စာတစ်စောင်နှင့် ပထမမင်းသား
Vol. 013 Ch. 1213
ရှန်းနန်သည် လီယောင်ကို ကြည့်ရင်း ပြုံးကာ ပြောသည်။
“အခု ဆွေးနွေးခဲ့တဲ့ ကိစ္စက သွေးနဂါးဘုံရဲ့ မြို့တစ်မြို့ ပိုရလာဖို့အတွက် သီးသန့်ပဲနော်။ တကယ်လို့ ငါတို့ ရန်ဟောင်ဘုံတွေပါ ပတ်သက်လာမယ်ဆိုရင်တော့ ပြန်စဉ်းစားဖို့ လိုတယ်”
လီယောင်က ရှန်းနန်၏ မျက်လုံးထဲ ကြည့်လိုက်သော်လည်း သူ့စိတ်ထဲတွင် မည်သို့တွေးနေသည်ကို ပြောပြရန်ခက်ခဲ၏။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောသည်။
“ကောင်းပါပြီ။ ကျုပ်က ခင်ဗျားရဲ့ အဖြေကို စောင့်နေပါ့မယ် ရှန်းနန်”
လီယောင်က မတ်တတ်ရပ်ကာ ထွက်ခွာသွားသည်။ ရှန်းနန်က သူ့ကို လူကိုယ်တိုင် လိုက်ပို့ခဲ့သည်။
လီယောင် ထွက်သွားပြီးနောက်၌ သူ့မျက်နှာပေါ်တွင် သရော်သည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ လီယောင်သည် ဤကိစ္စ၌ အခြား ရန်ဟောင်ဘုံတစ်ခုကို ဆွဲသွင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူက အတော်လေး တွက်ချက်တတ်သည့် သူမျိုးပင် ဖြစ်၏။
အကယ်၍ လီယောင် စီစဉ်သည့်အတိုင်း ဖြစ်သွားခဲ့ပြီး သဘောထား ကွဲလွဲမှုများ ပြင်းထန်လာခဲ့လျှင် ပိုပြီး လေးနက်ပြင်းထန်သည့် စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ထိုစစ်ပွဲက ဘုံများအကြားမှ စစ်ပွဲပင် ဖြစ်သွားနိုင်၏။ အင်ပါယာရှားဘုံကသာ အခြားရန်ဟောင်ဘုံ နှစ်ခုနှင့် ဆန့်ကျင် တိုက်ခိုက်ခဲ့လျှင် ထိုအရာသည် အင်ပါယာရှားဘုံ၏ အဆုံးသတ် ဖြစ်ပေလိမ့်မည်။
ထို့အပြင် လီယောင်သည် ရှန်းနန်အတွက် မည့်သည့် အကျိုးအမြတ်မှ မပေးခဲ့သော်လည်း ရီဖူရှင်း ခိုးသွားခဲ့သည့် ရန်ဟောင် အဆင့်ကျင့်စဉ်နှင့် ယူချင်း၏ နတ်ဆိုးကျင့်စဉ်ကိုတော့ ကမ်းလှမ်းသွားခဲ့သည်။ လီယောင်သည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခဲ့ခြင်းသာ ဖြစ်၏။
“တစ်ယောက်ယောက် လာခဲ့ဦး”
ရှန်းနန်က ပြောသည်။
အစေခံက ဝင်လာပြီး ဦးညွှတ်ကာ နှုတ်ဆက်သည်။
“အရှင်မင်းသား”
“ကျုပ် စာတစ်စောင် ရေးပေးလိုက်မယ်။ မင်းက ချန်ယဲ့မြို့ကို သွားပြီး ရီဖူရှင်းကို ပေးလိုက်။ ဘယ်သူမှ မသိစေနဲ့”
ရှန်းနန်က ပြောသည်။
“ဟုတ်ကဲ့ပါ”
ထိုအစေခံက ခေါင်းညိတ်သည်။ ရှန်းနန်သည် စာတစ်စောင် ရေးလိုက်ပြီး သူ့ဆီ ပေးသည်။ အစေခံသည် စာကို ယူဆောင်၍ ချန်ယဲ့မြို့သို့ ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် လီယောင်သည် ရှေးဟောင်း တော်ဝင်မြို့သို့ ဦးတည်နေသည်။
ရှေးဟောင်း တော်ဝင်မြို့သည် အခြားမြို့များနှင့် ကွဲပြားလေသည်။ နေရာတစ်ခုလုံးကို စွမ်းအား တစ်ခုကသာ လွှမ်းမိုးထားသည်။
ထိုသည်မှာ ရှေးဟောင်းတော်ဝင်မြို့ အရှင်သခင် ကိုးယောက်မြောက် အစေခံ ဖြစ်၏။ ပြောကြသည်က ကိုးယောက်မြောက် အစေခံသည် ရန်ဟောင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အရည်အချင်းရှိသည့် လူအများအပြားကို စုဆောင်းထားခဲ့သည်။
ရှေးဟောင်း တော်ဝင်မြို့သည် သွေးနဂါးဘုံ၏ မြို့များအကြားတွင် ထူးခြားသော အဆင့်အတန်း ရှိသည်။
ရှေးဟောင်း တော်ဝင်မြို့၏ မြို့စားအိမ်တော်သည် မြင့်မားသော တံတိုင်းများဖြင့် ခတ်ထားသည်။ အိမ်တော်သည် ရှေးဟောင်းရဲတိုက်နှင့် တူပြီး အလယ်တွင်တော့ ကြေးရောင် ဂိတ်တံခါးကြီးက ထီးထီးမားမား တည်ရှိသည်။
ဂိတ်တံခါးတွင် အစောင့်အနည်းငယ်က စောင့်ကြပ်နေပြီး လူတိုင်းက အသက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိကြသည်။
သို့သော်လည်း ရဲတိုက်အနီးတွင် လူအိုကြီးတစ်ဦး ထိုင်နေသည်။ သူသည် ဟောင်းနွမ်းသော အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း ကြည့်ရသည်မှာ သန့်ရှင်းလှသည်။ သူ၏ ခန္ဓာကိုယ်မှ မည်သည့် အသက်လက္ခဏာ စွမ်းအင်များ ထွက်ပေါ်လာခြင်း မရှိပေ။
လီယောင်နှင့် အခြားလူများသည် သူ့အပေါ်တွင် အထင်အမြင် မသေးရဲကြပေ။ သူက နှုတ်ဆက်သည်။
“ဆရာ ... တာလီရဲ့ လီယောင်က နှုတ်ဆက်ဖို့ ရောက်လာပါတယ်”
လူအိုကြီးက လီယောင်ကို ဖျတ်ခနဲ ကြည့်သည်။ သူ၏ ညိုမှိုင်းသော မျက်လုံးများက ပျင်းရိနေဟန် ပေါ်သည်။ သူသည် လီယောင် မျက်လုံးများအား ကျဉ်းမြောင်းလျက် ကြည့်ကာ မေးသည်။
“ဒီကို ဘာကိစ္စရှိလို့လဲ”
“ကျွန်တော်က လီယောင်လို့ ခေါ်ပါတယ်။ ကျွန်တော် ဒီကို လာရတာက မြို့တော်အရှင်ဆီမှာ တောင်းဆိုစရာလေး ရှိလို့ပါ”
လီယောင်က ပြောလိုက်ပြီး ရိုသေလေးစားမှုကို ပြသရန် အနည်းငယ် ကိုင်းညွှတ်ကာ အရိုအသေပြုသည်။
သူသည် တာလီပြည်ထောင်၏ မင်းသား ဖြစ်နေသော်လည်း ဤနေရာသည် သွေးနဂါးဘုံ ဖြစ်ပြီး အင်ပါယာလီဘုံ မဟုတ်ပေ။ ဤနေရာ၌ သူသည် မတူကွဲပြားသည့် အဆင့်အတန်းမျိုး မရှိပေ။ ဤကဲ့သို့ ရှန့်ထိုအဆင့် အထွတ်အထိပ် ရောက်နေသည့် သူမျိုးသည် မင်းသားဟူသော ဂုဏ်ပုဒ်ကို ဂရုစိုက်နေမည် မဟုတ်ပေ။
ထို့အပြင် သူ လာရောက်တွေ့ဆုံ လိုသည့်သူမှာ သွေးနဂါးမြို့များတွင် အင်အားအကြီးမားဆုံး ဖြစ်သည့် ကိုးယောက်မြောက် အစေခံ ဖြစ်သည်။
သွေးနဂါးဘုံတွင် အခြားရန်ဟောင်များ ခြေချမလာခဲ့လျှင် ကိုးယောက်မြောက် အစေခံသည် ဤနယ်ခြားဒေသ၌ စွမ်းအားအကြီးဆုံးပင် ဖြစ်သည်။ ထိုသူသည် ရန်ဟောင်၏ သားတော် ဖြစ်စေ အခြားသူများကို ဖြစ်စေ ဂရုမစိုက်ဘဲ နေနိုင်သည်။
“အရှင်က တံခါးပိတ် ကျင့်ကြံနေတာမို့ သူ ဘယ်သူ့ကိုမှ တွေ့မှာ မဟုတ်ဘူး။ တကယ်လို့ မင်းမှာ သူနဲ့ ဆွေးနွေးစရာ ရှိတယ်ဆိုရင် ကျုပ်ကို ပြောခဲ့ပါ။ ကျုပ်က သူ့ဆီကို သတင်းပို့ပေးပါ့မယ်”
လူအိုကြီးက ဖြည်းညင်းစွာ ပြောသည်။ သူသည် တာလီမင်းသားကိုပင် မည်သည့် လေးစားမှုမှ မပြသခဲ့ပေ။
လီယောင်သည် တည်ငြိမ်စွာ ကြည့်သည်။ သူသည် ဒေါသမထွက်ခဲ့ပေ။ သို့သော်လည်း သူသည် မြို့တော်အရှင်နှင့် တွေ့ခွင့်မရှိလျှင် သူ ဤနေရာသို့ လာရန် အသုံးပြုခဲ့ရသော အချိန်များမှာ အချည်းနှီး ဖြစ်သွားပေတော့မည်။
“ဒါဆို ကျွန်တော်က အရှင်မင်းသား ရှင်းချိုးနဲ့ရော တွေ့ခွင့်ရနိုင်မလား”
လီယောင်က မေးသည်။
“ဒုတိယသခင်လေးက ရှန့်ထိုအဆင့်ကို ဝင်ရောက်သွားတာမို့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင် လုပ်ဆောင်နေတယ်။ အားနာစွာနဲ့ပဲ သူက အခုချိန်မှာ ဧည့်သည်တွေ လက်ခံတွေ့ဆုံနိုင်ခြင်း မရှိပါဘူး”
လူအိုကြီးက ခေါင်းတညိတ်ညိတ်နှင့် ပြောသည်။
လီယောင်၏ နောက်တွင် ရပ်နေသည့် စစ်သားများမှာ မျက်မှောင်ကြုတ်လိုက်ကာ သူတို့၏ ခြိမ်းခြောက်နိုင်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်သည်။
တာလီမင်းသား လီယောင်က ရှင်းချိုးထံသို့ လာလည်သည်ကို ငြင်းဆန်သည်မှာ မည်မျှ အတင့်ရဲလိုက်သနည်း။
ဤလူအိုကြီးသည် မင်းသားတစ်ပါးကို မြင့်မြတ်သူအဖြစ် မည်ကဲ့သို့ လေးစားမှု ထားရမည်ကို မသိရှိသည်လား။
“ဆရာ ... ကျွန်တော် ဒီကို လာရတာ ရန်ဟောင်အဆင့် ရတနာနဲ့ ပတ်သက်နေတဲ့ အရေးကြီး ကိစ္စကြောင့်ပါ။ အဲဒါကြောင့် ကျွန်တော့်ကို တွေ့ဆုံခွင့်ပေးဖို့ မျှော်လင့်ပါတယ်”
လီယောင်က ဆက်ပြောသည်။
“မင်း ဒီနေရာမှာ ပြောနိုင်တယ်။ ကျုပ်က အရှင်နဲ့ ဒုတိယသခင်လေးကို ပြန်သတင်း ပို့ပေးမှာပါ”
လူအိုကြီးက ပြန်ဖြေသည်။
လီယောင်သည် ဒေါသထွက်စွာနှင့် သူ့ကို စိုက်ကြည့်နေသော်လည်း လူအိုကြီးသည် မည်သည့်ခံစားချက်မှ မရှိပေ။ သူသည် သူတို့ကို သတိပြုမိဟန်ပင် မရှိပေ။
“ကောင်းပါပြီ။ ကျွန်တော်တို့ သွားပါတော့မယ်”
လီယောင်က ပြောလိုက်ကာ သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူသည် ဥဒေါင်းမြို့၊ ရှန်းမြို့နှင့် ရှေးဟောင်း တော်ဝင်မြို့တို့ သို့ သွားရောက် တွေ့ဆုံခဲ့သည်။
ခရီးစဉ်က အဆင်မပြေခဲ့ပေ။ ထိုမြို့များထဲမှ မည်သည့် မြို့ကမှ သူနှင့်အတူ ပူးပေါင်းရန် ကတိမပေးခဲ့ပေ။
ဥဒေါင်းမြို့မှ ခွန်ရွှမ်သည် သူ၏ တောင်းဆိုမှုကို ချက်ချင်း ငြင်းပယ်ခဲ့သည်။ ရှေးဟောင်း တော်ဝင်မြို့တွင်တော့ ဘယ်သူ့ကိုမှပင် မတွေ့ခဲ့ရချေ။ ရှန်းမြို့၏ ရှန်းနန်သည်တော့ သူတစ်ဦးတည်းနှင့်သာ ပတ်သက်မှု ရှိပေသည်။
ထိုကဲ့သို့ ရလဒ်မျိုးက သူ၏ ရည်မှန်းချက်နှင့် အလွန်ဝေးကွာနေသည်။
သူသည် သူတို့ထံသို့ သွားရောက်လည်ပတ်၍ ကံကောင်းခြင်းကို ရှာဖွေရန် ကြိုးစားခြင်းမျှသာ ဖြစ်သည်။ တစ်ယောက်ယောက်က သူနှင့် ပူးပေါင်းခဲ့လျှင် ပျော်ရမည် ဖြစ်ပြီး မဟုတ်လျှင်တော့ သူသည် အင်ပါယာလီဘုံ၏ အင်အားတစ်ခုတည်း အပေါ်တွင်သာ မှီခိုရပေမည်။
***
ချန်ယဲ့မြို့ မြို့စားအိမ်တော်တွင် ရီဖူရှင်းသည် ရှန်းမြို့မှ တစ်စုံတစ်ယောက်က သူ့ကို တွေ့ခွင့်တောင်းသည့် သတင်းစကားကို လက်ခံရရှိလေသည်။
ထိုသည်က ရီဖူရှင်းကို သံသယဖြစ်စေသည်။ ရှန်းမြို့က လူတစ်ယောက် သည်နေရာကို အဘယ်ကြောင့် ရောက်လာရသနည်း။
အစောပိုင်းက သွေးနဂါးမြစ်တိုက်ပွဲတွင် ရှန်းမြို့၏ ရှန်းနန်သည် ဝူချင်းကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပြီး သူသည်လည်း ယူချင်းကြောင့် ထိုခိုက်ခဲ့ရသည်။ ယခု သွေးနဂါးမြစ်တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ရာ ထိုကိစ္စတို့ကို မေ့ပစ်သင့်လေပြီ။ သူသည် နစ်နာဆုံးရှုံးမှု မရှိသည့် သွေးနဂါးမြစ်တိုက်ပွဲကို အကြောင်းပြု၍ ဘုံနှစ်ခုကြားမှ စစ်ပွဲကို မစတင်လိုပေ။
သို့သော်လည်း ဤကဲ့သို့ ဆတ်ဆတ်ထိမခံသည့် အနေအထားအတွင်း၌ သူသည် ရှန်းမြို့၏ သံတမန်ကို လက်ခံ တွေ့ဆုံရပေမည်။
“ရီမြို့စား”
ထိုလူသည် ရီဖူရှင်းကို အလွန်ယဉ်ကျေးသော အမူအရာနှင့် နှုတ်ဆက်လာသည်။
“ကြိုဆိုပါတယ်။ ဒီကို ဘာကိစ္စများ ရှိလို့လဲ”
ရီဖူရှင်းက ပြောသည်။
“ကျွန်တော်တို့ မြို့စားက ခင်ဗျားအတွက် စာတစ်စောင်ရေးပြီး ကျွန်တော့်ကို ပို့ခိုင်းလိုက်လို့ပါ”
သံတမန်က ပြန်ဖြေသည်။ သူသည် ရီဖူရှင်းထံသို့ စာတစ်စောင် ပေး၏။
ရီဖူရှင်းသည် ထိုစာကို တွေဝေစွာနှင့် ယူကာ ဖွင့်ဖတ်သည်။ ထိုစာတွင် စာတစ်ကြောင်းတည်းသာ ပါရှိလေသည်။
ရီဖူရှင်းသည် ထိုစာကို ဖတ်ပြီးသောအခါ တည်ငြိမ်စွာဖြင့် ဘေးသို့ ချထားသည်။ သူက သံတမန်ကို မေးသည်။
“ရှန်းနန်က ကျုပ်ကို တခြားဘာများ မှာလိုက်သေးလဲ”
“ဘာမှမမှာပါဘူး။ ဒီစာပို့ပေးဖို့ပဲ ပြောခဲ့ပါ”
သူက ပြောသည်။ သူသည် စာကို ပို့ပြီးသော်လည်း ပြန်ထွက်ခွာရန် ရည်ရွယ်ချက် ရှိသေးပုံမရပေ။
သူ့ကို ကြည့်ရသည်မှာ ရီဖူရှင်း၏ ပြန်စာကို စောင့်နေပုံပေါ်၏။
ရီဖူရှင်းသည် ခေါင်းညိတ်လိုက်ပြီး သူ့ထံသို့ သိုလှောင်လက်စွပ် တစ်ကွင်း ပေးလိုက်ကာ ပြောသည်။
“အရှင်မင်းသား ရှန်းနန်က ကျုပ်ကို စေတနာနဲ့ သတိပေးတယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒီဟာက ကျုပ်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့ လက်ဆောင် သေးသေးလေးပါ။ ကျေးဇူးပြု ပြီး ရှန်းနန်ကို ပေးပေးပါ”
“ကောင်းပါပြီ။ ကျွန်တော်က ခင်ဗျားရဲ့ စကားနဲ့ လက်ဆောင်ကို အရှင်မင်းသားဆီ ပြန်ပို့ပေးပါမယ်”
သူက ပြန်ဖြေသည်။
“ဒါဆိုရင် ကျွန်တော် ပြန်လိုက်ပါဦးမယ်”
“ကောင်းပါပြီ”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။
“ခင်ဗျားကို ကိုယ်တိုင် လိုက်မပို့နိုင်တာ အားနာမိပါတယ်။ အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ”
“ကျေးဇူးအများကြီး တင်ပါတယ် မြို့စားရီ”
သတင်းပို့သူက ထွက်ခွာသွားသည်။
သူ ထွက်သွားပြီးနောက်၌ ရှားရှင်းယွန်က ရီဖူရှင်းကို မေးသည်။
“ရှင်းနန် လိုချင်တာက ဘာလဲ”
ရီဖူရှင်းက သူမကို စာလှမ်းပေးလိုက်ကာ ပြောသည်။
“ဒါကို ဖတ်ကြည့်”
သူသည် မျက်လုံးများကို မှေးစင်းသည်။ သူ၏ အမူအရာက အေးစက်နေပြီး ထက်ရှသော တစ်ချောင်းကဲ့သို့ စူးရှစွာ ကြည့်နေသည်။ သူ့မျက်လုံးထဲမှ အပြုံးများက လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။
ရှားရှင်းယွန်သည်လည်း စာဖတ်ပြီးသွားသောအခါ သူမ၏ မျက်လုံးများက အေးစက်လာသည်။ သူမသည် ဓားစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး သူမ လက်ထဲမှ စာကို အပိုင်းပိုင်း စုတ်ဖြဲပစ်သည်။
စာတွင် ပြောထားသည်က လီယောင်သည် ရှန်းနန်ထံသို့ လာရောက်တွေ့ဆုံခဲ့ပြီး တမင်သက်သက် ရည်ညွှန်းသွားသည်က ပညာရှိကျမ်းနှင့် ယူချင်း၏ နတ်ဆိုးကျင့်စဉ်အပြင် ချန်ယဲ့မြို့ကိုပါ သူ့ကို ပေးမည်ဟု ကမ်းလှမ်းသွားခဲ့သည်။ ရှန်းနန်သည် သံတမန်စေလွှတ်၍ သူတို့ကို သတင်းပေးခဲ့သည်။
စာသည် ဖြစ်လာမည့် အကြောင်းအရာတို့ကို သူတို့အား သတိပေးထားသည်။
သို့သော်လည်း ရီဖူရှင်းနှင့် ရှန်းနန်အကြား၌ မည်သည့် သူငယ်ချင်း ဆက်ဆံရေးမှ မရှိပေ။ အကယ်၍ သူသာ လီယောင်ကို ငြင်းပယ်လိုလျှင် တိုက်ရိုက် ငြင်းပယ်နိုင်သည်။ သူက အဘယ်ကြောင့် သူတို့ကို သတင်းပို့ခဲ့သနည်း။
ထို့အပြင် စာအရဆိုလျှင် ရှန်းနန်က လီယောင်၏ တောင်းဆိုချက်ကို ရှန်းနန်က ငြင်းဆန်ခဲ့သည်ဟု မဆုံးဖြတ်နိုင်ပေ။ စာသည် အချက်အလက်မျှကိုသာ ဖော်ပြထားခဲ့ခြင်း ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ ပညာရှိကျမ်း အပါအဝင် ယူချင်း၏ နတ်ဆိုးကျင့်စဉ်၊ ချန်ယဲ့မြို့ကိုပါ သူရရှိမည့် အခွင့်အရေးများရှိကြောင်း ဖော်ပြထားလေသည်။
အဆုံးတွင်တော့ သူ၏ သတင်းပို့သမားက ရီဖူရှင်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေ ခဲ့သေးသည်။
ရှန်းနန် ဘာကို ဆန္ဒရှိနေသနည်း။
လီယောင်က ချန်ယဲ့မြို့ကို တိုက်ခိုက်ရာတွင် ရှန်းနန် ပါဝင်လာစေရန် အတွက် အလွန်အဖိုးတန်သည့် ဆုလာဘ်များနှင့် ကမ်းလှမ်းခဲ့တာကြောင့် ရီဖူရှင်းကလည်း အခြား ဆုလာဘ်များနှင့် မကမ်းလှမ်း သင့်ဘူးလား။
ချန်ယဲ့မြို့က မည်သည့်အဖိုးတန် ပစ္စည်းများနှင့် သူ၏ နစ်နာကြေးအဖြစ် ကမ်းလှမ်းနိုင်မည်ကို သိလိုခြင်း ဖြစ်ရပေမည်။
သူက အန္တရာယ်ရေထဲတွင် ငါးဖမ်းရန် ကြိုးစားနေခြင်းသာ ဖြစ်၏။
အကယ်၍ ချန်ယဲ့မြို့ကသာ လုံလောက်သည့် စစ်မှန်ပွင့်လင်းမှုကို ဖော်ပြခဲ့လျှင် ရှန်းနန်သည် လီယောင်နှင့် ပူးပေါင်းလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ရှန်းနန်သည် ထိုမှတဆင့် အကျိုးအမြတ် ရနိုင်သည့်အတွက် စစ်ပွဲ၌ ပါဝင်ရန် မလိုအပ်တော့ပေ။
“သူ့ကို ဘာပေးလိုက်တာလဲ”
ရှားရှင်းယွန်က မေးသည်။
“အိပ်မောကျ နဂါးပြိုင်ပွဲမှာတုန်းက အနိုင်ရထားတဲ့ ဆုထဲက တစ်ဝက်ထည့်ထားတဲ့ သိုလှောင်လက်စွပ်။ အဲဒီဆုလာဘ်က လုံလောက်အောင် များပြားတယ်”
ရီဖူရှင်းက ပြောသည်။
“ဒါပေမဲ့ သူက အဲဒီလောက်နဲ့ စိတ်ကျေနပ် လိမ့်မယ်တော့ မထင်ဘူး”
“ဒါဆို နင် ဘာလို့ အဲဒီလို လုပ်သေးလဲ”
ရှားရှင်းယွန်က သူ့ကို စိုက်ကြည့်ကာ မေးသည်။
“လီယောင်က ရွေးချယ်ခွင့် ပေးခဲ့တယ်။ ရှန်းနန်က သံတမန် စေလွှတ်ခဲ့တာကြောင့် သူက ရွေးချယ်ဖို့ ဆန္ဒမရှိဘူးလို့ ပြောလို့ရတယ်။ အဲဒါကြောင့် သူ့ကို ကူညီဖို့ ကျုပ်တို့ကို မေးရတာပဲ။ ကျုပ်က အဲဒီလက်ဆောင်တွေနဲ့ ကျုပ်ရဲ့ သဘောထားကို ထုတ်ပြလိုက်ပြီမို့လို့ အခု ဆုံးဖြတ်ချက် ချရမှာက သူ့အပိုင်းဖြစ်သွားပြီ”
ရီဖူရှင်းက ပြောသည်။
“ပြီးတော့လည်း အခု လက်ရှိအခြေအနေ အရဆိုရင် ရှန်းနန်ကို ကျုပ်တို့ ရန်သူဖြစ်အောင် လုပ်ဖို့ တတ်နိုင်မယ်ထင်လား”
ရှန်းနန်၏ အနောက်၌ အင်ပါယာရှန်းဘုံ တစ်ခုလုံး ရှိလေသည်။
ဤအရေး၌ အင်ပါယာရှန်းဘုံသာ ပါဝင်ပတ်သက်လာလျှင် အရာအားလုံး ရှုပ်ထွေးကုန်လိမ့်မည်။
ရှားရှင်းယွန် ဘာမှ ထပ်မပြောတော့ပေ။ အခြေအနေက ပို၍ ပို၍ ရှုပ်ထွေးလာနေပြီး ဖြစ်၏။
“မင်းသမီး”
ခေါ်လိုက်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး မှော်ဆရာ ရောက်လာသည်။
“မှော်ဆရာ”
ရှားရှင်းယွန်က နှုတ်ဆက်သည်။
“ပထမမင်းသား ရောက်နေပါတယ်”
မှော်ဆရာက ပြောသည်။
ရှားရှင်းယွန် အံ့ဩစွာဖြင့် ခေတ္တမျှ ရပ်တန့်သွားသည်။ သူမက ပြုံးကာ ပြောသည်။
“ကောင်းတယ်။ သွားကြစို့”
သူတို့သည် အပြင်သို့ ဦးတည် ထွက်လာခဲ့သည်။
မြို့စားအိမ်တော် အပြင်ဘက်မှာတော့ ကြီးမားသည့် လူတစ်စု ရောက်ရှိနေသည်။ သူတို့သည် စစ်တပ်မှ လူများနှင့် တူပေသည်။ လူတိုင်း၏ အသက်စွမ်းအားများက အလွန်ပင် သန်မာကြသည်။ သူတို့အားလုံးမှာ ရှန့်ထိုအဆင့်သို့ ရောက်လုနီးနီး ဖြစ်သည်။
ဦးဆောင်လာသူမှာ အလွန်ချောမောသည့် အသွင်အပြင်နှင့် ဂုဏ်သရေရှိ ခန့်ညားသည့် အမူအရာရှိ၏။ သူ၏ အပြုံးသည် နွေဦး၏ လေပြေကဲ့သို့ နွေးထွေးလှသည်။
သူသည် သံမဏိစိတ်ဓာတ်နှင့် စစ်သည်တစ်ဦး ဖြစ်ပြီး မင်းသားတစ်ပါး၏ မြင့်မြတ်သော စိတ်ဝိညာဉ် ရှိသည်။
သူသည်ကား အင်ပါယာရှားဘုံ၏ ပထမမင်းသား ရှားရုန် ဖြစ်ပြီး သူသည် ရှန့်ထို တတိယအဆင့် သံသယ ကင်းစင်ခြင်းသို့ ရောက်နေပြီဖြစ်ကာ စစ်တပ်ကို ဦးဆောင်သူ ဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် နန်းတော်၌သာ အနေများလေသည်။
ယခု ပထမမင်းသားသည် ဗိုလ်ချုပ်ထန်ပြီးလျက် ဒုတိယနေရာ၌ ရှိသော စစ်တပ်၏ အရေးပါသော ရာထူးကို ရထားသည်။ သူသည် ပြန်လည်မွေးဖွားခြင်း အဆင့်တန်ခိုးရှင် ဖြစ်၏။ သူသည် စစ်တပ်အတွင်းတွင် စစ်မှန်သော သံမဏိမင်းသားအဖြစ် အလွန်ဂုဏ်သတင်း ကြီးမားလေသည်။
သို့သော်လည်း သည်အချိန်၌ ရှားရုန်သည် သူ့စစ်တပ်၏ အရှိန်အဝါကို ဖုံးကွယ်ထားခဲ့ပြီး ရှားရှင်းယွန် လာသည်ကို မြင်သည့်အခါ နူးညံ့စွာ ပြုံးပြသည်။ သူက သူမကို ခေါ်သည် ...
“ရှင်းယွန်”
“အစ်ကိုတော် ဒီနေ့ လာမယ်ဆိုတာ မသိခဲ့ဘူး”
ရှားရှင်းယွန်က စိတ်လှုပ်ရှားစွာ ပြောသည်။ ရှားရုန်သည် နှစ်ပေါင်းများစွာ စစ်တပ်ထဲတွင် နေထိုင်သော်လည်း သူက တော်ဝင်နန်းတော်သို့ ပြန်လာသည့် အခါတိုင်းတွင် သူမကို လာကြည့်တတ်သည်။ သူသည် သူမ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ပြီး သူမကိုလည်း အလွန်ပင် ချစ်ခင်၏။ သူမအတွက်တော့ သူမ၏ အစ်ကိုကြီးသည် အဖေဟု သတ်မှတ်၍ပင် ရ၏။ သူတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်လှသည်။
“အခုတလော အင်ပါယာလီက အနှောင့်အယှက်ပေးဖို့ ပြင်ဆင်နေတယ်။ တာလီတော်ဝင် အကြံပေးကလည်း သူ့လူတွေနဲ့ ဒီကို ရောက်လာတယ်။ ငါက မင်းရဲ့ လုံခြုံမှုကို စိတ်ပူလို့ ခမည်းတော်ဆီက ခွင့်တောင်းပြီး ဒီကို လိုက်လာရတာပဲ”
ရှားရုန်က ပြောသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုတော်”
ရှားရှင်းယွန်က ပြော၏။
ရှားရုန်သည် ရှားရှင်းယွန် အနီး၌ ရပ်နေသည့် ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက ရှေ့သို့ တိုးကာ ဦးညွှတ်၍ နှုတ်ဆက်သည်။
“ရီဖူရှင်းက အရှင်မင်းသားကို ဂါရဝပြုပါတယ်”
“ဓလေ့ထုံးစံတွေ လုပ်နေဖို့ မလိုပါဘူး”
ရှားရုန်က ပြုံးရင်း ပြောသည်။
“ကျုပ်က မင်းနဲ့ တွေ့ဖို့ မျှော်လင့်နေပေမဲ့ စစ်တပ်ထဲကနေ ထွက်ဖို့ အခွင့်အရေး မရခဲ့ဘူး။ အခုမှပဲ မင်းက တကယိ ထူးချွန်တဲ့လူနဲ့ တူတယ်ဆိုတာ သိတော့တယ်။ မအံ့သြတော့ပါဘူး။ အဲဒါကြောင့် ရှင်းယွန်က...”
“အစ်ကိုတော်”
ရှားရှင်းယွန်က သူ့စကားကို ဖြတ်ကာ စူးစူးရဲရဲ ကြည့်သည်။ ရှားရုန်က ထိုသည်ကို မြင်သောအခါ ရယ်မောလိုက်ပြီး သူ့လက်ကို ယမ်းကာ ပြောသည်။
“ပါးစပ်ဖွာသွားတာ တောင်းပန်ပါတယ်ကွာ”
***