သံသယဖြစ်ဖွယ် အချက်အလက်
Vol. 99 Ch. 1378
ဝမ်ဝေ့ နောက်ဦးတည်ရာက ဗုဒ္ဓဘာသာ၊ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၊ ဝိဇ္ဇာလင်းချီနှင့် တခြားမျိုးနွယ်များ လက်အောက်တွင် ရှိနေသည့် သေမျိုးများဆီ ဖြစ်၏။ ဝမ်ဝေ့က လူအင်အား မရှိသည့်အတွက် ထိုသူများကို အကူအညီအနေဖြင့် အသုံးပြုခဲ့ရသည်။ ထင်ထားသည့်အတိုင်း ဖွံ့ဖြိုးတိုးတက်နှုန်းက သူနှင့် တူလှသည်။ သီးသန့်နယ်ပယ်များတွင် ကာကွယ်သူများနှင့် ဗဟုသုတများ ထောက်ပံ့ပေးထားသည့်အချက်ဖြင့် သူတို့လူများကလည်း ထိုကဏ္ဍ၌ ဖွံ့ဖြိုးတိုးတက်လာကြ၏။
နမူနာအနေဖြင့် ဗုဒ္ဓဘာသာ လက်အောက်တွင်ရှိသည့်အဖွဲ့က စိတ်ဝိညာဉ်စွမ်းအားနယ်ပယ်၌ သိသိသာသာ တိုးတက်မှုရှိလာပြီး ယုံကြည်မှုစွမ်းအားနှင့် ပတ်သက်ပြီး အောင်မြင်မှုတချို့ကိုပင် ရှိခဲ့ကြသည်။ ဝမ်ဝေ့က သူတို့အား တုချူံးထံ သူ ပြောခဲ့သည့် စည်းမျဉ်းဝိညာဉ်ဖန်တီးမှုကိစ္စကို တာဝန်ပေးခဲ့သည်။
မီးတောက်ပန်းပဲဆရာနှင့် ဝိဇ္ဇာလင်းချီဆီမှ နောက်ထပ်လက်နက်သန့်စင်သူတစ်ယောက်အောက်တွင်ရှိသည့် အဖွဲ့ကမူ ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ထားကြ၏။ တုချူံးအဖွဲ့မှ အဆင့်(၅)စွမ်းအင် အရင်းအမြစ်အသစ်နှင့် အဆင့်(၅)ချပ်ဝတ်တို့က ထိုသူနှစ်ဦး၏ လေ့လာမှုများကြောင့် ဖြစ်လာနိုင်ခြင်း ဖြစ်၏။ ဝမ်ဝေ့က စည်းမျဉ်းစွမ်းအားကို မလိုအပ်သည့် ပစ္စည်းများကို အသုံးပြုဖို့ နည်းပညာကို ဖန်တီးဖို့ သူတို့ကို မှီခိုထား၍ ရမှန်းသိလေသည်။
အရာအားလုံးကတော့ အဆင်ပြေချောမွေ့နေသေးတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
အခု ငါတို့အနေနဲ့ အချိန်တစ်ခုပဲ လိုတော့တယ်…
အကယ်၍ သေမျိုးများက ဧကရာဇ်တစ်ပိုင်းအဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာပါက ဤကပ်ဘေးကို ပြဿနာမရှိဘဲ ဖြေရှင်းနိုင်လိမ့်မယ်။ သို့သော်လည်း ဤကိစ္စများက ချောမွေ့နေမည်လား။
ဝမ်ဝေ့က ထိုသို့ဖြစ်လာမည် မဟုတ်ကြောင်း သိထားလေသည်။
ဝမ်ဝေ့က သူ့အာရုံတစ်ခုလုံးကို စစ်ပွဲဆီ အာရုံစိုက်ထားလိုက်၏။ အားလုံးက အထွတ်အထိပ်အခြေအနေကို စောင့်ဆိုင်းနေကြသလို သူကလည်း စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း ရက်သတ္တပတ်အနည်းငယ်ခန့် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။
“သူမဆီကလား။ သူမက ငါ့ကို တွေ့ချင်တာလား။ ဒါက ထောင်ချောက်တစ်ခုလား” ဝမ်ဝေ့က ဝေခွဲမရဖြစ်နေမိ၏။ သတင်းအချက်အလက်အရ ထိုအရာသည် အရေးကြီးကြောင်း ညွှန်ပြနေသော်လည်း အခြေအနေများက သံသယဖြစ်ဖို့ကောင်းသည်ထက် ပိုနေသည်။
“သူမကို သွားတွေ့တာပေါ့။ ဒါပေမဲ့ ငါ့အနေနဲ့ ကာကွယ်မှုတွေ လိုသေးတယ်”
ဝမ်ဝေ့က ပထမဦးစွာ ဖုန်းဟွမ်ကို ဆက်သွယ်ခဲ့ပြီး ဗုဒ္ဓတစ်သောင်းဘုံကို သွားရောက်တွေ့ဆုံခဲ့သည်။ ထိုမြင်ကွင်းက အမှန်တကယ် ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ သူက အဖြူရောင်မြူခိုးများဖြင့် လွှမ်းခြုံထားသည့် အဆုံးမဲ့ဒိုင်မေးရှင်းတစ်ခုအတွင်း ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
ထို့နောက် လက်ဝါးဆန့်ထုတ်ထားသည့် ရွှေရောင်ဗုဒ္ဓများစွာ ရှိနေပြီး လူများက ထိုအပေါ်တွင် နေထိုင်ကြလေသည်။ ထို့နောက် နောက်ခံတွင် ကျမ်းရွတ်ဖံသံများဖြင့် ပဲ့တင်ထွက်နေလေ၏။
“ဒကာ ဘယ်လိုထင်လဲ” ဖုန်းဟွမ်က မေးလိုက်သည်။
“တကယ်ကို နာမည်နဲ့ ထိုက်တန်ပါတယ်။ တကယ်လို့ ကျုပ် မှတ်မိတာသာ မှန်တယ်ဆိုရင် ဗုဒ္ဓဘာသာ ဧကရာဇ်က ဗုဒ္ဓဆိုတဲ့ ဂုဏ်ပုဒ်ကို ရထားပြီးတော့မှ ဒီနေရာမှာ ရွှေရောင်ခန္ဓာကို ချန်ထားလို့ရတာမလား”
“ဒကာ ပြောတာမှန်ပါတယ်” ဖုန်းဟွမ်က အဝေးတစ်နေရာကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ကွဲပြားချက်ကို သတိထားမိလား”
“အဲဒီရွှေရောင်ခန္ဓာရဲ့ လက်ဝါးပေါ်မှာ နေထိုင်တဲ့ ဘုန်းကြီး မရှိဘူး”
“တာအိုသက်သေပြတဲ့ ဘယ်ဘုန်းကြီးမဆို ဗုဒ္ဓဂုဏ်ပုဒ်ကို ရရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒါက ကျုပ်တို့ဂိုဏ်းရဲ့ အနိမ့်ဆုံးအဆင့်ပဲ” ဖုန်းဟွမ်က ရှင်းပြလိုက်သည်။
“ဓမ္မအပေါ်မှာ နက်နက်နဲနဲ နားလည်ထားတဲ့ အစစ်အမှန်ဗုဒ္ဓ ဒါမှမဟုတ် ဉာဏ်အလင်းပွင့် ဗုဒ္ဓတွေက သူတို့ရဲ့ ကိုယ်ပိုင်ကျောင်းဆောင်ကို ဖန်တီးတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ကုသိုလ်အလုံအလောက် မျှဝေခဲ့ကြတယ်။ သူတို့လက်ဝါးပေါ်မှာ နေထိုင်တဲ့ ဘုန်းကြီးတွေက သူတို့မှာ တခြားသူတွေကို သင်ကြားပေးဖို့ ဒါမှမဟုတ် ဉာဏ်အလင်းဖွင့်ပေးဖို့ ဉာဏ်ပညာရှိတယ်ဆိုတဲ့ သက်သေပဲ”
“ဗုဒ္ဓဘာသာက သူတို့ရဲ့ ရေသောက်မြစ်ကို မဆုံးရှုံးသေးဘူးပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ တာအိုသက်သေပြခြင်းက တိုက်ခိုက်ရေးမြင့်မားကြောင်း သက်သေပြရုံသာဖြစ်ပြီး နိဗာနကဲ့သို့ အဆင့်မြင့်အနေအထားကို ရယူခြင်း သို့မဟုတ် ဉာဏ်အလင်းပွင့်ခြင်းကို ပြသခြင်းမဟုတ်ပေ။ ဝမ်ဝေ့က ဗုဒ္ဓဘာသာသည် ထိုအမှန်တရားကို သဘောပေါက်သည့်အတွက် သဘောကျမိ၏။
“ဟုတ်ပါတယ်။ ဒကာရဲ့ ဂုဏ်ထူးဆောင်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီနေရာမှာ အမှတ်အသားချန်ခဲ့ဖို့ လုံလောက်ပါတယ်” ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သည်။
“အဲ့လိုလား။ ဒီလိုဆိုရင် ကျုပ်က သဘောကျတာပေါ့။ ဘယ်လိုလုပ်ရမလဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒကာရဲ့ ဂုဏ်ပုဒ်ရဲ့ စွမ်းအားကို ထုတ်ဖော်ပြီးတော့ ဗုဒ္ဓဘာသာအပေါ် နားလည်နိုင်စွမ်းကို ပြသလိုက်ပါ။ ဒီကမ္ဘာက ကျန်တာ ဆက်လုပ်သွားပါလိမ့်မယ်”
“ကောင်းပြီ”
ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ရုတ်ချည်းဆိုသလို ရွှေရောင်အလင်းတန်း ထုတ်လွှတ်လာကာ ဒိုင်မေးရှင်းမှ အမည်မသိစွမ်းအားတစ်ခုက ဆင်းသက်လာပြီး အလင်းတန်းကို မြင့်မားသည့် ရွှေရောင်ခန္ဓာအဖြစ် ဖွဲ့စည်းခဲ့သည်။
“တကယ်ကို ကျန်တဲ့သူတွေနဲ့ ကွဲပြားနေတာပဲ” ဝမ်ဝေ့က သူ့ရွှေခန္ဓာသည် ဉာဏ်အလင်းပွင့် ဗုဒ္ဓများနှင့် ကွဲပြားနေကြောင်း ယှဉ်ကြည့်ပြီးသည့်နောက်တွင် မှတ်ချက်ပေးလိုက်သည်။
တာအိုလည်း မရှိဘူး။ ပြောရမယ်ဆိုရင်တော့ ဘုန်းကြီးတွေကို ကူညီပေးနိုင်တဲ့ ဓမ္မစည်းချက်ပေါ့
“ဒကာရဲ့ ခန္ဓာက ကျုပ် တွေ့ခဲ့ဖူးတဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တွေအများစုထက် ပိုပြီးကောင်းပါတယ်။ ဒကာက ဗုဒ္ဓဘာသာကို လေ့လာနေတာလား” ဖုန်းဟွမ်က မေးလိုက်သည်။
“အဲ့လိုပြောလို့ရပါတယ်” ဝမ်ဝေ့က သဘောတူလေ၏။ သူက အနာဂတ်ကိုယ်၏ စွမ်းရည်ကို ရယူကာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ စီစဉ်ထားလေသည်။ သို့သော်လည်း သူ့အနာဂတ်ဇနီးလောင်းနှင့် အစီအစဉ်ကို ဆွေးနွေးပြီးသည့်နောက်တွင် ဗုဒ္ဓဘာသာနှင့် တခြားသောဘာသာများကို အသုံးပြုခြင်းထက် ပိုမိုကောင်းမွန်သည့် ချဉ်းကပ်မှုကို တွေ့ရှိသွားလေ၏။ ထိုအရာက ပိုင်နက်များ ဖြစ်သည်။ ဝူဟုန်နှင့် သူ့အဖေ ဝမ်ထျန်းတို့၏ အလိုအလျောက် ပိုင်နက်က ထိုအစီအစဉ်ထက် ပိုမိုကောင်းမွန်နေလေသည်။ ဝမ်ဝေ့က ဘာသာတရားလေ့လာခြင်းနှင့် သူတို့၏ စွမ်းအားကို လေ့လာနေခြင်းအား စွန့်ပယ်ခဲ့ခြင်း မရှိသော်လည်း ထိုအရာက သူ့အဓိကအာရုံစိုက်မှုတော့ မဟုတ်သေးပေ။
“ဒကာ ကျုပ်နောက်က လိုက်ခဲ့ပါ”
နှစ်ဦးသားက ပျံသန်းသွားပြီးသည့်နောက်တွင် ရွှေရောင်ခန္ဓာအသစ်နား ရောက်ရှိလာသည်။ ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုတို့ အငွေ့အသက်ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ ဝမ်ဝေ့က သူမကို ကြည့်လိုက်သည်နှင့် ဤသည်က ဘုန်းကြီးများအနက် နိဗာနနှင့် နီးကပ်ဆုံးအဆင့်ဖြစ်နေသည်ကို ခံစားမိလိုက်သည်။
“ဒါက ခင်ဗျားရဲ့ ခန္ဓာ မဟုတ်ဘူး ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဆရာက ဒီနေရာကို ရွှေ့ပြောင်းဖို့ ပြောထားတာပါ”
“ဆရာလား။ အခု တရားဝင်ဖြစ်သွားပြီလား”
“ကံကြမ္မာကြောင့်ပဲပေါ့ ဟုတ်ပါတယ်” ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သည်။
“ဒါက ဗုဒ္ဓဘာသာရဲ့ မြင့်မြတ်နယ်မြေမလား။ ကျုပ်ကို ဒီခေါ်လာတာ အဆင်ပြေပါ့မလား” ဝမ်ဝေ့က နောက်မှ လိုက်လာရင်း ပြောလိုက်သည်။
“ဒကာက ဒီလိုဧည့်ခံမှုမျိုးနဲ့ ထိုက်တန်တဲ့ ဧည့်သည်ပါ” ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ ရပါပြီ”
သူတို့က မကြာခင် ဦးတည်ရာသို့ ရောက်ရှိလာပြီး တောင်ထဲ၌ ဂူတစ်လုံးဆီ ရောက်ရှိလာလေသည်။ နေရာတစ်ခုလုံးက ဘာမှမရှိဘဲ ရသေ့သီတင်းသုံးရာသဖွယ် ဖြစ်နေသော်လည်း ဝမ်ဝေ့က စိတ်ထဲမထားပေ။
“ဒကာ ဒီကိုလာရတဲ့ အကြောင်းအရင်းက ဘာလဲ” ဖုန်းဟွမ်က အဖန်ရည် ဧည့်ခံရင်း မေးလိုက်သည်။
“ကာကွယ်မှုအတွက် ရောက်လာတာပါ” ဝမ်ဝေ့က ဖြေလိုက်သည်။ သူက အန္တိမသဟဇာတသည် သူ့အစစ်အမှန်ခန္ဓာ ဤနေရာတွင် ရှိနေစဉ် သတ်နိုင်လိမ့်မည်ဟု မယုံပေ။
…………………………………………..
ဝမ်ဝေ့၏ ပုံရိပ်ယောင်က သီးသန့်ဒိုင်မေးရှင်းတစ်ခုသို့ ရောက်ရှိလာလေသည်။ သူက သူ့ပစ်မှတ် ကျန်းပိယုကို ရှာမတွေ့သေးပေ။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ လုပ်ကြံမှုဟူ၍လည်း အာရုံမခံမိပေ။ ဝမ်ဝေ့က သတိကြီးကြီးဖြင့် အလယ်တွင် မြောလွင့်နေသည့် အဆောင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက အလျင်အမြန် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သတင်းအချက်အလက်ကို ဖတ်ရှုလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်မိသွားသည်။
သူ ရရှိလိုက်သည့် သတင်းအချက်အလက်က တဲ့တိုးဆန်လှ၏။ ချီတင်းသည် အန္တိမသဟဇာတ၏ သွေးမျိုးဆက် ဖြစ်လေသည်။ တခြားနည်းဖြင့်ပြောရလျှင် သူမက သူ့သမီး ဖြစ်၏။ သူက သူမကို ရှိခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ဘယ်သောအခါမှ ပြောဆိုခဲ့ခြင်း မရှိသလို ကမ္ဘာကြီးကို ပြသခြင်း မရှိပေ။
သူမက ဒီသတင်းကို ဘယ်လိုရလာတာလဲ…
အဆောင်က ထိုသတင်းအချက်အလက်ကိုပါ ထည့်သွင်းပြထားလေသည်။ ဤသတင်းက ချီတင်းတွင် တပ်ဖွဲ့ခေါင်းဆောင် ၇ယောက်ရှိပြီး တိုက်ခိုက်စွမ်းရည်အမြင့်ဆုံး ကောင်းကင်ဘုံအဆင့်များ ဖြစ်ကြလေသည်။ အားအကောင်းဆုံးတစ်ယောက်က သူ့ကိုယ်သူ ပထမနေမင်းလို့ ခေါ်တဲ့သူက ကျန်းပိယုကို စိတ်ဝင်စားနေပြီး သူသည် ချီတင်း၏ တိုက်ရိုက် သားတစ်ယောက်ဖြစ်ရုံသာမကဘဲ နေမင်းနှစ်စင်းထဲမှာ တစ်ယောက်၏ မြေးဟု ဖော်ပြခဲ့သည်။
အခု ငါ့အနေနဲ့ သုံးသပ်ဖို့ အများကြီးပဲ။ ထွက်သွားရအောင်…
ဝမ်ဝေ့က တွေးကာ ထွက်ခွာလာလိုက်သည်။
ဗုဒ္ဓတစ်သောင်းဘုံ
ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ မျက်မှောင်ကြုတ်လိုက်၏။ စုဆောင်းထားသည့် သတင်းအချက်အလက်က အမှန်ကတယ် အံ့အားသင့်ဖို့ကောင်းလှသည်။ အန္တိမသဟဇာတက ဆန်းကြယ်လှ၏။ မေတ္တယျနှင့် တခြားသူများကို စကားပြောဆိုပြီးသည့်နောက်တွင် သူ့သုံးသပ်ချက်အရ အန္တိမသဟဇာတသည် အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့ပြီး တာအိုဘာသာအပေါ် လွှမ်းမိုးမှုအနည်းဆုံး ဖြစ်လေသည်။ သူက ထိုအကြောင်းအရာကို ဖန်တီးထားနိုင်ခြေရှိသော်လည်း သူ့တကယ့်အကျင့်စရိုက်ကိုမူ မသိရပေ။
သူ့စွမ်းအားလိုမျိုး တစ်စုံတစ်ယောက်က သူ့ဆီမှာ တိတ်တဆိတ် ကလေးရှိတာ ၊မရှိတာ မသိနိုင်လောက်အောင် သိုသိုသိပ်သိပ်နေတာက လွယ်မှာတော့ မဟုတ်ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကိစ္စက ဒီသတင်းအချက်အလက်က ယုံလို့ရလားဆိုတာပဲ။
မဟုတ်သေးဘူး။ အဲ့လိုတော့ မဖြစ်နိုင်ဘူး။ ကျန်းပိယုက ဒီဖုံးကွယ်ထားတဲ့ သတင်းအချက်အလက်ကို ဘယ်လိုလုပ်တွေ့ရတာလဲ…
ဒီလိုဆိုရင် သူက ဒီသတင်းအချက်အလက်ကို ထုတ်လွှတ်ခဲ့တဲ့သူလား။ ဒါပေမဲ့ ဘာအတွက်လဲ…
သူက လှုပ်ရှားဖို့ တွေးလိုက်သော်လည်း ထိုအရာကို သိလျှင် ထုတ်ဖော်ရခြင်း၏ အကြောင်းအရင်းကမူ ဘာဖြစ်နိုင်သနည်း။
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“ဒီသတင်းအချက်အလက်က မှန်၊ မမှန်ပေါ်မှာ မူတည်ပြီးတော့ ငါက လှုပ်ရှားမယ်ဆိုရင်ရော။ ချီတင်းက သူ့အခွံ။ အဲဒါဆိုတော့ သူက သူမနဲ့ နီးကပ်တယ်ဆိုတဲ့ အကြောင်းအရင်း ရှင်းပြလို့ရသွားပြီ။ ဒါပေမဲ့ အခွံတွေက သွေး ဆက်နွယ်နေဖို့ မလိုဘူး။ သွေးဆက်ဆံရေးက သူ့ကို ပိုပြီးအားများများသုံးဖို့ ခွင့်ပြုထားတာလား … မဟုတ်သေးဘူး။
ဒါပေမဲ့ မေတ္တယျနဲ့ တိုက်ပွဲက သူတို့ရဲ့ အခွံတွေက စွမ်းအားတူတယ်ဆိုတာကို ပြသနေတယ်။ အန္တိသဟဇာတက ဝှက်ဖဲတစ်ခုကို ဝှက်ထားတာ မဟုတ်သရွေ့ပေါ့။ ဒါပေမဲ့ အမှန်ဖြစ်မယ်ဆိုရင် သူက ငါ့ကို ဒီသတင်းအချက်အလက် ပြောရတာလဲ။
ကျစ် အခု အပြောင်းအလဲအများကြီးပဲ ဖြစ်နေပြီ…”
ဝမ်ဝေ့က သူ့ဆံပင်ကို ဆွဲဆုပ်ချင်သလို ဖြစ်နေမိသည်။ ထိုအစား သူက ရှေ့နောက်လျှောက်ရင်း သူ့စိတ်ကို လှုံ့ဆော်လိုက်သည်။ သူက အပြန်ပြန်အလှန်လှန်တွေးပြီးသည့်နောက်တွင် ဖြစ်နိုင်ချေရှိသည့် ရှင်းပြချက်မျိုးကို ရှာမတွေ့နိုင်သေးပေ။
မဟုတ်သေးဘူး။ ငါတစ်ခုခု မျက်စိသျှမ်းမိသွားတာ နေမယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
ဒီသတင်းကို အာရုံလွှဲပြောင်းမှုအနေနဲ့ ထုတ်လိုက်တယ်ဆိုရင်ရော ဘယ်လိုလဲ။ ငါက အားလုံးကို သုံးသပ်ပြီးတော့ သူ ဘာလုပ်နေတယ်ဆိုတာကို အဖြေထုတ်တာက ငါ့အချိန်ကို ဖြုန်းတီးနေမှာလေ။ အဲဒီအချိန်တွင်းမှာ သူက တခြားတစ်ခုကို အာရုံစိုက်ထားလို့ရတယ်…
“ဒါပေမဲ့ ဘာလို့လဲ”
သူက ရေရွတ်လိုက်သည်။
“သူ့ရဲ့ နောက်ထပ် လှုပ်ရှားမှုက ဘယ်ကနေ ရောက်လာမှာလဲ။ စစ်ပွဲလား။ တခြားကပ်ပါးတွေလား။ ဒါမှမဟုတ်ဘူးဆိုရင် ဗုဒ္ဓဘာသာကို တိုက်ရိုက်တိုက်ခိုက်ပြီးတော့ အစွန်းရောက် ချဉ်းကပ်မှုတစ်မျိုးလား”
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ရပ်တန့်သွားလေသည်။
“ငါက ဒီနေရာကို လာတယ်ဆိုတော့ သူက ငါ့ကို တိုက်ခိုက်မှုထဲမှာ တိုက်ရိုက်သတ်နိုင်လောက်အောင် တမင်မျှားခေါ်ခဲ့တာများလား”