ရှုရှု
Vol. 98 Ch. 1365
“ဘယ်လိုလဲ” ရှုရန်က သူ့ရှေ့တွင် ဒူးထောက်နေသည့် အရိပ်ကို ကြည့်ရင်း မေးလိုက်သည်။
“ကျွန်တော် သေသေချာချာ စုံစမ်းပြီးသွားပါပြီ။ သူမက ရွှေရောင်မျိုးဆက်ထဲမှာ ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ စန္ဒာည စံပြရဲ့ ထုတ်ကုန်ပါ။ မှတ်တမ်းတွေအရတော့ သူက လကြတ်စဉ်အတွင်းမှာ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်ခဲ့ရပြီးတော့ အဲဒီကတည်းက ပြီးပြည့်စုံတဲ့ လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်လို့ ဆိုထားပါတယ်”
“အဲ့လိုလူမျိုး ရှိတယ်လား”
“သူ့တည်ရှိမှုအကြောင်း မှတ်တမ်းတွေ အများကြီး ရှိပါတယ်။ သူ ပျောက်ကွယ်သွားကတည်းက သူ့ထုတ်ကုန်တွေထဲက တစ်ခုကို တွေ့တာ ရိုးရာထုံးတမ်းအမတ်တစ်ယောက်ထဲ မဟုတ်ပါဘူး”
ရှုရန်က တိတ်ဆိတ်သွားပြီး လက်ရန်းကို လက်ညှိုးဖြင့် ခေါက်ကာ စဉ်းစားနေသည်။
“အဲဒီလျှို့ဝှက်နယ်မြေထဲမှာ မူမမှန်မှုတွေ တွေ့ခဲ့သေးလား”
“ကျွန်တော် အာရုံခံမိသလောက်တော့ မတွေ့ခဲ့မိဘူး။ အဲဒါကြောင့် စစ်ဆေးကြည့်လို့ရအောင် အဲဒါကို ကျွန်တော်နဲ့ အတူ ယူလာတာပါ။”
ရှုရန်က တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ကျင့်ကြံဆင့်တူသည့် ရုပ်သေးရုပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက ထိုပစ္စည်းနှင့် သူ့အမြင်ကို ဆက်သွယ်လိုက်ပြီးသည့်နောက်တွင် နယ်မြေအထဲကို စေလွှတ်လိုက်သည်။ ရုပ်သေးရုပ်က အားကောင်းသည့် အံ့ဖွယ်အသိစိတ်ရှိသည့်အတွက် အမည်မသိအရာများကို စစ်ဆေးကြည့်နိုင်၏။ အရေးကြီးသည်က တစ်စုံတစ်ခု မှားယွင်းသွားသည့် အနေအထားအတွက် ထိုအရာက ကြားခံနယ်တစ်ခု ဖြစ်လာလိမ့်မည်။ ရှုရန်က သတိကြီးကြီးထားနေသရွေ့ ရုပ်သေးရုပ်က ရှင်းထုတ်ခံလိုက်ရသည် ဖြစ်စေ သို့မဟုတ် လွှမ်းမိုးခံလိုက်ရသည် ဖြစ်စေ သူ့ကိုယ်သူ လွတ်မြောက်ဖို့ သို့မဟုတ် ကာကွယ်ဖို့ အချိန်များစွာ ရှိလိမ့်မည်။
သူက သတိကြီးကြီးထားထားပြီး နာရီပိုင်းကြာ ဆက်လက်ရှာဖွေခဲ့သော်လည်း စမ်းသပ်ရေးခန်းအဖြစ် အသုံးပြုထားသည့် လျှို့ဝှက်နယ်မြေတစ်ခုသာ တွေ့လိုက်သည်။ သူ သတိထားမိဖို့ ထိုက်တန်သည့် တစ်ခုတည်းသောအရာက ဘေးပတ်ဝန်းကျင်တွင် ကျန်ရှိနေသည့် ရှေးကျသော ပြီးပြည့်စုံမှု အငွေ့အသက်ဖျော့ဖျော့ ဖြစ်ပေသည်။
“အရိပ် … မင်း အမြင်ကို ပြော။ တစ်ယောက်ယောက်က ငါ့ကို အကွက်ချနေတယ်လို့ ထင်လား”
အရိပ်က တုံ့ဆိုင်းသွားလေ၏။
“ရှေးခေတ်ကာလမှာ ဒီလိုကြံစည်မှုမျိုး လုပ်နိုင်မဲ့ တစ်ယောက်တည်းသောသူက ရှုကျင်းယောင်ပါပဲ။ ဒါပေမဲ့ သွေးနဂါးကို သတ်ပြီးတဲ့နောက်မှာ သူမက ဒီလိုမျိုး ကိစ္စမျိုးနဲ့ ရည်ရွယ်ချက်တော့ မရှိဘူး”
“သူမဆီမှာ ရည်ရွယ်ချက်တွေ အများကြီးရှိတာပေါ့” ရှုရန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူ့စကားက အခန်းအတွင်း တိတ်ဆိတ်သွားစေ၏။
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဝမ်ဝေ့ကရော”
အရိပ်က တိတ်သွားလေသည်။
“ပြောစမ်း”
အရိပ်က တုံ့ဆိုင်းမနေတော့ပေ။
“ဝမ်ဝေ့က ပြီးပြည့်စုံမှုကို နားလည်ထားတယ်ဆိုတဲ့ သက်သေလည်း မရှိပါဘူး။ သူ့အတွက် ဒီလိုအရာမျိုးကို လုပ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက ရှုကျင်းယောင်နဲ့ ပူးပေါင်းဖို့ပဲ”
“ကွေ့ပတ်ပြောမနေနဲ့။ မင်း အမြင်ကိုပြော”
“တကယ်လို့ ဒါက ဝမ်ဝေ့ရဲ့ ကြံစည်မှုဆိုရင်တော့ သူ့ရဲ့ ရည်ရွယ်ချက်ကို စဉ်းစားလို့ မရဘူး” အရိပ်က ရှင်းပြလိုက်သည်။
“ပြောရမယ်ဆိုရင်တော့ ဒီအဆုံးမသတ်သေးတဲ့ ထုတ်ကုန်က ရှုကျင်းယောင်ရဲ့ ဆွဲဆောင်မှုမျိုး ရှိမထားဘူးလေ။ အဲဒါကြောင့် သူမကို ငါးစာအဖြစ် သုံးပြီး ဘာများ စီစဉ်နိုင်မှာမလို့လဲ။ တကယ်လို့ စီစဉ်နိုင်တယ်ဆိုရင်တောင် သခင်က တဏှာကြီးတဲ့ နဂါးလိုမျိုး အားနည်းတာမှ မဟုတ်တာ။ တူညီတဲ့ အစီအစဉ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး”
“ဒါက အာရုံလွှဲပြောင်းမှု တစ်ခုလည်း ဖြစ်နိုင်တယ်။ သူမအပေါ် အာရုံစိုက်မဲ့အစား ငါတို့တွေက တခြားတစ်ခုကို အာရုံစိုက်ထားသင့်တယ်။ နမူနာအနေနဲ့ဆိုရင် အမျိုးသမီးရန် မဟုတ်သေးဘူး … သူမက အရမ်းကို ထင်ပေါ်လွန်းတယ်။ ကြည့်ရတာ နယ်ရုပ်တစ်ရုပ် ဖြစ်ပုံပဲ” ရှုရန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ရှုရန်က သူသည် လှည့်ကွက် တစ်စုံတစ်ခုအတွင်း ကျရောက်သွားသလို ခံစားလိုက်ရလေ၏။ ထိုပြီးပြည့်စုံသည့် အမျိုးသမီးက အာရုံလွှဲပြောင်းမှုတစ်ခုဖြစ်ပြီး ဝမ်ဝေ့ဘက်က တခြားတစ်နေရာမှ ရောက်ရှိလာနိုင်သည်။
“ကျွန်တော်တို့တွေ မျက်စိရှမ်းသွားတဲ့ ဖြစ်နိုင်ခြေ တစ်ခုခုတော့ ရှိရမယ်” အရိပ်က ရုတ်ချည်း ထပြောလိုက်သည်။
“..”
“သူမရဲ့ ဖန်တီးသူလေ”
“စန္ဒာည စံပြလား” ရှုရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “သူက အသက်ရှင်လျက်ရှိပြီးတော့ သူ့ရဲ့ စမ်းသပ်ချက် ရလဒ်ကို ပြန်လိုချင်နေတယ်လို့ ပြောချင်တာလား”
“ဟုတ်ပါတယ်။ သူက သူမကို တန်ဖိုးထားတယ်ဆိုရင် ဘယ်သူ့ကိုမှ ထိတွေ့ခွင့်ပေးမှာ မဟုတ်လောက်ဘူး”
“ဒါက နည်းနည်းတော့ အလှမ်းဝေးနေသေးတယ်။ သူ ပျောက်နေတာလည်း တော်တော်ကြာပြီ။ ရှိနေသေးတယ်ဆိုရင်တောင် အဆုံးမဲ့ တက်လှမ်းခြင်းကမ္ဘာမှာတော့ မရှိဘူး။ မင်း သိတဲ့အတိုင်း လက်ရှိအနေအထားမှာ သူ့ကို ဒီကို ပြန်လာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး” ရှုရန်က ပြောလိုက်သည်။
“သူက နေမင်းနှစ်စင်းနဲ့ တူညီတဲ့ အနေအထားကို မရောက်သရွေ့ပေါ့”
“ဒါက ပိုပြီးတော့တောင် လွန်ကဲသွားပြီ” ရှုရန်က ခေတ္တရပ်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။
“အကြွင်းမဲ့ တားမြစ်ချက်အတွင်း ဝင်ရောက်ခဲ့တဲ့ မှတ်တမ်းတွေ ရှိလား”
“သူက အကြွင်းမဲ့တားမြစ်ချက် မတိုင်ခင် ပျောက်ဆုံးသွားခဲ့တာပါ” အရိပ်က ပြန်ဖြေလိုက်သည်။
ရှုရန်က စိတ်သက်သာရာရစွာ သက်ပြင်းချလုနီးပါး ဖြစ်သွားလေ၏။
“ဒါပေမဲ့ တခြားကမ္ဘာကနေ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ ကိစ္စကိုတော့ ဖယ်ချန်ထားလို့ မရသေးပါဘူး”
“ဟုတ်တယ်” ရှုရန်က ခေါင်းညိတ်ပြီး သေချာ တွေးတောလိုက်သည်။
“မင်း အစီအစဉ်က အလှမ်းဝေးပြီးတော့ ဟာကွက်တွေ ရှိနေတယ်လို့ ထင်တုန်းပဲ။ တကယ်လို့ သူတို့က အဲဒီလူကို သုံးပြီး ငါ့ကို ရှင်းထုတ်ပစ်ချင်တယ်ဆိုရင် စန္ဒာညက အဲဒီအဆင့်ကို ရောက်နေမယ်ဆိုတာကို ကြိုသိဖို့ လိုတယ်လေ။ ပြီးတော့ အဲဒီအမျိုးသမီးကလည်း သူ့အတွက် အရေးပါနေမှန်း သိထားရမှာ”
“သူက ဒီလှည့်ကွက်ကို စီစဉ်ထားတဲ့သူ မဟုတ်သရွေ့ပေါ့” အရိပ်က ပြန်ဖြေလိုက်သည်။
“တကယ်လို့ သူ မဟုတ်ဘူးဆိုရင် တခြား ဘယ်သူရှိသေးတာတုန်း။ ကျန်တဲ့ ငါးယောက်က လှည့်ကွက်လို့ ပြောချင်နေတာလား”
“အတိအကျပြောရရင် အချိန်စားသုံးသူပါ” အရိပ်က သုံးသပ်ချက်ကို ဆက်လက် ပြောပြလိုက်သည်။
“သူက နယ်ခြားဟွင်သွမ်းကမ္ဘာတွေရဲ့ ကိစ္စတွေ အပါအဝင် ပိုမိုကောင်းမွန်တဲ့ သတင်းအချက်အလက် ကွန်ယက်ရှိတယ်လေ။ သူ့အနေနဲ့ စန္ဒညစံပြရဲ့ သတင်းအချက်အလက်ကို ကြားမိဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူးလေ။ ပြီးတော့ သူက လက်အောက်ငယ်သားအဖြစ် နေချင်တဲ့သူမျိုး မဟုတ်ဘူးဆိုတာလည်း သိကြတာပဲ။
ကျွန်တော်တို့ လက်ရှိအခြေအနေမှာ အကောင်းဆုံးနည်းလမ်းက သူ့ကို လှုပ်ရှားမှုကင်းမဲ့အောင် ချုပ်ထိန်းထားဖို့ပဲ။ နေမင်းနှစ်စင်းကို အာရုံထွေပြားအောင် လောကကြီးက ဖရိုဖရဲဖြစ်အောင် လုပ်ထားတာမျိုး … သူ့အတွက် သူတို့အဆင့်လိုမျိုး နောက်ထပ်အင်အားစုတစ်ခု မိတ်ဆက်ပေးတာထက် အောင်မြင်နိုင်မဲ့ နည်းလမ်းမရှိဘူး”
ရှုရန်က မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ပြောတာ မှန်တယ်ပဲထား။ ဒီလိုမျိုး လှည့်ကွက်မျိုးမှာ ဘယ်နေရာက ဝင်ပြီး ပါရမှာလဲ”
“သူက ကမ္ဘာရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို သူ့အတွက် သူပဲ လိုချင်နေတာ မဟုတ်ဘူးလား” အရိပ်က ပြောပြလိုက်သည်။
“နဂိုအစီအစဉ်အရဆိုရင် သူအလိုလို ထိန်းချုပ်လို့ရနိုင်မဲ့ လမင်းအဖွဲ့အစည်းကို ရွေးချယ်ပြီးတော့ ဖြေရှင်းလိမ့်မယ်။ အချိန်ကျလာတဲ့အခါမှာ သူက သူတို့အားလုံးကို ရှင်းထုတ်ပြီးတော့ သူတို့ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို ယူလိမ့်မယ်”
ရှုရန်က အရိပ်၏ သုံးသပ်ချက်သည် အဓိပ္ပာယ်ရှိကြောင်း ဝန်ခံရမည်။ အကယ်၍ အချိန်စားသုံးသူအစီအစဉ်က အောင်မြင်သွားပါက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်နိုင်လိမ့်မည်။ သူ့မျက်ဝန်းအထက် ပြင်းထန်သည့် သတ်ဖြတ်ငွေ့တစ်ခု ပေါ်ထွက်လာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။
“ငါတို့တွေ ဘာလုပ်သင့်လဲ”
အရိပ်က ချက်ချင်း ပြန်မဖြေပေ။
“ကောင်းပြီလေ”
“သခင် ဒီကိစ္စကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက အဲဒီအမျိုးသမီးကို လွှတ်လိုက်ဖို့ပဲ။ ဒါက လှည့်ကွက်ဖြစ်စေ၊ ကြံစည်မှုဖြစ်စေ၊ သူမသာ ကျွန်တော်တို့ရဲ့ ပြဿနာ မဟုတ်တော့သရွေ့ ကျွန်တော်တို့မှာ ပြဿနာရှိမှာ မဟုတ်တော့ဘူး”
“မင်းရဲ့ ချဉ်းကပ်မှုက အရမ်းကို ရှေးရိုးဆန်တယ်” ရှုရန်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ပြီးတော့ ငါက သူမကို အဝေးနှင်လွှတ်လိုက်ရင် ဝမ်ဝေ့ ဒါမှမဟုတ် အချိန်စားသုံးသူကို ကြောက်တယ်ဆိုပြီးတော့ ကမ္ဘာကြီးဆီ ပြောနေသလို ဖြစ်မသွားဘူးလား”
“ဒါပေမဲ့…”
ရှုရန်က လက်ကို မြှောက်ကာ သူ့ကို တားဆီးလိုက်သည်။
“မင်းရဲ့ သုံးသပ်ချက်က စာရွက်ပေါ်မှာ ပြစ်ချက်ကင်းနေပေမဲ့ ဟာကွက်အများကြီး ရှိနေသေးတယ်။ နမူနာအနေနဲ့ဆိုရင် စန္ဒညဧကရာဇ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ဘာလို့ ပြန်မလာသေးတာလဲ။ သူ့ဆီမှာ တစ်ခုခုများ ဖြစ်လို့လား။ ဒါမှမဟုတ်ဘူးဆိုရင် သူက ဒီလိုစွမ်းအားမျိုး ရပြီးတဲ့နောက်မှာ မွေးရပ်မြေကို စွန့်ပယ်လိုက်တာလား”
ပလ္လင်ပေါ်တွင် ထိုင်နေသည့် ရှုရန်၏ ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်သွားလေသည်။
“ဒီလိုကျင့်ကြံဆင့်မျိုး ရရှိထားတာက မင်းတို့ ထင်ထားသလိုမျိုး မရိုးရှင်းဘူး။ ပြီးတော့ တခြားဟွင်သွမ်းကမ္ဘာတွေမှာ နောက်ထပ် လူတွေလည်း ရှိသေးတယ်။ အများစုက အလိုရှိကြပေမဲ့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ စိတ်တိုင်းကျ ဝင်ရောက်နိုင်တာ မဟုတ်ဘူး”
အရိပ်က တိတ်ဆိတ်သွားလေသည်။ သူ့သခင်ပြောသည်က အချက်အလက်ကျ၏။ သို့သော်လည်း ထိုအချက်အလက်များသည် တကယ်တမ်းတော့ အကြောင်းပြချက်မျှသာဖြစ်ကြောင်း သိလေသည်။
သူက ထိုအမျိုးသမီးကို မာနနှင့် တဏှာတို့ကြောင့် သိမ်းဆည်းထားခြင်း ဖြစ်၏။
ကြည့်ရတာ သူက နဂါးနဲ့ မထူးမခြားနားပဲ…
တစ်ခုတည်းသော ခြားနားချက်ကမူ သူသည် လှည့်ကွက်အားလုံးကို ထိုးဖောက်မြင်နိုင်သည်ဟု တွေးထင်ပြီး စိတ်ကြီးဝင်နေခြင်းသာ ဖြစ်၏။
“တကယ်ဆိုရင် ကျွန်တော် ဘာလုပ်ရမလဲ”
“ဝမ်ဝေ့နဲ့ အချိန်စားသုံးသူတွေရဲ့ အပြုအမူတွေကို ဆက်လက်ပြီး စောင့်ကြည့်ထား” သူက အမိန့်ပေးလိုက်သည်။
ရှုရန်က တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားလို၏။
“အမိန့်အတိုင်းပါ”
အရိပ်က ပျောက်ကွယ်သွားပြီး ရှုရန်က အေးခဲနေသည့် အမျိုးသမီးကို ဆင့်ခေါ်လိုက်သည်။ သူက သူမကို လက်ညှိုးထိုးပြီးသည့်နောက်တွင် လေဟာနယ်အစီအရင်မြောက်များစွာ ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ ထိုနည်းလမ်းဖြင့် သူသည် သူမ၏ သေခြင်းရှင်ခြင်းကို တိတ်တဆိတ် ထိန်းချုပ်နိုင်သလို သူမ၏ စိတ်အခြေအနေ၊ အမူအရာနှင့် အတွေးများကိုပင် စောင့်ကြည့်နိုင်လိမ့်မည်။ သူမ၏ မှတ်ဉာဏ်များအတွက်မူ ရှုရန်က အစီအရင်များစွာ ဝန်းရံလျက် အေးစက်စက်အမူအရာဖြင့် စမ်းသပ်ချက်များ ပြုလုပ်နေသော လူလတ်အရွယ်အမျိုးသားတစ်ယောက်သာ အဓိကအကြောင်းအရာအဖြစ် ပါဝင်နေသည်ကို မသိရခင်အထိ မထိတွေ့ခဲ့ပေ။
ရှုရန်က သူ့အလုပ်ကို လက်စသတ်ပြီး ခေါင်းတလားကို ဖွင့်လိုက်သည်။
အမျိုးသမီးက အတော်လေး လှပလေ၏။ အနှစ်ချုပ်အားဖြင့် ပြောရလျှင် သူမ၏ ထိုသို့သော မပြီးပြည့်စုံမှုက သူမ၏ ယေဘုယျ ဆွဲဆောင်မှုကို ပိုမိုမြှင့်တင်ပေးနေသည်။
ငါက ရှုကျင်းယောင်ကို မရနိုင်ဘူးဆိုတော့ သူမကို ရနိုင်တယ်။ ပိုပြီးကောင်းတာက ငါက ငါ့ရဲ့ ကိုယ်ပိုင် ရှုကျင်းယောင်နဲ့ ကျင့်ကြံနိုင်မှာပဲ…
ရှုရန်က အကြည့်များ တောက်ပလာကာ တွေးလိုက်သည်။
အေးခဲနေသည့် အမျိုးသမီး၏ မျက်ခွံများက လှုပ်လာပြီး ပွင့်လာလေသည်။ သူမက ရှုရန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်က ကျွန်မရဲ့ ဖန်တီးသူ မဟုတ်ဘူး။ ရှင်က ဘယ်သူလဲ”
“ဖန်တီးသူ … အဲဒါက ဘယ်သူလဲ” ရှုရန်က မေးလိုက်သည်။
“ငါ့ရဲ့ အမတ်တစ်ဦးက မင်းကို လျှို့ဝှက်နယ်မြေထဲမှာ တွေ့ခဲ့တာ။ မင်း တစ်ယောက်ထဲပဲ ဒီမှာ ရှိနေတာ”
ထိုအမျိုးသမီးက ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဝမ်းနည်းသည့် အငွေ့အသက်က သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေ၏။ ထိုအရာက ပြင်းထန်လွန်းသည့်အတွက် ရှုရန်ကိုပင် စက္ကန့်ပိုင်းမျှ သက်ရောက်မှု ရှိသွားစေသည်။
ပြီးပြည့်စုံတဲ့ သက်ရှိဆိုတဲ့အတိုင်းပဲ…
မြေကမ္ဘာဧကရာဇ်က တွေးလိုက်သည်။
“တစ်ခုခုများ မှားလို့လား” သူက မေးလိုက်သည်။
“ကျွန်မက ကျရှုံးသွားပြီးတော့ … အဖေ အဖေ…”
ထိုဝမ်းနည်းသည့် လေထုက ပိုမိုပြင်းထန်လာလေသည်။ သို့သော်လည်း ရှုရန်က သက်ရောက်မခံရတော့ပေ။
“မင်းဆီမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် စိတ်မကောင်းပါဘူး”
သူက အလေးနက်ဆုံး ပုံစံဖြင့် ပြောလိုက်သည်။
“တကယ်လို့ မင်းသာ အလိုရှိမယ်ဆိုရင် မင်းရဲ့ ဖန်တီးသူ … အဲလေ မင်းရဲ့ အဖေကို ရှာပေးနိုင်တယ်။ ငါ့တိုင်းပြည်က ကမ္ဘာအပေါ်မှာ အကြီးဆုံးထဲက တစ်ခုပဲ။ အဲဒါကြောင့် အာဏာအများစုကို ဆုပ်ကိုင်ထားနိုင်တယ်”
“ရှင်က အုပ်ချုပ်သူလား”
“ဟုတ်တယ်” ရှုရန်က ပြုံးကာ ပြောလိုက်သည်။
“ရှင်က အဲ့လိုလေထုမျိုး ရှိတယ်” ထိုအမျိုးသမီးက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မလိုပါဘူး။ ကျွန်မက အဖေရဲ့ မျှော်လင့်ချက်နဲ့ မကိုက်ညီဘူး။ သူ့ကို ထပ်တွေ့နေတာ အကျိုးမရှိဘူး”
“ငါ သိပြီ။ အော် ဒါနဲ့ မင်းကို ဘယ်လိုခေါ်ရမလဲ” ရှုရန်က မေးလိုက်သည်။
“ကျွန်မဆီမှာ နာမည် မရှိဘူး”
“အဲဒါဆိုရင်တော့ အဆင်မပြေသေးဘူး။ ငါတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ နာမည် လိုအပ်တယ်လေ။ မင်းကို နာမည်ပေးရင် ဘယ်လိုလဲ” ရှုရန်က သူမ၏ ခွင့်ပြုချက်ကို မစောင့်တော့ပေ။
“မင်းကို ပထမဦးဆုံး မြင်မြင်ချင်း တွေးမိသွားတာက မင်းရဲ့ ဖြူစင်တဲ့ မျက်ဝန်းတွေပဲ။ အဲဒါဆိုတော့ ဖြူစင်မှုအတွက် ရှုဆိုတာကို သုံးမယ်။ ငါတို့မှာ ကံကြမ္မာဆက်စပ်မှု ရှိတယ်ဆိုတော့ မင်းကို တော်ဝင်နာမည် သုံးခွင့်ပေးမယ်။ အဲဒါဆိုတော့ မင်းအနေနဲ့ ရှုရှု ဖြစ်လာလိမ့်မယ်”
“ရှုရှု” ထိုအမျိုးသမီးက ရေရွတ်လိုက်သည်။ သူမက ရှုရန်၏ ရိုင်းပျသည့်အပြုအမူကို အာရုံစိုက်ထားခြင်း မရှိဘဲ တိတ်ဆိတ်ကာ နာမည်တစ်ခု ရသွားသည့် အချက်ကိုသာ အာရုံစိုက်ထားလေ၏။
“ကျွန်မ သဘောကျတယ် … အခုကစပြီး ကျွန်မက ရှုရှုပဲ”