#နိုးထခြင်း#
Vol. 49 Ch. 698
လက်ရှိကုရှီက အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။
ချီပင်းပါလာခဲ့လျှင်ပင် သူတို့အဖို့ တဘက်လူ၏ ပြိုင်ဘက်ဖြစ်ရန်ဟူသည် မဖြစ်နိုင်ပါ။
ပန်ရှီတစ်ယောက်တည်းကပင် အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေလေပြီ။
ဒါ့အပြင် ငရဲဂိုဏ်းမှ ကျန်သုံးယောက်ကလည်း အားမနည်းပေ။
ကောင်းကင်မြေအောက်နန်းတော်က လူလေးယောက်ကိုပါ ထည့်သွင်းပါက ကုရှီနှင့်ချီပင်း သူတို့ကို ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။
မကြာမီ နှစ်ယောက်စလုံး ရှုံးသွားကြရသည်။
ပါးစပ်ထောင့်စွန်းကနေ သွေးများစီးကျလျက် မြေပေါ်၌ လဲလျောင်းနေသည့် ဒဏ်ရာရနေသော လူနှစ်ယောက်ကို ကြည့်ရင်း ပန်ရှီနှာခေါင်းရှုံ့ကာ သူ့လက်ကို သူတို့ခေါင်းပေါ် တင်လိုက်သည်။
ကုရှီနှင့် ချီပင်းတို့က ဒီမြင်ကွင်းကို မြင်သောအခါ သူတို့ခုခံချင်ကြသော်လည်း လုံး၀မလွတ်မြောက်နိုင်သဖြင့် ပန်ရှီအား သူတို့ခေါင်းကို ဖမ်းဆုပ်ခွင့်ပေးရုံသာ တတ်နိုင်တော့သည်။
"မင်းတို့ဘာလို့ ဝိဉာဉ်တွေကိုစုချင်ရတာလဲ" ကုရှီအားနည်းစွာမေးသည်။
ပန်ရှီရူးသွပ်စွာရယ်မောသည်။
"မစိုးရိမ်ပါနဲ့၊ အချိန်ကျလာတဲ့အခါကျရင် မင်းသိရမှာပါ၊ မင်းတို့ရဲ့စိတ်ဝိဉာဉ်တွေက မင်းတို့ထက်တောင် အများကြီး အသုံး၀င်တယ်"
ပန်ရှီစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူတို့ခေါင်းကနေ ဝိဉာဉ်စွမ်းအင်းစီးကြောင်းများ ထွက်လာပြီး သူ့၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
တခဏအကြာတွင် သူတို့က အလောင်းနှစ်လောင်းအဖြစ် ပြောင်းသွားသည်။
ပန်ရှီသူတို့ကို ကြည့်ပင်မကြည့်ဘဲ လှည့်ကာ ထွက်သွားရန်ပြင်လိုက်၏။
"ကောင်းပြီ၊ မြို့ကိုပြန်သွားပြီး လုံလောက်ပြီလားဆိုတာ သွားကြည့်ကြရအောင်"
ထို့နောက် သူတို့က အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထွက်သွားကြလေတော့သည်။
ဂိုဏ်းနှစ်ဂိုဏ်း၏ ဂုဏ်ယူရသော ကောင်းကင်သားတော်များဖြစ်သည့် ကုရှီနှင့်ချီပင်းတို့က အရိုးစုနှစ်ခုအဖြစ် ပြောင်းသွားရပြီး ဒီနေရာ၌ ထာ၀ရ လဲလျောင်းသွားရသည်။
တခြားတစ်ဘက်တွင် လင်းကျိနန်နှင့် ကျန်သောသူများက အပြင်တွင် စောင့်နေကြသည်။
အချိန်ကြာလာတာနှင့်အမျှ သူတို့နှလုံးသားများက ပို၍ပို၍ပင်လေးလံလာသည်။
ကုရှီနှင့်ချီပင်းတို့သာ မလွတ်မြောက်နိုင်ခဲ့ပါက သူတို့အသတ်ခံလိုက်ရပြီဟု ဆိုလိုနေတယ်ဆိုတာ သူတို့သိကြပါသည်။
လင်းကျိနန်၏အမူအရာက မည်းမှောင်နေပြီး လေးနက်သောအသံဖြင့်ပြောသည်။
"ကြည့်ရတာငါတို့လှည့်စားခံလိုက်ရပုံပဲ"
မုဖူရှန်းမျက်မှောင်ကြုတ်သည်။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်များကို ကုရှီနှင့်ချီပင်းတို့အား ပေးထားပြီးဖြစ်သည်။
အကယ်၍ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်နှင့်ပင် သူတို့သေသွားပါက ဒါကတဘက်လူတွင် လွတ်မြောက်အဆောင်ကို ကန့်သတ်ရန်အတွက် နည်းလမ်းတစ်ခုရှိသည်ဟု ဆိုလိုနေခြင်းပင်။
တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်၏ အမူအရာက အနည်းငယ်ကြည့်ရဆိုးသွားသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက လူသုံးယောက်လုံး သေသွားခဲ့ရလေပြီ။
ဒီလိုဆိုပါက ဟောင်ကျန်းဟန်ကို ရှင်းပြရန် ခက်ခဲသွားလေပြီ။
တကယ်တမ်းတွင် သူက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ကျေးဇူးတင်ရပေမည်။
ဒါ့အပြင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း တည်ထောင်သူ၏ အမွေအနှစ်ကိုလည်း သူအမွေရခဲ့သည်။
"ဒါပေမယ့် ဒီလိုအချိန်မှာ ငါတို့ပရမ်းပတာဖြစ်နေလို့မရဘူး"
ယဲ့ချိုးပိုင်လေးနက်စွာပြောသည်။
"တကယ်လို့ငါသာ ထိတ်လန့်နေမယ်ဆိုရင် တဘက်သူရဲ့ထောင်ချောက်ကို ကျသွားရလိမ့်မယ်"
လူတိုင်းခေါင်းညိတ်သည်။
ထို့နောက် ယဲ့ချိုးပိုင် မုဖူရှန်းအားကြည့်ကာမေးသည်။
"အဆောင်ကိုရေးထွင်းပြီးဖို့ ဘယ်လောက်ကြာဦးမလဲ"
မုဖူရှန်းတုံ့ဆိုင်းမနေပေ။
"အမြန်ဆုံးနှစ်ရက်ပဲ"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ နှစ်ရက်အကြာမှာ ကုရှီနဲ့ ချီပင်းတို့ မတော်တဆဖြစ်ခဲ့တဲ့ နေရာကို သွားပြီး ငရဲဂိုဏ်းရဲ့သဲလွန်စတွေကို စရှာဖို့အတွက် တစ်ယောက်ယောက်ကို ရွေးချယ်ရမယ်"
သူတို့တိုက်ခိုက်လာသဖြင့် မဖျက်နိုင်နေသရွေ့ နောက်တွင် သေချာပေါက် ခြေရာများ ကျန်ခဲ့ရပေလိမ့်မည်။
ဒီခြေရာများကနေတစ်ဆင့် ငရဲမြို့၏ တည်နေရာကို ရှာရန် ဖြစ်နိုင်ချေရှိသည်။
"တဘက်က တိုက်ခိုက်ဖို့အတွက် ပဏာမခြေလှမ်းလှမ်းလာခဲ့ပြီး ငါတို့လူနှစ်ယောက်ကို သတ်ပစ်ခဲ့တယ်" ယဲ့ချိုးပိုင် လူတိုင်း၏ မျက်နှာကို ကြည့်ပြီး လေးနက်စွာပြောသည်။
"ဒီတော့ ဒီစစ်ပွဲကလည်းစနေပြီ"
"ဒီစစ်ပွဲမှာ မင်းသေရင်သေ၊ မဟုတ်ရင်ငါသေရမယ်၊ ငါတို့သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးဆုလာဘ်ကိုရချင်ပြီး ရှင်ကျန်ချင်တယ်ဆိုရင် ငရဲမြို့ကို ဖယ်ရှားဖို့လိုအပ်တယ်"
ထိုစကားလုံးများကို ကြားသောအခါ အားလုံးက မျက်လုံးများ၌ သတ်ဖြတ်လိုသည့်ဆန္ဒများကို ဖော်ပြကြသည်။
ဒါက သေမင်းဝိဉာဉ်မြို့၏ ဆုလာဘ်များအတွက်တင်မဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်အသက်အတွက်လည်း ဖြစ်သည်။
တခြားတစ်ဘက်တွင် ငရဲမြို့၌....!
ငရဲမြို့တစ်ခုလုံးက အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည်။
သတ်ဖြတ်ခြင်းဆန္ဒက လေထဲတွင် ပြည့်နှက်နေသဖြင့် လေထုကို အလွန်အမင်း စေးကပ်နေစေသည်။
ငရဲမြို့၏ မြို့ရိုး၌ သွေးရောင်ချပ်၀တ်နှင့် ပုံရိပ်များက လက်ထဲတွင် လှံများကိုကိုင်ကာ မြို့ရိုးပေါ်တွင် ရပ်နေကြသည်။
ဒီပုံရိပ်များက မျက်နှာမဲ့နေကြသည်။
အလားတူပင် အသက်အော်ရာဟူ၍လည်းမရှိဘဲ သတ်ဖြတ်ခြင်းဆန္ဒကနေ သိပ်သည်းထားသည့် ရုပ်သေးတစ်ရုပ်နှင့်တူသည်။
ဒါက သေမင်းဝိဉာဉ်မြို့က ပေးသည့် လျော်ကြေးဖြစ်လောက်သည်။
ငရဲမြို့၌ လူရှစ်ယောက်သာရှိသည်။
ယခုအချိန်တွင် ငရဲမြို့အလယ်၌ ဧရာမကျောက်တိုင်သုံးခုက ဒီနေရာကို ဖိနှိပ်ထားသည်။
ဒါက မြေအောက်သရဖူမြို့ရှိ ဂူနှင့်ကွဲပြားသည်။
ထိုကျောက်တိုင်သုံးတိုင်၏အလယ်ဗဟိုတွင် သေတ္တာလေးတစ်လုံးသာရှိသည်။
သေတ္တာကစတုရန်းပုံရှိပြီး ကြိုးများက သေတ္တာနက်ကို ချည်ထားသည့်အလား သွေးရောင်ပုံစံကွက်များရှိသည်။
ငရဲဂိုဏ်းနှင့် ကောင်းကင်မြေအောက်ခန်းမမှ လူရှစ်ယောက်က လောလောဆယ် ကျောက်တိုင်အား ၀န်းရံထားသည်။
ကွေ့ကောရင် ပန်ရှီကို နက်မှောင်သည့် အမူအရာဖြင့်ကြည့်သည်။
"မင်းမှာစိတ်ဝိဉာဉ်တွေ လုံလောက်သင့်ပြီမလား"
ပန်ရှီခေါင်းညိတ်သည်။
"စမ်းကြည့်ကြရအောင်"
"တကယ်လို့ ငါတို့သေတ္တာကိုဖွင့်ပြီး ဘိုးဘေးကို အောင်မြင်စွာနှိုးထစေနိုင်ခဲ့ရင် ကျန်မြို့နှစ်မြို့က ပုရွက်ဆိန်တွေမှာ ခုခံဖို့အတွက် နေရာရှိမှာမဟုတ်တော့ဘူး"
"ငါတို့ငရဲဂိုဏ်းက ဒီတစ်ကြိမ် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို အုပ်ချုပ်မှာ"
ကွေ့ကောရင်နှာခေါင်းရှုံ့သည်။
"ငါလည်းဒီလိုပဲမျှော်လင့်ပါတယ်"
ထိုအချိန်တွင် ပန်ရှီအလံကိုထုတ်လိုက်၏။
ငရဲဂိုဏ်းမှ ကျန်သုံးယောက်ကလည်း အလံကို ထုတ်လိုက်ကြသည်။
အလံထဲတွင် ဝိဉာဉ်စွမ်းအားက အဆက်မပြတ် ဟစ်ကြွေးနေကြ၏။
ဒါက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ငရဲဂိုဏ်းက စုစည်းထားသည့် ဝိဉာဉ်စွမ်းအားများဖြစ်ကြသည်။
ပန်ရှီ အလံကို ကျောက်တိုင်အပြင်က မြေပေါ်၌ စိုက်လိုက်သည်။
ကျန်းချန်နှင့် ကျန်နှစ်ယောက်ကလည်း အလားတူလုပ်ကြသည်။
ထို့နောက် လက်အစုံဖြင့် ပန်ရှီ စည်းတံဆိပ်များအား ဆက်လက်ဖန်တီးနေသည်။
သွေးအဆောင်များက အလံတစ်ဝိုက်တွင် ပေါ်လာကြသည်။ သွေးအဆောင်ပေါ်လာခြင်းနှင့်အတူ အလံထဲက ဝိဉာဉ်စွမ်းအားကလည်း ညှဉ်းပန်းနှိပ်စက်ခံနေရသည့်အလား စတင်ဟစ်ကြွေးလာသည်။
သွေးအဆောင်အရေအတွက်က ပို၍တိုးလာလေလေ၊ ဝိဉာဉ်ကိုယ်ထည်များက အလွကနေ အဆက်မပြတ်ပျံထွက်လာကြ၏။
ပတ်၀န်းကျင်က ဝိဉာဉ်စွမ်းအားဖြင့် အပြည့်အ၀ ဝါးမြိုခံရစဉ် ပန်ရှီရုတ်တရက် မျက်လုံးဖွင့်ကာ လက်ကောက်၀တ်ကို လက်ချောင်းဖြင့် လှီးဖြတ်လိုက်သည်။
သွေးများက ဒဏ်ရာကနေစီးထွက်လာသည်။
ကျန်းချန်နှင့် ကျန်နှစ်ယောက်ကလည်း အလားတူလုပ်လိုက်ကြသည်။
လေးယောက်စလုံး၏သွေးက လေထဲတွင် အဆက်မပြတ်မြည်ဟီးနေသည့် စိတ်ဝိဉာဉ်စွမ်းအားကို အမှန်တကယ် ၀န်းရံထားသည်။
သွေးအဆောင်နှင့်ဒွန်တွဲရင်း ၎င်းက ဒီဝိဉာဉ်စွမ်းအားလုံးများကို သေတ္တာ၀န်းကျင်သို့ သယ်ဆောင်လာသည်။
သေတ္တာထဲက သွေးပုံစံကွက်များက ထူးခြားတာတစ်ခုခုကို ခံစားမိသည့်အလား အနီရောင်အလင်းတစ်ခုကို စတင်ထုတ်လွှတ်သည်။
ကျောက်တိုင်သုံးတိုင်က တစ်ချိန်တည်းတွင် စတင်တုန်ခါလာကြ၏။
ကြယ်ရောင်ချိပ်ပိတ်စွမ်းအားသီးကြောင်းများက စတင်ပေါက်ကွဲလာကြ၏။
ပန်ရှီအော်ဟစ်သည်။
"ကွေ့ကောရင်၊ မင်းအလှည့်ရောက်ပြီ"
ဒါကိုကြားသောအခါ ကွေ့ကောရင် အေးစက်စွာ နှာခေါင်းရှုံ့ရင်း လက်ကိုဝှေ့ယမ်းသည်။ စေတီလေးတစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါ်လာသည်။
ဒီစေတီမျှော်စင်လေးက စုမုယောင်နှင့် ကျန်သောသူများကို ကိုင်တွယ်ရန်အတွက် ပန်ရှိသုံးခဲ့သည့် မျှော်စင်လေးဖြစ်သည်။
ဒါက သေမင်းဝိဉာဉ်မြို့က ချပ်ပိတ်စွမ်းအားကို ဆော်ဩနိုင်သည်။
ဒီစေတီလေးကို မူလက ကောင်းကင်ပြာမြစ်ဝါနန်းတော်က ပိုင်ဆိုင်ခဲ့ခြင်းပင်။ ထိုအချိန်က သူတို့ကပန်ရှီကို ခဏတာကြာ ငှားယမ်းခဲ့ခြင်းသာ။
စေတီလေးပေါ်လာသည့်အချိန်တွင် ကျောက်တိုင်သုံးတိုင်က ထုတ်လွှတ်သည့် ချိပ်ပိတ်စွမ်းအားက သေတ္တာ၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို တားဆီးရန်ဖြစ်သော်လည်း ယခုတွင်မူ စေတီလေးက ၎င်း၏တစ်စိတ်တစ်ပိုင်းကို ဆွဲဆောင်နေသည်။
ထို့နောက် အနီရောင်အလင်းကို ထုတ်လွှတ်နေသည့် သေတ္တာပေါ်မှ သွေးရောင်ပုံစံကွက်များက ပို၍ပို၍ပင် အားကောင်းလာကြသည်။
သေတ္တာက အနည်းငယ်ပွင့်လာပြီး ဝိဉာဉ်စွမ်းအားများကို စတင်ဝါးမြိုသည်။
ဂျုန်း......!
ပန်ရှီနှင့်ကျန်သောသူများ၏ စိတ်လှုပ်ရှားနေသည့် အကြည့်များအောက်တွင် ပတ်၀န်းကျင်က လေဟာနယ်က စတင်တုန်ခါလာသည်။
သေတ္တာက ဖြည်းဖြည်းချင်းစတင်ပွင့်လာခဲ့သည်။
အပိုင်း(699) coming။