← Chapters

အခွင့်အရေးကောင်း အပိုင်း(၂)

Vol. 98 Ch. 1362

အခွင့်အရေးကောင်း အပိုင်း(၂)

Vol. 98 Ch. 1362

ထုံရို့ပင်းက မျက်လုံးဖွင့်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက လက်ကိုဝှေ့လိုက်ပြီးသည့်နောက်တွင် ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူမက အစေခံများအား အရေးပေါ်ကိစ္စ မဟုတ်လျှင် မနှောင့်ယှက်ဖို့ရာ ပြောထားပြီးသားဖြ စ်၏။ ထို့ကြောင့် ဘာမှမဖြစ်သင့်လေရာ သူမကို အဘယ်ကြောင့်များ ဆက်သွယ်ရသနည်း။

ထုံရို့ပင်းက သတင်းစကားကို ဖတ်ရှုပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

“သူမက ဘာလို့ ငါ့ကို မေးနေတာလဲ။ အထူးသဖြင့် ဒီလိုမျိုး အလျင်စလို အပြုအမူမျိုးနဲ့ပေါ့…”

သူမက အခန်းမှ  ထွက်လာပြီး အဝင်ဝသို့ ရောက်ရှိလာသည်။

“ဘာလို့ ဒီရောက်နေတာလဲ”

သူမက ဘယ်ဖက်မျက်လုံးအောက်တွင် မှဲသေးသေးလေး တစ်ခုရှိသည့် မိန်းမငယ်လေးတစ်ဦးကို ကြည့်ရင်း မေးလိုက်သည်။

“အကြီးအကဲတွေက နင့်ကို ရှာနေတယ်” စွင်းရှို့က ပြန်ဖြေလိုက်၏။

“သူတို့က နင့်ကို ဘာလို့လွှတ်လိုက်တာလဲ” ထုံရို့ပင်းက မေးပြီး သတိကြီးကြီး ထားထားလိုက်သည်။ သူမက ထိုသူ၏ လှည့်ကွက်နှင့် ပတ်သက်ပြီး သတိကြီးကြီးထားဖို့ အကြောင်းအရင်းများစွာ ရှိပေသည်။ မဟာအဆောင်မြို့တော်က ကျွန်းကျင်အတတ်ပညာရှင် အင်အားစုမျှသာ ဖြစ်ပြီး အရည်အချင်းတာအို အဖွဲ့အစည်းသို့ ဝင်ရောက်ကာ ပင်မအင်အားစုတစ်ခု ဖြစ်လာခဲ့သည်။ နှမြောဖို့ကောင်းလှစွာဖြင့် သူတို့က ရှေးဦးစံပြကို မမွေးထုတ်နိုင်ခဲ့သည့်အတွက် သူတို့၏ အဆင့်အတန်းက အကောင်းဆုံး အခြေအနေတွင် မရှိပေ။

သို့သော် ထုံရို့ပင်း တက်လှမ်းလာပြီး သူမ၏ အုတ်မြစ်ကို တည်ဆောက်ပြီးသည့်နောက်တွင် သူမ၏ အင်အားစုက မျှော်လင့်ချက်ကို မြင်လိုက်ရ၏။ သူတို့က သူမအား ရှေးဦးစံပြတစ်ယောက် ဖြစ်လာဖို့အတွက် လိုအပ်သည့် လမ်းညွှန်ချက်နှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးခဲ့သည်။ ထိုသို့သော အဆင့်အတန်းနှင့် အရင်းအမြစ်များက တစ်စုံတစ်ယောက်အပေါ် သက်ရောက်မှုရှိဖို့ အကြောင်းဖန်လာခဲ့သည်။ ထိုအချိန်တွင် စွင်းရှို့က ပတ်သက်လာခြင်း ဖြစ်၏။

ထုံရို့ပင်း၏ တက်လှမ်းမှုမတိုင်ခင် သူမက အဖွဲ့အစည်းတွင် ရှေးဦးစံပြဖြစ်လာဖို့ အလားအလာအကောင်းဆုံး ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။ ယွမ်ခေတ်ကာလတစ်သောင်းကျော်မျှဖြင့် သူတို့၏ အဆင့်အတန်းက  အတူတူဖြစ်လာပြီး ရှေးဦးစံပြမျိုးစေ့၏ ရာထူးကို ယှဉ်ပြိုင်ကြရသည်။

“အခုအရေးပေါ်ပဲ။ ဘယ်သူကမှ ထွက်မသွားချင်လို့ ငါ့ကို လာခေါ်ခိုင်းလိုက်တာ” စွင်းရှို့က သူမ၏ စိတ်တိုမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောလိုက်၏။

ထုံရို့ပင်းက သူမကို ကြည့်ပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်သည်။ သူမကလည်း ထိုအမျိုးသမီးအပေါ် မကျေနပ်ချက်တွေများ၏။ အရည်အချင်းတာအိုအဖွဲ့အစည်းက ရှေးဦးစံပြမျိုးစေ့ တစ်ခုထက်ပိုပြီး လေ့ကျင့်ပေးနိုင်သည့် အရင်းအမြစ်များ လုံလောက်ပေသည်။ သို့သော်လည်း ထိုအမျိုးသမီးကမူ သူမကို လိုက်လံယှဉ်ပြိုင်နေပြီး သူမ တက်လှမ်းခါစက ဖိနှိပ်ဖို့ပင် ကြိုးစားလေ့ရှိ၏။ ထိုသို့သော ကပ်သီးကပ်ဖဲ့နိုင်ကာ သဘောထားကျဉ်းမြောင်းသည့်သူက ရှေးဦးစံပြဖြစ်လာနိုင်သည့် အခွင့်အရေးက နည်းပါးလွန်းလှသည်။

ထုံရို့ပင်းက ထိုအမျိုးသမီးသည် စံပြစမ်းသပ်ချက်၌ အသက်ရှင်နိုင်ပါ့မလား စဉ်းစားနေမိ၏။

“ရှေ့ကနေသွားပါ” ထုံရို့ပင်းက ပြောလိုက်သည်။ အရည်အချင်းတာအိုအဖွဲ့အစည်းက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တူညီစွာ တောင်များစွာဖြင့် စုစည်းထားခြင်းသာ ဖြစ်၏။

သို့သော် သူတို့က ကောင်းကင်ယံထဲ မြောလွင့်နေခြင်း မရှိပေ။ ထုံရို့ပင်း၏ နေရာက ပင်မတောင်လေးခုထဲမှ တစ်ခု ဖြစ်လေ၏။ ထိုတောင်လေးခုက ပင်မကျွမ်းကျင်အတတ်ပညာလေးခုဖြစ်သည့် ဆေးလုံး၊ လက်နက်၊ အစီအရင်နှင့် အဆောင်များကို ကိုယ်စားပြုလေသည်။

သူတို့၏ ဦးတည်ရာ ကံကြမ္မာတောင်ထိပ် ဖြစ်နေကြောင်း သဘောပေါက်သွားသည့်အခါ မျက်မှောင်ကြုတ်လိုက်မိ၏။

အရည်အချင်းတာအိုအဖွဲ့အစည်းက သူတို့ကမ္ဘာတစ်ဝှမ်းမှ လူများအား သူတို့၏ တောင်ဆီ လက်ခံထားလေသည်။ ထူးကဲသည့် အနေအထားမျိုးလည်း ရှိပြီး တချို့သော အာဏာရှင်များက သူတို့အတွက် ယှဉ်ပြိုင်ကြလေ့ ရှိ၏။

သို့သော်လည်း ကြမ္မာတောင်ထိပ်ကမူ အတော်လေး ထူးကဲလှသည်။ သူတို့က ဂမ္ဘီရပါရမီရှိသည့်သူမျိုးကို ပြုစုပျိုးထောင်ပေးခြင်း မဟုတ်ပေ။ ထိုအစား သူတို့က အဖွဲ့အစည်း၏ ကံကောင်းမှု၊ ကြမ္မာနှင့် အနာဂတ်ကို လေ့လာစောင့်ကြည့်ဖို့အတွက် တာဝန်ယူထားကြသည်။

နှစ်ဦးသားက မကြာခင် ဦးတည်ရာသို့ ရောက်ရှိလာလေ၏။ ထုံရို့ပင်းက အဖွဲ့အစည်း၌ ရှိသည့် ခေါင်းဆောင်အားလုံးကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့သည်။ သူတို့က သူမကို ကြည့်နေသည့်အခါ အနည်းငယ် ခံစားရခက်လေ၏။ သို့သော် သူမကလည်း ကောင်းကင်ဘုံအဆင့်ထိအောင် ဖြစ်နေလေပြီ။ ဤရှေ့တွင် ရှိသည့်လူအားလုံးကလည်း ထိုအဆင့်မျှသာ ရှိနေသေး၏။

 လက်ရှိ အဖွဲ့အစည်းခေါင်းဆောင်က လက်ကိုဝှေ့ကာ ပိုင်းခြားရေးအဆောင်တစ်ခုကို အသက်သွင်းလိုက်သည်။ ထုံရို့ပင်းက ပတ်ဝန်းကျင်အပြောင်းအလဲကို ခံစားမိလိုက်၏။

ဒါက စံပြအစီအရင်ပဲ။ တစ်ခုထက်တောင် ပိုသေးတယ်။ ဘာတွေဖြစ်နေတာပါလိမ့် …

“ကလေး ဒီကိုလာခဲ့” ညင်သာပြေပြစ်သည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။

“အကြီးအကဲချန်” ထုံရို့ပင်းက အရိုအသေပေးပြီးသည့်နောက်တွင် မျက်ဆံမရှိသည့် ကြည်လင်နေသော မျက်လုံးများသာ ရှိသည့် အသက်ကြီးကြီး အမျိုးသမီးကို ကြည့်လိုက်သည်။

“တစ်ခုခုများ ဖြစ်လို့လား”

“မိုးမြေရဲ့ လျှို့ဝှက်ချက်တွေက ဖရိုဖရဲဖြစ်လာပြီးတော့ လူ့အဖွဲ့အစည်းရဲ့ ကံကြမ္မာကို ကြည့်ခွင့်ပြုခဲ့တယ်လေ”

အကြီးအကဲချန်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

ထုံရို့ပင်းက မှတ်ချက်မပေးဘဲ ထိုသူရှင်းပြပေးသည်အထိ စောင့်ဆိုင်းနေလိုက်၏။

“ဒီအကျဉ်းထောင်ကို ချိုးဖောက်ဖို့ အခွင့်အရေးတစ်ခုကို မြင်ခဲ့ရတယ်။ မင်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်ရလိမ့်မယ်” အကြီးအကဲချန်က ဆက်ပြောလိုက်သည်။

“တကယ်ပြောတာလား။ ကျွန်မလို လူမျိုးက ဒီလိုအခြေအနေမှာ ဘာများတတ်နိုင်မှာလဲ” ထုံရို့ပင်းက နားမလည်နိုင် ဖြစ်နေမိလေသည်။ အဖွဲ့အစည်းက သေချာသည့် သတင်းအချက်အလက်များ ပေးမထားသော်လည်း သူမက ပါဝင်ပတ်သက်နေသည့် စွမ်းအားအဆင့်ကို ကောက်ချက်ချဖို့ လုံလောက်အောင် ဉာဏ်ကောင်းပေသည်။ သူမက မည်မျှအားနည်းကြောင်း သိထားလေ၏။

“ငါ့ရဲ့ ဂမ္ဘီရက မမှားနိုင်ဘူး။ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်ရလိမ့်မယ်။ ဒီသော့ခလောက်ကို ချိုးဖောက်မဲ့ ကြမ္မာက ငါတို့အတွက် အကျိုးအမြတ်အများကြီး ဆောင်ကြဉ်းပေးလာလိမ့်မယ်။ အခု ဒီအခြေအနေကို ကူညီပေးနိုင်တဲ့ တစ်စုံတစ်ခုကို တွေ့ကြုံခံစားဘူးလားဆိုတာကို စဉ်းစားဖို့လိုတယ်။

တကယ်လို့ မတွေ့ခဲ့ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ မတွေ့ရသေးနိုင်ခြေလည်း ရှိသေးတယ်” အကြီးအကဲချန်က ကံကြမ္မာ မည်သို့လုပ်ဆောင်ကြောင်း လုံလုံလောက်လောက် နားလည်ဖို့ရာ တွေ့ကြုံကြွယ်ဝနေပြီ ဖြစ်၏။ ထို့ကြောင့် ထုံရို့ပင်းက သူမ၏ ပါဝင်ပတ်သက်မှုကို ဦးတည်စေမည့် ဖြစ်ရပ်မျိုးနှင့် မတွေ့ကြုံရသေးကြောင်း ဖြစ်နိုင်မှန်း နားလည်ထားသည်။ သို့သော်လည်း သူတို့က ကြိုတင်သိထားပါက အကောင်းဆုံး ဖြစ်၏။ ဤနည်းဖြင့် သူတို့က အကျိုးအမြတ်များစွာကို သိမ်းပိုက်နိုင်လိမ့်မည်။

“လက်ရှိအခြေအနေပေါ်မှာ သက်ရောက်မှုရှိတာနဲ့ တစ်စုံတစ်ခု …” ထုံရို့ပင်းက ရေရွတ်ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာလေ၏။

“မင်း တစ်ခုခု တွေးမိသွားလို့လား” အကြီးအကဲချန်က မေးလိုက်သည်။

ထုံရို့ပင်းက စည်းပိတ်ရေး အဆောင်သန်းချီပါနေသည့် သတ္တုလုံးတစ်ခုကို ထုတ်ယူခဲ့၏။

“ဒါက ဒိုင်မေးရှင်းအနိမ့်မှာတုန်းက စည်းပိတ်ထားတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သက်ရှိရဲ့ အရှိန်အဝါပါ။ ဒါကိုပဲ စဉ်းစားမိတယ်”

“ငါ ကြည့်လို့ရမလား”

“ဟုတ်ကဲ့ပါ။ ဒါပေမဲ့ သတိကြီးကြီးထားပါ”

အကြီးအကဲချန်က ခေါင်းညိတ်လိုက်၏။ သူမက ထုံရို့ပင်းသည် သတိကြီးကြီး ထားထားသည့် အမျိုးအစား မဟုတ်ကြောင်း သိထားလေသည်။ သို့သော်လည်း ဤအပြုအမူမျိုး ပြုမူနေသည့်အတွက် ဤစည်းပိတ်ထားသည့် သွေးအရှိန်အဝါက မည်မျှပင် ပြင်းထန်ကြောင်း ပြသနေသည်။ ထို့ကြောင့် သူမက အဆောင်ကို ဖြည်းဖြည်းချင်း လှပ်ကာ အထဲကို အာရုံခံကြည့်လိုက်သည်။ ရေရွတ်သံတစ်ခုက အကြီးအကဲချန်၏ ဝိညာဉ်ထဲ ဝင်ရောက်လာပြီး သူမအား သက်ရှိပုဂ္ဂိုလ်တချို့ကို ကိုးကွယ်ဖို့ရာ ဖိအားပေးဖို့ ကြိုးစားလာသည်။ ထို့အပြင် သူမက သူမ၏ ဝိညာဉ်သည် တိုက်စားခံရပြီး ရူးသွပ်မှုက အလျင်အမြန် လွှမ်းမိုးလာကြောင်း ခံစားမိလိုက်၏။ သူမက အလျင်အမြန် တုံ့ပြန်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်လိုက်သည်။

“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ ပစ္စည်းပဲ” သူမက မှတ်ချက် ပေးလိုက်သည်။

“ဒါက အဲ့လောက်တော့ မဆိုးပါဘူး” ထုံရို့ပင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမ အာရုံမစိုက်စဉ်အတွင်း ထိုပစ္စည်း၏ စွမ်းအားက မြင့်တက်လွန်းနေကြောင်း သဘောပေါက်သွားခဲ့၏။ သူမက မဟာဧကရာဇ်အဆင့်တွင် ရှိနေစဉ် ထိုအရာကို ဖွင့်ကြည့်မိပါက မည်သို့ဖြစ်သွားမည်ကို တွေးရင်း လန့်သွားမိသည်။

“စွမ်းအားအဆင့်က ကောင်းကင်ဘုံအဆင့်နဲ့ ယှဉ်နိုင်တယ်။ ဒါပေမဲ့ အနှစ်သာရကတော့ စံပြအဆင့်ထက်တောင် ကျော်လွန်နေတယ်။ ခန့်မှန်းချက်က မမှားခဲ့ဘူး။ သော့ခလောက်ကို ဖယ်ရှားဖို့ သော့ချက် ဖြစ်လာလိမ့်မယ်” အကြီးအကဲချန်က ဆက်ပြောလိုက်သည်။

အားလုံးက သတ္တုလုံးကို စိုက်ကြည့်လိုက်ကြ၏။ ကမ္ဘာကြီးက လက်ရှိကပ်ဘေး တွေ့ကြုံခံစားနေရသည့်အတွက် အန္တရာယ်နှင့် အခွင့်အရေး များလေသည်။ အကယ်၍ သူတို့၏ အဖွဲ့အစည်းက မှန်ကန်သည့်ဘက်ကို ရွေးချယ်ပြီး ကြမ္မာအလုံအလောက် စုပ်ယူနိုင်ပါက သူတို့သည် ရှေးဦးစံပြများကို မွေးထုတ်နိုင်ပြီး အသင်္ချေဂိုဏ်းမဟာမိတ်နှင့် တာအိုအခွင့်အလမ်းဂိုဏ်းတို့နှင့် အဆင့်တူထိ ရောက်ရှိသွားနိုင်သည်။

“ကလေး ဒီအရာကို ဘယ်လိုရခဲ့လဲဆိုတာကို အသေးစိတ် ပြောပြလို့ ရမလား”

ထုံရို့ပင်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်ရှိ အသူရာချောက်နက်တွင် ကြုံခဲ့သည့် အရာအားလုံးကို ရှင်းပြလိုက်သည်။ သူမက တချို့အသေးစိတ်ကိုမူ ချန်လှပ်ထားလေ၏။ သို့သော် ထိုအရာက အရေးမကြီးလှပေ။

“ဝမ်ဝေ့တဲ့လား။ ကြည့်ရတာ တာအိုအခွင့်အလမ်းဂိုဏ်းက ရောက်ရှိလာမဲ့ ခေတ်ကာလမှာ ခေါင်းဆောင် ဖြစ်လာမဲ့ပုံပဲ” အကြီးအကဲချန်က ရေရွတ်လိုက်သည်။

“အဲဒါက ထင်ထားပြီးသားပဲ မဟုတ်ဘူးလား။ အသင်္ချေဂိုဏ်းမဟာမိတ်က ပေါင်းစုဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခု၊ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ရှေးဦးစံပြလေးယောက်ကလည်း မိသားစုတစ်ခုထဲပဲလေ။ အဲဒါကြောင့် လူတော်တော်များများက သူတို့ရဲ့ တိုးတက်မှုကို ဖိနှိပ်ဖို့ ကြိုးစားနေကြတာ မဟုတ်ဘူးလား” အဖွဲ့အစည်းခေါင်းဆောင်က ပြောလိုက်သည်။

“အဲဒီအကြောင်းကို မပြောဘဲနေကြစို့” အကြီးအကဲချန်က ဆက်ပြောလိုက်သည်။ သူမက လူများစွာထက်ပိုပြီး ကိစ္စတချို့သည် ကံကြမ္မာဖန်လာကြောင်း နားလည်ထားသည်။

“ကလေး … ဒါကို ငါတို့ကို ခဏငှားလို့ရမလား”

“ကိစ္စမရှိပါဘူး” ထုံရို့ပင်းက သဘောတူလိုက်သည်။ သူမက လက်ရှိအခြေအနေ၌ ရွေးချယ်စရာ မရှိကြောင်း သိထားလေ၏။ ထိုအရာက ရှေးဦးစံပြဖြစ်လာပြီးသည့်နောက်မှသာ အကူအညီ ဖြစ်လာနိုင်သည်။

“မစိုးရိမ်ပါနဲ့။ ငါတို့က မင်းရဲ့ ပစ္စည်းကို တန်ရာတန်ကြေး မပေးဘဲ မယူပါဘူး။ ဆုလာဘ်အနေနဲ့ မင်းကို ရှေးဦးစံပြမျိုးစေ့ကို အလွယ်တကူ ချီးမြှင့်မယ်။ မင်းရဲ့ အဆင့်အတန်းနဲ့ အရင်းအမြစ်တွေ အားလုံးနဲ့ဆိုရင် မင်းက ဒီသော့ခလောက်ကို ချိုးဖောက်မဲ့ ကံကြမ္မာသယ်ဆောင်မဲ့သူ ဖြစ်လာနိုင်တယ်” အကြီးအကဲချန်က ဆက်ပြောလိုက်သည်။

“အကြီးအကဲချန် သူမကို ရာထူးပေးတာက အဆင်ပြေပေမဲ့ ကံကြမ္မာကိစ္စကတော့ သေချာဂရုတစိုက် စဉ်းစားသင့်တယ်” အဖွဲ့အစည်းခေါင်းဆောင်က ပြောလိုက်သည်။

အကြီးအကဲချန်က သူ့ကို ကြည့်လိုက်၏။

“မင်း နားမလည်သေးဘူးလား။ ကိစ္စတချို့က ကံကြမ္မာဖန်လာခဲ့ပြီးသား။ သူမက ဘာလို့ သွေးစက်ရှိတဲ့သူ ဖြစ်နေမှာလဲ။ ဝမ်ဝေ့ကရော ဒီကမ္ဘာရဲ့ ကံကြမ္မာကို ထမ်းဆောင်ထားတဲ့သူမျိုး ဖြစ်ခံရပြီးတော့ သူမကပဲ သူနဲ့ ဘာလို့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေရတာလဲ။ အားလုံးက ကြုံရာကျပန်း တိုက်ဆိုင်မှုတစ်ခုလို့ ထင်ရတယ်ဆိုပေမဲ့ ကံကြမ္မာရဲ့ နက်နက်လှတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ပြသနေတာပဲ”

“ဆိုလိုချင်တာကို နားလည်ပါတယ်။ဒါပေမဲ့လည်း …” အဖွဲ့အစည်းခေါင်းဆောင်က ဆက်လက်ပြောပြီး အခွင့်အရေးကို လက်မလွှတ်လိုပေ။

“ဘိုးဘေးတွေနဲ့ ဆက်သွယ်ပြီးတဲ့အထိ စောင့်ဆိုင်းကြတာပေါ့။ ဒါပေမဲ့ သူတို့ကလည်း တူညီတဲ့ ရွေးချယ်မှုမျိုးကို လုပ်လိမ့်မယ်လို့ အာမခံတယ်”

“အဲဒါဆိုလည်း စောင့်ကြတာပေါ့” ခေါင်းဆောင်က အံကြိတ်ကာ ပြောလိုက်သည်။ သူ့ပါရမီက စံပြအဆင့်ထိပ်သီးသို့ ရောက်ဖို့ရာ အလှမ်းဝေးနေကြောင်း သိထားလေ၏။ သို့သော်လည်း ရောက်ရှိလာမည့် ကံကြမ္မာဖြင့် မည်မျှပင် ပိုမိုမြင့်မားသည့် အနေအထားကို ကြည့်နိုင်မည့် အခွင့်အရေးရလာခဲ့သည်။

အကြီးအကဲချန်က စွင်းရှို့ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

“ရှောင်ရှို့ … မင်းရဲ့ စိတ်အခြေအနေက ဘာလို့ ရုန်းရင်းဆန်ခတ် ဖြစ်နေရတာလဲ” စွင်းရှို့က တိတ်ဆိတ်သွားလေ၏။

“ငါတို့ရဲ့ အဖွဲ့အစည်းက အာဏာရှင်ထဲက တစ်ယောက်ပဲ။ ငါတို့တွေက ရှေးဦးစံပြမျိုးစေ့တစ်ယောက်ထက်ပိုနေပြီး လေ့ကျင့်ပေးနိုင်မဲ့ အရင်းအမြစ်တွေ မရှိဘူးလို့ ထင်နေတာလား။ အဲဒါကြောင့် စိတ်သဘောထား ကျဉ်းမြောင်းနေတာလား။ ဒီလိုစိတ်သဘောထားနဲ့ဆိုရင် မင်းက စွင်းမျိုးနွယ်ရဲ့ နာမည်နဲ့ ဂုဏ်ကျက်သရေကို ဘယ်လိုလုပ် သယ်ဆောင်နိုင်ပါ့မလဲ”

စွင်းမျိုးနွယ်၏ ခေါင်းဆောင်က သူ့သမီးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူတို့၏ မျိုးနွယ်က အဖွဲ့အစည်း၏ ရှေးဦးစံပြ မျိုးဆက် ဖြစ်ပေသည်။ ဆိုလိုသည်မှာ သူတို့က အဆင့်အတန်းမြင့်မားဆုံးထဲမှ တစ်ယောက် ဖြစ်၏။ ယခင်က သူက သူ့သမီးသည် ပါရမီတချို့ရှိကြောင်း ကောက်ချက်ချခဲ့သော်လည်း ရောက်ရှိလာသည့် ခေတ်ကာလထဲ၌ စွင်းမျိုးနွယ်အတွက် မလုံလောက်သေးပေ။

ကြည့်ရတာ ငါ နောက်ထပ် အမွေဆက်ခံသူကို ရှာရမဲ့ပုံပဲ…

သူက တွေးလိုက်သည်။ သို့သော်လည်း သူ့ဇနီးက သမီးဖြစ်သူအပေါ် မည်မျှချစ်မြတ်နိုးကြောင်း တွေးပြီးသည့်နောက်တွင် ထပ်ပေါင်းလိုက်သည်။

ကောင်းပြီလေ။ သူမကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးကြတာပေါ့…

“အကြီးအကဲချန် ကျုပ်တို့ အခု ဘာလုပ်သင့်လဲ”

“ငါတို့ရဲ့ ဦးစားပေးက ဒီပစ္စည်းကို သန့်စင်ပြီးတော့ အနှစ်သာရကို သိမ်းဆည်းဖို့ပဲ။ ဒါက သော့ချက် ဖြစ်လာနိုင်တယ်။” အကြီးအကဲချန်က ပြောလိုက်သည်။

“ဒါပေမဲ့ ဒီလိုအရာမျိုးကို သန့်စင်လို့ ရမှာလား။” အကြီးအကဲချန်က သတ္တုလုံးကို ဖွင့်လိုက်သည့်အချိန် ထိုအရာမှထွက်ပေါ်လာသည့် မိစ္ဆာစွမ်းအားကို ခံစားမိပြီး ယုံကြည်ချက် မရှိကြပေ။

“ငါတို့‌တွေ ကြိုးစားကြည့်ကြတာပေါ့” သူမက ပြန်ဖြေပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို တွေးမိသွားကာ ထုံရို့ပင်းကို လှမ်းကြည့်လိုက်သည်။

“မင်းရော ပါဝင်ချင်လား”

“ကျွန်မလား”

အကြီးအကဲချန်က ခေါင်းညိတ်လိုက်သည်။

“ကိစ္စမရှိပါဘူး” ထုံရို့ပင်းက ပြန်ဖြေလိုက်၏။

All Chapters