ဂူထဲကို ဝင်ပါ
Vol. 8 Ch. 109
ယန်ရုံတို့ အဖွဲ့သည် တဲကျန်းမြစ်တစ်လျှောက်စီးပြီး ရေအောက်သို့ အမြန် ပြေးကြသည်။
ယခုတစ်ကြိမ်တွင် ၎င်းတို့၏ ဦးငယ်လေး ယန်ကျင့်စီး မွေးမြူထားသော နဂါးသည် ရွှမ်ဝူနန်းဆောင်ရဲ့ နဂါးရေကန်ထဲမှ ပြေးထွက်ကာ မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်သူအချို့ ရေနစ်သေဆုံးသွားစေခဲ့သည်။
ဦးလေး ယန်ကျင့်စီးက မိုးကြိုးခရိုင်ကို ပြောင်းရွှေ့လာခဲ့တာ ဆယ်နှစ်ကြာသွားပါပြီ။ သူသည် ထိုနဂါးကို အလွန်နှစ်သက်ပြီး ရှောင့်ရှန့်ဟုပင် နာမည်ပေးခဲ့သည်။ ရှောင့်ရှန့်ဟူသော အမည်မှာ အကောင်းဆုံး၊ အကြီးမြတ်ဆုံးဟု အဓိပ္ပာယ်ရသည်။ ဤနဂါးသည် ဦးငယ်လေးရဲ့ ချစ်ခြင်းမေတ္တာကို နားလည်ကာ လူတွေအပေါ်လည်း နားလည်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
နဂါးနာမည်က ကောင်းပေမယ့် စရိုက်ကတော့ မကောင်းချေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖြစ်အပျက်ကြောင့် ဦးလေးက ဒေါသကြီးပြီး ရှောင့်ရှန့်ကို အကြာကြီး ပြစ်တင်ဆုံးမခဲ့သည်။ ယန်ရုံ နဲ့ တခြားသူတွေက သူ့ကို တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ စည်းရုံးပြီးမှသာ သူ့ဦးလေးက ရုပ်ဆိုးတဲ့ လုပ်ရပ်တွေ ရပ်သွားခဲ့သည်။
ထို့ကြောင့် နဂါး ရှောင့်ရှန့်က ယန်ရုံတို့နဲ့ အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိ၏။ ၎င်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို သန့်စင်ပေးတာ၊ တာအိုဘာသာကို သင်ကြားပေးတာတွေ မကြာခဏ ပြုလုပ်ပေးခဲ့ရာ သူတို့လည်း အဲဒီကနေ အများကြီး အကျိုးခံစားခဲ့ရပြီး နဂါးနဲ့ သူတို့ရဲ့ ဆက်ဆံရေးကလည်း ပိုအားကောင်းလာသည်။
နဂါး ရှောင့်ရှန့်ဟာ တစ်နှစ်လျှင် တစ်ကြိမ် အသွင်ပြောင်းသည်။ ရွှေအမြုတေကို တစ်နှစ်လျှင် တစ်ကြိမ် သန့်စင်ခြင်းသာ ဖြစ်၏။
"ဦးလေး ရှောင့်ရှန့်က ရွှေအမြုတေ ကိုးကြိမ်မြောက် သန့်စင်ရမယ့် အခြေအနေကို ရောက်နေပြီ... အဲဒါကြောင့် ဒီနဂါးက အရမ်းအရေးကြီးတယ်... နဂါးရေကန်ကနေ လွတ်မြောက်ဖို့ ခွင့်တောင်းပြီး ရွှေအမြုတေကို သန့်စင်ချင်ခဲ့တာ... ရှောင့်ရှန့် နဂါးအသွင် ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ယန်ရုံ စိတ်ပူပြီး "အရင်တုန်းက ဦးလေးရှောင့်ရှန့်က သူ့အသွင်ပြောင်းပြီးရင် ပြန်လာတတ်တယ်... ဒါပေမဲ့ ဒီတစ်ခါတော့ ပြန်မလာသေးဘူး... လူကို စိတ်ပူအောင် လုပ်နေသလိုပဲ... ထွက်ပြေးပြီး ဘယ်တော့မှ ပြန်မလာနိုင်ဘူးဆိုရင် နှစ်တွေအကြာကြီး ငါ့ဦးလေးရဲ့ ဝီရိယစိုက်ထုတ်ထားတာတွေက ပျက်စီးသွားမှာ မဟုတ်ဘူးလား"
ယန်ချင်း: "အစ်ကိုယန်ရုံ မင်း အရမ်းစိုးရိမ်နေတာ ဖြစ်မှာပါ... ဦးလေးရှောင့်ရှန့် အစတုန်းက နည်းနည်း ရမ်းကားပေမယ့် ဒီနှစ်တွေထဲ ငါတို့နဲ့ ပေါင်းလာပြီးတော့ ဆွေမျိုးတွေလိုတောင် ဖြစ်လာပြီလေ...ငါတို့ကို ဆွေမျိုးတွေလို့တောင် မှတ်ယူခဲ့တာ သူ ထွက်သွားချင်ရင် လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ကတည်းက ထွက်သွားပြီးလောက်ပြီ... ဘယ်လိုမှ မထားခဲ့နိုင်ဘူး ငါတို့ကို မိသားစုလို သဘောထားလို့ ဒီမှာပဲ နေခဲ့တာ..."
ယန်ဖောင့်နဲ့ ယန်ရှော့ကလည်း ခေါင်းညိတ်ပြကြသည်။
လူအုပ်ကြီးက အရှိန်ပြင်းပြင်းနဲ့ ရေကြီးနစ်မြုပ်ပြီး ကျန်ခဲ့တဲ့ အပျက်အစီးတွေ ရှိတဲ့ ရွာတွေကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာကြသည်။ ခဏကြာတော့ ယန်ဖောင့်က ရုတ်တရက် ထပြောလိုက်သည်။
"ချန်ရှီက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တကယ် သေသွားပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ အသက်ပြန်ရှင်လာခဲ့တာလား... သူသေနေတာပဲ ကြာပြီ အခုထိ ပြန်အသက်ဝင်လာနိုင်သေးလို့လား "
ယန်ချင်းနဲ့ ယန်ရှော့ကလည်း အလားတူပြဿနာကို စဥ်းစားနေတာကြောင့် ယန်ရုံကို လှမ်းကြည့်လိုက်ကြသည်။ ယန်ရုံက ရွှမ်ဝူနန်းဆောင် ယန်မိသားစု၏ အထူးချွန်ဆုံး တပည့်ဖြစ်သည်။ သူသည် မျိုးနွယ်စု၏ တပည့်များဆီကလည်း လေးစားမှုကို ခံစားရသည်။
"သေချာတယ် ချန်ရှီက သေရာကနေ ပြန်ရှင်လာခဲ့တာ...."
ယန်ရုံက မြင်းပေါ်မှာ ထိုင်ပြီး ရှင်းပြသည်။
"ရှီးကျင်းက လူကြီးတွေဆိုရင် အဲ့သတင်းကို ကြားတော့ အရမ်းထိတ်လန့်သွားကြတာတဲ့... အစိုးရအဖွဲ့ထဲက ယန်မိသားစုရဲ့ ဘိုးဘေးတွေတောင် ငါ့ဦးလေးဆီကို ဆက်သွယ်ဖို့ မိုင်ထောင်ချီအသံပို့အဆောင်ကို ထပ်ခါတလဲလဲ သုံးနေကြတာ... ချန်ယင်တုရဲ့မြေး ချန်ရှီကို အနီးကပ်စောင့်ကြည့်ထားဖို့ အကြိမ်ကြိမ် အမိန့်ပေးနေကြတာ"
"ဦးလေးက ယန်မိသားစုမှာ တောက်ပတဲ့ အနာဂတ်ရှိပေမယ့် အဲ့မြေးအဘိုး နှစ်ယောက်ကြောင့် ခရိုင်တရားသူကြီးအဖြစ်နဲ့ မိုးကြိုးခရိုင်ကို အပို့ခံလိုက်ရတာ...သူ ဒီနေရာမှာ ဆယ်နှစ်နေခဲ့ပြီး သူ့ရဲ့ငယ်ရွယ်မှုတွေကို ဆုံးရှုံးသွားခဲ့တယ်"
"အစ်ကိုယန်ရုံ ချန်ရှီက ဘယ်လောက်တောင် သန်မာလဲ... ကောလဟာလတွေ ပြောသလိုပဲ တကယ် ဆိုးလား"
ယန်ဖောင့်: "ငါ သူနဲ့ အခုနကပဲ တိုက်ခဲ့တယ်... သူ့ရဲ့ အရည်အချင်းစစ်ကို မပြခင်မှာ ငါ သူ့ကို ပြေးခိုင်းလိုက်တယ်... သူ့မှာ လူကြီးမင်းကျန်းကို သတ်ဖို့ အင်အားမရှိဘူး"
လူတိုင်းက ခေါင်းညိတ်ကြသည်။
ယန်ချင်း: "ဒီကလေးက လီထျန်းရှို့ရဲ့ ဝမ်းကွဲကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတုန်းပဲ... တော်တော်ကို သောင်းကျန်းနေတာ!"
ယန်ရုံ: "မင်းတို့အားလုံးလည်း ကျင့်ကြံသူတွေမလို့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်... ချန်ရှီက ဘာမှစိုးရိမ်စရာ မရှိပါဘူး တကယ် အစွမ်းထက်တဲ့သူက သူ့အဖိုး ချန်ယင်တုပဲ... သူ့ကို ရှီးကျင်းကတောင် ကြောက်တဲ့ပုံပဲ ချန်ယင်တု သေရင် ချန်ရှီက ပုရွက်ဆိတ်တစ်ကောင်ပဲ... မင်းတို့နဲ့ငါ သူ့ကို သေတဲ့အထိ နှိပ်စက်ပစ်လို့ရတယ်.... ချန်ယင်တု မသေရင်တော့ ရှေ့ထပ်မတိုးမိစေနဲ့"
"အစ်ကိုယန်ရုံက တကယ့်ကို စဥ်းစားတတ်တာပဲ"
ယန်ရှော့က ပြုံးပြီး "တကယ်လို့ ငါသာဆိုရင် သူ့ကို သတ်ပစ်မိမှာ သေချာတယ်... အဆိုးဆုံး သူ့အဘိုးရောက်လာရင် တောင်းပန်ပြီး အသက်တစ်ချောင်း ပြန်ပေးလိုက်မယ်!"
လူတိုင်း စကားစမြည်ပြောပြီး ရယ်မောနေကြသည်။ ချောင်ဝမ်မြို့သို့ ရောက်သောအခါတွင် မြို့သူမြို့သားများက ပေါက်ပြားနှင့် ပေါက်တူးများဖြင့် မြစ်ကမ်းစပ်ဆီ ပြေးလွှားနေကြတာ တွေ့လိုက်ရသည်။ သူတို့နောက်မှ လိုက်ခဲ့ကြသော် မြစ်ကမ်းစပ်တွင် အဖြူရောင်နှင့် ဖောရောင်နေသော အလောင်းများ ပြည့်နေတာ တွေ့လိုက်ရသည်။
ချောင်ဝမ်မြို့မှ မြို့သူမြို့သားများသည် လမထွက်မီတွင် အဆိုပါ အလောင်းများကို မြှုပ်နှံရန် အခင်းဖြစ်နေရာ၌ပင် ကျင်းတူးနေကြ၏။ ယန်ရုံတို့လည်း အံ့အားသင့်သွားပြီး။
"ဘာလို့ လူတွေ ဒီလောက်သေသွားတာလဲ"
ယန်ချင်းက တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဒီအလောင်းတွေက ရေနစ်သူတွေ... မြစ်ကိုဖြတ်ကူးတဲ့ နဂါးတစ်ကောင်က လူတွေကို ရေအောက် ဆွဲချပြီး ဖွက်ထားတာလို့ ပြောနေသံ ကြားလိုက်တယ်.... ဦးလေးရှောင့်ရှန့်များလား... သူက အဲ့လိုဖွက်ရတာ ကြိုက်တယ်လေ..."
ယန်ရှော့ရဲ့ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"အစ်ကိုယန်ရုံ... လူတွေအများကြီး သေသွားပြီ... ဒီပြဿနာက ငါ့ဦးလေးရဲ့ အလုပ်နဲ့ ငါတို့ရဲ့အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေမှာလားဟင်"
လူတိုင်းရဲ့နှလုံးသားများ လေးလံလာလေသည်။ အသက်တစ်ထောင်ကျော် ဆုံးရှုံးခဲ့ရပြီ။ တစ်စုံတစ်ယောက်က ဒါကို အခွင့်ကောင်းယူရင် ယန်မိသားစုနဲ့ အခြေအတင် ဖြစ်လာရင် သခင်ကြီးတောင် ဖိနှိပ်ထားနိုင်မှာ မဟုတ်ချေ။
မင်မင်းဆက်တွင် တော်ဝင်ဥပဒေများ ရှိပါသေးသည်။
ယန်ရုံက ငြိမ်သက်သွားပြီး "ဒီနှစ်တစ်ခုတည်း ရေနစ်တာတော့ မဟုတ်ဘူး... နှစ်ပေါင်းများစွာ ရေနစ်ပြီး အရမ်းများနေလို့ အလောင်းတွေက များနေတာ... ဦးလေးရှောင့်ရှန့်က အဲ့လောက် ရက်စက်တတ်တာတော့ မဟုတ်ပါဘူး... အားလုံး မထိတ်လန့်ပါနဲ့ ဦးလေးရှောင့်ရှန့်ကို အရင်ရှာရအောင်!"
မြစ်ထဲဆင်းပြီး မကြာခင်မှာပဲ နဂါးရုပ်အလောင်းကို ရှိတဲ့နေရာကို ရောက်လာခဲ့ကြသည်။ နဂါးရုပ်အလောင်းကို အနီးနားမြို့များမှ မြို့သားများကတောင် အထူးတလည် လာရောက်ကြည့်ရှုနေကြသည်။
နောက်ဆုံးတွင် သူတို့သည် ခေါင်းပြတ်နေသော နဂါးရုပ်အလောင်းကို မြင်သောအခါ အမူအရာများက လုံးဝ ပြောင်းလဲသွားလေ၏။ နဂါးဦးချိုများပေါ်တွင် ထွင်းထုထားသော အဆောင်စာလုံးများကို မြင်သောအခါ သူတို့မျက်နှာက တစ်ပြိုင်တည်း ဖြူဖျော့သွားခဲ့သည်။
"ဒါက.... ဦးလေးရှောင့်ရှန့်!"
လူငယ်အနည်းငယ်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လူအုပ်ထဲမှ ပြန်ထွက်လာခဲ့သည်။
"ငါ့ဦးလေး ဒီနဂါးကို မွေးမြူဖို့ မလွယ်ကူခဲ့ဘူး... သူက အသားကောင်း၊ အဂ္ဂိရတ်ဆေး တွေနဲ့ ကျွေးထားရတာ... အစားအသောက်က ငါတို့စားတာထက်တောင် ပိုကောင်းသေးတယ်..ယ ငါ့ဦးလေးသာ ဒီနေရာမှာ ဦးလေးရှောင့်ရှန့် သေသွားတာ သိရင် သူ အသည်းကွဲလိမ့်မယ်!"
"ဦးလေးရှောင့်ရှန့် ဘယ်လိုလုပ် သေသွားတာလဲ"
ယန်ရှော့: "သူ နဂါးပဲ သူ့ရဲ့ စွမ်းအားက ထူးခြားတယ်... အခြေတည်ဝိညာဉ်နယ်ပယ်တောင်မှ သူ့ကို အနိုင်ယူလို့မရဘူး... သူ့ခေါင်းကို ဘယ်လိုလုပ် ဖြတ်သွားတာလဲ"
လူတိုင်းသည် ဓားတစ်ချောင်းဖြင့် နဂါးဦးခေါင်းကို ဖြတ်တောက်နိုင်ခဲ့တဲ့ လက်ဆက ကြောက်စရာကောင်းလှကြောင်း လက်ခံနေမိသည်။ သူတို့က ဝိုင်းမေးပြီး မကြာခင်မှာပဲ သူတို့အားလုံးဟာ ချောင်ဝမ်မြို့ရဲ့ ထူးဆန်းတဲ့ ပုံစံနဲ့ ကျောက်ခုံးတံတားဆီ လျှောက်သွားကြ၏။
ယန်ဖော့သည် ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေမည်ကို ဂရုမစိုက်ဘဲ ဇောက်ထိုး ဆွဲချကာ တံတားအောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ကိုဖွင့်ကာ ကြေးနီဓားစောင်းကို ကိုက်ကာ နဂါးသတ်ဓားကို ချွတ်ယူလိုက်သည်။
မြို့သူမြို့သား အများစုသည် အလောင်းများကို သင်္ဂြိုဟ်ရန် အောက်ဖက်သို့ ဆင်းသွားကြတာကြောင့် သူတို့ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ လူငယ်တွေ ကြေးဓားကို ငုံ့ကြည့်နေကြ၏။ ကြေးဓားသည် ရိုးရှင်းသော ပုံသဏ္ဍာန်ရှိပြီး ချင်မင်းဆက်နှင့် ဟန်မင်းဆက်များမှ လူအနည်းငယ်ကတောင် ဒီဓားပုံစံကို မသုံးကြတော့ချေ။
ဓားကို ထက်မြက်အောင် ပြုလုပ်ထားသည်။ ဒါ့ထက် ကြေးနီဓားကိုယ်ထည်ထဲသို့ ထိုးဖောက်ဝင်ရောက်ထားသည့် သစ်ကြံပိုးခေါက်နှင့် ခွေးနက်သွေးတို့ ကျန်ရစ်ခဲ့သည့် ထူးဆန်းသော ဓားတစ်ချောင်း ဖြစ်လေသည်။
ယန်ရုံ ဓားကိုယ်ထည်ကို ခွဲထုတ်လိုက်သည်။ ဤကြေးနီဓားသည် ဦးလေးရှောင့်ရှန့်လို ကြီးမားသော နဂါးကြီးကို ဘယ်လိုလုပ်ပြီး သတ်နိုင်သလဲ စိတ်ကူးရခက်နေသည်။
"ကြေးဒင်္ဂါးရာနဲ့ချီတန်တဲ့ ကြေးဓားတစ်ချောင်းကို တံတားပေါ်ဆွဲချပြီး ဦးလေးရှောင့်ရှန့်ကို သတ်ခဲ့တဲ့လူက ချန်ရှီလို့ အနီးနားက လူတွေဆီက ကြားလာခဲ့တယ်..."
ယန်ရှော့ဟာ သူ့တံတွေးကို မျိုချလိုက်ပြီး ခြောက်သွေ့နေတဲ့ လည်ချောင်းကို စိုစွတ်အောင် လုပ်လိုက်သည်။
"ချန်ရှီ... ငါတို့ ခုနက တွေ့ခဲ့တဲ့ ချန်ရှီလား"
ယန်ရုံလည်း မျက်မှောင်ကြုတ်ပြီး ပြောသည်။
"နဂါးသတ်ဓားကို သန့်စင်တဲ့နည်းလမ်းက ကြေးနီဒင်္ဂါးရာနဲ့ချီ လိုတယ်လို့ ကြားဖူးတယ်... ဒီကြေးနီဒင်္ဂါးတွေက မရေမတွက်နိုင်တဲ့ လူတွေရဲ့လက်ထဲကို ရောက်ဖူးတော့ ကမ္ဘာကြီးရဲ့ ယန်စွမ်းအင်တွေနဲ့ စွန်းထင်းနေတာ.. သူတို့က မကောင်းဆိုးဝါးတွေကို တွန်းလှန်နိုင်တဲ့ ရတနာတွေပဲ... ဒီကြေးနီတွေကို ဓားပြန်သွန်းပြီး မကောင်းဆိုးဝါးတွေကို သတ်ပစ်နိုင်တယ်လို့ ထန်မင်းဆက်က ပညာရှင်တွေ ပြောခဲ့ဖူးတယ်... ဧကရာဇ်မင်းနဲ့ အမတ်တွေရဲ့ အမိန့်အရ မြစ်ချောင်းတွေအနီးနဲ့ အရေးကြီးတဲ့ နေရာတွေမှာ နဂါးသတ်ဓားတွေကို တာအိုဆရာတွေက ခဏခဏ ချိတ်ဆွဲထားတတ်ပေမယ့် အဲဒီအချိန်တုန်းက နဂါးဘုရင်တွေ ရှိနေလို့... နဂါးဘုရင်တွေကို လည်ပတ်တာတို့ တခြားနေရာတွေကို မသွားရောက်ဖို့ တားဆီးထားတာ... ဒါပေမယ့် နဂါးသတ်ဓား ပျောက်သွားတာဖြင့် ကြာလှပြီ!"
သူက ခေတ္တရပ်လိုက်ပြီး "ချန်ရှီက အစွမ်းထက်တာတော့ မဟုတ်ဘူး နဂါးသတ်ဓားက အစွမ်းထက်နေတာ... သန့်စင်တဲ့နည်းလမ်းကို သိနေသရွေ့ ဒီရတနာကို သန့်စင်နိုင်တယ်... နဂါးသတ်ဓားရဲ့ သန့်စင်နည်းကို ချန်ယင်တုက သူ့မြေး ချန်ရှီဆီ လက်ဆင့်ကမ်းခဲ့တာ... အခု မမျှော်လင့်ဘဲ ဦးလေးရှောင့်ရှန့်ကို သတ်ပစ်နိုင်ခဲ့တယ်"
ယန်ချင်း: "အစ်ကို... ချန်ရှီက နဂါးသတ်ဓားကို သန့်စင်ပြီး ဦးလေးရှောင့်ရှန့်ကို သတ်ပစ်လိုက်တယ်... ဒီလက်စားချေ..."
ယန်ရုံက တုံ့ဆိုင်းနေပြီး "ငါတို့ ဒီကိစ္စကို ဒီအတိုင်းထားလို့ မဖြစ်ဘူး... ဒါပေမယ့် မိုးကြိုးခရိုင်ကို အရင်သွားရအောင်... ငါ့ဦးလေးအကြောင်း ပြောပြပြီး ဆုံးဖြတ်ချက် ချခိုင်းရမယ်!"
အားလုံးသဘောတူပြီး တစ်ယောက်ပြီး တစ်ယောက် မြင်းပေါ် ခုန်တက်လိုက်သည်။ ထို့နောက် မိုးကြိုးခရိုင်ကို တည့်တည့် ပြန်ထွက်လာခဲ့သည်။
ယန်ချင်း: "ချန်ရှီကို သင်္ချိုင်းမှာ တွေ့ခဲ့တယ်မလား... သူ မိုးကြိုးခရိုင်ကို သွားနေပုံရတယ်... သူ့ကို မိုးကြိုးခရိုင်မှာ တွေ့နိုင်တယ်..."
........
ချန်ရှီသည် ဟေးကော်ကို ခေါ်ကာ ရေလွှမ်းမိုးမှု ခြေရာများအတိုင်း လမ်းလျှောက်သွားကာ မကြာခင်မှာပဲ မိုးကြိုးခရိုင်ရဲ့ ခရိုင်ရုံးကို ရောက်လာခဲ့သည်။
မိုးကြိုးမြို့သည် မြစ်ကမ်းဘေးတွင် တည်ရှိပြီး နောက်ကွယ်တွင် ကြီးမားသော ကျောက်မိုင်းကြီး တစ်ခုရှိသည်။ ချန်ယန်တောင်များထက် အဆများစွာ ကြီးမားသော တောင်ထိပ်များ ရှိသော်လည်း ချန်ယန်တောင်များလောက် မထူထပ်ပါ။ တောင်များကြားတွင် ရေကန်များစွာ ရှိ၏။ တဲကျန်းသည် တောင်များကို ဖြတ်သန်းကာ ရေကန်များကို တစ်ခုပြီးတစ်ခု ဆက်သွယ် ဖြတ်သန်းသွားသည်။
ဤနေရာတွင် ရွှေတူးဖော်တဲ့ အလုပ်က အလွန်ဖွံ့ဖြိုးသည်။ ရွှေတွင်းများစွာ ရှိသောကြောင့် ရေကန်များနှင့် တဲကျန်းမြစ်ဘေးတွင် နေအပူဒဏ်ကို ကာကွယ်ဖို့ ဦးထုပ်ဆောင်းထားသည့် ရွှေတူးဖော်သူများကို တွေ့ရသည်။
လမ်းတစ်လျှောက်တွင် ချန်ရှီသည် မြို့အပြင်ဘက်တွင် ရန်ဖြစ်နေသော ရွှေတူးသမားနှစ်ဦးကို တွေ့လိုက်ရသည်။ တစ်ယောက်က တစ်ဖက်လူရဲ့ ဦးခေါင်းကိုဖြတ်ရန် ကျစ်ဝူရှဲ့သတ်ဓားကို အသုံးပြုသွားကာ အခြားတစ်ယောက် တွေ့ရှိသော ရွှေများကို သူ့အိတ်ကပ်ထဲသို့ ကောက်ထည့်လိုက်သည်။
"ကလေး မင်း ဘာမှ မတွေ့ဘူး ဟုတ်ပြီလား!"
ရွှေတူးသူသည် ချန်ရှီကို မြင်သောအခါ သူ့မျက်လုံးများထဲက ပြင်းထန်သော အကြည့်ဖြင့် လူသတ်ချင်လာသော်လည်း ချန်ရှီက ငယ်ရွယ်ပြီး ကလေးဖြစ်နေသေးတာကြောင့် မသတ်ချင်တော့ပေ။ သူသည် ဦးထုပ်စွန်းကို ဖိကာ ခေါင်းကိုငုံ့ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ချန်ရှီသည် သေဆုံးသွားသော ရွှေတွင်းလုပ်သားအနားကို ရောက်လာခဲ့သည်။ အလောင်းကို ကြည့်၍ ဓားစွမ်းအင်ဖြင့် မြေကြီးကို ဖောက်ခွဲပစ်လိုက်သည်။ ထို့နောက် လုပ်ကြံခံလိုက်ရသော အလောင်းကို မြှုပ်နှံကာ ရှေ့သို့ ဆက်လက်ချီတက်ခဲ့သည်။
မကြာမီတွင် သူသည် ခွေးတစ်ကောင်နှင့်အတူ မိုးကြိုးခရိုင်ထဲ ဝင်ရောက်ခဲ့သည်။
မိုးကြိုးခရိုင်က ရှင်းရှန်ခရိုင်နဲ့ မတူပေ။ မိုးကြိုးခရိုင်မှာက တောင်ပေါ်ထွက်ကုန်များ ရောင်းချသည့် ကုန်သည်တွေ အများကြီးကို တွေ့ရသည်။ အများစုမှာ ကျေးလက်မှ ခရိုင်မြို့သို့ ရောက်ရှိလာသည့် အမျိုးသားများဖြစ်သော်လည်း ဤနေရာတွင် အနက်ရောင်အင်္ကျီကို အနက်ရောင် တောက်ပြောင်စွာ ၀တ်ဆင်ထားလေ့ရှိသည်။
ရွှေတူးဖော်သူတွေရဲ့ အရေပြားဟာ ဆိုရင်လည်း နေရောင်အောက်မှာ တောက်ပြောင်နေကြသည်။ တစ်ကိုယ်လုံးကို ကြွက်သားအဖုများဖြင့် ဖုံးအုပ်ထားပြီး အလွန်သန်မာကြသည်။ ချန်ရှီ လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ရောက်လာပြီး သတင်းအချက်အလက်များ ရဖို့အတွက် ဆိုင်ရှင်ကို မေးရန် ဝင်ထိုင်လိုက်သည်။
စားပွဲထိုးက ပြုံးပြီးပြောပြသည်။
"ဒီရွှေတွင်းလုပ်သား အများစုက စာပေသမားတွေ... တချို့ကဆို ကျော်ကြားတဲ့ ရှို့ချိုင်အဆင့် ပညာရှင်တွေ ဆိုပေမယ့် ပညာရှင်ဖြစ်ရင်တောင် အလုပ်မရှာနိုင်ရင် ဘာမှအသုံးမဝင်ဘူး.... သူတို့လည်း ရှို့ချိုင်အဆင့် ပညာရှင်ရဲ့ အဝတ်ရှည်ကို ချွတ်... အင်္ကျီတိုကို ဝတ်ပြီး ရွှေတူးသွားကြရတာပဲ"
လက်ဖက်ရည်သောက်ရင်း “ဧည့်သည်လေး... သူတို့က ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်ပေမယ့် မင်းအတွက် စုတ်တံလေးနဲ့ နည်းဗျူဟာတွေကို ရေးပေးနိုင်တယ်နော်...”
ချန်ရှီ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ခရိုင်မှာ နဂါးတစ်ကောင်လောက် မွေးထားတာမျိုး ကြားဖူးလား.... ကျွန်တော် တောင်ပေါ်မှာ ဝိညာဉ်သားရဲတစ်ကောင်ကို သတ်ပြီး ပိုက်ဆံရအောင် ရောင်းချင်လို့..."
"နဂါးတွေကို ဘယ်သူမွေးတာလဲ ဟုတ်လား... တရားသူကြီးယန်ရဲ့ မိသားစုမှာပဲ နဂါးတစ်ကောင် ရှိတာ.... သူတို့ရဲ့ နဂါးက အရမ်းကြီးပြီး အများကြီးစားတယ် ဝိညာဉ်သားရဲတွေရဲ့ အသားကို ဝယ်ဖို့ ဈေးကို ခဏခဏ လာတတ်တယ်... ညသန်းခေါင်ဆို နွားဟောက်သံလိုလို နဂါးဟောက်သံကို ကြားရတယ်... အရမ်း ကျယ်တော့ ရင်ဘတ်တွေပါ တုန်ကုန်တာ...."
ချန်ရှီ လက်ဖက်ရည် သောက်ကြည့်ပြီးနောကိ လက်ဖက်ရည်က မကောင်းဘူးလို့ ခံစားမိတဲ့အတွက် သစ်သီးတစ်ပန်းကန်နဲ့ မျှောချလိုက်ရသည်။ အသားတွေကိုတော့ ဟေးကော်ကို ကျွေးလိုက်၏။ စားသောက်ပြီးတဲ့အခါ မိုးကြိုးခရိုင်ရဲ့ တရားသူကြီးအမည်၊ ကျင့်ကြံမှုအဆင့်၊ သူနေထိုင်ရာ နေရာ၊ မိသားစုတွေကိုပါ သိလိုက်ရသည်။
ချန်ရှီ ပိုက်ဆံပေးပြီး ထွက်သွားသည်။ စားပွဲထိုးက လက်ဖက်ရည် စားပွဲကို ရှင်းထုတ်ပြီးနောက် ဆိုင်ရှင်ကို ကပ်ပြောလိုက်သည်။
"တရားသူကြီးယန်ရဲ့ မိသားစုမှာ ရန်သူတစ်ယောက် ရှိတယ်။ ဒီလူငယ်က ကလဲ့စားချေဖို့ ဒီကို ရောက်နေတာ ဖြစ်နိုင်တယ်... မိသားစုထဲမှာ လူဘယ်နှစ်ယောက် ရှိတယ်ဆိုတာတောင် သေသေချာချာ မေးသွားတယ်"
ဆိုင်ရှင်: "မင်း ပြောပြလိုက်တာလား"
"ပြောလိုက်တယ်"
ဆိုင်ရှင်က ခြေထောက်ကို ရိုက်ပြီး။
"မင်းတစ်ယောက်ယောက်ကို ထပ်ပြီးဒုက္ခပေးလိုက်တာပဲ... ဒီညီလေးက သူတို့ကို လက်စားချေဖို့ ဘယ်လိုနည်းနဲ့မှ ရန်ဘက် မဖြစ်နိုင်ဘူး... တရားသူကြီးရဲ့ နဂါးအစာ ဖြစ်သွားလိမ့်မယ်..."
စားပွဲထိုး လက်ဖက်ရည်ဆိုင်မှ ပြေးထွက်လာသော်လည်း ချန်ရှီနဲ့ ဟေးကော်က လူအုပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေပြီ။ သို့နှင့် မျက်မှောင်ကြုတ်ကာ လက်ဖက်ရည်ဆိုင်ထဲသို့သာ ပြန်သွားခဲ့ရသည်။
ချန်ရှီသည် ခရိုင်အစိုးရရုံး အပြင်ဘက်သို့ ရောက်ရှိလာ၏။ ခရိုင်အစိုးရရုံး၏ အသွင်အပြင်ကို တစ်ပတ်လောက်ထိ လှည့်ပတ် လမ်းလျှောက်ပြီး လေ့လာကြည့်သည်။ လေထဲတွင် လွင့်နေသော ဝိညာဉ်တစ်သောင်းအလံကိုလည်း သူ့မျက်လုံးများက စိုက်ကြည့်နေသည်။
ရှင်းရှန်ခရိုင်ရဲ့ ဝိညာဉ်အလံထဲတွင် မသန့်စင်ရသေးသော စိတ်ဝိညာဥ်များက ၈၀၀၀ ကျော် ရှိသည်။ သို့သော် မိုးကြိုးခရိုင်ရဲ့ ဝိညာဉ်တစ်သောင်းထဲမှာက သန့်စင်ထားတဲ့ ဝိညာဉ်တစ်ထောင်ကျော် ရှိသည်။ မသန့်စင်ရသေးတဲ့ အရေအတွက်ဟာ ဆိုရင် ပိုများမှာ သေချာ၏။
ဒီရတနာက အလွန်အစွမ်းထက်သည်။ သူ ဒီရတနာရဲ့ တန်ခိုးကို မတားဆီးနိုင်လောက်ချေ။
ရွှမ်ဝူနန်းဆောင်က ပန်းခြံတစ်ခုလို တည်ဆောက်ထားပြီး ကျောက်တုံးကြီးပေါ်တွင် လိပ်တစ်ကောင်နှင့် မြွေတစ်ကောင်က လွင့်ပျံနေ ဖော်ထားသည်။
ဒီနေရာဟာ ရှင်းရှန်ပြည်နယ်၊ မိုးကြိုးမြို့ကလူတွေ သူတို့ရဲ့ ကလေးတွေ ကျင့်ကြံနိုင်ဖို့ ယန်မိသားစုက တည်ဆောက်ထားတဲ့ နေရာဖြစ်သည်။ ယန်ကျင့်စီးဟာ အလုပ်မများတဲ့ရက်တွေမှာ ရွှမ်ဝူနန်းဆောင်မှာ ကလေးတွေကို သင်ကြားပေးဖို့ ရှိနေတတ်သည်။
ချန်ရှီသည် အချိန်အတော်ကြာ စောင့်ကြည့်လေ့လာနေခဲ့သည်။ ယန်မိသားစုမှ ကလေးများစွာ ဝင်ထွက်သွားလာခြင်း သိပ်မရှိ။ ခြံဝန်း၏ ရှေ့နှင့် အနောက်တွင် လူငါးယောက်သာ ရှိသည်။ ကျင့်ကြံမှုက အားမနည်းပေ။ လေးယောက်က ရွှေအမြုတေကို တတိယနန်းတော်အထိ မွေးမြူထားကြသည်။
"ခရိုင်တရားသူကြီး ယန်ကျင့်စီးက စာသင်တာ ကောင်းတယ်... လက်ဖက်ရည်ဖျော်တဲ့ လူက တရားသူကြီး ယန်ကျင့်စီး မိုးကြိုးခရိုင်ကို ရောက်လာတုန်းက အခြေတည်ဝိညာဥ် နယ်ပယ်မှာ ရှိနေပြီလို့ ပြောတယ်... ဒီကို ရောက်ပြီးတော့ အခြေတည်ဝိညာဉ်က သူ့ကိုယ်ထဲက အကြိမ်ပေါင်းများစွာ ထွက်လာပြီး သူတော်စင်ဖြစ်သွားတယ်တဲ့....ငါ သူ အနိုင်ယူလို့မရလောက်ဘူး"
သူက ခဏလောက်စဉ်းစားပြီး။
"ရွှမ်ဝူနန်းဆောင်ထဲမှာ သခင်တွေလည်း အများကြီးရှိတယ်... သူတို့က အစောင့်အကြပ်တွေလည်း ချထားတယ် ငါဝင်လို့မရဘူး ငါ ဝင်သွားနိုင်ရင်တောင် ယန်ကျင့်စီးကို မရိုက်နိုင်လောက်ဘူး..."
ယန်ကျင့်စီးနဲ့ ဝိညာဥ်တစ်သောင်းအလံ ၂ခုစလုံးက အလွန်ရက်စက်ကြမ်းကြုတ်သည်။ သူဟာ ရွှေအမြုတေကို ဒုတိယအဆင့်အထိ ပြုစုပျိုးထောင်ထားသော်လည်း တစ်ဖက်လူက သူ့ကိုအနည်းငယ် ထိမိနေသရွေ့ သူ သေသွားနိုင်သည်။
ချန်ရှီ လှည့်ကြည့်လိုက်ချိန် ကျယ်လောင်တဲ့ ရယ်မောသံကို ကြားလိုက်ရသည်။
"ငါတို့ နေရာတိုင်းမှာ တွေ့နေရတာပဲနော်... ညီလေးချန်ရှီ ငါတို့ ပြန်ဆုံကြပြန်ပြီ!"
ယန်ရုံ၊ ယန်ဖောင့်နဲ့ တခြားသူတွေက မြင်းပေါ်ကနေ ဆင်းပြီး သူ့ဆီ လှမ်းကြည့်နေတာကို တွေ့လိုက်ရသည်။
"ညီလေးချန်ရှီ... ငါတို့ ရွှမ်ဝူနန်းဆောင်ကို လာတာကိုး.... ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီကိုလာပြီး ဘာလို့ စိတ်ပျက်လက်ပျက် ပြန်သွားရတာလဲ"
ယန်ရုံက သူ့ကို ဖိတ်ခေါ်တော့မလို လက်ကို ဆန့်ထုတ်လိုက်သည်။
"ညီလေးချန်က ရွှမ်ဝူနန်းဆောင်ထဲမှာ ဝင်ထိုင်နိုင်ပါ့မလားလို့ တွေးနေတာများလား"
ချန်ရှီ အနည်းငယ် လန့်ဖျပ်သွားသည်။ ယခုသူက ရွှမ်ဝူနန်းဆောင်ထဲကို ဝင်နိုင်မှာလား။ ချန်ရှီ အနည်းငယ် ခေါင်းညိတ်ပြီး။
"စိတ်အနှောင့်အယှက် ဖြစ်စေမိလို့ တောင်းပန်ပါတယ်..."
ယန်ရုံက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လမ်းလျှောက်သည်။
"လာကြစမ်း! ရှင်းရှန်ခရိုင်က ချန်ရှီ လာလည်တယ်.... ရွှမ်ဝူနန်းဆောင်ကို ရောက်နေပြီ ဆိုတဲ့အကြောင်း ခရိုင်တရားသူကြီးကို ပြောလိုက်... ညီလေးချန်...ငါတို့ ယန်မိသားစုရဲ့ မိသားစုစားပွဲလေးကို မြည်းစမ်းကြည့်ရမယ်နော်... ခရိုင်တရားသူကြီးက ငါ့ဦးလေးပါ... သူ မင်းအကြောင်း စဉ်းစားနေတာ ကြာပြီ"
သူက ချန်ရှီကို အဓိပ္ပာယ်ရှိသော အကြည့် တစ်ချက်ကို ပေးလိုက်သည်။
ချန်ရှီ မျက်တောင်ခတ်လိုက်သည်။
"ယန်ကျင့်စီးလည်း လာမှာလား"