မဟာအခွင့်အရေး အပိုင်း(၃)
Vol. 98 Ch. 1363
မဟာချူးအံ့ဖွယ်တိုင်းပြည်၏ အကျဉ်းထောင်ကို ကြီးကြပ်သူ ချင်လုံဝေက ယနေ့ ထူးထူးဆန်းဆန်း တောင်းဆိုချက်တစ်ခုကို လက်ခံရရှိလိုက်သည်။ စိုက်ပျိုးရေးဌာနမှ အလယ်အလတ်အဆင့် အရာရှိအမတ်ငယ် တစ်ဦးက သူနှင့်တွေ့ဆုံဖို့ တောင်းဆိုလာခြင်း ဖြစ်၏။ ပထမဦးစွာ သူက ငြင်းဆန်လိုသော်လည်း ထိုသူက သူ့ရန်သူနှင့် ပတ်သက်ပြီး သတင်းအချက်အလက်တချို့ကို ပေးလာခဲ့သည်။ ချင်လုံဝေက ထိုအရာသည် သူ့ရန်သူကို ဖိနှိပ်ဖို့ အခွင့်ကောင်းဖြစ်ပြီး ရာထူးတိုးနိုင်ကြောင်း တွေးမိသွားလေ၏။
သူက ဦးတည်ရာသို့ ရောက်ရှိလာသည့်အခါ ထောင်ချောက်အတွင်း မရောက်အောင် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ လက်ရှိတွင် ရှိနေသည့်သူလေးက အမတ်ငယ်လေးသာဖြစ်ကြောင်း သိသည့်အခါ စိတ်သက်သာရာရသွားမိ၏။
“တကယ်သတင်းကို ပြော။ ငါ့အချိန်ကို လာမဖြုန်းနဲ့” ချင်လုံဝေက တဲ့တိုးသာ ပြောလိုက်သည်။ သူ့ဌာနက တိုင်းပြည်၏ အနိမ့်ဆုံးတွင် ရှိသော်လည်း သူ့ရာထူးက ထိုလူထက် နည်းနည်း အဆင့်မြင့်နေသေးသည်။ ထို့ကြောင့် သူသည် ထိုလူအား မျက်နှာသာမပေးပေ။
“လူကြီးမင်း ကျွန်တော် အာမခံချက်တချို့ လိုချင်တယ်”
ထိုလူက တုန်တုန်ယင်ယင်ဖြင့် ပြောလာသည်။
“ငါတို့ မညှိနှိုင်းခင် မင်းရဲ့ သတင်းအချက်အလက်ကို အရင်ပြော”
“လူကြီးမင်း…”
“မင်း မပြောဘူးဆိုလည်း ဒီမှာ ကြာကြာမနေတော့ဘူး” ချင်လုံဝေက နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားလိုက်သည်။ သူက ထိုသူ၏ စိတ်သဘောထားကို ဖမ်းစားပြီးပြီ ဖြစ်၏။ တိုင်းပြည်၏ အဆင့်နိမ့်ဘဝများနှင့် အပြစ်သမားများကို ရင်ဆိုင်ရသူတစ်ဦးအနေဖြင့် ထိုသူသည် အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း ပြောနိုင်လေသည်။ ထို့ကြောင့် သူ့တွင် အရေးသာချက်ရှိနေကြောင်း သိထားလျက်ဖြင့် ချင်လုံဝေက အကျိုးအမြတ်များစွာကို ရယူနိုင်လိမ့်မည်။
သူက ယခုအခါ ထိုအချိန်ဖြစ်ကြောင်း သိလေ၏။ ထိုသူက သူ့အား ထပ်မံ ခေါ်လိမ့်မည်။
နှမြောစရာကောင်းလှစွာဖြင့် သူက သူ့စွမ်းရည်ကို အထင်ကြီးမိသွားသည်။
ထိုအမတ်ငယ်လေးက ရုတ်ချည်းဆိုသလို အရိပ်တစ်ခု ထုတ်လွှတ်လာပြီး ချင်လုံဝေကို မတုံ့ပြန်နိုင်ခင် ဝါးမျိုသွားလေသည်။ သူက အော်ဟစ်ချိန် သို့မဟုတ် သူ့အလိုလိုသိစိတ် အသက်ဝင်လာဖို့ အချိန်ပင် မရလိုက်ပေ။ သူက အရှင်လတ်လတ် ဝါးမျိုခံလိုက်ရ၏။
ထို့နောက် ချင်လုံဝေအသစ်က ယခင် ရပ်နေသည့်နေရာတွင် ပေါ်ထွက်လာသည်။ သို့သော်လည်း သူ့မျက်ဝန်းများက ကွဲပြားနေလေ၏။ ယခင် သူက အကျဉ်းသားများကို ယွမ်ခေတ်ကာလများစွာ နှိပ်စက်ခြင်းဖြင့် ဖြစ်ပေါ်ထားသည့် ရက်စက်မှုတို့က ယခုအခါ ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား သူ့မျက်ဝန်းက စူးရှပြီး ဉာဏ်ပညာ အားကောင်းနေ၏။ ထိုကူးပြောင်းမှုက စက္ကန့်ပိုင်းခန့်သာ ကြာမြင့်ပြီး ချင်လုံဝေက ယခင်ပုံစံအတိုင်း ပြန်ပြောင်းလဲသွားသည်။ ထိုပုံစံအသစ်က ချင်လုံဝေအဟောင်း၏ အရှိန်အဝါ၊ အကျင့်စရိုက်၊ မျက်နှာထားနှင့် မှတ်ဉာဏ်အစရှိသည့်အရာများကို ဖမ်းဆုပ်ခဲ့သည်။
“မင်း ထွက်သွားလို့ရပြီ။ ဘယ်သူမှ မင်းကို မသိစေနဲ့” ချင်လုံဝေ မဟုတ်သေးဘူး … စံပြကျိမင်က အမတ်ငယ်လေးကို ပြောလိုက်သည်။ ထိုနှစ်ဦးသားက ကိုယ့်လမ်းကို ထွက်ခွာသွားလိုက်ပြီးသည့်နောက်တွင် ကျိမင်က ချင်လုံဝေ၏ မှတ်ဉာဏ်များကို အသေးစိတ်ပြန်လည် ယူလိုက်သည်။
“ဖုံးကွယ်ထားတဲ့ အလွှာက အကျဉ်းသားတွေကို ထုတ်ယူတာလား” သူက ရေရွတ်လိုက်သည်။
“ငါ မှန်နေတာပဲ။ ရှုရန်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်”
သူက အမတ်ချုပ် ဖြစ်စဉ်အခါက စံပြကျိမင်သည် ထိုအကျဉ်းထောင်၌ အားကောင်းသည့် ခန္ဓာကိုယ်လေ့ကျင့်သူများ သို့မဟုတ် ရှုရန်အား အရေးပေါ်အခြေအနေတွင် ကုစားပေးဖို့ ကူညီပေးနိုင်သည့် ကျင့်ကြံသူများ ထားရှိကြောင်း သိထားလေသည်။ မြေကမ္ဘာဧကရာဇ်ကသာ အကျဉ်းထောင်များကို ဖွင့်ဖို့ အမိန့်ပေးနိုင်သည်။
အခု ငါက သတင်းကို အတည်ပြုပြီးသွားပြီဆိုတော့ နောက်ခြေလှမ်းက ဘာဖြစ်မလဲ…
စံပြကျိမင်က တွေးလိုက်သည်။ မြေကမ္ဘာဧကရာဇ် ပြန်ရောက်လာသည်နှင့် ထိုသူက အမတ်ချုပ်နှင့် တခြားသော ကျိမင်ရှိထားသည့် ဇစ်မြစ်များကို ဖယ်ရှားပစ်ခဲ့၍ အစကနေ ပြန်လည်စတင်နေရသည်။ ကံကောင်းစွာဖြင့် သူသည် တိုင်းပြည်အကြောင်း လုံလုံလောက်လောက် သိထားသည့်အတွက် အရေးကြီးသည့် အမတ်များ၏ ဘဝကို ခိုးယူခြင်းဖြင့် ထိပ်ဆုံးသို့ ဖြည်းဖြည်းချင်း တက်လှမ်းလာခဲ့သည်။ အကယ်၍ သူ့ကို အချိန်လုံလုံလောက်လောက် ပေးပြီး နှောင့်ယှက်မှုများ မရှိပါက ကျိမင်သည် အမတ်ချုပ် ထပ်မံဖြစ်ကြောင်း ယုံကြည်ချက် ရှိလေသည်။ ဤတစ်ကြိမ်၌ စံပြအဆင့် ကျင့်ကြံရေးဖြင့် သူ့ဖုံးကွယ်ရေးက သိသိသာသာ တိုးမြင့်လာလိမ့်မည်။
ကျိမင်က အိမ်သို့ ပြန်ရောက်လာသည့်အခါ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ သူက မဟာချူး၏ ချီကံကောင်းမှုနဂါးကို မြင်လိုက်ရ၏။ မျက်လုံးများက ထိုအရာနှင့် ပတ်သက်ပြီး ကွဲပြားနေသည့်အရာကို မမြင်နိုင်သော်လည်း သူကမူ နဂါး၏ မတည်ငြိမ်မှုကို ခံစားမိလေသည်။ ဝမ်ဝေ့က ရှုရန်ကို ဒဏ်ရာပေးပြီးသည့်နောက်တွင် ဖြစ်၏။
ဒါက ဒီလူတွေရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို ရယူဖို့ လွယ်ကူသွားပြီ။ ဒါက ငါ့အတွက် အားဖြည့်ဖို့ အမြန်ဆန်ဆုံး နည်းလမ်းဖြစ်နိုင်တယ်…
ဧကရာဇ်ကျိမင်က သုံးသပ်လိုက်သည်။
ဒါပေမဲ့ ငါ အထွတ်အထိပ်ကို ပြန်လည်ရောက်ပြီးသွားရင် ငါ ဘာလုပ်နိုင်မှာလဲ…
ဝမ်ဝေ့အပေါ် လက်စားချေဖို့လား…
ထိုအရာက အသုံးမဝင်ပေ။ ထိုသူက သူ့ကို အကွက်ကျကျ စီစဉ်ခဲ့သော်လည်း အမှန်တကယ် သူ့ကို ကယ်တင်ခဲ့ခြင်းသာ ဖြစ်၏။ ထို့အပြင် စံပြကျိမင်က ကံဆရာသခင်တစ်ယောက်ကို သတ်ဖို့ရာ မည်မျှခက်ခဲကြောင်း သိထားလေသည်။ အထူးသဖြင့် ထိုသူ့အပေါ် အသက်ကယ်ကြွေး တင်ပြီးသည့်နောက်တွင် ဖြစ်သည်။ ဝမ်ဝေ့က စံပြအဆင့်စွမ်းအားရှိထားသည့် အကြောင်းကို မပြောရသေးပေ။
ငါ့ရည်ရွယ်ချက်က လက်ရှိ ဖရိုဖရဲအနေအထားကို အသုံးချပြီးတော့ ရောက်ရှိလာမဲ့ ခေတ်ကာလအတွက် အင်အားစုတစ်ခုကို တည်ဆောက်ဖို့ပဲ…
စံပြကျိမင်က သုံးသပ်လိုက်သည်။
အခုတော့ တော်လှန်ရေးက အရိုးနဲ့ အရေပြားပဲ ကျန်တော့တယ်။ ငါ့ရဲ့ အမာခံထောက်ခံသူတချို့ကိုပဲ ကျန်ခဲ့တာ။ ဒီလိုဆိုရင် ငါ့အနေနဲ့ ပထမစံပြဆိုတဲ့ အဆင့်အတန်းကို သုံးပြီးတော့ ကံကောင်းမှုနဲ့ ကြမ္မာကို ဖွဲ့စည်းပြီး လူတွေကို ငါ့ဘက်ကို ဆွဲသွင်းနိုင်လောက်တယ်…
“လောင်ချင် … ရှင် ဘယ်တွေရောက်နေတာလဲ” ခပ်ပြတ်ပြတ် အသံတစ်သံ ထွက်ပေါ်လာလေသည်။ သူက ထိုအသံကို သတိထားမိကာ အော်ပြောလိုက်၏။
“ငါ လေကောင်းလေသန့် သွားရှူတာ”
“ရှင် ထပ်ပြီး သွားသောက်တာမလား။ ကျွန်မ ဘာပြောရမလဲ။ အဲဒီအယုတ်တမာတွေနဲ့ မပတ်သက်ပါနဲ့လို့”
အကျဉ်းထောင်က စိတ်ပိုင်းဆိုင်ရာ ပြဿနာ မျိုးစုံရှိသည့်လူများနှင့် ပြည့်နှက်နေလေ၏။ တချို့က အကျဉ်းထောင်ကို သူတို့၏ လိုလားမှုတို့ကို ဖြည့်စည်းဖို့ ရောက်လာကြသူများဖြစ်၏။ တချို့သူများကမူ ဤဆိုးဆိုးရွားရွား ပတ်ဝန်းကျင်တွင် နေထိုင်ပြီးသည့်နောက်တွင် ထိုသို့ဖြစ်လာခြင်း ဖြစ်သည်။
အကျဉ်းထောင်က အဆိုးမြင် စိတ်ခံစားချက်များကို စုပ်ယူနိုင်သည့် ထူးကဲကျင့်ကြံရေး နည်းစနစ်တစ်ခု ရှိသည့်အကြောင်း ပြန်မပြောရသေးပေ။ သူမ၏ ယောက်ျားသည် ထိုလူများနှင့် သွားသောက်သည်ကို သဘောမကျပေ။
“အဲ့လို မဟုတ်ပါဘူး” ချင်လုံဝေက တုံ့ပြန်လိုက်သည်။
“စစ်ဆေးကြည့်ရအောင်” အခန်းအတွင်း အံ့ဖွယ်အသိစိတ်တစ်ခု ပြည့်နှက်လာကာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ အထူးသဖြင့် ပါးစပ်နှင့် အငွေ့အသက်ကို ဖြစ်၏။ ထို့ကြောင့် စံပြကျိမင်က ရှုံ့မဲ့သွားလေသည်။
“ကောင်းပြီ။ ရှင်က အခုကစပြီး ကျွန်မစကားကို ပိုပြီး နားထောင်လာတဲ့ပုံပဲ”
ကျိမင်က ဇနီးဖြစ်သူကို လျစ်လျူရှုထားပြီး ကျင့်ကြံရေးအခန်းအတွင်း ဝင်ရောက်ခဲ့သည်။ ချင်လုံဝေ၏ မှတ်ဉာဏ်နှင့် အမတ်ချုပ်အနေဖြင့် အတွေ့အကြုံများမှတဆင့် အကျဉ်းထောင်ကြီးကြပ်သူ၏ ရာထူးသည် မရိုးရှင်းကြောင်း သိထားလေ၏။ ဧကရာဇ်က စကားလုံးတစ်လုံးဖြင့် အကြွင်းမဲ့အာဏာရှိပြီး အဆင့်မြင့်အမတ်များနှင့် သူတို့၏ မိသားစုများတွင် သတ်ဖြတ်ပစ်နိုင်သလို အကျဉ်းချထားနိုင်သည်။ ထိုသူများက ဧကရာဇ်ကို ဘာမှမလုပ်နိုင်သော်လည်း နိမ့်ကျသည့် အကျဉ်းထောင် ကြီးကြပ်ရေးမှူးကို မည်သို့ မသတ်နိုင်ဘဲ နေမည်နည်း။
ချင်လုံဝေက ဤရာထူး မရခင် မဟာချူးအံ့ဖွယ်တိုင်းပြည်က ကြီးကြပ်သူများကို မကြာခဏ ပြောင်းလဲလေ့ရှိသည်။ ချင်လုံဝေက ထိုရာထူး၌ အချိန်ကြာမြင့်စွာ အောင်အောင်မြင်မြင် နေနိုင်သည်မှာ အမတ်များ၊ အရာရှိများနှင့် ဆက်နွယ်မှု သို့မဟုတ် ဆက်ဆံရေးကြောင့် ဖြစ်၏။ ထို့ကြောင့် အကျိုးအမြတ် မျှဝေခြင်းဖြင့် အချင်းချင်းက တစ်လှေတည်းစီး အဖွဲ့ ဖြစ်လာခဲ့သည်။ သူ့ဇနီးကမူ အလယ်အလတ်အဆင့် အထက်တန်းလွှာ မိသားစုမှ ဖြစ်၏။ ထို့ကြောင့် သူမက ထိုသူများကို နှိမ့်ချလေ့ရှိသော်လည်း ချင်လုံဝေကမူ ဤသည်က သူ အသက်ရှင်နိုင်မည့် နည်းလမ်းဖြစ်ကြောင်း သိထားလေသည်။
ငါ အဲဒီခွေးကောင်ကို သတ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ အစီအစဉ် လုပ်ထားသင့်တယ်…
စံပြကျိမင်က သူ တစ်ယောက်တည်းဖြစ်သည်နှင့် ဆက်လက်တွေးတောလိုက်သည်။
ဒါပေမဲ့ ဘယ်ကနေစရမလဲ…
သူက သူ သိထားသမျှ တိုင်းပြည်နှင့် ပတ်သက်သမျှအရာအားလုံးကို တွေးတောလိုက်သည်။
“တတိယ မင်းသား” သူက ရေရွတ်လိုက်၏။ ရှုရန်က ထိုကဏ္ဍ၌ ကံကောင်းဟန်ပေါ်သည်။ ထို့ကြောင့် သူက ကလေးတချို့ကို မွေးထုတ်ပေးနိုင်ခဲ့၏။ သို့သော်လည်း မင်းသားနှင့် မင်းသမီးအားလုံးက သာမန်ဟုသာ ဆိုရပေမည်။ တချို့ကမူ ကောင်းကင်ဘုံအဆင့်ဖြစ်လာပြီး အများစုကမူ ဧကရာဇ်အစောပိုင်းအဆင့်၌သာ ရှိကြသေး၏။ ဤသည်က သူတို့၏ ပါရမီကြောင့် မဟုတ်မှန်း သိထားကြလေသည်။
သူတို့က အကြောက်တရားကြောင့် ကျင့်ကြံရေးကို ရပ်တန့်ထားမှန်း သိထား၏။ ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်သို့ ကျင့်ကြံနိုင်သော သူတို့၏ ညီအစ်ကိုမောင်နှမများက မောင်နှမတချို့က ပျောက်ကွယ်သွားကြောင်း သိထားကြလေသည်။ ခြွင်းချက်ကမူ တတိယမင်းသား ဖြစ်၏။
သူက ထိုအဆင့်ကို ရောက်ရှိသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း သူ့ထံ ဘာမှမဖြစ်ပျက်ခဲ့ပေ။ တတိယမင်းသားက အသက်ရှင်လျက်ရှိနေဆဲသာ ဖြစ်၏။ သူက အပေါ်ယံတွင် အာဏာအနည်းငယ်သာ ရှိဟန်ပေါ်သော်လည်း အမတ်ချုပ်တစ်ယောက်အနေဖြင့် ကျိမင်က ထိုသူသည် ကြောက်ဖို့ကောင်းသည့် သူလျှိုကွန်ယက် ရှိထားကြောင်း သိထားလေသည်။
ဒီဟာက တကယ်ကို ပဟေဠိတစ်ခု ဖြစ်သင့်တယ်။ တကယ်လို့ ငါနဲ့အတူတူတွဲလုပ်ပြီးတော့ ရှုရန်ကို သတ်နိုင်မဲ့သူဆိုရင် သတ်လောက်တယ်…
ကျိမင်က သုံးသပ်လိုက်သည်။
ကောင်းပြီလေ။ အခု ဆုံးဖြတ်ပြီးသွားပြီ။ ဒါပေမဲ့ ငါ သူနဲ့ ရင်ဆိုင်တဲ့အခါမှာ သတိထားဖို့လိုတယ်…
သူက တတိယမင်းသားသည် သူ့သူလျှိုကွန်ယက်အကြောင်း တမင်ထုတ်ဖော်ခဲ့တာလားဟု သံသယဝင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူသည် ယခင်အမတ်ချုပ်၏ အကျင့်စရိုက်အတိုင်း ဧကရာဇ်ထံ မတင်ပြခဲ့ပေ။
ကျိမင်က ကြည့်ရှုကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ သူ အရန်အစီအစဉ် ရှိထားသော်လည်း ချက်ချင်း မလှုပ်ရှားလိုသေးပေ။ အခြေအနေက အန္တရာယ်များလှ၏။ ရှုရန်က အားနည်းသည့် အခြေအနေတွင် ထိလွယ်ရှလွယ် ဖြစ်နေသည်။ ယခု သူ့လှုပ်ရှားလိုက်ပါက သူ့အပြုအမူများက ပေါက်ကြားသွားနိုင်၏။
ဟမ်
ကျိမင်က သူ့အမြင်သည် ဤအိမ်ကို ထိုးဖောက်သွားပြီး တိုင်းပြည်၏ ချီကံကောင်းမှုနဂါးဆီ ကြည့်လိုက်ပြီးသည့်နောက်တွင် ရေရွတ်လိုက်သည်။
ပိုပြီး အားနည်းလာတာပဲ။ ဘာဖြစ်သွားတာလဲ…
တစ်စုံတစ်ယောက်က နဂါး၏ သက်ရောက်မှုကို ဖုံးကွယ်ဖို့ ကြိုးစားနေသော်လည်း စံပြဟောင်း ကျင့်ကြံသူဆီမှ မလွတ်မြောက်ခဲ့ပေ။
သူ့ကံကောင်းမှုက ချက်ချင်းဆိုသလို အားနည်းသွားပြီ … အဲဒါက ဧကရာဇ်တစ်ယောက် သေခြင်းတရားနဲ့ တွေ့ဆုံတဲ့အခါမှာ တွေ့နေတာ။ အဲဒါများလား…
တစ်ခုတည်းသော ရှင်းပြချက်ကမူ ရှုရန်သည် သူ့အသက်ရှည်အရင်းအမြစ်တစ်ခုကို အသုံးပြုပြီး ယခင်တိုက်ပွဲတွင် တွေ့ကြုံခံစားခဲ့သည့် ထိခိုက်ဒဏ်ရာများကို ကုစားလိုက်ခြင်းသာ ဖြစ်၏။
သူက အတော်လေးကို ပြတ်သားတာပဲ…
ကျိမင်က ချီးကျူးလိုက်သည်။ အခြေအနေက ပြောင်းလဲနေပြီဖြစ်သည့်အတွက် ရှုရန်အနေဖြင့် သူ့ထိပ်တန်းတိုက်ခိုက်ရေး အနေအထားကို ထိန်းသိမ်းထားခြင်းက ဉာဏ်ရှိရာကျပေသည်။ ကံကောင်းမှု ဆုံးရှုံးသွားခြင်းအတွက်မူ မှန်ကန်သည့် နည်းလမ်းဖြင့် ပြန်လည်အားဖြည့်နိုင်သည်။
မင်းအတွက် ကံဆိုးသွားတာက ဖရိုဖရဲအချိန်ဖြစ်နေတာပဲ။ ကြမ္မာကလည်း မင်းကို ဆန့်ကျင်နေတယ်…
သူက လှောင်ပြောင်ကာ တွေးလိုက်သည်။ သာမန်အခြေအနေအောက်တွင် ရှုရန်က သူ့ကံကောင်းမှုနှင့် ကြမ္မာကို ပြန်လည်ဖြည့်ဆည်းနိုင်လိမ့်မည်။ သို့သော် ယခုတွင် ထိုသူက တစ်ကမ္ဘာလုံး၏ အာရုံကို ဖမ်းစားထားသည့် ခပ်ဝဝ သိုးတစ်ကောင်ကလွဲ၍ မဟုတ်ပေ။