင် … ရှင် တော်တော် တရားလွန်တယ်…” ကျန်းထျန်ထျန်သည် ကြေကွဲဝမ်းနည်းစွာဖြင့် မျက်ရည်ကျရင်း ပြောလိုက်ပြီး “ ရှင် ညာနေတာ အသိသာကြီး …”

“ ငါတော့ မင်းတို့ကမှ ပိုက်ဆံ လောဘကြီးနေတဲ့လူတွေလို့ ထင်တယ်…” ကျန်းချိန် ပြောလိုက်ပြီး “ ငါ ဘောနပ်စ်ပေးမယ်လို့ ရှင်းရှင်းလင်းလင်းကြီး ပြောခဲ့တာ … အခု အိမ်လာဝယ်တဲ့သူ တစ်ယောက် ရှိလာတော့ မင်းတို့က ကော်မရှင်ခအကြောင်း ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောလာတယ် ဟုတ်လား … ငါ အခု ရဲကို ဖုန်းဆက်လိုက်မယ်ဆိုတာ မင်းတို့ ယုံလား …”

“ ရှင် …”

“ တော်လောက်ပြီ … ငြင်းခုန် မနေကြနဲ့တော့…” လင်းရီ စိတ်မရှည်စွာ ပြောလိုက်၏။

“ လူကြီးမင်း … ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်ဗျာ… ကျွန်တော်တို့ရဲ့ လစ်ဟင်းမှုကြောင့် လူကြီးမင်းလင်းရှေ့မှာ ကိုယ့်အရှက်ကိုယ် ခွဲမိပြီ…”

လီလုမှာမူ ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် အကြီးအကျယ် ဂုဏ်ယူနေလျက် ရှိတော့သည်။

“ ငါတို့က အတန်းဖော်သူငယ်ချင်းတွေဆိုတာ မမေ့လိုက်နဲ့ … နင်တို့တွေ ထွက်သွားနှင့်ကြ … နင်တို့ကိုယ်နင်တို့ ဒီမှာနေပြီး အရှက်ကွဲခံမနေကြနဲ့ …”

“ ငါ့ကို ဒီရောက်အောင် ခေါ်လာတာက သူတို့ နှစ်ယောက် … သူတို့က ကော်မရှင်ခ မရမှတော့ ငါလည်း အိမ်မဝယ်တော့ဘူး … ကံကောင်းတာ လက်မှတ်မထိုးရသေးလို့ပဲ … မဟုတ်ရင် ငါ့ကိုယ်ငါ ရှင်းပြနိုင်မှာ မဟုတ်တော့ဘူး ….”

ပြောပြီးနောက် လင်းရီသည် မတ်တပ်ရပ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“ ဟင် …”

ကျန်းချိန်နှင့် လီလုတို့ ကြက်သေသေသွားခဲ့ကြ၏။ “ လူကြီးမင်းခင်ဗျ… လူကြီးမင်းက ကျွန်တော်တို့ရဲ့ အိမ်တွေကို စိတ်ဝင်စားတယ် မဟုတ်ဘူးလား … ဘာလို့ မဝယ်တော့တာ…”

လင်းရီသည် ကျန်းချိန်၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်၏။

“ မိန်းမငယ်လေး တစ်ယောက်က အပြင်ကို ထွက်ပြီး ဒီလိုမျိုး အလုပ်လုပ်ဖို့ဆိုတာ လွယ်ကူတာ မဟုတ်ဘူး … မင်းသူတို့ကို ဒီလိုမျိုး လှည့်စားတာကြီးကတော့ မဟုတ်သေးဘူး … မင်းတို့လို လူတွေ ရောင်းတဲ့ အိမ်မျိုးကို ငါမဝယ်ဘူး …”

ကျန်းချိန် အရှက်ရသွားခဲ့သည်။ လူရှေ့သူရှေ့ ဖော်ထုတ်ခံလိုက်ရသည့် ခံစားချက်က သာယာမနေချေ။

“ လူကြီးမင်းလင်း … ဒါကျွန်တော့်ရဲ့ အမှားပါဗျာ… ကျွန်တော် သူတို့ရဲ့ ကော်မရှင်ခကို နှုန်းထားအတိုင်း ပေးလိုက်ပါ့မယ်…”

“ နောက်ကျလွန်းသွားပြီ…” လင်းရီ ပြောလိုက်ပြီး “ အိမ်ဝယ်ဖို့ တခြားတစ်ယောက်ကိုပဲ အကူအညီတောင်းလိုက်တော့မယ်… မင်းကို မလိုတော့ဘူး …”

ကျန်းချိန်သည် မိုးကြိုး အပစ်ခံလိုက်ရသကဲ့သို့ နေရာတွင် ကျောက်ရုပ်ကြီး ဖြစ်နေမိတော့သည်။

သူ၏ ကော်မရှင်ခ ယွမ် ၂သန်းသည် ယခုလိုပဲ ပျောက်ကွယ်သွားတော့မည်လော။

ထို့နောက် လင်းရီတာ အရောင်းပြခန်း၏ မန်နေဂျာနှင့် တွေ့ဆုံပြီး ဤကိစ္စကို ဖြေရှင်းလိုက်ကာ ကျန်းချိန်နှင့် လီလုသည်လည်း အလုပ်ဖြုတ်ခံလိုက်ရ၏။

“ အစ်ကိုလေး … ကျေးဇူးတင်ပါတယ်…”

ကျန်းထျန်ထျန်နှင့် ဟွမ်ရှောင်းချင်တို့သည် လင်းရီကို ပြိုင်တူ ဦးညွှတ်လိုက်ကြ၏။

အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါက သူမတို့တွေသည် ယနေ့ အနိုင်ကျင့်ခံရမည် ဖြစ်ကာ ကော်မရှင်ခလည်း ရရှိမည် မဟုတ်ချေ။

“ ထွေထူး ဟုတ်တာမှတ်လို့ … လူ့ပတ်ဝန်းကျင်မှာ ဒီလို မကောင်းတဲ့ကောင်တွေ အများကြီး ရှိတယ်ဆိုပေမယ့် ကိုယ့်အတွက်ကိုယ်တော့ အကောင်းဆုံး ကြိုးစားဖို့ လိုနေသေးတုန်းပဲလေ …”

“ ကျွန်မတို့ နားလည်ပါပြီ…”

အိမ်ဝယ်ပြီးနောက် လင်းရီသည် စာရွက်စာတမ်းများနှင့် သော့ကို ယူ၍ အရောင်းပြခန်း အပြင်ဘက်သို့ ထွက်လာခဲ့ကာ အနောက်တိုင်း စားသောက်ဆိုင် ဝင်ပေါက်ဝသို့ ပြန်ရောက်လာသည်။

သို့သော် မိနစ်လေးဆယ်ကျော် ကြာသည့်တိုင် ရန်စီက ကြွမလာသေးချေ။ ထို့ကြောင့် သူ နောက်တစ်ကြိမ် ဖုန်းခေါ်လိုက်တော့၏။

“ မင်း မရောက်သေးဘူးလား …”

“ ရောက်တော့မယ် ရောက်တော့မယ်… ငါးမိနစ်ပဲ…”

“ ကောင်းပြီ… ငါမင်းကို ဝင်ပေါက်ဝမှာ စောင့်နေတယ်…”

လင်းရီ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်နေမိသည်။ သူမကပဲ သူ့ကို အပြင်ထွက်ဖို့ ချိန်းထားပြီး သူမကပဲ နောက်ကျနေသည်။

ငါးမိနစ် ကြာပြီးနောက် ရန်စီသည် ကတိပေးထားသည့်အတိုင်း လင်းရီရှေ့တွင် ထွက်ပေါ်လာခဲ့၏။

“ မင်း ခုနေလို့မှ ရောက်မလာဘူးဆိုရင် ငါတို့နှစ်ယောက် ညနေစာ တန်းစားရုံ ရှိတော့တာပဲ…”

“ ငါ ကိစ္စလေး တစ်ခု ပေါ်လာလို့ပါ နင်ကလည်း …” ရန်စီ တောင်းပန်တိုလျှိုးစွာ ပြောလိုက်သည်။

“ ရုပ်ရှင် ကိစ္စလား …”

“ မနေ့က ကိစ္စတွေကို ဖြေရှင်းပြီးသွားပြီ… အဲ့တာနဲ့ ဘာမှ မဆိုင်ဘူး …”

“ ဒါဆို ဘာတုန်း …”

“ အမ်ဟမ့် … မမေးရဘူးလေ… နင် ခဏနေ သိမှာပေါ့ …”

“ ငါ ခဏနေ သိမယ်ပေါ့ …”

လင်းရီ သူ့ကိုယ်သူ ရေရွတ်မိလိုက်၏။ ငါက ခဏနေ ဘာကို သိရမှာ။

“ သွားစို့ … ခု မမေးသေးနဲ့ … တစ်ခုခု အရင်စားကြစို့ .. ငါ ဗိုက်ဆာနေပြီ…”

ရန်စီသည် လင်းရီကို တခြား ဘာမျှ ထပ်မပြောပြဘဲ စားသောက်ဆိုင်ထဲသို့ ခေါ်လာခဲ့လိုက်၏။

နှစ်ယောက်သား အဓိက ဟင်းလျာဖြစ်သည့် steak နှင့် ဝိုင်နီကို မှာလိုက်ပြီး အခြား မုန့်တစ်ချို့လည်း မှာလိုက်ကြ၏။ သူတို့တွေ စားရင်းဖြင့် စကားပြောကြသည်။

“ နင် အင်တာဗျူးကို ဘယ်မှာ လုပ်ချင်လဲ…” ရန်စီ မေးလိုက်ပြီး “ လင်းယွင်အုပ်စု ဒါမှမဟုတ် တုံးစန်းကောင်တီက စက်ရုံမှာလား …”

“ စက်ရုံမှာ ဆိုရင်ကော … အင်တာဗျူးက စက်မှုဇုန်ကို အဓိက လူသိအောင် ကြေညာချင်တာဆိုတော့ ….” လင်းရီ ပြောလိုက်ပြိး “ ဒါပေမယ့် မင်း တုံးစန်းကောင်တီကို တစ်ချက် သွားကြည့်လို့လည်း ရတယ်… အဲ့မှာ အခု ကမ္ဘာမြေ တုန်ဟီးလောက်မယ့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာ … ပြောင်းလဲသွားတာတွေကို တင်ပြလိုက် … အဲ့တာမှ ငါတို့ ရင်းနှီးမြုပ်နှံသူတွေကို စုဆောင်းနိုင်မှာ…”

“ တုံးစန်းကောင်တီမှာ ဖြစ်ပျက်နေတာတွေကို ငါလည်း နည်းနည်းပါးပါးတော့ သိထားတယ်… ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးက အရှိန်အဟုန် ကောင်းနေပြီ… ဒါရိုက်တာလင်းက ဒီကိစ္စမှာ အကြီးအကျယ် အကျိုးဆောင်ခဲ့တာပဲ……..”

“ ပါမွှားလေးပါ…”

“ ကျစ် … နှိမ့်ချတယ်ရယ်ကို မရှိလိုက်တာ …” ရန်စီ ပြုံးလိုက်ပြီး “ ဒါဆို အင်တာဗျူးလုပ်ဖို့ ဘယ်အချိန်လောက်ဆို အဆင်ပြေလဲ…”

“ မင်းကို ဖုန်းနံပါတ် တစ်ခု ပေးလိုက်မယ်… သူ့နာမည်က ချီရှန်းကျောက်တဲ့ … အချိန်အတိအကျကိုတော့ မင်း သူနဲ့ ဆွေးနွေးလိုက် …”

“ ငါ အင်တာဗျူးရမယ့် လူက သူလား …”

“ အင်း …”လင်းရီ ပြောလိုက်ပြီး “ ငါကလွဲရင် သူက လင်းယွင်အုပ်စုမှာ အရေးပါဆုံးပဲ …. အသေးစိတ်ကိုတော့ မင်းသူနဲ့ ဆက်သွယ်ပြီး ပြောကြည့်လိုက် …”

“ ရတယ်လေ..”

“ စကားမစပ် ငါ မင်းအတွက် တစ်ခုပြင်ထားပေးတယ်…”

လင်းရီသည် ပိုင်ဆိုင်မှု ပုံစံ စာရွက်စာတမ်းများကို ရန်စီရှေ့ ချပေးလိုက်၏။

“ ဒါက ဘာလဲ….”

“ ခရစ်စမတ် လက်ဆောင် …”

“ ငါတောင် တစ်ခု ရတယ်ပေါ့ ….”

“ ငါ့အကြီးမားဆုံး အားသာချက်က မျှမျှတတ ရှိတာပဲ… မင်းနဲ့ စီးပွားရေး အပေးအယူ‌တွေ အများကြီး လုပ်ပြီးမှတော့ ရှယ်ယာ တစ်ချို့ ရသင့်တာ သဘာဝပဲလေ…”

ရန်စီ ပြုံးပြီး စာရွက်ကို ကောက်ကိုင်ကြည့်လိုက်၏။ ထိုအခါ သူမ၏ အမူအရာမှာ ချက်ချင်း အေးခဲသွားခဲ့လေသည်။

“ အိမ်ခြံမြေပေါ့ ..”

“ အင်း … လင်းရှီ ပင်လယ်အော်နားကလေ… တည်နေရာနဲ့ အခင်းအကျင်းလေးကလည်း အတော်ကောင်းတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဘာ ပြင်ဆင်မွမ်းမံမှုမှတော့ မလုပ်ရသေးဘူး … ဒီတော့ ဘယ်လိုပုံစံ အလှဆင်ချင်လဲ ကိုယ့်စိတ်ကြိုက်သာ လုပ် … ပိုက်ဆံ မလောက်ရင် ငါ့ကို အသိပေးလိုက်….”

ရန်စီ အိမ်စာရွက်ကို လက်ထဲ ကိုင်ရင်း ဝှေ့ယမ်းပြလိုက်ပြီး “ အိမ်တစ်လုံးကို လွယ်လွယ်လေး ရလိုက်တယ်ဆိုတော့ ငါ့ကိုယ်ငါ အမြတ်ထွက်တယ်လို့ ခံစားရတယ်…”

“ လွယ်လွယ်လေး ဟုတ်လား …” လင်းရီ မျက်ခုံးပင့်လိုက်ပြီး “ တိုက်ပွဲပြီးတိုင်း ထဖို့ ကြိုးစားရင် နွံထဲ နစ်နေသလိုမျိုး မထနိုင် မပြုနိုင်ဖြစ်နေတာက ဘယ်သူပါလိမ့်…”

“ ချီး.. နင် ပေါက်ကရမပြောနဲ့စမ်း … ဒီမှာ လူတွေ အများကြီး …” ရန်စီ ဖြန်းကနဲ ရိုက်လိုက်ပြီး “ ဖြစ်ချင်တော့ ငါလည်း အိမ်ပြောင်းဖို့ စီစဉ်နေတာ ဟန်ကျသွားတာပေါ့ … ခဏနေကျရင် သွားပြီး တစ်ချက်ကြည့်ဦးမယ်.. ပြင်ဆင်မွမ်းမံဖို့တော့ အချိန်တစ်ချို့ ယူရမှာပေါ့ …”

တစ်နာရီ ကြာပြီးနောက် လင်းရီသည် ဘေလ်ရှင်း၍ ထွက်လာခဲ့လိုက်၏။ ထို့နောက် နှစ်ယောက်သား အိမ်အသစ်ထံ မောင်းနှင်လာခဲ့ကြသည်။

“ ဒီလောက် အကြီးကြီး … အတော်လေး ပေးရမှာပဲနော်…”

“ ပြေပါတယ်… သန်း ၄၀ လောက်တည်းရယ်… အရမ်း ဈေးကြီးနေတာမျိုးလည်း မဟုတ်ပါဘူး …”

ရန်စီသည် နောက်သို့လှည့်လာပြီး လင်းရီ၏ လည်ပင်းကို တွယ်ဖက်၍ ပြောလိုက်၏။

“ နင့်ကို အကြောင်းပြချက် မရှိဘဲ ပိုက်ဆံ အဲ့လောက်အများကြီး ကုန်စေမိတယ်ဆိုတော့ … ငါ့ရဲ့ ကျေးဇူးတင်မှုကိုရော မဖော်ပြသင့်ဘူးလား..”

စာစဉ် (၁၀၂) ပြီး၏။

All Chapters