← Chapters

ဗုဒ္ဓ၏ အမျက်ဒေါသ

Vol. 99 Ch. 1383

ဗုဒ္ဓ၏ အမျက်ဒေါသ

Vol. 99 Ch. 1383

“စွမ်းအားနဲ့လုပ်ထားတဲ့ ခန္ဓာကိုယ်တစ်ခုဆိုရင်ရော ဘယ်လိုလဲ။ ဘယ်လောက်ကြာမှာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“တကယ်လို့ သာမန်ခန္ဓာကိုယ်တစ်ခုဆိုရင်တော့ တောင်းဆိုထားတဲ့ ဒီမဖြစ်နိုင်ဖွယ် အချိန်သက်တမ်းအတွင်းမှာ ဖြစ်နိုင်တယ်” မီးတောက်ပန်းပဲဆရာက ပြန်ဖြေလိုက်သည်။

“တကယ်လို့ ကျုပ်တို့တွေက အရင်းအမြစ်ချီနေရာလွတ်ကို ဝင်ရောက်နိုင်မယ်ဆိုရင်တော့ တစ်စုံတစ်ခု လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိခန္ဓာကိုယ်နဲ့ ယှဉ်နိုင်တဲ့ အရာတစ်ခုကို လိုချင်တယ်လို့ ပြောထားတယ်လေ။ ကျုပ်က ခင်ဗျားရဲ့ ခန္ဓာကိုယ်အကြောင်း မသိပေမဲ့ အားအနည်းဆုံး မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လုပ်ဖို့ ယွမ်ခေတ်ကာလ ရာချီကုန်မယ်ဆိုတာကိုတော့ သိတယ်”

ဝမ်ဝေ့က အချိန်ကြာမြင့်ကြောင်း တွေးပြီးသည့်နောက်တွင် ညည်းတွားလိုက်ပြီး ထိုသူနှစ်ဦးကို ပြန်လွှတ်လိုက်သည်။

“ငါက အသစ်တစ်ခုကို မလုပ်နိုင်ဘူးဆိုတော့ ရှိပြီးသား တစ်ခုကို သုံးရတော့မှာပဲ”

သူက လက်ဝှေ့ကာ အစောင့်အရှောက် ရုပ်သေးရုပ်ကို ဆင့်ခေါ်လိုက်သည်။ ဝမ်ဝေ့က ထိုအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သဘောတရားအရပြောရလျှင် သူက သူ့ဝိညာဉ်ကို ထိုရုပ်သေးရုပ်ထဲ ထည့်သွင်းပြီး စံပြအဆင့်စွမ်းအားကို ရယူနိုင်လေသည်။

ဒီပစ္စည်းက ပြင်းထန်တဲ့ တိုက်ပွဲတွေအတွက် သိပ်အသုံးမကျဘူး…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုရုပ်သေးရုပ်ထဲတွင် သူ ထုတ်သုံးနိုင်သည့် အမြင့်ဆုံးစွမ်းအားက ၉၂ ရာခိုင်နှုန်းဖြစ်ပြီး အကြီးမားဆုံးဟာကွက်ကမူ ပြန်လည်ကောင်းမွန်နိုင်သည့်စွမ်းရည် လိုအပ်နေမှု ဖြစ်၏။ ရုပ်သေးရုပ်ထံ ထိခိုက်ဒဏ်ရာများက ထာဝရတည်ရှိပြီး ပြုပြင်ဖို့ရာ အရင်းအမြစ်နှင့် အချိန် လိုအပ်လိမ့်မည်။ ထိုအရာက အသွေးအသားခန္ဓာနှင့် ကွဲပြားနေသည်။

ငါ အသွေးအသားခန္ဓာကိုယ် လိုအပ်တယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သို့သော်လည်း ချဉ်းကပ်မှုက သိသာသည့် ပြဿနာတစ်ခု ရှိလာလေသည်။ သူ့ခန္ဓာကိုယ်က ထူးကဲလှသည်။ သူ လေ့ကျင့်ထားသည့်အကြောင်း ပြောနေခြင်း မဟုတ်ပေ။ သူက သူဝိညာဉ်နှင့် စိတ်စွမ်းအားကို သယ်ဆောင်ဖို့ အကောင်းဆုံး ဖြစ်၏။ ဝမ်ဝေ့၏ တွက်ချက်ထားမှုအရ သူက မုန့်ခယ်နှင့် ဆင်တူသည့် အကောင်းဆုံးခန္ဓာကိုယ်ကို အသုံးပြုလျှင်ပင် တိုက်ပွဲတစ်ခုအပြီးတွင် ထိုခန္ဓာကိုယ်ကို ပျက်သုဉ်းသွားစေလိမ့်မည်။

ဝမ်ဝေ့က သူ့အားကောင်းလှသည့် ဝိညာဉ်နှင့် စိတ်စွမ်းအားသည် ခန္ဓာကိုယ်ကို ထာဝရပျက်စီးသွားစေနိုင်ကြောင်း သိထားလေ၏။ ပြင်းထန်သည့် တိုက်ပွဲတစ်ခုအပြီးတွင် ထိုသို့သော ခန္ဓာကိုယ်မျိုးက တားဆီးနိုင်မည့် နည်းလမ်းမရှိဘဲ ပြိုလဲသွားလိမ့်မည်။

ဒါပေမဲ့ ငါ့ဆီမှာ ရွေးချယ်စရာ များများစားစား မရှိဘူး။

တကယ်တော့ ဝမ်ဝေ့တွင် ပစ်မှတ်နှစ်ခု ရှိလေသည်။ လူအိုကြီးသိုက်နှင့် စံပြကျိမင်တို့ ဖြစ်၏။ သူတို့၏ စံပြခန္ဓာကိုယ်က သူ့အတွက် ပြီးပြည့်စုံသည့် အခွံတစ်ခုဖြစ်သော်လည်း ကံဆိုးစွာဖြင့် ရှေ့တစ်ယောက်က စည်းမျဉ်းမဲ့ဇုန်မှ ပျောက်ကွယ်သွားကာ ကျိမင်ကမူ ဘယ်နေရာတွင်ရှိနေမှန်း မသိရပေ။

ပထမဦးစွာ ဝမ်ဝေ့က အနီရောင်မျက်နှာဖုံးအား ထိပ်သီးကောင်းကင်ဘုံအဆင့်တွင် ရှိနေသည့် ခန္ဓာကိုယ်လေ့ကျင့်သူများအား ပြန်ပေးဆွဲဖို့ အမိန့်တစ်ခု ပေးပို့ခဲ့သည်။ အထူးသဖြင့် မိစ္ဆာကျင့်ကြံသူများ ဖြစ်၏။ ထို့နောက် သူက မူလစည်းတံဆိပ်ကုန်းမြေဆီ ကူးသန်းရောက်ရှိလာသည်။

“တစ်ခုခု သိရပြီလား” ယန်းအိုက်က တင်ပျဉ်ခွေထိုင်နေရင်း အဖန်ရည်သောက်ကာ မေးလိုက်သည်။

“သိရပြီလို့ ထင်တယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ကျွန်တော်ရဲ့ တောင်းဆိုချက်က အတူတူပဲ။ ဒါပေမဲ့ မျိုးနွယ်ဝင်တွေကိုတော့ မသုံးဘူး။ အဲဒီလူတွေက ခန္ဓာကိုယ်လေ့ကျင့်သူတွေတော့ ဖြစ်ရမယ်”

“အဲဒါက မင်း လုပ်နိုင်တဲ့ အကောင်းဆုံးလား”

“တခြားနည်းလမ်းတွေက အချိန်အရမ်းကြာတယ်။ ကျွန်တော် မစောင့်နိုင်ဘူး” ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။

ယန်းအိုက်က ခေါင်းညိတ်လိုက်၏။ သူမက ဝမ်ဝေ့ လက်ရှိအခြေအနေတွင်ရှိနေသည့် အပြုအမူအကြောင်း နားလည်ထားသည့်အတွက် သူ့အပြုအမူနှင့် ပတ်သက်ပြီး မှတ်ချက် မပေးပေ။

“ဖိနှိပ်ရေးအနှစ်သာရမျှော်စင်မှာ အကျဉ်းသားတွေ ရှိတယ်”  ယန်းအိုက်က မျက်မှောင်မကြုတ်ခင် ပြောလိုက်သည်။

“အဲဒါက ဘာလဲ။ ဘာလို့ ယုံကြည်ချက် မရှိတာလဲ”

“အဲဒါက ခန္ဓာကိုယ်လေ့ကျင့်သူတွေကို ဂိုဏ်းအတွက် စစ်ဆေးမှုအနေနဲ့ အကျဉ်းပိတ်ထားတဲ့ နေရာ။ ပြီးတော့ လိုအပ်လာတဲ့အခါမှာ အရေးပေါ်အနေနဲ့ သုံးဖို့ပေါ့” ယန်းအိုက်က ပြောပြလိုက်သည်။

“ပြဿနာရှိလို့လား”

“အဲဒါကို ချိတ်ပိတ်ထားတာ”

“ချိတ်ပိတ်ထားတာလား။ အဲဒါက ဘာအဓိပ္ပာယ်လဲ”

“စံပြတချို့ကိုလည်း အကျဉ်းချထားတာဆိုတော့ အဲဒီခွေးကောင်က ဖျက်ဆီးပစ်ချင်တာလေ။ ဒါပေမဲ့ အန္တိမသဟဇာတက သူ့ကို ဖျောင်းဖျခဲ့တယ်။ အဲဒါကြောင့် သူတို့က ချိတ်ပိတ်ခဲ့တာ”

“အဲဒါဆိုတော့ အသုံးမဝင်ဘူးပဲ”

“အဲ့လိုတော့ မဟုတ်ဘူး။ ဂိုဏ်းက ဟိုးတလောက ချိတ်စည်းတံဆိပ်ရဲ့ အောက်ခြေက ဖြည်းဖြည်းချင်း ပြန်ပြေလာတယ်လို့ ပြောတယ်။ ကောင်းကင်ဘုံအကျဉ်းသားတွေ ရှိတဲ့နေရာကိုတော့ အတင်းအကြပ် ဖွင့်နိုင်လောက်တယ်”

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေ၏။

“လူ ဘယ်လောက်ရမလဲ”

“မင်းက ကောင်းကင်ဘုံအဆင့်ကို ပြောတာလား။ ရေတွက်လို့မရအောင် အများကြီးပဲ”

“အဲဒါဆိုရင်တော့ သတင်းကောင်းပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ထိုခန္ဓာကိုယ်မျိုးကို တစ်ခါ အသုံးပြုပြီးသည်နှင့် သူ့အတွက် ထိပ်ဆုံးသို့ ပြန်ရောက်ဖို့ရာ နည်းလမ်းရှာမတွေ့ခင် တိုက်ပွဲများအကြောင်း များများစားစား စိုးရိမ်စရာ မလိုအပ်ပေ။

ယန်းအိုက်က သူ့ကို ကြည့်ကာ ဘာမှမပြောပေ။

“ငါ့ဂိုဏ်းဆီ ပြန်သွားဖို့လိုတယ်။ တစ်လလောက်တော့ ကြာလိမ့်မယ်”

“ကျွန်တော်ကို ဒီမှာ ဆက်နေစေချင်တာလား”

“မလိုဘူး” ယန်းအိုက်က ပြန်ဖြေလာ၏။ သူမက သူ့အတွက် တစ်နေရာထဲတွင် အချိန်အကြာကြီးနေသည်က မကောင်းကြောင်း နားလည်သည်။ မေတ္တယျက အန္တိမသဟဇာတကို ကိုင်တွယ်မည်ဟု ပြောထားသော်လည်း စွန့်စားဖို့ရာ မလုံလောက်ပေ။

“ငါ အစီအရင်အားလုံးကို အသက်သွင်းပြီးတော့ အမြင့်ဆုံး သတိပေးနိုင်တဲ့အနေအထားထိ ထားခဲ့လိုက်မယ်။ ငါ ပြန်မလာခင်အထိ အဆင်ပြေမှာပါ” ယန်းအိုက်က ပြောလိုက်သည်။

“ကောင်းပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ထွက်ခွာသွားလေ၏။ သူက သူ့ဘိုးဘေး၏ သတင်းကောင်းကို စောင့်မနေနိုင်ပေ။ ထိုအစား သူက သူ့ကိုယ်သူ စတင်ပြင်ဆင်လိုက်သည်။ သူက ရေကန်ကြီးတစ်ခုကို ဖန်ဆင်းပြီး သူ့သွေးတစ်စက်ကို ဖယ်ထုတ်လိုက်သည်။ ထိုအရာက နေရာတစ်ဝိုက် ပြည့်နှက်သွားသည့် ပင်လယ်ကြီးအသွင်ပြောင်းလဲသွားလေ၏။ ဝမ်ဝေ့က နောက်ထပ် ဝိညာဉ်သွေးတစ်စက်ကို ထည့်ပေါင်းပြီး သွေးကန်၏ နီရဲမှုကို နက်ရှိုင်းစေလိုက်သည်။

နောက်ဆုံးအနေဖြင့် သူက အစီအရင်များကို စတင်ခင်းကျင်းလိုက်၏။ အစီအရင်ပေါ်တွင် သူ့အောင်မြင်မှုက သူ လုပ်ချင်သည့်အရာနှင့် မယှဉ်နိုင်သည့်အတွက် ကျင့်ကြံဆင့် မြင့်မားသော်လည်း အသိဉာဏ်နည်းပါးနေသည့် သာမန်ကျင့်ကြံသူများလိုမျိုး အသုံးပြုခဲ့ရသည်။

သူ့ဝိညာဉ်က အစီအရင်သန်းပေါင်းများစွာကို ဖန်တီးဖို့ လုံလုံလောက်လောက် အားကောင်း၏။ အကယ်၍ အစီအရင်သန်းချီ မဟုတ်လျှင်ပင် အစီအရင်အပုံလိုက်က သူတို့၏ သက်ရောက်မှုကို အားဖြည့်ပေးနိုင်လိမ့်မည်။

“ကောင်းတယ်” ဝမ်ဝေ့က တစ်စုံတစ်ခုကို အာရုံခံမိကာ ခေါင်းညိတ်လိုက်သည်။

သူက ဆက်သွယ်ရေးအဆောင်ကို စစ်ဆေးကြည့်လိုက်၏။

“အချိန်ကိုက်ပဲ”

သူက လေဟာနယ်ကို လက်ညှိုးထိုးလိုက်သည့်အချိန် အာကာပြင်အတက်အကျလှိုင်းတစ်ခု ပေါ်ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုက ဒိုင်မေးရှင်းထဲ ပေါ်ထွက်လာသည်။ သူက ထိုအရာကို ရေကန်ထဲ ပို့ဆောင်လိုက်၏။ ထို့နောက် သူက တိတ်တဆိတ် လေ့လာလိုက်သည်။

“အရင်ဆုံး ထိန်းညှိဖို့ တချို့တော့ လိုလိမ့်မယ်။ ဒါပေမဲ့ အားလုံးက အလုပ်ဖြစ်နေတဲ့ပုံပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ရေကန်က ဖြည်းဖြည်းချင်း ထိုခန္ဓာကိုယ်အား သူ့စွမ်းအားများကို ပိုမိုကောင်းမွန်စွာ အသုံးပြုပေးနိုင်ဖို့ ထိန်းညှိပေးထားသည်။ သို့သော်လည်း ဝမ်ဝေ့က သိပ်မပျော်ပေ။ သူ့ရည်ရွယ်ချက်က ထိုခန္ဓာကိုယ်များကို ပြောင်းလဲပြီး သူ့ကို အနည်းဆုံးခန္ဓာကိုယ်နှစ်ခု တွေ့ကြုံခံစားစေနိုင်ဖို့ ဖြစ်၏။

ရလဒ်ကမူ ထိုရေကန် မရှိဘဲ ခန္ဓာကိုယ်အများစုက တိုက်ကွက်သုံးခုကို ခံနိုင်ရည် ရှိမည်မဟုတ်ကြောင်း ပြောပြနေလေ၏။

ဒီသူက ထိပ်ဆုံးအနေအထားထိ ကျင့်ကြံထားတယ်ဆိုပေမဲ့ သူက စမ်းသပ်ချက် ၂ထောင်ကျော်အထိပဲ အသက်ရှင်သန်ခဲ့တယ်။ တခြားသူတွေက ပိုကောင်းလောက်ပါတယ်လေ…

ဝမ်ဝေ့က မျှော်လင့်ချက်များစွာ မထားပေ။ အထူးသဖြင့် စမ်းသပ်ချက် ၃၈၀၀ လုံးကို အောင်မြင်ဖို့ ရှားပါးကြောင်း သိထားသည့်အခါတွင် ဖြစ်၏။ ထို့ကြောင့် သူနှင့် မုန့်ခယ်လိုမျိုး အကန့်အသတ်မဲ့ မဖျက်ဆီးနိုင်ဖွယ် အနေအထားကို ရယူထားနိုင်သည့်သူမျိုးကို ဆိုထားဖွယ် မရှိတော့ပေ။

ခန္ဓာကိုယ်လေ့ကျင့်ခြင်းက ရှားပါးလှပြီဖြစ်ပြီး လက်ရှိလကမူ လူများက သူတို့၏ ပါရမီကို ကြောက်ရွံ့ကြလေသည်။ ဝမ်ဝေ့က ကောင်းမွန်သည့် အခွံတစ်ခုကို ရှာတွေ့ဖို့ ယုံကြည်ချက် မရှိပေ။

ငါ့အနေနဲ့ စောင့်ပြီးတော့ ငါ့ကံ ကောင်းလာဖို့ပဲ မျှော်လင့်ရမှာပဲ…

အချိန်ကုန်ဆုံးသွားပြီး ၃ရက်ကြာမြင့်ပြီးသည့်နောက်တွင် ကမ္ဘာကြီးက ဖရိုဖရဲစတင်ပြန်လည်ဖြစ်ပေါ်လာသည်။ အမွှာနေမင်းနယ်စပ်က ဤဖရိုဖရဲခေတ်ကာလအတွင်း အဆင်ပြေကြွယ်ဝဆုံး နေရာတစ်ခု ဖြစ်ခဲ့၏။ ဤသည်က ဗုဒ္ဓဘာသာနှင့် တာအိုဘာသာပိုင်နက်ကြားမှ နယ်စပ်တစ်ခု ဖြစ်ခဲ့သည်။ ကမ္ဘာ၏ တရားမဝင်အုပ်ချုပ်သူနှစ်ယောက်အနေဖြင့် တိုက်တန်နှစ်ယောက်က စည်ပင်ကြွယ်ဝမှုနှင့် သဟဇာတဖြစ်လာမှုတို့ကို ဆောင်ကြဉ်းပေးလာပြီး အမွှာနေမင်းနယ်စပ်၏ တည်ရှိမှုက ထိုအရာ၏ သက်သေ ဖြစ်ပေသည်။

 သို့သော်လည်း ယနေ့တွင်မူ သက်ရှိများ အရင်းအမြစ်များဖြင့် ပြည့်နှက်နေသည့် ထိုနေရာက ယခုအခါ ကျတ်တီးနယ်မြေလို ဖြစ်နေလေသည်။ သက်ရှိဟူ၍ အရိပ်အယောင် မရှိပေ။ သို့သော် ထိုအရာက ယာယီမျှသာ ဖြစ်၏။ နေ့လည်ဝန်းကျင်တွင် ဝူကျဲက တောက်ပနေသည့် ရွှေရောင်မျက်ဝန်းနှင့်အတူ ထိုနေရာ၌ ပေါ်ထွက်လာလေသည်။ သူ့နောက်တွင် ဘုန်းကြီးများ ပါရှိ၏။

မေတ္တယျက ၅စက္ကန့်စောင့်ဆိုင်းပြီးသည့်နောက်တွင် အန္တိမသဟဇာတကလည်း သူ့လူများနှင့် ပေါ်ထွက်လာသည်။

“ဒါက ဘာမှမပြောင်းလဲဘူးဆိုတာကို သိတယ်မလား” သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။

“မင်းက အနိုင်မရနိုင်ရင် ဘာလို့များ တိုက်ခိုက်နေသေးတာလဲ”

“အားလုံးက ကျွန်မကို လျှော့တွက်ကြတဲ့ပုံပဲ” မေတ္တယျက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“အဲဒါက နားလည်လို့တော့ ရပါတယ်။ ဒါပေမဲ့ ဒီကစားဝိုင်းမှာ ရှင်တစ်ယောက်တည်းပဲ အချိန်တွေအကြာကြီး နယ်ရုပ်တွေကို ထားခဲ့တဲ့သူလို့ ထင်နေတာလား”

အန္တိမသဟဇာတက မျက်မှောင်ကြုတ်ပြီး သတိကြီးကြီးထားလိုက်သည်။ သူက မေတ္တယျ၏ ယခင်တိုက်ကွက်သည် တစ်ခုတည်းသော ဝှက်ဖဲဖြစ်ကြောင်း တွေးခဲ့မိ၏။ ထိုစစ်ပွဲက သူ့အား ထိန်းချုပ်ပြီး ကမ္ဘာကြီးထံ လုံလုံလောက်လောက် အချိန်ဆွဲဖို့ ကြံမိကြံရာအပြုအမူတစ်ခုသာ ဖြစ်၏။

“လုပ်လိုက်တော့” မေတ္တယျက အမိန့်ပေးလိုက်သည်။

အန္တိမသဟဇာတနောက်တွင် ရှိနေသည့် ကောင်းကင်ဘုံအရှင်တစ်ယောက်က အသုံးအဆောင်ပစ္စည်းတစ်ခုကို ရုတ်ချည်းဆင့်ခေါ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“တာအိုဘာသာက သဘာဝအတိုင်း လိုက်နာပြီးတော့ လျစ်လျူရှုခြင်းတို့၊ သိမ်းပိုက်ခြင်းတို့ကို လိုက်နာကြတာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ဇစ်မြစ်က မိစ္ဆာတွေကြောင့် ပျက်ယွင်းသွားရပြီးတော့ ကျွန်တော်တို့ရဲ့ နည်းလမ်းတွေကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်က ဒီလိုမျိုး တာအိုလေ့ကျင့်မှုမျိုးကို လက်ခံဖို့ ငြင်းဆန်ပါတယ်။

 အထက်ကမိုးမြေကို သက်သေထားပြီး ကျွန်တော်က သမာသမတ်ကျမှုအတွက် ရပ်တည်ပါ့မယ်။ အခုကစပြီး ကုသိုလ်၇ပါးဂိုဏ်းက ဒီပျက်စီးနေတဲ့ ဂိုဏ်းကနေ ခွဲထုတ်ပါ့မယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဇစ်မြစ်ဆီ ပြန်လည်သွားပြီးတော့ ကိုယ်တိုင်သိမ်မွေ့ခြင်းနှင့် လူသားနဲ့ သဘာဝသဟဇာတဖြစ်ခြင်းတို့ကိုပဲ လိုက်နာကျင့်သုံးတဲ့ စစ်မှန်တဲ့ တာအိုဘာသာနောက်ကိုပဲ လိုက်နာပါ့မယ်”

ထိုအမျိုးသားက စကားလုံးများ ရေရွတ်လိုက်သည်နှင့် တာအိုဘာသာ၏ ဧရာမချီကံကောင်းမှုနဂါးက မိုးမြေကြား ပေါ်ထွက်လာပြီး နာကျင်မှုနှင့် အော်ငြီးလာသည်။ ထို့နောက် ခန္ဓာကိုယ်အပိုင်းအစ တစ်ခုက ခွဲထုတ်သွားပြီး သေးငယ်သည့် နဂါးအသွင် ပြောင်းလဲသွားသည်။

အန္တိမသဟဇာတက အဖြစ်အပျက်ကို စိုက်ကြည့်နေ၏။ သူက အေးစက်စက် အမူအရာဖြစ်နေသော်လည်း သူ့ဝန်းကျင်တွင်ရှိနေသည့် အတက်အကျလှိုင်းတို့က သူ့၏ တကယ့်စိတ်အခြေအနေကို ဖော်ပြနေလေသည်။ သူက ထိုအရာကို တားဆီးချင်လိုသော်လည်း တစ်စုံတစ်ခုက သူ၏ လှုပ်ရှားမှုများကို တားဆီးထားကြောင်း ခံစားမိလိုက်သည်။

ထို့ကြောင့် သူ့အနေဖြင့် ရွေးချယ်စရာ မရှိဘဲ လူများ သို့မဟုတ် ဂိုဏ်းများက တာအိုဘာသာမှ ခွဲထုတ်သွားသည်ကိုသာ ကြည့်နေရသည်။

“၆၅ ရာခိုင်နှုန်းကျော်” မေတ္တယျက မှတ်ချက်ပေးလိုက်သည်။

“ကြည့်ရတာ လူတော်တော်များများက ကျွန်မ ထင်ထားတာထက် ရှင့်ရဲ့ အုပ်စိုးမှုကို စက်ဆုပ်ကြတဲ့ပုံပဲ”

All Chapters