စစ်ပွဲပြီးတော့ စစ်ပွဲ
Vol. 99 Ch. 1384
“ကောင်းကောင်းကစားခဲ့တာပဲ” အန္တိမသဟဇာတက မထူးမခြားနားဖြင့် ပြောလိုက်သည်။
“ရှင်က အဲဒီသူတွေကို ပုရွက်ဆိတ်လိုမျိုး ကြည့်ပြီးတော့ သူတို့က ရှင့်ကို ဘယ်တော့မှ မဆန့်ကျင်ရဲဘူးလို့ ထင်နေခဲ့တာလေ။” မေတ္တယျက တည်ငြိမ်စွာ ပြောလိုက်သည်။
“ရှင်က လူသားတွေရဲ့ စိတ်ဝိညာဉ်ကို လျှော့တွက်နေခဲ့တာ။ ပြောရမယ်ဆိုရင်တော့ ရှင်က နားမလည်ဘူးပဲ ပြောရမှာပေါ့။ သူတို့က သူတို့ရဲ့ ရည်မှန်းချက်၊ အိပ်မက်နဲ့ လမ်းစဉ်ဆိုတာ ရှိတယ်။ ရှင့်ရဲ့ စွမ်းအားနဲ့ အဲဒီအရာတွေကို လက်လျှော့ခိုင်းဖို့ လုံလောက်တယ်လို့ ထင်နေတာလား”
“ပုရွက်ဆိတ်က ပုရွက်ဆိတ်ပဲ” အန္တိမသဟဇာတက ပြန်ပြောလိုက်သည်။
“မင်းရဲ့ ကာကွယ်မှု မရှိဘဲ သူတို့က ဆန့်ကျင်ရဲမှာ မဟုတ်ဘူး”
“သူတို့က ဆန့်ကျင်ရဲတာပေါ့” သူမက ပြန်ပြောလိုက်သည်။
“ရှင်က အဲ့လိုစိတ်ဓာတ်ရှိတဲ့သူတွေကို သတ်ပစ်လိုက်လို့လေ။ သူတို့က အားဖြည့်မှု နည်းနည်းလေး လိုနေရုံပဲ”
“ဒီစကားဝိုင်းက အကျိုးမရှိဘူး။ မင်း ဒီစစ်ပွဲကို နိုင်တယ်လို့များ ထင်မနေနဲ့” အန္တိမသဟဇာတက ထပ်ပြောလိုက်သည်။
“ကျွန်မတို့တွေ စောင့်ကြည့်ရတာပေါ့”
ဝမ်ဝေ့နှင့် တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာ၊ တာအိုဘာသာစစ်ပွဲ၏ စတင်မှုကို စောင့်ကြည့်နေကြသည်။ အထူးသဖြင့် ဤစစ်ပွဲကို ပျက်ယွင်းနေသည့် တာအိုဘာသာကို ဆန့်ကျင်သည့် တာအိုဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ပေါင်းစည်းမှုဟု ခေါ်ဆိုသင့်ပေသည်။ သမိုင်းပညာရှင်များက အန္တိမသဟဇာတသာ နောက်ဆုံးအနိုင်ရရှိသူ မဖြစ်သရွေ့ ထိုသို့ ရေးသားကြလိမ့်မည်။ ပထမတိုက်ပွဲက အမှန်တကယ် အနိုင်ရရှိမှုတစ်ခု ဖြစ်၏။
အန္တိမသဟဇာတ၏ စွမ်းအား မပါရှိဘဲ ပျက်ယွင်းနေသည့် တာအိုဘာသာက မဟာမိတ်အင်အားမှ လွှမ်းမိုးခံလိုက်ရသည်။ မေတ္တယျက ရက်စက်မှုအပြည့်ဖြင့် ပထမတိုက်ပွဲကို တတ်နိုင်သမျှကြာအောင် ဖိအားပေးကာ သူမ၏ အင်အားစုကို လူများစွာအား သတ်ဖြတ်စေခဲ့သည်။ တိုက်ပွဲ၏ အဆုံးသတ်၌မူ အမွှာနေမင်းနယ်စပ်က မသေမျိုးများ၏ ကျရှုံးသွားရသော သွေးများကြောင့် မနေနိုင်သည့် နေရာတစ်ခု ဖြစ်လာလေသည်။ ဆိုလိုသည်မှာ ထိုနေရာက သွေးတာအို သို့မဟုတ် မိစ္ဆာချီနှင့် အငွေ့အသက်တို့ကို ပါဝင်သည့် နည်းစနစ်တို့ကို ကျင့်ကြံသူများအတွက် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာလိမ့်မည်။
ရှုံးနိမ့်မှုအပြီးတွင် တာအိုဘာသာက ကိစ္စနှစ်ခုကို လုပ်ဆောင်လိုက်၏။ ပထမတစ်ခုက ဤတိုက်ပွဲကို ချဉ်းကပ်ဖို့ ခုခံရေးဘက်မှ အသုံးပြုလာကာ တပ်ကူများကို ဆင့်ခေါ်ခဲ့သည်။ ရှေ့တစ်ခုက အတော်လေး သက်ရောက်မှုရှိပြီး ထိုဘုန်းကြီးများ၏ ရူးသွပ်မှုဆီမှ အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သလို သူတို့၏ တခြားသော အစိတ်အပိုင်းများကို ရှင်းထုတ်ပစ်သည့် တာအိုသူတော်စင်များကိုလည်း တားဆီးနိုင်ခဲ့သည်။
သို့သော်လည်း တပ်ကူများကို ရယူနိုင်မည့် နည်းလမ်းကမူ မအောင်မြင်ခဲ့ပေ။ အန္တိမသဟဇာတ၏ ပစ်မှတ်က သူ့လမင်းများ ဖြစ်၏။ သို့သော်လည်း ဆင့်ခေါ်မှု ရောက်ရှိလာသည်နှင့် ဝူယွီနှင့် ထာဝရဇာမဏီတို့၏ တိုက်ပွဲက ပြင်းထန်လာသည်။ အချိန်စားသုံးသူက ချိတ်ပိတ်ခံထားသည့်အတွက် လူအင်အားက သိပ်အခြေအနေမဟန်ပေ။ ထို့ကြောင့် မြေကမ္ဘာဧကရာဇ် ဖြစ်သည့် ရှုရန်သာ ကျန်ရှိတော့၏။
သူက အကြောင်းအရင်း မရှိဘဲ ဆင့်ခေါ်မှုကို ငြင်းဆန်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ ထိုသို့သော တပ်ကူများဖြင့် အန္တိမသဟဇာတက အသက်ပြင်းပြင်းရှူနိုင်လိမ့်မည်။ သို့သော်လည်း မေတ္တယျက သူ့အာဏာကို လျှော့ချရာ၌ အောင်မြင်ခဲ့လေ၏။
အန္တိမသဟဇာတရဲ့ ဆုံးရှုံးမှုက အတော်လေး ကြီးတယ်…
ဝမ်ဝေ့က အခြေအနေကို သုံးသပ်လိုက်သည်။
ဒီအာဏာရှင်တွေက ဒီအခွင့်အရေးကို ယူပြီးတော့ တာအိုဘာသာကို အားနည်းအောင် တိတ်တဆိတ်လုပ်ကြလိမ့်မယ်။ သူတို့က ဘုန်းကြီးတွေကိုတောင် တိတ်တဆိတ် သတ်ကြလိမ့်မယ်လို့ ထင်တယ်…
ဤစစ်ပွဲက ကမ္ဘာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးရုံသာမကဘဲ အာဏာအတိမ်းအစောင်း အပါအဝင် ဖြစ်၏။ အာဏာက ခေတ်သစ်ကို စောင့်ဆိုင်းနေကြပြီး အားလုံးက လွှမ်းမိုးလိုကြသည်။ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့က ရှေ့ကနေ ဦးဆောင်နေသည့်အတွက် ထိုအာဏာရှင်များက သူတို့ကို အားနည်းအောင် စတင်လုပ်ဆောင်ရမည် ဖြစ်၏။
ဝမ်ဝေ့က အတွေးနက်နေစဉ် သူ့ဆက်သွယ်ရေးအဆောင်က တုန်ခါလာသည်။ သူက အသက်သွင်းသည့်အခါ ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုအရာက အကြောက်တရား၊ ဒေါသနှင့် နောင်တတရားတို့ရှိနေသည့် ခေါင်းတစ်ခေါင်း ဖြစ်ပေသည်။ သူက ထိုလူသည် လျှို့ဝှက်လမင်း နေမင်းဂိုဏ်းမှ ပထမနေမင်းဖြစ်ကြောင်း သိလိုက်သည်။ ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ သူ့ဘိုးဘေးကို ဆက်သွယ်လိုက်၏။
“သူ သေသွားပြီလား”
“ဟုတ်တယ်။ ငါ ကတိပေးထားတဲ့အတိုင်းပဲ”
“သူက သေသွားတာလား ဒါမှမဟုတ် …”
“အစစ်အမှန် သေဆုံးခြင်းပဲ” ယန်းအိုက်က ဖျောင်းဖျလိုက်၏။
“ဘယ်လိုလုပ်လိုက်တာလဲ”
“ဓားလမ်းစဉ်က ဓားသမား တော်တော်များများက ငါ့အပေါ်မှာ ကံကြွေး ရှိကြတယ်လေ” ယန်းအိုက်က ရှင်းပြလိုက်သည်။
“ကျွန်တော် သိပြီ။ ဒါနဲ့ သူနဲ့ ပတ်သက်ပြီး ထူးဆန်းနေတာ ရှိသေးလား” ဝမ်ဝေ့က ခေါင်းညိတ်ကာ မေးလိုက်သည်။
“ကာကွယ်မှုတစ်ခုအဖြစ် စံပြအသုံးအဆောင်ပစ္စည်းတစ်ခုအပြင် ဘာမှမူမမှန်တာ မရှိဘူး”
ဝမ်ဝေ့က သူသည် တစ်စုံတစ်ခု လွဲချော်သွားတာလားဟူ၍ မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းပြီလေ။ အခုတော့ သူ့အကြောင်းကို ထားလိုက်ပါတော့။ ဘိုးဘေးတွေဘက်မှာ အခြေအနေတွေ ဘယ်လိုလဲ”
“ချိတ်ပြန်ဖွင့်တဲ့ ဖြစ်စဉ်ကတော့ ငါ ထင်ထားသလောက် မကြာဘူး။ နှစ်ပတ်အတွင်း ပြီးလိမ့်မယ်”
“သတင်းကောင်းပဲ” နှစ်ဦးသားက စကားစမြည်ပြောပြီးသည့်နောက်တွင် စကားဝိုင်းကို အဆုံးသတ်လိုက်လေသည်။
ဝူယွီနှင့် ထာဝရဇာမဏီတို့၏ လက်ရှိအခြေအနေက ဆင့်ခေါ်မှုကို ငြင်းဆန်ဖို့ အကြောင်းပြချက်အနေနဲ့ မလုံလောက်သေးဘူး။ အဲဒီနှစ်ယောက်က တိုက်ရိုက်တိုက်ခိုက်ဖို့ ပြင်ဆင်နေသင့်တာ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ပြဿနာက သူတို့တွေက အယောင်ဆောင်နေပြီးတော့ တကယ့်အစစ်အမှန်တိုက်ပွဲအတွက် ပြင်ဆင်နေကြတာလား…
ဝမ်ဝေ့၏ သုံးသပ်ချက်က နောက်တစ်ခုကို ပိုမိုအရေးသာမိသည်။ ထိုသူများက တစ်ဦးနှင့်တစ်ဦး အမှန်တကယ် မုန်းတီးနေသည့်အတွက် သူက အယောင်ဆောင်သည်ဆိုလျှင်ပင် သူတို့၏ ရန်ငြိုးက ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ပေါက်ထွက်လာမည်ဖြစ်ကာ အတုအယောင်မှ အစစ်အမှန်အဖြစ် ပြောင်းလဲသွားနိုင်ခြေ ရှိသည်။ ထို့ကြောင့် သူက စောင့်ဆိုင်းနေရင်း သူ့လူများအား သေမျိုးများကို ကာကွယ်ဖို့ အမိန့်ပေးထားရင်း အချိန်စားသုံးသူကို စောင့်ကြည့်ဖို့ ပြောထားလိုက်သည်။
ဝမ်ဝေ့၏ ခန့်မှန်းမှုများက မှန်ကန်နေခဲ့၏။ ထိုတိုက်ပွဲက ၅ရက်ကြာမြင့်ပြီးသည့်နောက်တွင် စတင်လာခဲ့သည်။ သူတို့၏ သတ်ဖြတ်ငွေ့နှင့် နှစ်ယောက်သား အသုံးပြုနေသည့် သတ်ဖြတ်ရေးတိုက်ကွက်တို့မှ သူ့အဖြေကို ရရှိလိုက်၏။ ထို့ကြောင့် သူက တိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေလိုက်သည်။
ထာဝရဇာမဏီက ယခင်တိုက်ပွဲကလိုမျိုး ရူးသွပ်တာမျိုး မရှိတော့ဘူးပဲ။ သူ့တိုက်ခိုက်တာက ပိုပြီးတော့ အကျိုးအကြောင်း သင့်လာတယ်။ သူက အချိန်အခါကောင်းမှာ သုံးဖို့ ဝှက်ဖဲတစ်ခုရှိနေတာ ဖြစ်နိုင်တယ်…
ဒါပေမဲ့ ဝူယွီကတော့ သူမရဲ့ စွမ်းအားကို ထိန်းချုပ်ဖို့ ဒီတိုက်ပွဲကို အသုံးချနေတာ။ ပြောရမယ်ဆိုရင် သူမရဲ့ ကံကြွေးတွေက သိသိသာသာ တိုးမြင့်လာတယ်။ ဒါပေမဲ့ ကမ္ဘာမှာ ကပ်ဘေးဖြစ်လာတယ်လို့ မကြားမိပါဘူး။ ကျစ် အမျိုးသမီးက သေမျိုးတွေကို တိတ်တဆိတ် သတ်နေပြန်ပြီ…
သူက အနီရောင်မျက်နှာဖုံးကို ဆက်သွယ်ကာ သူမ သတင်းရရှိထားလားဟု မေးလိုက်သည်။ သူမက ဝူယွီသည် ကျိန်စာသခင်မြောက်များစွာကို အလုပ်ခန့်ခဲ့ကြောင်းသာ ဖြေခဲ့ပြီး ဘာရလဒ်မှ မရသေးပေ။
“သူမက အကုသိုလ်တွေကို ဘယ်လောက် စုဆောင်းထားလဲဆိုတာ အဖြေထုတ်လိုက်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ အနီရောင်မျက်နှာဖုံးက လုပ်ရည်ကိုင်ရည်ရှိသည့်အတွက် မကြာခင် အဖြေရလာလိမ့်မည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထဲတွင် သေမျိုးများစွာက ပိုင်းခြားထားသည့် ဒိုင်မေးရှင်းနှင့် ကမ္ဘာများစွာအတွင်း ရှိလေသည်။ ဝူယွီ၏ ပစ်မှတ်က ထိုသူများဆီ ဖြစ်၏။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။
“သူမလိုမျိုး တိရစ္ဆာန်ဆီကနေ ခြိမ်းခြောက်မှုကို အတည်မှတ်ယူလိမ့်မယ်လို့ မထင်ခဲ့သင့်ဘူး။ ငါ တူညီတဲ့အမှားကို နှစ်ခါလုပ်မှာ မဟုတ်ဘူး”
သူက တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေရင်း တစ်စုံတစ်ခုကို သတိထားမိကာ မျက်မှောင်ကြုတ်လိုက်သည်။
ဒီအချိန်အတက်အကျလှိုင်း ဒီအမျိုးသမီးက ရူးသွားပြီလား…
ဝမ်ဝေ့က တွေးလိုက်သည်။
မဟုတ်ဘူး။ သူမက ရူးသွားတာ မဟုတ်ပဲနဲ့ သူမရဲ့ စွမ်းအားကို မထိန်းချုပ်နိုင်တာပဲ။ ကောင်းတယ် ကောင်းတယ်…
ဝမ်ဝေ့က မျက်လုံးကို မှိတ်ကာ ထိုအတက်အကျလှိုင်းများကို အာရုံခံလိုက်သည်။
………………………….
အချိန်စားသုံးသူ၏ ပိုင်နက် အနောက်ဖက်၊ ကောင်းကင်ဘုံမြွေနဂါး ဧကရီပိုင်နက်
ခရမ်းရောင်ဆံပင်ရှိထားသည့် မိန်းမလှတစ်ဦးက ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူမက အဖြူရောင်ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းကို ထုတ်ဖော်ပြသထားလေသည်။ သူမ၏ အလှတရားက မိစ္ဆာဆန်သည်ဟုပင် ဖော်ညွှန်းနိုင်လေသည်။ အကယ်၍ ရှုကျင်းယောင်က အလှတရား၏ ပြယုဂ်ဟုဆိုလျှင် ထိုအမျိုးသမီးက ဆွဲဆောင်မှုတို့၏ ပြယုဂ်ဟု ဆိုရပေမည်။
အမျိုးသားတစ်ဦးက သူမ၏ ပေါင်ပေါ်တွင် ထိုင်နေပြီး သူမအား အနမ်းခြွေကာ ချိုမြိန်သည့် စကားလုံးများကို ရေရွတ်နေလေ၏။
“အိုး ဝူကျင်း … ရှင်က အမြဲတမ်း စကားလှလှလေး ပြောတတ်တာပဲ” ကောင်းကင်ဘုံမြွေနဂါးဧကရီက ပြောလိုက်သည်။
“အရှင်မကို ဘယ်သူကများ ဆွဲဆောင်မှုရှိအောင် လုပ်ထားပါလိမ့်” ဝူကျင်းက ပြန်ဖြေလိုက်သည်။
“ငါ သိတယ်လေ။ ဟုတ်တယ်မလား။ ငါ့ရဲ့ ဆွဲဆောင်မှုက …” သူမက ပြန်ဖြေရင်းဖြင့် ရုတ်ချည်းဆိုသလို ရပ်တန့်ကာ အခန်းအတွင်း ပေါ်ထွက်လာသည့် ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။
“ငါ့ကို ဝင်ရောက်စွက်ဖက်တာ အကြောင်းအရင်းရှိတာ ကောင်းလိမ့်မယ်”
“အရှင် ကျွန်မတို့တွေ ပစ်မှတ် တွေ့ပါပြီ” အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
“သေချာလား” ကောင်းကင်ဘုံမြွေနဂါး ဧကရီက မေးလိုက်သည်။
“နောက်ဆုံးတစ်ခေါက်ကလိုမျိုး အကြွင်းအကျန်ပဲ ဖြစ်နေမှာတော့ မဟုတ်ဘူးမလား”
“ကျွန်မကိုယ်တိုင် စစ်ဆေးကြည့်ပြီးသွားပြီ”
“ကောင်းပြီ” ဧကရီက ပြန်ဖြေလိုက်သည်။
“တပ်ဖွဲ့ကို လှုပ်ရှားစေချင်လား”
“မလိုဘူး။ ငါ ကိုယ်တိုင်လုပ်မယ်”
ကောင်းကင်ဘုံမြွေနဂါးဧကရီက ပြန်ဖြေလိုက်သည်။ သူမက ဝူကျင်းကို စိုက်ကြည့်လိုက်၏။
“ငါ့ဆီမှာ လုပ်စရာ ရှိတယ်။ ငါ ပြန်လာတာကို စောင့်နေ။ ပြီးသွားရင် လုပ်လက်စကနေ ပြန်ဆက်ကြတာပေါ့”
ဧကရီက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို တွေးမိသွားလေ၏။
“တိလျန့်ကို မင်းနဲ့အတူ စောင့်နေဖို့ ပြောလိုက်”
ဝူကျင်း၏ အပြုံးများက ပိုမို နက်ရှိုင်းလာလေသည်။
“သူက ဒီနေရာမှာ ရှိဖို့လိုတာလား။ ကျွန်တော်တို့ နှစ်ယောက်ထဲ မဖြစ်ဘူးမလား”
“မင်းက တစ်ယောက်ထဲ ကိုင်တွယ်နိုင်လို့လား” ကောင်းကင်ဘုံမြွေနဂါးဧကရီက မေးလိုက်သည်။
“ကောင်းပါပြီ။ ကျွန်တော် ခေါ်လိုက်ပါမယ်”
ဧကရီက သူ့ဖင်ကို ပုတ်ပြီး ထရပ်သွားလေသည်။ သူမက သူလျှိုဆီမှ သတင်းအချက်အလက်ကို ရရှိထား၏။
“အဲဒါဆိုတော့ ကြွက်လေးတွေ ပုန်းအောင်းနေတဲ့နေရာကို ဘယ်နေရာမှ ရှာမတွေ့တာ မထူးဆန်းတော့ဘူး။”
သူမက ရေရွတ်ပြီးသည့်နောက်တွင် ပစ်မှတ်ကို အာရုံစိုက်ထားလိုက်သည်။
“ဘယ်လိုရှာတွေ့ခဲ့တာလဲ” ထိုသူများ၏ ပုန်းအောင်းရေးနေရာက အတော်လေး ထူးချွန်လှသည်။ ထို့ကြောင့် ဧကရီက သူ့သူလျှို ရှာတွေ့သည့်အချက်ကို သိချင်နေသည်။ သူမက ဝှက်ဖဲများနှင့် အကွက်ချစီစဉ်မှုများကို သတိကြီးကြီးထားဖို့ရာ ကြာရှည်လှစွာ နေထိုင်ပြီးသား ဖြစ်၏။
“သူတို့တွေက ဒီအတိုင်း ရှိနေကြတာပါ။” သူလျှိုက ပြန်ပြောလိုက်သည်။
“သူတို့တွေက အမွှာနေမင်းနယ်စပ်ဆီကို လူတွေ စေလွှတ်လိုက်ကြတာ။ ကြည့်ရတာ နေမင်းနှစ်စင်းရဲ့ သွေးကို ရှာဖို့ထင်တယ်။ အဲဒါကြောင့် သူတို့ကို တွေ့ခဲ့တာပါ”
“နေမင်းနှစ်စင်းရဲ့ သွေးတဲ့လား။ အဓိပ္ပာယ်တော့ ရှိသားပဲ” ကောင်းကင်ဘုံမြွေနဂါးဧကရီက ခေါင်းညိတ်လိုက်သည်။ သူမက တုံ့ဆိုင်းမနေတော့ဘဲ ကူးသန်းပြောင်းရွှေ့လာလိုက်သည်။ သူမက ကစားမနေဘဲ သူတို့ကမ္ဘာ၏ အကာအရံကို ချိုးဖောက်လိုက်သည်။
ဧကရီက မိစ္ဆာများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုကို ရှာဖွေတွေ့ရှိသွားလေ၏။ ပြောရမည်ဆိုလျှင် မိစ္ဆာကျင့်ကြံသူများမဟုတ်ဘဲ တကယ့်အစစ်အမှန်မိစ္ဆာများ ဖြစ်၏။ သူမက ရလဒ်ကြောင့် အံ့အားသင့်ခြင်း မရှိဘဲ စတင်သတ်ဖြတ်လိုက်သည်။ သူမ၏ ဆံပင်များက သူမ၏ ထိန်းချုပ်မှုအောက်တွင် လှုပ်ရှားနေပြီး မြင်မြင်သမျှ သတ်ဖြတ်နေလေသည်။ ဤသည်က တစ်ဖက်သတ် သတ်ဖြတ်နေပြီး ထိုမိစ္ဆာများက ပြန်လည် မတိုက်ခိုက်နိုင်ပေ။
“တွေ့ပြီ။ မိစ္ဆာဘိုးဘေးရဲ့ မျိုးဆက်”
ကောင်းကင်ဘုံမြွေနဂါးဧကရီက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
နောက်ဆုံးတွင် သူမက သူမ၏ စွမ်းအားအကုန်ထုတ်သုံးကာ ထိုသူများကို အလျင်အမြန် ဖမ်းဆီးလိုက်သည်။ ထိုမိစ္ဆာများက ထိပ်သီးကောင်းကင်ဘုံအဆင့်ဖြစ်ပြီး စံပြအသုံးအဆောင်ပစ္စည်းများစွာ ရှိထားကြသော်လည်း ဧကရီရှေ့တွင် အသုံးမဝင်ခဲ့ပေ။
နောက်ဆုံးတော့ ငါ့အစီအစဉ်ကို အသက်သွင်းလို့ရပြီ…
သူမက တွေးပြီးသည့်နောက်တွင် ထိုနေရာမှ ထွက်ခွာသွားလေ၏။ ဧကရီက အိမ်ပြန်ရောက်သည့်အခါ စိတ်အခြေအနေကောင်းနေပြီ ဖြစ်သည်။ သူမက ဝူကျင်းနှင့် တိလျန့်တို့ဖြင့် အပျော်ရှာခဲ့ပြီး ထိုနှစ်ဦးက သူမ၏ စိတ်လှုပ်ရှားနေသည့် အခြေအနေအတွက် မလုံလောက်ခဲ့ပေ။ ထို့ကြောင့် သူမက မောင်းမဆောင်မှ နောက်ထပ်လူများကို ထပ်မံဆင့်ခေါ်ခဲ့၏။ ယနေ့က ပျော်ပွဲခံဖို့ နေ့တစ်ရက် ဖြစ်ပေသည်။