ကံကောင်းမှု သဏ္ဌာန်ပြခြင်း
Vol. 99 Ch. 1377
“ဘာအကြောင်းကို ပြောချင်တာလဲ” ဝမ်ဝေ့က တဲ့တိုးမေးလိုက်သည်။
ကျားဖျင့်က သူ့အခြေအနေကို မည်သို့ရှင်းပြရမည်မှန်း စဉ်းစားပြီးသည့်နောက်တွင် တဲ့တိုးပြောသည်က ပိုမိုကောင်းမွန်ကြောင်း သဘောပေါက်သွားလေ၏။
“ကျုပ် သွေး လိုတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ စံပြတစ်ယောက်ရဲ့ သွေးပေါ့”
“သွေးပဲလား။ အဲဒါက ပြဿနာ မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ မင်းက ဘာလို့ လိုတာလဲဆိုတာကို မေးလို့ရမလား”
“မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ရဖို့ လိုနေတာ”
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည်။
“မင်းက ဖိအားပေးပြီးတော့ ကိုယ့်ကိုယ်ကို သက်သေပြဖို့ ကြိုးစားချင်နေတာလား။ အဲဒီအတွက် မလိုဘူး။ မုန့်ခယ်က လက်အောက်ငယ်သားတစ်ယောက်ထက်စာရင် မဟာမိတ်လိုမျိုးပဲ။ သူ့မျိုးနွယ်ဆီ ပြန်သွားတာနဲ့ မင်းက ငါ့ရဲ့ ညာလက်ရုံး ဖြစ်လာလိမ့်မယ်။ သူနဲ့ ယှဉ်ပြိုင်နေဖို့ မလိုဘူး”
“အင်း အဲ့လိုတော့ မဟုတ်ပါဘူး။ မုန့်ခယ်ရဲ့ စွမ်းအားနဲ့ ပတ်သက်ပြီးတော့ ဖိအားခံစားရတာ မှန်ပေမဲ့ အခု သွေး လိုချင်တဲ့ ကိစ္စနဲ့ ဘာမှမသက်ဆိုင်ပါဘူး”
“အဲဒါဆိုတော့ မင်းရဲ့ အမွှာမျက်ဆံကြောင့်လား” ဝမ်ဝေ့က သဘောပေါက်သွားလေသည်။
“ဟုတ်ပါတယ်။ တတိယ နိုးထခြင်းဖြစ်စဉ်က အနည်းဆုံး ဆယ်မိနစ်ခန့် စံပြတစ်ယောက်နဲ့ တိုက်ခိုက်ပြီးတော့ သွေးရယူဖို့ လိုအပ်နေတာ”
ဝမ်ဝေ့က ထိုအရာကို ကြားကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက တက်လှမ်းလာကာစလောက် တုံးအနေခြင်း မရှိတော့ပေ။ အားအနည်းဆုံး စံပြများကပင် မည်မျှအားကောင်းကြောင်း သိထားလေ၏။ သူက ကျားဖျင့်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ယုံကြည်ချက်မရှိပေ။
“မင်း အခု နိုးထမှ ဖြစ်မှာလား။ စံပြတစ်ယောက်ဖြစ်လာပြီးတဲ့အထိ စောင့်လို့မရဘူးလား”
“စောင့်လို့တော့ရတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေက ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်။ ပြီးတော့ ကျုပ်မျက်လုံးရဲ့ အလားအလာကလည်း အခုလုပ်တာလောက် ကောင်းမှာမဟုတ်တော့ဘူး”
“ငါ သိပြီ” ဝမ်ဝေ့က ထိုရုပ်ခန္ဓာနိုးထခြင်းဖြစ်စဉ်သည် ကောင်းကင်တာအိုဆီမှ စမ်းသပ်ချက်နှင့် တူညီကြောင်း ဖတ်ရှုခဲ့ဖူးလေသည်။ ထို့ကြောင့် ကျားဖျင့်၏ စမ်းသပ်ချက်က ဤသို့ဖြစ်နေကြောင်း အဓိပ္ပာယ်ရှိလှ၏။
“ငါ နည်းလမ်းတစ်ခု ရှာပေးမယ်။ မင်း စောင့်တော့ စောင့်ရဦးမယ်။ ပြီးတော့ မင်းအနေနဲ့ လေ့ကျင့်မှုတွေ ပိုပြီးလိုသေးတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူ့အနေဖြင့် မလိုချင်ဆုံးအရာက ကျားဖျင့်သေဆုံးသွားမည်ကို ဖြစ်၏။ အကြောင်းအရင်းကမူ ထိုသူသည် စံပြတစ်ယောက်ကို တိုက်ခိုက်နေရင်း အချိန်စိတ်ဝိညာဉ်အကြောင်း ဘာမှမသိထား၍ ဖြစ်သည်။
“လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲမှာ မင်းအတွက် လေ့ကျင့်ရေး အစီအစဉ်ဆွဲပေးမယ်။ မင်း လိုအပ်ချက်တွေနဲ့ ကိုက်ညီလာမှ ထပ်ပြောကြတာပေါ့”
“အဲဒါက အရမ်းမကြာလွန်းဘူးလား”
“မင်းက စံပြတွေကို လျှော့တွက်နေတာလား။ မုန့်ခယ်က စံပြတစ်ယောက်ရဲ့ စွမ်းအားရှိထားပေမဲ့ ရှုံးနိမ့်သွားတာကို မမြင်ဘူးလား။ ငါက မင်းစွမ်းအားကို ကိုယ်တိုင် တိုးမြှင့်ပေးမယ်ဆိုတာက မင်းအနေနဲ့ အမှားလုပ်လို့မရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ နားလည်လား”
ဝမ်ဝေ့က ပြန်လည်ပြောလိုက်သည်။
“အရှင် ခွင့်ပြုပါ။ ကျုပ် စိတ်လွတ်သွားတဲ့ပုံပဲ”
“ကိစ္စမရှိဘူး။ နာရီပိုင်းအတွင်း အဆင်သင့်ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။
ဝမ်ဝေ့က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကျားဖျင့်က သူ လုပ်လက်စကို စတင်လုပ်ဆောင်လိုက်သည်။
ဝမ်ဝေ့၏ တကယ့်ခန္ဓာကိုယ်က တွေးတောနေသည့် အမူအရာဖြင့် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။
“သေမျိုးလူမှုအဖွဲ့အစည်းရဲ့ ချီကံကောင်းမှုနဂါးက ဖွဲ့စည်းပြီးသင့်ပြီ။ ဒါပေမဲ့ ဘာမှပေါ်မလာသေးဘူး။ ကောင်းကင်တာအိုက အလေးအနက် မှတ်ယူထားတဲ့ပုံပဲ”
ဤသည်က ဝမ်ဝေ့အတွက် သတင်းကောင်း ဖြစ်ပေသည်။ အကြောင်းအရင်းကမူ ကောင်းကင်တာအိုက ဤတိုက်ပွဲအတွင်း စွမ်းအားများစွာ ရရှိလာသည်ကို ပြသနေ၍ ဖြစ်၏။ သော့ခလောက် ပျက်သုဉ်းသွားမှုက ကိစ္စတစ်ခုလုံး၏ အပြောင်းအလဲ ဖြစ်သွားနိုင်သည်။
“မဟုတ်သေးဘူး။ ဒါက ဖွဲ့စည်းမှုသက်သက်တင် မဟုတ်သေးပဲနဲ့ လမ်းပြမှုနဲ့ စည်ပင်ကြွယ်ဝမှုလည်း ပါသေးတယ်” ဝမ်ဝေ့က ဆက်လေ့လာလိုက်သည်။ တုချုုံး၏ အဖွဲ့က သူတို့လူမှုအဖွဲ့အစည်း၏ အနှောင်အဖွဲ့များမှ အောင်အောင်မြင်မြင် လွတ်မြောက်လာနိုင်သည့်အချက်သည် သေမျိုးများ၏ ကံကောင်းမှု သဏ္ဌာန်ပြခြင်းက တိုးတက်မှုနှင့် စည်ပင်ကြွယ်ဝမှုအဖြစ် မျက်မြင်ကိုယ်တွေ့ထွက်ပေါ်လာ၍ ဖြစ်သည်။
“တခြားသူတွေကိုလည်း စစ်ဆေးကြည့်ရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။ ပထမဦးဆုံး သူ သွားရောက်သည့်နေရာက ရုပ်သေးရုပ်နတ်ဆိုးဆီ ဖြစ်၏။ ထင်ထားသည့်အတိုင်း ထိုအဖွဲ့က သူ့ဆီမှ လွှမ်းမိုးခံရကာ ရုပ်သေးရုပ်များကို ထုတ်လုပ်နေကြသည်။ ထိုကမ္ဘာတွင် ရှိနေသည့် သေမျိုးများက ဝမ်ဝေ့၏ အမြောက်အများထုတ်လုပ်သည့် ရုပ်သေးရုပ်များကို အသုံးပြုပြီး တပ်ဖွဲ့ကို ဖန်တီးနေကြ၏။ ထို့အပြင် သူတို့က အဆင့်(၅) ရှေ့ပြေးကို တည်ဆောက်ထားသော်လည်း လုပ်ဆောင်ချက်များက အပြည့်အဝ မရရှိသေးပေ။
အဆိပ်နတ်ဆိုးအောက်တွင် ရှိသည့် အဖွဲ့များကမူ ပိုမိုချဲ့ကားလွန်းရာကျသည်။ သူတို့၏ အာရုံစိုက်မှုက သင်္ကေတ အပင်ဆေးဝါးဖြစ်ပြီး သူတို့က ဆေးဝါးနှင့် အဆိပ်များစွာကို ဖန်တီးထားနိုင်ခဲ့သည်။ သူတို့၏ အရေးကြီးဆုံးအောင်မြင်မှု နှစ်ခုက သေမျိုး၏ သက်တမ်းကို နောက်ထပ်နှစ်သုံးရာတိုးမြှင့်ပေးနိုင်သည့် ဆေးဝါးနှင့် အဆင့်(၆)အဆိပ် ဖြစ်ပေသည်။
ဝမ်ဝေ့က ထိုတွေ့ရှိမှုကို အံ့အားသင့်သွားပြီး မည်သူကမှ အဘယ်ကြောင့် ထိုကိစ္စကို မတင်ပြတာလဲဟု စဉ်းစားနေလိုက်မိစဉ် အဖြေရရှိသွားသည်။ ထိုသူထဲမှ တစ်ယောက်က အဆင့်(၆)အဆိပ်ကို မတော်တဆ ဖန်တီးခဲ့ပြီး ကျန်သူအားလုံးက ထိုအရာကို ပြန်လည်ဖန်တီးဖို့ ကြိုးစားနေသော်လည်း ကျရှုံးနေခဲ့သူ ဖြစ်၏။ သူတို့က အဆင့် (၅)ဖြစ်သည့် အဆင့်နိမ့်ပုံစံကို လတ်တလောလေးက သန့်စင်နိုင်ခဲ့သော်လည်း သူ့ကို ပြောမပြခင် သူတို့က ဖော်စပ်နည်းကို ရှာဖွေဖို့ ကြိုးစားနေကြသည်။
ဝမ်ဝေ့က အဆိပ်နတ်ဆိုးသည် ထိုဖြစ်ရပ်အတွက် တိတ်တဆိတ် တာဝန်ရှိကြောင်း တွေးမိ၏။ သူက တိတ်တဆိတ်ဖြင့် သူ့လူများအား သူတို့၏ ဗဟုသုတများကို အဖွဲ့များဖြင့် မျှဝေဖို့ အမိန့်ပေးထားခဲ့သည်။ သို့သော်လည်း တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုများကို ခွင့်ပြုထားခြင်း မရှိပေ။ သို့သော်လည်း စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုအရာက အမှန်တကယ် မတော်တဆတစ်ခုသာ ဖြစ်ကြောင်း တွေ့ရှိသွားလေ၏။ သူတို့က တစ်စုံတစ်ယောက်အတွက် ထိုမတော်တဆက ဤလူမှုအဖွဲ့အစည်း၏ ကံကောင်းမှုနှင့် ကြမ္မာ သဏ္ဌာန်ပြမှုကလွဲ၍ ဘာမှမဟုတ်ပေ။
ဝမ်ဝေ့ စစ်ဆေးကြည့်ခဲ့သည့် နောက်အဖွဲ့ကမူ ကျိန်စာသခင် စောင့်ကြပ်ပေးနေသည့် အဖွဲ့ဖြစ်၏။ ထိုသူက ထိုလူမှုအဖွဲ့အစည်းကို လွှမ်းမိုးခဲ့သော်လည်း သေမျိုးများအား ကျိန်စာတာအိုတွင် တုန်လှုပ်လုမတတ် တိုးတက်မှုများကို ခွင့်ပြုထားခြင်း မရှိပေ။
ကျိန်စာတာအိုက အကျိုးနှင့် အကြောင်း ပါဝင်ပတ်သက်နေသည့် ထူးကဲသော စည်းမျဉ်းဖြစ်သည့်အတွက် ကံကြမ္မာနှင့် ပတ်သက်နေသော တစ်ဖက်သတ် တံခါးတစ်ချပ်ဟုပင် ဆိုနိုင်လေသည်။ ထိုတာအိုအတွက် အစပိုင်း လိုအပ်ချက်က အတော်လေး မြင့်မားလှ၏။ ဆိုလိုသည်မှာ ထိုသေမျိုးအဖွဲ့အစည်းအနေဖြင့် နှစ်၃၅၀ဟူ၍ မြင့်မားသည့် အောင်မြင်မှုဟူ၍ မရှိနိုင်ပေ။ သို့သော်လည်း ဤသည်က သူတို့အား တိုးတက်မှု မနှောင့်နှေးစေနိုင်ပေ။ ထိုသေမျိုးများက ချဉ်းကပ်မှုအမျိုးမျိုး ရှိကြလေ၏။ သူတို့က လူသားများကို ကျိန်စာမတိုက်နိုင်သည့်အတွက် သူတို့ကိုယ်သူတို့ ကျိန်စာများမှ ကာကွယ်ဖို့ နည်းလမ်းများကို ဖန်တီးခဲ့ကြသည်။ ကျိန်စာနတ်ဆိုးကလည်း ဗဟုသုတများကို ထောက်ပံ့ပေးထားသည့်အတွက် သူတို့ကလည်း ထိုအရာမှ အစပြုကာ လုပ်ဆောင်ခဲ့ကြ၏။
ဝမ်ဝေ့က အဖွဲ့၏ ချဉ်းကပ်မှုနှင့် ပတ်သက်ပြီး ကျေနပ်နေကြသည်။ ကျင့်ကြံသူများက သတ်ဖြတ်ဖို့ရာ ထူးထူးဆန်းဆန်း နည်းလမ်းများစွာ ရှိပြီး သေမျိုးများက အခြေခံခုခံရေးနည်းလမ်းများစွာ ရှိသင့်သည်ဟု ယုံကြည်ထားသည်။
ထို့ကြောင့် သူတို့ကို အားပေးပြီးသည့်နောက်တွင် သူက နောက်တစ်ခုဆီ ဦးတည်လိုက်သည်။ သွေးမျိုးဆက် အဖွဲ့ခေါင်းဆောင်၏ အဖွဲ့ကမူ တိုက်ပွဲအတွက် တခြားသောမျိုးနွယ်များနှင့် နတ်ဆိုးများကို အသုံးပြုကာ မည်သို့ထိန်းချုပ်ရမည်ကို လေ့လာနေကြသည်။ သို့သော်လည်း သူတို့၏ ရလဒ်ကက တခြားသူများနှင့် ယှဉ်လိုက်လျှင် နိမ့်ကျနေလေ၏။ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် ထိုကောင်စုတ်က ဗဟုသုတများကို မျှဝေရာ၌ သူ့အလုပ်သူ ကောင်းကောင်းမလုပ်ကြောင်း တွေ့ရှိသွားလေသည်။
ဝမ်ဝေ့က သူ့ကို ရိုက်နှက်ကာ နောက်တစ်ကြိမ် သူ လာသည့်အချိန်ကျရင် တိုးတက်မှုမရှိပါက သူ့ကို သတ်ပစ်မည်ဟု ပြောခဲ့သည်။
“မဟာမြူခေါင်းဆောင်အဖွဲ့ သေသွားကတည်းက အဲဒီကောင်စုတ်က အတော်လေးကို အားပျော့လာတာ” ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ သူသာ လူများ လိုအပ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ထိုသူကို အချိန်ဖြုန်းသည့်အတွက် သတ်ပြီးသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
“ကောင်းပြီလေ။ ဘာမှစိတ်တိုနေဖို့ မလိုဘူး။ နောက်တစ်ခုကို စစ်ဆေးကြည့်ရအောင်”
“အရှင် သတင်းက ပြန့်သွားပြီလား” ခန္ဓာနတ်ဆိုးက မေးလိုက်သည်။
“ဘာသတင်းလဲ”
“အဲဒါကြောင့် ဒီရောက်နေတာ မဟုတ်ဘူးလား”
“ကြည့်ရတာ ကိစ္စကောင်းတစ်ခု ဖြစ်သွားတဲ့ပုံပဲ။ ငါ့ကိုပြ” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ ဝမ်ဝေ့က သူ့နောက်မှ စမ်းသပ်ခံအတွင်း လိုက်လာသည့်အချိန် စွင်းလုံဝေနှင့် တွေ့လိုက်ရသည်။
“အရှင် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုဖြစ်တဲ့ ဉာဏ်ရည်အမြုတေ သင်္ကေတကို မိတ်ဆက်ပေးပါမယ်။ ကျွန်တော်တို့လူတွေထဲမှာ ထည့်သွင်းလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ လူတွေထဲမှာ ထည့်သွင်းလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ သက်တမ်းကို နှစ်ငါးထောင်အထိ မြှင့်တင်နိုင်တယ်။ ဒါက ပထမမျိုးဆက်ထုတ်ကုန်ပဲ ရှိပါသေးတယ်။ ဒီသက်တမ်းကန့်သတ်ချက်ကို နှစ်တစ်သောင်းအထိ တိုးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်”
“၁၃၆၉၀ နှစ် … ဒါက သေမျိုးတွေရဲ့ ကန့်သတ်ချက်ပဲ။ ဒါပေမဲ့ မင်းတို့တွေက မင်းတို့တွေ ရှာဖွေတွေ့ရှိမှုရဲ့ တကယ့်ရည်ရွယ်ချက်ကို တွေ့ဖို့ ကျရှုံးသွားတယ်”
“တကယ့် ရည်ရွယ်ချက်လား” စွင်းလုံဝေက မေးလိုက်သည်။
“ကျန်တဲ့သူတွေကလည်း အဲဒါကို အသုံးပြုနိုင်တယ်လေ”
“ကျွန်တော်တို့တွေက သူတို့ကို ဘာလို့ ကျွန်တော်တို့ရဲ့ အရာတွေကို သုံးခွင့်ပေးရမှာလဲ”
ဝမ်ဝေ့က သူတို့ကို ကြည့်လိုက်သည်။
“သူတို့က မင်းကို ဘာလို့ အမဲလိုက်တယ်ဆိုတာကို မှတ်မိသေးလား”
“ကန့်သတ်ချက်ရှိတဲ့ သက်တမ်းကြောင့်ပါ” စွင်းလုံဝေက ရေရွတ်ပြီးသည့်နောက်တွင် ပထမမျိုးဆက် ရှင်သန်ရေးအမြုတေ သင်္ကေတပြသနေသည့် ပုံရိပ်ယောင်ကို ကြည့်လိုက်သည်။
“အဲဒါက တိုက်ဆိုင်မှု မဟုတ်ဘူးမလား”
“မင်းက ဉာဏ်ကောင်းသားပဲ။ သူတို့ရဲ့ သက်တမ်းတိုးမြင့်ဖို့ ငါ့နည်းလမ်းတွေက ပြင်ပလွှမ်းမိုးမှုကြောင့် ဆိုးဆိုးရွားရွား ကျရှုံးသွားတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အောင်မြင်နိုင်ခြေ မြင့်မားတယ်။ တစ်စုံတစ်ယောက်က ဒီနည်းလမ်းကို ဖြန့်ဝေဖို့ မင်းကို အသုံးချခဲ့တာ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ကောင်းကင်တာအို” စွင်းလုံဝေက ရေရွတ်လိုက်သည်။ သူက ထိုအရာကို ကြည့်နေရင်း မိနစ်ပိုင်းခန့် အတွေးနစ်မြောသွားလေ၏။
“အဲဒါဆိုတော့ အခု ဘယ်လိုလုပ်မလဲ”
“မင်းတို့တွေ ဆက်ပြီးလေ့လာပြီးတော့ ဒီအရာကို အလျင်အမြန် ပြီးမြောက်အောင် လုပ်လိုက်။ မင်းတို့တွေကို အရင်းအမြစ်တွေနဲ့ ထောက်ပံ့မှုတွေပေးဖို့ တခြားအဖွဲ့တွေကိုပါ အမိန့်ပေးပေးထားမယ်” ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။
“အရေးကြီးတယ်ဆိုတော့ အရှင် ကိုယ်တိုင် တာဝန်ယူလိုက်တာ ပိုပြီးမြန်ဆန်မသွားစေဘူးလား” စွင်းလုံဝေက ပြောလိုက်သည်။ သူ့အကြည့်များက သူ သတိကြီးကြီးထားထားသည့် သဘာဝကို ပြသနေလေ၏။ သို့သော်လည်း ဝမ်ဝေ့က သူသည် သူ့ရွံရှာကာ မုန်းတီးရသည့်သူများကိုပင် အကျိုးကျေးဇူးရှိနိုင်သည့် ဤစီမံကိန်း၌ ဝင်ရောက်မည် မဟုတ်ကြောင်း ရိုးရိုးရှင်းရှင်းသာ ပြောခဲ့သည်။
“ကိစ္စတွေက ထင်ရသလို ရိုးရှင်းတယ်များ ထင်နေလား” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ဒီစီမံကိန်းက မင်းတို့လူမှုအဖွဲ့အစည်းရဲ့ ကမ္ဘာကြီးထံ အကျိုးပြုမှုကို ကိုယ်စားပြုနေတာ။ မင်း ပြီးဆုံးသွားပြီးတော့ လူသိရှင်ကြား ချပြလိုက်တာနဲ့ ကောင်းကင်တာအိုက မင်းတို့ဆီ ကံကောင်းမှုနဲ့ ကြမ္မာ ချီးမြင့်လိမ့်မယ်။ ပိုပြီးကောင်းတာက မင်းတို့ကို ပျက်သုဉ်းတာကနေ ကာကွယ်ပေးနိုင်လိမ့်မယ်။ တခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ မင်းတို့တွေက ကိုယ့်စီမံကိန်းကိုယ် အဆုံးသတ်တာ အကောင်းဆုံးပဲ။ နားလည်လား”
“မင်းရဲ့ စိတ်ခံစားချက်တွေနဲ့ မင်းလူတွေအပေါ် သက်ရောက်မှု မရှိစေနဲ့။ ငါ မင်းကို လေ့ကျင့်ပေးတုန်းက မှတ်မိသေးလား။ မင်းက အရာအားလုံးထက်အရင် ခေါင်းဆောင်တစ်ယောက် ဖြစ်နေတယ်ဆိုတာ မှတ်ထား”
“ကျွန်တော် နားလည်ပါပြီ” စွင်းလုံဝေက ပြောလိုက်သည်။
ဝမ်ဝေ့က သူ့ပုခုံးကို ပုတ်ကာ ခန္ဓာနတ်ဆိုးဆီ လျှောက်လှမ်းသွားလိုက်သည်။
“မင်းလည်း ကောင်းကောင်းလုပ်ခဲ့တယ်”
“ကျွန်တော် ဘာမှမလုပ်လိုက်ရပါဘူး”
“ဒီနေ့ အောင်မြင်မှုက မင်းရဲ့ ခန္ဓာကိုယ်အကြောင်း ဗဟုသုတတွေ မပါဘူးဆိုရင် မဖြစ်နိုင်ဘူး”
“ကျွန်တော်က နယ်ရုပ်တစ်ရုပ်ပါပဲ”
“အားလုံးက နယ်ရုပ်ဖြစ်ဖို့ ထိုက်တန်တာ မဟုတ်ဘူး။ မင်း ဘာလိုချင်တာရှိလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်တော် အဆင့်(၁၂)ဆင့်ကဲပြောင်းလဲရေး မကောင်းဆိုးဝါးနတ်ဘုရား ခန္ဓာကိုယ်ကို လိုချင်ပါတယ်”
ခေါင်းဆောင်က သူ့ကို တကယ့်စစ်မှန်သည့် လေ့ကျင့်သူဖြစ်လာအောင် လေ့ကျင့်ပြီးကတည်းက နတ်ဆိုးသည် ထိုနည်းစနစ်ကို တပ်မက်နေခဲ့မိသည်။
“ရည်မှန်းချက်ကြီးလှချည်လား” ဝမ်ဝေ့က ရယ်မောလိုက်သည်။
“ကံဆိုးတာက ဒီနည်းလမ်းက မျိုးနွယ်နဲ့လည်း သက်ဆိုင်နေတာဆိုတော့ ငါ မင်းကို ငါ့ ပုံစံအသစ်ကို ပေးလို့တော့ မရသေးဘူး။ ဒါပေမဲ့ မင်းကို အဆင့်(၁၁) မကောင်းဆိုးဝါးနတ်ဘုရား သွေးနဲ့အတူ နဂိုဟာကို ပေးမယ်”
“ကောင်းပါပြီ” ခန္ဓာနတ်ဆိုးက သဘောတူလေသည်။
“မင်းရဲ့ ဆုလာဘ်အတွက် ဝမ်ချီကို သွားရှာလိုက်” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။