ကျွန်တော့်ကို လေ့ကျင့်ပေးစေချင်တယ်
Vol. 8 Ch. 106
"ချန်ယန်တောင်အနီးက ကန့်ညောင်၊ နတ်တွေနဲ့ မြေခွေးမျိုးနွယ်တွေ အားလုံးကို စုစည်းပြီး အမွှေးတိုင်တွေ ပူဇော်လိုက်ပြီ.... ဒီစွမ်းအားနဲ့ဆို တောင်တန်းအရှင်ကို ပြန်အသက်သွင်းဖို့ လုံလောက်သင့်တယ်မလား"
အဘွားရှား၊ ချင်းယန်နဲ့ ဟူရှောင်လျောင်တို့ ဟွမ်ဖောရွာကို စိတ်လှုပ်ရှားစွာနဲ့ ရောက်လာကြပေမယ့် ချန်ရှီက သူ့အိမ်မှာ မရှိနေချေ။
"ချန်ရှီ တောင်တန်းအရှင်ကို ထပ်ယူသွားပြန်ပြီလား? သူ ဒီတစ်ခါ ဒုက္ခရောက်ရင်တောင် အရင်ကလောက် ကံမကောင်းတော့မှာပဲ ကြောက်ရတယ်..."
"သူ ချန်ယန်တောင်ပေါ်က မထွက်ခွာသရွေ့ အမွှေးနံ့သာရနံ့က သူ့ဆီ လွှမ်းသွားလိမ့်မယ်"
အဘွားရှားက ဝိညာဉ်ခေါ်အဆောင်လက်ဖွဲ့ကို ထုတ်ယူပြီး။
"အခု သူ့ကို ဝိညာဉ်ခေါ်တဲ့ စွမ်းအင်နဲ့ ရှာကြည့်မယ်"
ခဏအကြာတွင် သူမသည် ထူးဆန်းသောအကြည့်ဖြင့် ကောင်းကင်ကို မျှော်ကြည့်ကာ
"ဝိညာဉ်ခေါ်အဆောင်လက်ဖွဲ့က သူအခု ကောင်းကင်မှာ ရှိနေတယ်လို့ ပြနေတယ်..."
ချင်းယန်နဲ့ မုတ်ဆိတ်မွေးတို့ အံ့အားသင့်သွားသည်။
အဘွားရှား: "သူက ရွေ့နေတယ်... အရမ်းမြန်တယ် အခု မိုင်သုံးရာအထိ ရောက်သွားပြှ!"
ချင်းယန်နဲ့ မုတ်ဆိတ်မွေးတို့ ထိတ်လန့်သွားကြ၏။ သူတို့ဟာ တိမ်တွေကြား၊ မြူခိုးတွေကြား ပျံသန်းသွားနိုင်ပေမယ့် ချန်ရှီ ဘယ်တုန်းက ဒီလောက် အရှိန်မြန်သွားတာလဲ။
"သူ တောင်တန်းအရှင်ကို ထိန်းချုပ်ပြီး နတ်သန္ဓေသားလို ဆက်ဆံဖို့ ဘုံကျောင်းငယ်လေးကို သုံးနေတာများလား"
မုတ်ဆိတ်မွေးကြီးရဲ့ မျက်နှာလည်း အညစ်အကြေးတွေ ပေကျံနေသလို မည်းမှောင်ကာ ရုပ်ဆိုးသွားတော့သည်။ တောင်တန်းအရှင်ကို ထိန်းချုပ်ပစ်တာက ရာဇ၀တ်မှုကြီးပဲနော်။
အဲဒီလိုသာ ဆိုရင် တောင်များနှင့် လွင်ပြင်တစ်လျှောက်ရှိ နတ်များနှင့် နတ်ဘုရားများသည် ချန်ရှီရဲ့ရန်သူများ ဖြစ်လာနိုင်သည်။ ဆန်းကြယ်ဝိညာဥ်ကတော့ ချန်ရှီကို တိုက်ခိုက်လာပေလိမ့်မည်။
တောင်တန်းအရှင်က ဝိညာဉ်အသွင်အပြင်ကို စုရုံးစေဖို့ ချန်ရှီအား ကိုးကွယ်ခဲ့ရသည့်အတွက် လူအများဆီက ပြစ်တင်ဝေဖန်တာတွေကို ခံရမှာ စိုးရိမ်နေခဲ့ကြသည်။
အဘွား: “မိုင်သုံးရာမှာ ရွှေ့တာ ရပ်သွားပြီ!”
ချင်းယန်: "မိုင်သုံးရာဝေးတယ်... အဲဒီနေရာက ရှင်းရှန်ပြည်နယ်ရဲ့ မြို့တော် ဖြစ်နိုင်တယ်"
မုတ်ဆိတ်မွေးနဲ့ လူကြီးက "သူက ပြည်နယ်မြို့တော်ကို သွားတာလား... အဲဒီကို ရောက်သွားရင် သူက ဘာကြီးပဲဖြစ်ဖြစ် သူလုပ်ချင်တာကို လုပ်ခွင့်ပေးလို့ မဖြစ်ဘူး"
သူတို့သုံးယောက်မှာ ချန်ရှီသည် ကမ္ဘာကြီး ထိတ်လန့်တုန်လှုပ်သွားမှာကို ဂရုမစိုက်ဘဲ မှော်ပညာကို အသုံးချတော့မယ်လို့ တွေးနေတဲ့ အချိန်မှာပဲ မမျှော်လင့်ဘဲ ခရီးတစ်ဝက်လောက်မှာပဲ အဘွားရှားက ထအော့၏။
"တစ်ဆယ်လေး ပြည်နယ်မြို့တော်က ထွက်သွားပြီ.... နေဦး... သူ ဒီကို အမြန်ပြေးလာနေတယ်... အရမ်းမြန်တယ် သူ ချန်ယန်တောင်ကို ပြန်ပြေးလာနေတာပဲ..."
သုံးယောက်သား အမြန်လှည့်ကာ နောက်သို့ ပြေးသွားကြသည်။
အဘွားရှားသည် သူမ၏ ဦးတည်ရာကို ချိန်ညှိနေကာ တောင်ပေါ်သို့ ရောက်သောအခါတွင် သူမ လန့်ဖျပ်သွား၏။
"တစ်ဆယ်လေး သွားတဲ့နေရာက တောင်တန်းအရှင်ဘုံကျောင်းပဲ... ဒါပေမဲ့ ဘုံကျောင်းအသစ်က ဘယ်မှာလဲဆိုတာ ငါ မပြောခဲ့ဖူးသလိုပဲ... သူ အဲဒီနေရာကို ဘယ်လိုလုပ် သိသွားတာလဲ"
သူတို့သုံးယောက်သည် ကျားခေါင်းတောင်ထွတ်ရှိ ဘုံကျောင်းအသစ်ရှေ့သို့ ရောက်ရှိလာသောအခါတွင် တောင်တန်းအရှင်က ချန်ရှီ ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီး ကျောက်ရုပ်ထုထဲသို့ ဝင်ရောက်သွားတာ တွေ့လိုက်ရသည်။
သူတို့သုံးယောက်သည် ဘုံကျောင်းထဲသို့ ဝင်လိုက်သည်နှင့် ချန်ရှီက တောင်တန်းအရှင် ရုပ်ထုရှေ့တွင် ပထမဆုံး အမွှေးတိုင်ကို ထွန်းထားတာ တွေ့လိုက်ရသည်။
"အဘွားတို့လည်း ရောက်လာပြီလား... တောင်တန်းအရှင်ကို အမွှေးတိုင် ပူဇော်ဖို့ လုပ်နေတာနဲ့ အတော်ပဲ"
ချန်ရှီက သူတို့ကို မြင်တော့ ပြုံးပြသည်။
ယခု တောင်တန်းအရှင်က ကျောက်ဆင်းတုတော်သို့ ပြန်ဝင်သွားပြီ။ သူ့မှာလည်း နတ်သန္ဓေသား မရှိတော့ပေမယ့် ပျော်ရွှင်နေလား ဝမ်းနည်းနေလား မသိရဘဲ သူ့စိတ်ထဲတွင် ဗလာဖြစ်နေသည်။
မူလက သူသည် တောင်တန်းအရှင်နဲ့ ကျားဝါကို သူ့သူ့အား ကာကွယ်ရန်နှင့် ကျင့်ကြံရာတွင် ကူညီပေးရန်အတွက် သူ၏သေးငယ်သော ဘုွကျောင်းထဲတွင် အမြဲနေနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် အိပ်မက်တစ်ခုသာ ဖြစ်လာခဲ့သည်။
သို့သော် တောင်တန်းအရှင်ကို ဘုံကျောင်းငယ်ထဲမှာ နေခိုင်းဖို့ကလည်း လွန်စွာ အန္တရာယ်များလှသည်။ တောင်တန်းအရှင်ကို ပြန်မထုတ်ရင်လည်း သူ့ပတ်ဝန်းကျင်ရှိ လူများကို ထိခိုက်စေနိုင်သည်။ အမှန်တရားကို သူ သိသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်နေသေးသည်။
သူ့မှာ နတ်သန္ဓေသားလေး မရှိသေးချေ။
အဘွားရှားတို့ သုံးယောက်ကတော့ လူငယ်လေး ဘာတွေတွေးနေမှန်းကို မသိကြဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တောင်တန်းအရှင်ကို အမွှေး နံ့သာပေါင်း ပူဇော်ပြီး နောက်ပြန်ဆုတ်ကာ ဘုံကျောင်းထဲက ထွက်လာကြသည်။
"တစ်ဆယ်လေး မင်းကဘာလို့ ဒီကိုရောက်နေတာလဲ"
ချန်ရှီက အားတက်သရောနဲ့ တောင်းတန်အရှင်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူနဲ့အတူ ပျံသန်းသွားတဲ့ ပုံပြင်ကို ပြောပြလိုက်တော့ သုံးယောက်သား အံ့သြတုန်လှုပ်သွားကြသည်။
"သူက မင်းရဲ့ကန့်ညောင်ကို တွေ့ဖို့သွားတာလား... မင်းရဲ့ ကန့်ညောင်က သူ့ကိုဘာပြောတာလဲ"
ချင်းယန်: "သူက မင်းရဲ့ကန့်ညောင်ကို တစ်ခုခုပြောပြီးပြီမို့ တစ်ခါလောက် ကင်းလှည့်ပြီး ကျောက်ရုပ်ထုထဲမှာ အိပ်ပျော်သွားတာပေါ့!"
မုတ်ဆိတ်မွေးနဲ့ လူကြီးကလည်း "ချင်းယန် ဒီတစ်ခါတော့ ပိုထက်မြက်လာပြီ... တစ်ဆယ်လေး မင်းကန့်ညောင်က ဘယ်သူလဲ တောင်းတန်အရှင်ကို ဘာပြောလိုက်တာလဲ..."
သူတို့ သုံးယောက်သည် တောက်ပသော မျက်လုံးများဖြင့် ချန်ရှီကို စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာများသည် မျှော်လင့်ချက်အပြည့်နှင့်။
ချန်ရှီက ခေါင်းယမ်းပြီး "ကျွန်တော်လည်း မသိဘူး ဘုံကျောင်းထဲမှာ ဆိုတော့ ဘာမှ မကြားရပါဘူး...တောင်တန်းအရှင်က အခု ဘုံကျောင်းထဲမှာ ရှိတယ်လေ.. ဘာလို့ သူ့ကို သွားမမေးတာလဲ"
အဘွားရှားလည်း ချက်ချင်းပင် ဘုံကျောင်းထဲသို့ ထပ်မံဝင်ရောက်ကာ အမွှေးတိုင်များကိုင်၍ မေးလေသည်။ ချင်းယန်နဲ့ မုတ်ဆိတ်မွေး ယောက်ျားတို့လည်း ဝင်သွားကြသည်။ ချန်ရှီ တခဏမျှ တုံ့ဆိုင်းနေပြီး သူတို့နောက်သို့ လိုက်မသွားဘဲ ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။
ကောင်းကင်ယံတွင် နေရောင်ခြည်နှစ်စင်းဟာ တောက်ပစွာ လင်းထိန်နေ၏။ ပူပြင်းလွန်းသဖြင့် အရေပြားပေါ်မှာ ပူလောင်တဲ့ ခံစားမှုမျိုးကိုပင် ခံစားရသည်။
"ရှင်းရှန်ပြည်နယ်မှာ မင်မင်းဆက် စစ်သားတွေ ဆင်းသက်တဲ့ မြင်ကွင်းက တောင်တန်းအရှင်ကို အတိတ်ကို ပြန်သတိရစေတာ ဖြစ်မယ်... ဒီမှတ်ဉာဏ်တွေကနေ သဲလွန်စနည်းနည်း ရှာတွေ့နိုင်ပါသေးတယ်"
ချန်ရှီ သူ့အကြည့်ကို ဆုတ်လိုက်ပြီး ဟေးကော်နဲ့ စကားပြောနေသကဲ့သို့ ရွတ်နေသည်။
"အဲဒီအချိန်တုန်းက ကောင်းကင်မှာ အလင်းတန်းတွေ ရှိနေတယ်... မင်မင်းဆက် စစ်သားတွေ မဆင်းသက်ခင်ကလည်း ကောင်းကင်မှာ နေနှစ်စင်းရှိတယ်... မင်မင်းဆက် မရောက်လာခင်ကတည်းက ကောင်းကင်ပြင်နတ်ဘုရားက ဒီကမ္ဘာပေါ်ကို ကြည့်နေတာ"
ထိုအချိန်တွင် ဟေးကော်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်လေ၏။ သူက ချန်ရှီဘေးသွားထိုင်ရင်း နားထောင်နေပေမယ့် ထိုမှတ်ဉာဏ်ကို မတွေ့ရတော့ပေ။ အဲဒီမှတ်ဉာဏ်တွေက တောင်တန်းအရှင်ရဲ့ မှတ်ဉာဏ်တွေလား၊ ကျားဝါရဲ့ မှတ်ဉာဏ်တွေလား။
"ကောင်းကင်ပြင်နတ်ဘုရားက ငါထင်ထားတာထက် အများကြီး ပိုရှေးကျတယ်... နတ်သန္ဓေသား ပေးတာက နောက်ပိုင်းမှ ပေါ်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်... နတ်ဘုရားက လူတွေကို ကျင့်ကြံတဲ့နေရာမှာ ကူညီပေးဖို့နဲ့ အန္တရာယ်ရှိတဲ့ တိုက်ကြီးမှာ ခြေကုပ်ရနိုင်အောင် ကူညီပေးခဲ့တယ်... နတ်ဘုရားက အနန္တတ ကုသိုလ်တရားပဲ..."
"ဒါပေမယ့် ဘုရင်ကျန်းခေတ် ဆုတ်ယုတ်သွားအောင် နောက်ပိုင်းမှာ ဘာဖြစ်သွားတာလဲ... ရှင်ကျိုးနဲ့ ဟွာရှရှန်ကျိုးတိုက်ကြား အဆက်အသွယ် ပြတ်တောက်သွားတော့ ဘာဖြစ်သွားတာလဲ"
ချန်ရှီ သက်ပြင်းချလိုက်ပြီး စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။
"တောင်တန်းအရှင် မရှိရင် ငါဘာလုပ်ရမလဲ... ငါ့ဘိုးဘွားပိုင်မြေရဲ့ နေရောင်ခြည်က ပျောက်ကွယ်သွားမှာလား... ကျင့်ကြံမှု အရှိန်က နှေးသွားမှာလား..."
ချန်ရှီသည် ဟေးကော် မှုန်မှိုင်းနေသော အကြည့်များဖြင့် ကြည့်လိုက်သည်။
ဟေးကော်မှာ စိတ်ပူပြီး သခင်ငယ်လေးကို ဘယ်လိုကူညီရမလဲ ဆိုတာကို တွေးနေချိန်မှာတော့ သခင်ငယ်လေးရဲ့ အကြည့်ကြောင့် ချက်ချင်းဆိုသလိုပဲ မော့ပြီး သတိနဲ့ကြည့်ကာ အချိန်မရွေး ထွက်ပြေးဖို့ အသင့်ဖြစ်နေပါပြီ။
"ဟေးကော်... မင်းငါ့ရဲ့ နတ်သန္ဓေသား လုပ်မလား"
ချန်ရှီပ မျှော်လင့်နေတဲ့အကြည့်နဲ့ "ငါ မင်းကို ဘုံကျောင်းထဲကို ခေါ်သွားလိုက်မယ်...မင်း နတ်ကွန်းမှာ ထိုင်...ငါက မင်းကို ထုတ်သုံးပြီး လေ့ကျင့်မယ်... ထွက်ပြေးမနေနဲ့လေ....ဟေ့ မင်းက သတ်ပုတ်ကောင်ပဲ... မင်းမှာ ညီအစ်ကိုရှိသေးလား....ငါမင်းကို ခွေးအစ်ကိုလို့ ခေါ်မယ်လေ... အစ်ကိုရယ် ကစားခွင့်ပေးပါ ငါ တစ်ခါတည်း ကစားမှာပါဆို"
ခွေးနှစ်ကောင်လိုပဲ တစ်ကောင်က ရှေ့ပြေးပြီး နောက်တစ်ကောင်က နောက်ကလိုက်နေသည်။
အမည်မသိ အကွာအဝေး တစ်ခုသို့ ပြေးလာပြီးနောက်တွင် အုံ့မှိုင်းသော လေက ရုတ်တရက် တိုက်ခတ်လာရာ လူတစ်ဦးနှင့် ခွေးတစ်ကောင်တို့ လျင်မြန်စွာ ရပ်တန့်ကာ ကောင်းကင်ကို မျှော်ကြည့်သည်။
နေနှစ်စင်း၏ရှေ့တွင် လခြမ်းတစ်ခု ပေါ်လာသည်။ လခြမ်းမှ ထုတ်လွှတ်သော လရောင်သည် တောင်များနှင့် ကွင်းပြင်များ တစ်လျှောက်ရှိ နတ်ဆိုးအချို့ နိုးထလာစေပြီး လှည့်ပတ်သွားလာစေသည်။
ဆိုးဝါးလွန်းသော လေသည် ယခုလေးတင် ခံစားဖူးသော အလွန်ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းနေသည်။
မကောင်းတော့ဘူး။ ရှဲ့အဆင့် နတ်ဆိုး။
ချန်ရှီ သူ့မျက်နှာကို အားတင်းပြုံးပြကာ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ မမြင်နိုင်တဲ့ လက်ကြီးတစ်စုံက ချက်ချင်းပင် သူ့လည်ပင်းကို ဖမ်းဆုပ်ကာ လည်ပင်းကို လှည့်ကာ လိမ်ပစ်လေသည်။
အဲဒီအကောင်ကြီးက အရမ်းစိတ်လှုပ်ရှားနေသည်။ သူ ဒီကောင်လေးကို မှတ်မိ၏။ သူ့လည်ပင်းကို ချိုးချင်လွန်းလို့ အကြိမ်ပေါင်းများစွာ ဖမ်းမိတိုင်း လည်ပင်းက ခါးထက်တောင် ပိုထူလာတာကြောင့် လည်ပင်းကို ချိုးဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
ဒီတစ်ကြိမ်မှာတော့ အခွင့်အရေးကို အလွန် ထက်မြက်စွာ ဆုပ်ကိုင်ထားပြီး သူ့ရဲ့ စွမ်းအင်နဲ့ သွေးတွေကို စုဆောင်းဖို့ အချိန်မရခင်မှာ ဖမ်းမိသွားပြီ။ ဒီတစ်ခါ သေချာပေါက် သူ့လည်ပင်းကို ဖြတ်နိုင်ရမည်။ နတ်ဆိုးက အားတင်းထားရင်း ခရီးဆက်မယ်အလုပ် ရုတ်တရက် သူ့လက်ထဲမှာ ဗလာဖြစ်သွားသည်။
နတ်ဆိုး လှည့်စားခံလိုက်ရပြီ။ သူ ရုတ်တရက် ဘုံကျောင်းတစ်ခုထဲ ရောက်နေ၏။ ဘုံကျောင်း အပြင်ဘက်သို့ အပြေးအလွှား ပြေးထွက်လာပေမယ့် နားမလည်နိုင်လောက်အောင် ပြန်ထွက်လို့မရ ဖြစ်နေတာကြောင့် အထိတ်တလန့် ဖြစ်လာသည်။
ထိုအချိန်တွင် လှိုင်းလုံးတစ်ခု ဝင်လာပြီး လေကဟုန်းခနဲ တိုက်ခတ်သွားရာ လည်ချိုးနတ်ဆိုးလည်း ထိတ်လန့်သွား၏။ အခုသူက တခြားသူရဲ့ ကစားစရာ ဖြစ်လာပြီ။
ချန်ရှီ အလင်းသုံးပါးကျင့်စဥ်ကို စိတ်လှုပ်ရှားစွာ အသက်သွင်းလိုက်သည်။ ကြယ်ပွင့်ကြီးပေါ် တစ်လှမ်း လှမ်းတက်လိုက်တာနဲ့ သူ့လက်များကို ဆန့်ထုတ်ကာ ရှေ့ကို လှမ်းထိုးလိုက်သည်။
ဟူး--!
မှောင်မိုက်သောလေသည် သူ့ခေါင်း အနောက်ဘက်ရှိ ဘုံကျောင်းကြီးမှ ပြေးထွက်လာရာ ပေတစ်ရာအကွာရှိ သစ်ပင်ကြီးတစ်ပင်ကို မမြင်နိုင်သော ဧရာမလက်တစ်စုံဖြင့် ဖမ်းဆုပ်ထားလိုက်သည်။ နောက်ဆုံးတွင် ထိုစွမ်းအားကို မခံနိုင်တော့တဲ့ သစ်ပင်ကြီးက ပေါက်ကွဲသွားကာ လွှစာနှင့် သစ်ရွက်များသာ လမ်းကြောင်းအနှံ့ လွင့်ပျံသွားခဲ့သည်။
ချန်ရှီ လေ့ကျင့်နေတာကို ရပ်တန့်လိုက်သည်။ သူက ထိုတစ်စစီ ဖြစ်သွားသော သစ်ပင်ကို ငေးကြည့်ရင်း ရုတ်တရက် အော်ဟစ်ကာ ခုန်ထလိုက်သည်။ သူ့ခန္ဓာကိုယ်ကို လေထဲ၌ ကျွမ်းပစ်မှုများစွာ ပြုလုပ်ပြီးနောက် တင်ပါးပေါ် လက်တင်ကာ ရယ်မောလိုက်သည်။
"ဟေးကော်... ငါ မင်းကို မလိုတော့ဘူး! ငါ ဒီရှဲ့ကိုဖမ်းပြီး လေ့ကျင့်လို့ရတယ်!"
သူအရမ်း ဂုဏ်ယူနေတာကြောင့် ဟေးကော်ရှေ့မှာ ခါးထောက်ပြီး ဆိုနေ၏။
"ဟေးကော်... ငါ အခုကစပြီး ချန်ယန်တောင်ပေါ် လမ်းလျှောက်ထွက်တော့မယ်!"
ဟေးကော်ကလည်း သူ့ကို သဘောကျစွာ ကြည့်နေသည်။ ချန်ရှီသည် ကျောက်တုံးကို ရွှေ့ဖို့ လည်ချိုးနတ်ဆိုးကို ထိန်းချုပ်သည်။ ၎င်းနာမည်က ကျဲရှုးချိုက် ဖြစ်သည်။ ကျဲရှုးချိုက်ကို ထိန်းချုပ်ကာ ရေကို လက်ဝါးကြီးနဲ့ ရိုက်ကြည့်သလို ဟေးကော်ကိုလည်း လေထဲ မြှောက်ခိုင်းလိုက်သည်။ ဟေးကော်ဟာ လေနဲ့အတူ အရှေ့ကို ပြေးလွှားသွားကာ လျှာတောင် လေအားကြောင့် လွင့်ပါလုမတတ် ဖြစ်သွားသည်။
"ကျဲရှုးချိုက်ကို သုံးပြီး ငါ့ကိုယ်ငါ လေပေါ်တင်လို့ ရမလား မသိဘူးနော်... စမ်းကြည့်ရင် သိမှာပဲ..."
သူ စိတ်လှုပ်ရှားစွာ ကျဲရှုးချိုက်ကို ထိန်းချုပ်လိုက်သည်။ နောက်အခိုက်အတန့်မှာတော့ သူဟာ မြေပြင်မှ ဆယ်ပေကျော်သာ မြင့်သော လေထဲတွင် လွင့်မျောနေတာ တွေ့လိုက်ရကာ ဟေးကော်ကလည်း သူနဲ့အတူ မျောပါနေသေးသည်။
လေအေးကြောင့် လူတစ်ဦးနှင့် ခွေးတစ်ကောင်တို့ တောင်ပေါ်မှ အားတက်သရော ပြန်ပြေးဆင်းလာခဲ့သည်။
......
တောင်ခြေရင်းမှာ လှည်းတန်းကြီး တစ်ခုသည် တန်းစီလျက် တောင်တန်းများပေါ်မှ ဖြတ်သန်းနေကြသည်။ နတ်ဆိုးတွေရှိပေမယ့် လှည်းပေါ်မှာ အဆောင်လက်ဖွဲ့တွေ ဆွဲထားသရွေ့တော့ နတ်ဆိုးတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးပါလိမ့်မည်။
ထို့အပြင် ကုန်သည်အဖွဲ့သည် ခရီးသွားသည့်အခါတွင် လှည်းများကို လိုက်ပါပို့ဆောင်ရန် ပညာရှင်အများအပြားကို ငှားရမ်းရမည် ဖြစ်ပါသည်။ ပညာရှင်များဟာ နာမည် ကျော်ကြားသော်လည်း နှစ်စဉ် ငါးကြင်းမြစ်လို သိုင်းလောကထဲ ဖြတ်ကူးနေကြသည့် ပညာရှင်များ ရှိနေသရွေ့တော့ ပိုက်ဆံရတာနဲ့ ဘယ်အလုပ်ကိုမဆို လုပ်လိုကြသည်။
ထို့ပြင် ပညာရှင်တွေဟာ နွားထက်အစားနည်းကာ နွားထက်သာသော ခွန်အားရှိကြသေး၏။ အဲဒီလိုလူတွေက ငှားတဲ့အခါ စျေးနှုန်းကြီးမြင့်ရုံတင်မကဘူး ဇီဇာလည်း ကြောင်ကြသည်။ ဒီတခေါက် စီးပွားရေး ခရီးစဉ်မှာ ပညာရှင် နှစ်ယောက်ကို တလမ်းလုံး လိုက်ပို့ပေးဖို့ ငှားရမ်းခဲ့သည်။
"အားလုံးသတိထား... လက မျက်လုံးပွင့်သွားပြီ... နတ်ဆိုးတွေကို ရောက်လာတော့မယ်"
ပညာရှင်တစ်ဦးက အော်နေသည်။
"လှည်းတစ်စင်းစီမှာ အဆောင်လက်ဖွဲ့တွေ ပြုတ်ကျနေလား ဒါမှမဟုတ် ခြစ်ရာတွေ ဘာတွေ ခြစ်မိထားလား စစ်ဆေးကြည့်ကြပါ... တစ်ခုခု အပြောင်းအလဲရှိရင် အချိန်မီပြောပါ"
သူစကားမပြီးခင်မှာ တစ်ဖက်က ချောက်ကမ်းပါးကနေ အသားလက်တံကြီး တစ်ဖက် ထွက်ပေါ်လာသည်။ အပြင်ဘက်မှာ အနီရောင်ဖြစ်ပြီး အောက်ဘက်မှာတော့ အဖြူရောင် ဖြစ်သည်။ ပါးစပ်ထဲမှာ နှုတ်သီးနဲ့တူတဲ့ သွားတွေလည်း ရှိကာ လက်တံစုပ်ခွက်ကြီးက ကုန်သည်တစ်ယောက်ရဲ့ လက်ကို လှမ်းကိုင်လိုက်သည်။
စီးပွားရေး ကုန်သည်က အော်ဟစ်နေပေမယ့် သူ့ပါးစပ်နဲ့ နှာခေါင်းတွေကို လက်တံက ပိတ်ဆို့ထားတာကြောင့် ညည်းတွားသံတွေသာ ထွက်နေခဲ့သည်။ ချောက်ကမ်းပါးပေါ်ရှိ အပေါက်တစ်ခုမှ အမည်းရောင် လက်တံများ ပြေးထွက်လာပြီး လေထဲတွင် ပျံဝဲကာ လူအားလုံးကို ဖမ်းဆုပ်လိုက်သည်။
ထိုအကောင်က ပါးစပ်နဲ့ ကိုက်ထားသလိုမျိုး အမိအရ ကိုက်ပြီးနောက် လှိမ့်ကာ ဂူထဲသို့ ဆွဲငင်သွားသည်။ အသံကြားတော့မှ လူတိုင်းက အလျင်အမြန် မျှော်ကြည့်လိုက်ကြသည်။
ပညာရှင်နှစ်ယောက်ကလည်း ကျစ်ဝူရှဲ့သတ်ဓားကို လျင်မြန်စွာ အသက်သွင်းပြီး လက်တံများကို တစ်ခုပြီးတစ်ခု ဖြတ်လိုက်သည်။ ဒါပေမယ့် အဲဒီအခါမှာ လက်တံနှစ်ချောင်းက ပျံထွက်လာကာ သူတို့ နှစ်ယောက်ကိုပါ ဖမ်းပြီး ဂူထဲကို ဆွဲခေါ်သွားလေပြီ။
ရှဲ့အဆင့် တုံ့ဟွေ!
မှောင်မည်းပြီး စိုစွတ်သော လိုဏ်ဂူများထဲတွင် နေထိုင်မျိုးပွားတတ်တဲ့ မကောင်းဆိုးဝါးတစ်မျိုးဖြစ်သည်။ မူလက ထိုနတ်ဆိုးရဲ့ စိုစွတ်သော အသွေးအသား ဘောလုံးလိုပင်။ ထို့နောက် လရောင်ကို စုပ်ယူရင်း အချိန်ကြာလာသည်နှင့်အမျှ မကောင်းမှု ရှဲ့တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဒီလို နတ်ဆိုးမျိုးက အလွန်တွေ့ရခဲသည်။ ၎င်းတို့က အမဲလိုက်ပြီးလျှင် ဂူက ပျောက်ကွယ်သွားတတ်သည်။ ထို့နောက် အခြားနေရာ၌ ပေါ်လာပြီး သားကောင်ကို ဖမ်းရန် ထောင်ချောက်များ ဆင်ထားတတ်တာကြောင့် ခုခံရန် ခက်ခဲစေသည်။
တုံ့ဟွေသည် ထိုစီးပွားရေးသမားများနှင့် ပညာရှင်တို့ကို ဖမ်းမိခဲ့ပြီးနောက် ၎င်းတို့ကို ပျော်ပျော်ရွှင်ရွှင် ဂူထဲသို့ ဆွဲခေါ်လာခဲ့သည်။ ရုတ်တရတ် သူတို့ရှေ့တွင် လွင့်မျောနေသည့် လူတစ်ယောက်နှင့် ခွေးတစ်ကောင်ကို ထပ်တွေ့လိုက်ရသည်။ ထိုလူငယ်က ၁၂ နှစ်ခန့်သာ ရှိသေးကာ ခေါင်းနောက်တွင် သေးငယ်သော ဘုံကျောင်းတစ်ခုကလည်း လွင့်မျောနေ၏။
နောက်အခိုက်အတန့်တွင် ဂူနှင့် တုံ့ဟွေတို့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားကြသည်။ လူအယောက် တစ်ဒါဇင်လောက်ကလည်း လေထဲတွင် လွင့်မျောနေရာမှ တဗုန်းဗုန်း အသံနှင့်အတူ လဲကျသွားသည်။
စီးပွားရေးသမားတစ်ဖွဲ့နှင့် ပညာရှင်နှစ်ဦးတို့မှာ အလွန်အမင်တုန်လှုပ်ခြောက်ခြားကုန်၏။ ထိုအချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားကာ တောထဲရှိ သစ်ပင်များ ယိမ်းထိုးသွားပြီး တစ်စုံတစ်ခုက ရုန်းရင်းဆန်ခတ်နဲ့ ထွက်ပြေးကြသည်။ တုံ့ဟွေကို ဝင်တိုက်ခိုက်သွားတာကလည်း နတ်ဆိုးတစ်ကောင် ဖြစ်နိုင်သည်။
ချန်ရှီသည် တုံ့ဟွေလေးကို ဘုံကျောင်းငယ်ထဲသို့ ခေါ်ဆောင်သွားသော်လည်း ဘုံကျောင်းငယ်လေးသည် အခြားဝိညာဉ်များ ဝင်ရောက်လာပါက မူလဝိညာဉ်များက လွတ်မြောက်သွားမည် ဖြစ်သည်။
ရှက်ကိုးရှက်ကန်းဖြင့် လွတ်မြောက်သွားသော လေပြင်းက သူအခုနက ဖမ်းမိခဲ့သော လည်ပင်းလိမ်ချိုးတဲ့ ကျဲရှုးချိုက်ပဲ ဖြစ်သည်။
"ဂူနဂါး တုံ့ဟွေက ပိုသန်မာသလိုပဲ.... ငါ့ကို ကူပြီး လေ့ကျင့်ပေးနိုင်မလား မသိဘူး"
ချန်ရှီ တွေးပြီးတာနဲ့ အလင်းသုံးပါးကျင့်စဥ်ကို စတင် အသက်သွင်းလိုက်သည်။ တုံ့ဟွေသည် ဤလျှို့ဝှက်ဆန်းကြယ်သော နေရာမှ လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းနေဆဲ အချိန်မှာပဲ ရုတ်တရက် ကောင်းကင်နှင့် မြေကြီးရဲ့ ဖြောင့်မတ်ခြင်းတရားများက သူ့တစ်ကိုယ်လုံးသို့ စိမ့်ဝင်လာလေသည်။
ချန်ရှီသည် သူ၏ ချီစွမ်းအင်များ လျင်မြန်စွာ လည်ပတ်နေတာကို ခံစားရပေသည်။ ချက်ချင်းပင် လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းထဲမှ သေးငယ်သော တဲလေးများမှ ပျံသန်းလာကာ ဆယ်ပေကျော်အထိ ရှည်ထွက်သွားသည်။ ၎င်းတို့က လေထဲတွင် အလွန်ထူထပ်ကာ နေရာတိုင်းကို ဖမ်းဆုပ်နိုင်လိုက်လေသည်။
"ဟေးကော်! ပျော်စရာကြီး!"
ချန်ရှီ စိတ်လှုပ်ရှားစွာ အော်ပြောသည်။
ဟေးကော်ကတော့ သူ့ကို ထိတ်လန့်စွာပဲ ကြည့်ပြီး ဟောင်နေသည်။ ဒါက တကယ် ပျော်စရာမကောင်းဘူးလို့ သူ့ကို ပြောပြလိုက်ချင်ပါ၏။
ညအချိန်တွင် တိမ်တွေကြောင့် လကွယ်နေတဲ့ ပတ်ဝန်းကျင်က မှောင်မည်းပြီး တိတ်ဆိတ်နေ၏။
ရုတ်တရက် လရောင်အောက်တွင် မြေခွေးအုပ်စုသည် လူတွေအတိုင်း မတ်တပ်ထရပ်ကာ သတို့သားလောင်းများကို ကြိုဆိုရန် တံပိုးမှုတ်သူက မှုတ်၊ ဗုံတီးသူကတီးဖြင့် ဆူညံနေကြသည်။
မြေခွေးကြိုဆိုရေးအဖွဲ့ရဲ့ အနောက်ဘက်မှာတော့ အေးစက်သော လေများကို သယ်ဆောင်လာတဲ့ အနီရောင်ဝေါယာဥ်တစ်စီးက လေထဲတွင် လွင့်ပျံကာ တေးဂီတအတိုင်း ကခုန်နေသည်။ ဝေါယာဥ်အတွင်းက သရဲသတို့သမီးသည် မှောင်မိုက်သောညတွင် တစ်ယောက်တည်း လက်ထပ်ရန် ခရီးထွက်လာပုံပါပဲ။
ထိုအခိုက်တွင် ပညာရှင်တစ်ယောက်သည် ညဘက် မျက်စိလည်ကာ သူမရှေ့မှာ ရုတ်တရက် ပေါ်လာ၏။ တစ္ဆေသတို့သမီးက အလွန်ပျော်နေပြီး တစ္ဆေမြေခွေးများကလည်း ပိုမိုပြင်းထန်စွာ မှုတ်ထုတ်ကာ ပညာရှင်ထံ ချဉ်းကပ်လာကြသည်။
နှစ်ပေအကွာ ရောက်တော့ လေပြင်းတစ်ချက်က ဝေါယာဥ် ကုလားကာကို မှုတ်ထုတ်လိုက်ရာ နောက်အခိုက်တွင် ပညာရှင်က ဝေါယာဥ်ထဲသို့ ပြုတ်ကျသွားသည်။
တစ္ဆေသတို့သမီးက လွန်စွာပျော်နေ၏။ သို့သော် ရုတ်တရက် ပတ်ဝန်းကျင်က လည်ပတ်သွားကာ သူမသည် ဘုံကျောင်းငယ်တစ်ခုထဲတွင် ပေါ်လာပြီး နတ်ကွန်းတစ်ခုပေါ်မှာ ထိုင်နေမိတာ တွေ့လိုက်ရသည်။
တစ္ဆေသတို့သမီးမှာ အကြီးအကျယ် တုန်လှုပ်ကာ ထွက်ပြေးချင်သော်လည်း ဘယ်လိုမှလည်း မတတ်နိုင်ပေ။
"ပျော်စရာကြီး!"
အနီရောင် ဝေါယာဥ်ထိုင်ခုံကြီးပေါ်က ချန်ရှီကတော့ ထိုင်နေဆဲ။ အရှေ့မှ သရဲ မြေခွေးများကလည်း တစ္ဆေဝေါယာဥ်ကြီးကို လေထုထဲမှာ လွင့်ပျံလာစေရန် တီးမှုတ်ကခုန်ရင်း တွန်းအားပေးနေကြသည်။
"ချန်ရှီ... နတ်ဆိုးတွေကြောင့် စိတ်ရိုင်းဝင်သွားတာလား"
အဝေးကနေ လှမ်းကြည့်နေတဲ့ အဘွားရှား၊ ချင်းယန်နဲ့ မုတ်ဆိတ်မွေးတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
အဘွားရှား: "တခြား နတ်ဆိုးတွေနဲ့ ယှဉ်ရင် ချန်ရှီက နတ်ဆိုးနဲ့ ပိုတူတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်"