လူတွေမှာ ကိုယ်ပိုင်အမြင်တွေရှိတယ်
Vol. 8 Ch. 110
ရွှမ်ဝူနန်းဆောင် အတွင်းပိုင်း နေရာကတော့ ဆယ်ဧကကျော်လောက် ကျယ်ဝန်းသည်။ အဆောက်အဦးတွေ၊ အကွေ့အကောက်များသော စင်္ကြန်များပါ ရှိတာကြောင့် မသိဘဲ ၀င်လာပါက လမ်းပျောက်သွားနိုင်သည်။
ယန်ချင်းက ရှေ့က ဦးဆောင်ပြီး ယန်ရုံက ချန်ရှီနဲ့ ဘေးချင်းကပ် လျှောက်သွားသည်။ အနောက်မှာတော့ ယန်ဖောင့်နဲ့ ယန်ရှော့က လိုက်လာကာ ချန်ရှီကို အလယ်မှာ ဝိုင်းရံထားကြသည်။
'ဒီလူတွေက ငါနဲ့ တစ်ပေထက်ပို မဝေးဘူး... ဒီအချိန်မှာ ငါဒီလူတွေကို သတ်လိုက်ရင် ဒဏ်ရာကင်းကင်း လွတ်မြောက်နိုင်ပါ့မလား'
အခက်အခဲတော့ ရှိနိုင်သည်။
ယန်ဖောင့်ရဲ့ ရွှေအမြုတေကို သူမြင်ဖူးသည်။ ရွှေအမြုတေက အဆင့်ခုနစ်တွင်ရှိနေပြီ ဖြစ်သော်လည်း ယန်ဖောင့်ဟာ မိုးကြိုးခရိုင် ယန်မိသားစုရဲ့ အသန်မာဆုံးကလေး မဟုတ်မှာ ထင်ရှားသည်။
ယန်မိသားစုသည် ခုနှစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာ ဟူသော အလှည့်အပြောင်း အပါအဝင် ရွှေအမြုတေကို ပြုစုပျိုးထောင်ပေးသည့် အဂ္ဂိရတ်ပညာကိုလည်း လေ့လာခါးကြသည်။ သူတို့ရဲ့ အစွမ်းသတ္တိမှာ တခြား ရွှေအမြုတေ နယ်ကယ်က သခင်များထက် များစွာသာလွန်သည်။
ထို့အပြင် ယန်ဖောင့်ရဲ့ ကျွမ်းကျင်မှုက အလွန်ထူးဆန်းသည်။ ထူးဆန်းသည်မှာ သူသည် ကျစ်ဝူရှဲ့သတ်ဓား အပြင် တခြားစွမ်းအင်ကို သီးခြားလုပ်ဆောင်နိုင်သည်။ ချန်ရှီသည် သူသုံးသွားတဲ့ နတ်ဆိုးမျိုးကို တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးပေ။
'ငါ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဒါတွေမဟုတ်ဘူး'
ရွှမ်ဝူနန်းဆောင်က ခိုင်ခံ့မှုရှိပြီး နေရာတိုင်းက အလွန်ကြီးမားသောကြောင့် တည်နေရာများကို စစ်ဆေးရန်နှင့် ပထဝီဝင် အနေအထားကို အရင် လေ့လာခဲ့သည်။ အထဲ၌ ကျွမ်းကျင်သူ များစွာရှိကာ အောင်ပွဲခံရန် အခွင့်အလမ်းမရှိသောကြောင့် သူ နောက်ဆုတ်သွားခဲ့သည်။ အဲဒီအချိန်မှာ ယန်ရုံက သူ့ကို ဖိတ်ခေါ်ပြီး ရွှမ်ဝူနန်းဆောင်ထဲက ရှုခင်းတွေကို သဘာဝအတိုင်း ကြည့်ဖို့ အခွင့်အရေး ပေးခဲ့၏။
ရွှမ်ဝူနန်းဆောင်၏ အလယ်ဗဟိုတွင် နဂါးမွေးရေကန် ဖြစ်နိုင်တဲ့ ရေကန်ငယ်တစ်ခု ရှိသည်။ အလယ်ကို ကြီးမားသော ရေကန်ကြီးဖြင့် ဝန်းရံထားသည်။
နဂါးရေကန်က အပြင်ဘက်ကို ပိုင်းခြားထားသော ခြံဝင်းလေးခုပါရှိသေးသည်။ ခြံဝန်း တစ်ခုစီတွင် ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း၊ ချီစုဆောင်းခြင်း၊ ဆေးလုံးသန့်စင်ခြင်းများ အပြင် နန်းတော်အတွင်းပိုင်း၌ မတူညီသော လုပ်ငန်းများကို ခွဲခြားထားသည်။
အရေးအကြီးဆုံး နေရာကတော့ နဂါးမွေး ရေကန်ဘေးက ကျောက်တုံးကြီးပေါ်မှာ တည်ဆောက်ထားတဲ့ ရွှမ်ဝူနန်းဆောင်ပါပဲ။ အတော်လေး မြင့်ပြီး ထူးဆန်းတဲ့ ကျောက်တုံးတွေနဲ့ နဂါးအကြေးခွံတွေလို အရေးအကြောင်းတွေ အများကြီး ရှိသည်။ အင်မတန် ထူပြီး ကျယ်တဲ့ အပေါက်တွေလည်း ရှိကာ နဂါးရေကန်ထဲက နဂါးဟာ ထူးဆန်းတဲ့ ကျောက်တုံးတွင်းတွေထဲကို တွားသွားပြီး လှည့်ပတ် ကူးခတ်လိမ့်မယ်လို့ တွေးကြည့်ရုံနဲ့ကို ပျော်စရာ ကောင်းနေပြီ။
တောင်ပေါ်မှာ လေပြင်းတွေ တိုက်ခတ်နေတာကြောင့် အပူဒဏ်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ပါသည်။ ချန်ရှီ ဟေးကော်ကို တောင်အောက်ခြေမှာ စောင့်နေခိုင်းပြီး ယန်ရုံက တောင်ပေါ်ကို ခေါ်သွားသည်။
ခြေဖဝါးအောက်တွင် အဖြူရောင်စကျင်ကျောက် လှေကားထစ်များကို မြင်ရသည်။ ထောင့်တိုင်းတွင် အဘွားကြီးဝူကျူရဲ့ လယ်ပြင်ထဲက ဖရဲသီးလောက် ကြီးမားပြီး လှပစွာ ထွင်းထုထားသည့် ကျောက်စာတိုင်များလည်း ရှိသည်။
ထောင့်မှာ ပန်းအိုးတွေ ချထားတာကြောင့် ပန်းတွေရဲ့ မွှေးရနံ့တွေက တစ်လမ်းလုံး လွှမ်းခြုံနေသည်။ အဖြူရောင်ဝတ်စုံ ဝတ်ထားသော အိမ်အကူသည် ပန်းပွင့်များကို သန့်ရှင်းပေးနေကာ သူမရဲ့ နှင်းဖြူပုခုံးများက ပေါ်လွင်နေ၏။
ချန်ရှီ ၎င်းတို့နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။ ရွှမ်ဝူနန်းဆောင်တွင် အထပ် သုံးထပ်ရှိကာ တောင်၏ တစ်ဖက်ခြမ်းတွင် ရေပေါက်ကြီးရှိပြီး အမြင့်နှစ်ပေမှ သုံးပေအထိ ထိုးဆင်းပြီးနောက် အောက်ဖက်၌ စီးဆင်းသွားသည်။
တောင်ပေါ်၌ ရေတံခွန်တစ်ခုရှိ၏။ အဆောက်အဦးကြီး အောက်မှ ရေပြင်က ကြီးမားသော်လည်း ချောက်ကမ်းပါး၌ တွယ်ကပ်နေသော နဂါးတစ်ကောင်လို ကွေ့ကောက်နေသည်။
"ညီလေးချန်ရှီ... ငါတို့ ယန်မိသားစုရဲ့ ရွှမ်ဝူနန်းတော်က ဘယ်လိုလဲ"
ယန်ရုံက ပြုံးပြီး မေးသည်။
ချန်ရှီ: "ဖုံးလွှမ်းထားတဲ့ တံတားတွေနဲ့ အဆုံးမဲ့ အကွေ့အကောက် လမ်းတွေက လူတွေကို ထွက်ခွာဖို့ မေ့သွားစေပါတယ်.... ဒီလောက်ကြီးတဲ့ ရေကန်ကြီးထဲမှာ ခြင်တွေမရှိဘူးလား"
ဒီစကားကို ပြောပြီးတာနဲ့ အားလုံးက ရယ်မောလိုက်ကြသည်။
ချန်ရှီ အံ့အားသင့်သွားပြီး "ခြံထဲမှာ ဒီလို ရေကန်ကြီးတစ်ခု ထားတာက ခြင်တွေ ပေါက်ဖို့ လွယ်တယ်လေ... နေ့ဘက်ဆို အဆင်ပြေပါတယ်၊ ဒါပေမယ့် ညဘက်မှာတော့ လူတွေကို ကိုက်ပြီး သွေးစုပ်ပစ်မှာ ကြောက်ရတယ်"
ယန်ရုံက ပြုံးပြီး "ရှို့အာ... ခြင်နဲ့တွေ့ရင် မင်းဘာလုပ်သင့်လဲ"
နံဘေးတွင် ပန်းပွင့်လေးလို အဖြူရောင်အဝတ်အစား ဝတ်ထားသော အိမ်အကူမလေးသည် ကြာပန်းလှေကားထစ်များအတိုင်း လျှောက်လာရင်း ရုတ်တရက် သူမဦးခေါင်းနောက်ဘက်တွင် နတ်သန္ဓေသားလေး ပေါ်လာသည်။ တစ်ဆက်တည်း ဆေးအပ်များက လေထဲတွင် တဟုန်ထိုး ပျံဝဲနေတာ မြင်လိုက်ရသည်။
ရှို့အာ ဟုခေါ်သော အစေခံမိန်းကလေးသည် ပျော့ပျောင်းသော်လည်း သူမ၏ အပ်စိုက်သိုင်းက အလွန် တိကျသည်။ လက်တစ်ဖက်ကို လှုပ်လိုက်တာနဲ့ အပ်များက နေရာအနှံ့ ပျံသန်းနေခဲ့သည်။ အပ်တစ်ချောင်းက သာမန်မျက်စိဖြင့် မမြင်နိုင်လုနီးပါးပင်။ ၎င်းက ဆံချည်မျှင်လို ပါးလွှာကာ လေးလက်မလောက် အရှည်ရှိသည်။ ၎င်း၏တိုက်ခိုက်မှု အကွာအဝေး တစ်ပေခန့် ရောက်မှသာ ၎င်းရဲ့ အငွေ့အသက်ကို ခံစားရ၏။
ချန်ရှီသည် လေထဲက သေးငယ်သော အပ်တစ်ချောင်းကို ထိရန် လက်ကို မြှောက်ထားလိုသည့်အတိုင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သော်လည်း ဆယ်ပေအကွာအဝေးသို့ အရင် လှမ်းကြည့်လိုက်သည်။ အစေခံမိန်းကလေးက အမြန်နောက်ဆုတ် လိုက်သော်လည်း သူမ အလွန်နောက်ကျသွားပြီ။
ချန်ရှီ သူ့လက်ကို မြှောက်လိုက်ချိန် သူ့လက်ညှိုးထိပ်မှာ အပေါက်ကလေး ပေါက်သွားကာ သွေးတစ်စက် ထွက်ကျလာ၏။
အဖြူရောင် ၀တ်စုံနဲ့ အစေခံမိန်းကလေးက ဒူးထောက်ပြီး ကုပ်ကုပ်လေး ထိုင်လိုက်သည်။
"ကျွန်မ ဧည့်သည်ကို မတော်တဆ ထိခိုက်မိသွားပါတယ်... အခုချက်ချင်း ဆေးသွားယူလိုက်ပါ့မယ်!"
"ဒါက ဒဏ်ရာအသေးစားလေးပါ.. နှောက်ယှက်နေစရာ မလိုပါဘူး"
ချန်ရှီ သူ့လက်ဖဝါးမှ သွေးတစ်စက်ကို အေးဆေးစွာ သုတ်လိုက်သည်။
"ဒါက ဘယ်လို အပ်မျိုးလဲ"
ယန်ရုံက လက်ဝှေ့ယမ်းကာ အဖြူရောင်ဝတ် အစေခံမိန်းကလေးကို ပြန်လွှတ်ကာ ပြုံးလျက် ဆို၏။
"အံ့ဖွယ်ဝိညာဥ်အပ်ဆယ့်သုံးချောင်း... ငါတို့ယန်မိသားစုက စုဆောင်းထားတဲ့ ကျင့်စဥ်တစ်ခုပါ....ရွှမ်ဝူနန်းတော်မှာရှိတဲ့ အိမ်အကူတွေက ဖျက်ဆီးလို့မရတဲ့ ရွှေကိုယ်ထည်နဲ့ တခြားလူတွေရဲ့ ကျင့်စဥ်တွေကို ဖျက်ဆီးပစ်ဖို့ ဒီကျင့်စဥ်ကို အထူး လေ့ကျင့်ထားရတယ်... ရက်သတ္တပတ်နေ့တွေမှာ ခြင်တွေကို ရှင်းထုတ်ကြတယ်”
ချန်ရှီ စိတ်ထဲ၌ 'ငါသာ လုပ်ကြံမယ်ဆိုရင် အိမ်ဖော်တွေကို အရင်သတ်ပစ်ရမယ်' ရိုးရိုးသားသား တွေးလိုက်သည်။ အံ့ဖွယ်ဝိညာဥ်အပ်ဆယ့်သုံးချောင်း ကျွမ်းကျင်သော ဤအိမ်ဖော်များက သူ့အတွက် အလွန်အန္တရာယ်များသည်။
အစေခံမိန်းကလေးက နတ်သန္ဓေသားနယ်ပယ်မှာသာ ရှိသော်လည်း သူမက သူ့ကို ထိန်းထားနိုင်ဆဲဖြစ်သည်။ နတ်သန္ဓေသားနယ်ပယ်နဲ့ ရွှေအမြုတေနယ်ပယ် အကြားမှာ နယ်ပယ်တစ်ခုသာ ခြားသော်လည်း စွမ်းအား ကွာဟမှုက အခြေတည်ဝိညာဥ်နယ်ပယ်ကို ရင်ဆိုင်နေရသော ရွှေအမြုတေနယ်ပယ်က ကျင့်ကြံသူလိုပင်။
သို့သော် ထိုအိမ်ဖော်များရဲ့ ကျွမ်းကျင်မှုမှာ ထူးခြားလွန်းသဖြင့် ချန်ရှီရဲ့ သတိကို နှိုးဆော်သွားခဲ့သည်။ သူ့ကို ပိုဒုက္ခဖြစ်စေတာက အံ့ဖွယ်ဝိညာဥ်အပ်ဆယ့်သုံးချောင်းလို ကျင့်စဥ်ကိုတောင် အစေခံတွေကို ပေးတဲ့ ယန်မိသားစုက အတော်လေး အားကောင်းနေတာကိုပါပဲ။
ပထမထပ်က ဧည့်ခံနေရာ ဖြစ်သည်။ အထဲတွင် လက်ဖက်ရည်စားပွဲ၊ အမွှေးတိုင်များ၊ မီးသွေးမီးဖိုငယ်များ ပါရှိသည်။ တစ်ဖက်တွင် စောင်းတီးနေသော မိန်းကလေးတစ်ဦးသည် စိမ်းဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက ဝင်လာသူများကို မြင်သောအခါ စောင်းနောက်မှ ပြေးထွက်လာကာ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်သည်။
ချန်ရှီ: "အစ်ကိုယန်ရုံ....ရွှမ်ဝူနန်းတော်ရဲ့ စည်းကမ်းတွေက အရမ်းတင်းကျပ်တာပဲနော်"
ယန်ရုံ: "ရွှမ်ဝူနန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ကြီးမား တင်းကျပ်တာမျိုး မဟုတ်ပေမယ့် ယန်မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ တခြားလူမျိုးတွေ အမတ်အိမ်တွေ၊ ခရိုင်မှူးအိမ်တွေထက် ပိုတင်းကျပ်တယ်... "
ယန်ကျင့်စီးက ဒုတိယထပ်ကို သူ့မိသားစုရဲ့ ညစာစားပွဲနဲ့ အပြင်လူနဲ့ တွေ့ဆုံတာဟူ၍ အတွင်းနဲ့ အပြင်မှာ နှစ်ထပ်ခွဲထားသေးသည်။ အပြင်ဘက်မှာ အဆင့်အတန်းနိမ့်တဲ့ ယန်မိသားစုဝင်တွေ စားတဲ့ နေရာဖြစ်ပြီး အတွင်းပိုင်းမှာ ယန်ရုံနဲ့ တခြားသူတွေက ခရိုင်တရားသူကြီး ယန်ကျင့်စီးနဲ့ အတူ စားသောက်နိုင်သည်။
အမျိုးသမီး၊ ဆွေမျိုးများအနေနှင့် ညစာစားရန် ရွှမ်ဝူနန်းတော်ကို သွားခွင့်မရှိပေ။ ယန်မိသားစုမှာ စည်းကမ်းတွေလည်း အများကြီး ရှိသေး၏။
ချန်ရှီသည် အနီးနားရှိ လက်ဖက်ရည် အခန်းထဲသို့ လူတိုင်းနောက်က လိုက်သွားခဲ့သည်။ လက်ဖက်ရည်သောက်ရာ အခန်းအဝင်တွင် "လူမှာ အမူအကျင့် ရှိတယ်" ဆိုတဲ့ စာတန်းလေး ချိတ်ဆွဲထားပြီး ရွှေရောင်ပါးပါးလေးနဲ့ ရေးထားပါသည်။
"ဒါက ငါ့ဦးလေးရဲ့ လက်ရေးပဲ... ငါ့ဦးလေးရဲ့ လက်ရေးက ဘယ်လိုလဲ?"
ယန်ရုံက ပြုံးပြသည်။ ချန်ရှီကလည်း ညင်ညင်သာသာနဲ့ ခေါင်းညိတ်ပြပြီး အဓိပ္ပာယ်ဖွင့်လိုက်သည်။
"လူတွေမှာ အမူအကျင့်တွေ ရှိတယ်... လူတွေမှာ အကျင့်စာရိတ္တ၊ စည်းကမ်း၊ ကျောရိုး ရှိရမယ်... တစ်ခုမှမရှိရင် မလုပ်ရဘူး"
ယန်ရုံက အပြုံးတစ်ဝက်နဲ့ ကြည့်နေသည်။
"ညီလေးချန်ရှီက တစ်ခုခုကို သဘောပေါက်သွားပုံရတယ်.. သဘောကျရင် မင်းအတွက် ငါ့ဦးလေး ရေးခိုင်းလိုက်မယ်လေ.. ကျေးဇူးပြုပြီး ထိုင်ပါဦး ငါတို့ လက်ဖက်ရည် သောက်ကြမယ်။ ငါ့ဦးလေး အလုပ်ရှုပ်နေလို့ ခဏစောင့်ရမယ် ထင်တယ်"
"အလျင်လိုစရာ မလိုပါဘူး..."
ချန်ရှီ ထိုင်ပြီး လက်ဖက်ရည် သောက်နေလိုက်သည်။ ဒုတိယထပ်က လက်ဖက်ရည်သောက်တဲ့ အခန်းက သိပ်မကျယ်ချေ။
"ဘယ်လိုတောင် ကောင်းလိုက်တဲ့ အခွင့်အရေးကြီးလဲ?"
သူ့စိတ်ထဲ အနည်းငယ် ပူပန်နေမိသည်။ သူ ပြတင်းပေါက်ကို မှီလိုက်ရုံနဲ့ အောက်က နဂါးရေကန်အတွင်း မြင်ကွင်းကို မြင်လိုက်ရသည်။
"ရေကန်ထဲမှာ နဂါးတွေရှိရင် ဒီမှာ လက်ဖက်ရည်သောက်ရင်း ကြည့်ရရင် အရမ်းပျော်ဖို့ကောင်းမှာ"
ချန်ရှီ ပြုံးပြလိုက်သည်။ ယန်ချင်း၊ ယန်ဖောင့်တို့မှာ မျက်ခုံးပင့်ကာ ဒေါသမီးများက တဟုန်ထိုး တက်လာ၏။ ယန်ရုံက ရိုးရိုးရှင်းရှင်းပဲ ကြည့်နေကာ ဒီဝါကျကို ဒေါသအဖြစ် မခံယူထားပုံပင်။
ချန်ရှီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး။
"ရွှမ်ဝူနန်းတော်ရဲ့ နဂါးရေကန်ထဲမှာ နဂါးတစ်ကောင် ရှိတယ်လို့ ကြားဖူးတယ်... အဲဒီနဂါးက ဘယ်မှာလဲ... ငါတို့နဲ့ လက်ဖက်ရည်သောက်ရအောင် တက်လာခိုင်းလိုက်ပါလား?"
သူက အနည်းငယ် ပြုံးကာ စကားဆက်ပေးလိုက်သည်။
"သူ လီထျန်းရှို့နဲ့ လက်ဖက်ရည် အတူသောက်ဖို့များ ထွက်သွားတာလား"
"လုံလောက်ပြီ!"
ယန်ချင်းက ဒေါသတကြီး ထလိုက်ပြီး နဂါးသတ်ဓားကို စားပွဲပေါ် ပစ်ချပေးလိုက်သည်။
"ချန်ရှီ ငါတို့ယန်မိသားစုက မင်းကို မျက်နှာသာ ပေးပြီးပြီ... မင်းက ငါ့ဦးလေး ရှောင့်ရှန့်ကို လုပ်ကြံဖို့ ဒီဓားမျိုးကို သုံးရဲတယ်ပေါ့လေ ! ဒီနေ့မင်းကို ကောင်းကောင်း ဧည့်ခံပေးပြီးပြီ... မင်းငါတို့ကို ဖြေရှင်းချက် မပေးနိုင်ရင် မင်း လွတ်လမ်းမရှိစေရဘူး "
ယန်ရုံက သူ့ပုခုံးကို ကိုင်လိုက်ရင်း သူ့မျက်နှာ မည်းမှောင်သွားသည်။
"ယန်ချင်း ထိုင်စမ်း!"
ယန်ချင်းက သူ့ဒေါသကို ထိန်းကာ ပြင်းပြင်းထန်ထန် ထိုင်ချလိုက်ပြီး ချန်ရှီကို မျက်တောင်မခတ်ဘဲ ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေသည်။
ယန်ရုံက အနည်းငယ်ပြုံးပြီး "ညီလေးချန်ရှီက ယန်မိသားစုကမွေးထားတဲ့ နဂါးကိုသတ်ဖို့ ဒီဓားကို အတုလုပ်လိုက်တယ်.... ငါတို့ ယန်မိသားစုကို ရှင်းပြဖို့ မင်းမှာ ရည်ရွယ်ချက် မရှိဘူးလား"
ချန်ရှီ သူ့ရှေ့မှ ကြေးဓားကို ကြည့်ကာ ရုတ်တရက် လက်ဆန့်ထုတ်လိုက်ရာ လက်ဖက်ရည်ဆိုင်ရှိ လူအားလုံး တုန်လှုပ်သွားကာ ခေါင်းနောက်ဘက်ရှိ နတ်ကွန်းများ တစ်ခုပြီးတစ်ခု တောက်ပလာကာ နတ်သန္ဓေသားလေးများ ပေါ်လာသည်။
အမျိုးမျိုးသော ရွှေအမြုတေများက အလွန်အစွမ်းထက်သော ဖိအားကို ထုတ်လွှတ်ကာ လက်ဖက်ရည်ဆိုင်လေးကို တုန်လှုပ်သွားစေသည်။
လက်ဖက်ရည်ဆိုင် တစ်ဝိုက်ရှိ နံရံများ၊ တွဲလောင်းပန်းချီများ၊ ကုလားကာများ၏ မှောင်မိုက်သော ထောင့်များနှင့် လျှို့ဝှက်သော ရေးလက်စ စာလွှာ အမျိုးမျိုးတို့သည် အလင်းရောင်နှင့်အတူ တောက်လောင်လာကာ တစ်ခုစီ အသက်ဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အောက်ထပ်တွင် စောင်းတီးနေသော မိန်းကလေးသည် တိတ်တဆိတ် လှည့်၍ ထိုင်နေရာ၌ သူ့နံဘေးသို့ ပျံသန်းလာတာ ချန်ရှီ သတိပြုမိလိုက်သည်။
သူ့ဓားနဲ့ တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်ဖို့ သတ္တိရှိသရွေ့ စောင်းတီးသူရဲ့ ဓားစွမ်းအင်က အောက်ခြေကနေ အပေါ်ကို ချက်ချင်း လွင့်ထွက်သွားပြီး ချန်ရှီကို အောက်ခြေကနေ အပေါ်ကို နှစ်ခြမ်း ခွဲသွားလိမ့်မည်။
အခြားအိမ်ဖော်များစွာသည် အပြင်ဘက်မှ ပြေးဝင်လာကြပြီး အသီးသီး ခေါင်းမော့ကာ မော့ကြည့်လာသည်။ တိတ်တဆိတ် ခြေသံများဖြင့် ရွေ့လျားကာ ချန်ရှီကို အောက်ခြေမှနေ၍ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
လှေကားထစ်မှာ ရွှေအမြုတေနယ်ပယ် အမျိုးသမီးတစ်ဦးလည်း ရှိပါသေး၏။ တတိယလှေကားကို လှမ်းတက်ထားကာ နောက်ခြေတစ်ဖက်က အားယူထားကာ ကြွက်သားတွေ တင်းမာနေပြီး ပြေးတက်လာတော့မလိုပင်။
တတိယထပ်တွင်မူ ယန်မိသားစုမှ အခြားသခင်တချို့ကလည်း ဒုတိယအထပ်က အငွေ့အသက်ကို သတိပြုမိသွားလေသည်။ အချို့က ပြတင်းပေါက်အစွန်းကို ကိုင်ကာ ခုန်ဆင်းလာဖို့ ပြင်ဆင်နေကြပြီး တချို့ကလည်း ကြမ်းပြင်ကို ထိုးဖောက်ပစ်သည်။ နောက်ထပ် လူနှစ်ယောက်ကလည်း လှေကားအဆင်းနားကို ရောက်လာပြီး လှေကားထစ်မှ အပြေးအလွှားဆင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ချန်ရှီသည် အောက်ထပ်နှင့် အပေါ်ထပ်က အခြေအနေကို မမြင်ရသော်လည်း သူတော်စင်သံတမန်ကို သန့်စင်ထားသောကြောင့် သူ့ရဲ့ ပြင်ပကမ္ဘာအပေါ် အာရုံခံစားမှုက ပိုမိုအားကောင်းလာပါပြီ။ ထိုလူများရဲ့ တုံ့ပြန်မှုများ အားလုံးက သူ့စိတ်ထဲ ရောက်ထားပြီးသား။
သူက ဓားကို ပေါ့ပေါ့ပါးပါး လှန်လိုက်ပြီး ဆိုလိုက်သည်။
"ဒီဓားက တဲကျန်းမြစ်ထဲ ရေကြီးအောင်လုပ်ပြီး လူတွေ အများကြီးကို ရေနစ်သေအောင် လုပ်ခဲ့တဲ့ နဂါးကို သတ်ဖို့ လုပ်ထားတာ... နဂါးသတ်ဓားတစ်လက်က တစ်နှစ်ခွဲစာလောက် ကုန်သွားတယ်...ဒါကို ချောင်ဝမ်မြို့ကို ငွေဆယ်ချောင်းနဲ့ ရောင်းလိုက်တယ်လေ... ဒီဓားက မင်းတို့ဦးလေး ရှောင့်ရှန့်ကို သတ်လိုက်တာလား"
လက်ဖက်ရည်ဆိုင်ငယ်ထဲရှိ လူတိုင်း စိတ်မချမ်းသာကြတော့ပေ။ ချန်ရှီက သူ့ကြေးဝါဓားကို ချလိုက်ပြီး မေးလေသည်။
"မင်းတို့ရဲ့ နဂါးရေကန်ထဲမှာ မွေးထားတဲ့ နဂါးတစ်ကောင် ရှိတယ်ဆို ဘယ်မှာလဲ"
ယန်ချင်း သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးနဲ့။
"ချန်ရှီ! အရှက်မရှိ လာမလုပ်နဲ့! မင်းရဲ့ သေနာ အဘိုးကြောင့်သာ မဟုတ်ရင် ..."
ချန်ရှီရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ လက်ကို မြှောက်ကာ ယန်ချင်းရဲ့ ဦးရေပြားကို ဆွဲကိုင်ပြီး သူ့ရှေ့က လက်ဖက်ရည် စားပွဲပေါ် စောင့်ချပစ်သည်။
ယန်ချင်းဟာ ငယ်စဉ်ကပင် ကြွက်သားများနှင့် အရိုးများကို ပျော့ပျောင်းစေကာ ကြေးနီအရွတ်နှင့် သံအရိုးများလို လေ့ကျင့်ခဲ့သည်။ ရွှေအမြုတေကိုလည်း ခုနှစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာ နည်းလမ်းဖြင့် ပြန်လည်သန်စွမ်းနိုင်ခဲ့သည်။ ဒါပေမဲ့ ချန်ရှီသူ့ကို ဖမ်းဖို့ လက်ဆန့်လိုက်ချိန် ရှောင်လိုက်ပေမယ့် တစ်ဖက်က သူ့ခေါင်းကို အစွမ်းကုန် စောင့်ချပစ်လိုက်ပြီ။
ခွန်အားရှိသမျှ ရုန်းကန်သော်လည်း သူသည် ချန်ရှီရှေ့တွင် ကြက်ကလေးတစ်ကောင်လို ဖြစ်နေပြီး သူ့ခေါင်းကို ငုံ့ထားရကာ မလှုပ်ရှားနိုင်တော့ပေ။ သူ့ဦးခေါင်းက လက်ဖက်ရည် စားပွဲကို အပိုင်းပိုင်းခွဲပြီး ကြမ်းပြင်ကိုပါ ထိသွားသည်။ ချန်ရှီက သူ့မျက်နှာကို နောက်ထပ် လက်သီးချက်နဲ့ ပြင်းပြင်းထန်ထန် ထိုးချလိုက်တဲ့အခါ အပေါ်ထပ်၊ အလယ်နဲ့ အောက်ထပ်က ပြတင်းပေါက်နဲ့ တံခါးတွေ တုန်ခါသွား၏။
လက်ဖက်ရည်သောက် အခန်းငယ်လေးထဲက လူတိုင်းရဲ့ အမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး ကူညီရန် ခြေလှမ်းပြင်ကြသည်။ ထိုစဥ် ယန်ရုံက ရုတ်တရက် သူ့လက်ကိုဖွင့်လိုက်ပြီး လူတိုင်းရှေ့မှာ ရပ်လိုက်လေသည်။
"ဘယ်သူမှ မလှုပ်နဲ့!"
ယန်မိသားစု၏ အပေါ်ထပ်မှ သခင်များ၊ အောက်ထပ် အိမ်အကူများနှင့် လှေကားနှစ်ထပ်ရှိ အစောင့်များက တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြသော်လည်း သူတို့အားလုံး ထိုစကားကြားပြီးနောက် ရပ်တန့်ကာ မလှုပ်မယှက် ဖြစ်ကုန်သည်။
ဝုန်း!
ဒုတိယထပ်မှ ပြင်းထန်သော တုန်ခါမှုတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ချန်ရှီ လက်သီးကို မြှောက်လိုက်ပြီး ယန်ချင်းရဲ့ မေးစေ့ကို ဒုတိယလက်သီးချက်ဖြင့် ထိုးလိုက်သည်။
"ငါ့ကိုပြောချင်တာ ပြော! ငါ့အဘိုးကိုတော့ ပြောခွင့်မရှိဘူး.... မင်း သေချင်တယ်လို့သာ ပြောလိုက်!"
ချန်ရှီ သူ့ကို ကြိမ်းမောင်းပြီး တစ်ချက်ပြီး တစ်ချက် ထိုးသတ်လိုက်တာကြောင့် ယန်ချင်းရဲ့ ဘယ်ဘက်တစ်ခြမ်းလုံး ဝက်ခေါင်းလေးလို ရိုက်နှက်ခံလိုကိရသည်။ ချန်ရှီက သူ့ကို ကောက်ကိုင်လိုက်ပြီး ကျန်နေတဲ့ မျက်နှာတစ်ဖက်ကို ပြောင်းကာ ကြမ်းပြင်ပေါ်သို့ တွန်းတင်ကာ ဆက်လက် ရိုက်နှက်ပြန်၏။
ယန်ချင်းသည် ထိတ်လန့်ကာ ဒေါသထွက်ခဲ့သော်လည်း အစပိုင်းတွင် ခုခံနိုင်စွမ်းရှိနေဆဲဖြစ်သည်။ ပြန်တိုက်ဖို့ ရွှေအမြုတေကို ထုတ်ဖို့ ကြိုးစားခဲ့သော်လည်း ချန်ရှီရဲ့လက်ဖဝါးက သူ့ခေါင်းနောက်ဘက်ကို ဖိကာ ကျောက်စိမ်းခေါင်းကို ပိတ်ဆို့ထားတာကြောင့် ရွှေအမြုတေကို လုံးဝ မထုတ်နိုင်ချေ။
အကြိမ်တစ်ဒါဇင်ကျော်လောက် ထိုးနှက်ပြီးနောက် ယန်ချင်းလည်း ပြင်းထန်စွာ အရိုက်ခံရကာ သူ့စိတ်တွေ လွတ်ထွက်ကုန်သည်။
ချန်ရှီမှာ ရိုက်နှက်လိုက်ရတာကြောင့် ပင်ပန်းလာတော့မှ ယန်ချင်းကို လွှတ်လိုက်သည်။ ဘေးက လက်ဖက်ရည်အိုးကို ကိုင်ကာ ပြင်းထန်စွာ ရိုက်ချိုးလိုက်တာကြောင့် ကြေးနီ လက်ဖက်ရည်အိုးကလည်း ပြားသွားခဲ့သည်။ တစ်ဖန် ထပ်ခုန်ပြီး ယန်ချင်းရဲ့ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် ရိုက်ကာ တံတွေးနဲ့ ထွေးလိုက်သေးသည်။
"နောက်တစ်ခါ မင်းငါ့အဘိုးအကြောင်း ထပ်ပြောရရင် မင်းကို အသေရိုက်ပစ်မယ်!"
လက်ဖက်ရည်သောက်တဲ့ အခန်းငယ်ထဲတွင်တော့ လူတိုင်းရဲ့မျက်နှာက စိမ်းစိမ်းစိုစို နီနီရဲရဲ ဖြစ်နေသော်လည်း ဘယ်သူမှ မလှုပ်ရဲချေ။ ချန်ရှီက သူ့လက်တွေကို ဆန့်တန်းပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပြန်သပ်ချရင်း တောင်းပန်လိုက်သည်။
"ယန်မိသားစုက ညီအကိုတွေကို တောင်းပန်ပါတယ်... ငါ ဒေါသနည်းနည်း ထွက်မိသွားတယ်... ခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ"
သူတော်တော် ကျေနပ်သွားသည်။ အခုနောက်ဆုံးတော့ ဒီအဆောက်အဦးထဲက လူတိုင်းရဲ့ ကျင့်ကြံမှုအဆင့်ကို သူသိလိုက်ပြီလေ။
"သခင်ကြီး ရောက်လာခါနီးနေပါပြီ!"
အစေခံမိန်းကလေး တချို့ အပေါ်ထပ်သို့ တက်လာပြီး စားသောက်ဖွယ်ရာမျိုးစုံကို ယူဆောင်လာကြသည်။ ထို့နောက် ရေအနီးရှိ ပင်မခန်းမဆောင်ထဲတွင် ပြင်ဆင်လိုက်၏။
အစားအသောက် အဆင်သင့်ဖြစ်သောအခါ အစေခံမိန်းကလေးက တစ်ဦးစီအတွက် ရေနွေးပူပူ၊ မျက်နှာသုတ်ပုဝါ၊ ငွေအင်တုံတစ်ခုနှင့် လက်သုတ်ပုဝါ အသစ်စက်စက်တစ်ခုစီကို ယူဆောင်လာခဲ့သည်။ လူတိုင်း လက်ဆေးပြီးနောက် အပေါ်ထပ်ကို တက်သွားကြသည်။
ချန်ရှီ ခြေသံကြားသောအခါ အံ့သြသွားမိသည်။ အပေါ်ထပ်သို့ တက်လာတဲ့ လူကို သူ မခံစားရပေ။
"ယန်ကျင့်စီးရဲ့ ကျင့်ကြံမှု အဆင့်က တကယ် မြင့်မားတာပဲ!"
ယန်ရုံက ပြုံးပြီး "ညီလေးချန်... ကျေးဇူးပြုပြီး ကြွပါ!"
ချန်ရှီ ငြိမ်သက်သွားကာ သူတို့နှင့်အတူ လက်ဖက်ရည်ဆိုင်မှ ထွက်လာခဲ့သည်။ ယန်ရုံ လက်ဝှေ့ယမ်းကာ ဘေးနားရှိ အစောင့်များအား ယန်ချင်းကို သယ်သွားပေးဖို့ ပြောကာ အစေခံမိန်းကလေးတွေကိုလည်း လက်ဖက်ရည်သောက် အခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ အမိန့်ပေးလိုက်သည်။
ချန်ရှီ ပင်မခန်းမဆောင်သို့ ရောက်သောအခါ တစ်ဖက်က သလွန်ပေါ်တွင် ထိုင်နေသည့် သက်ကြီးရွယ်အိုတစ်ဦးကို တွေ့လိုက်ရသည်။ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ကျော် ရှိကာ ပိန်ပိန်ပါးပါး၊ မုတ်ဆိတ်မွေး၊ မျက်လုံးအောက်၌ မျက်အိတ်များ၊ ဆံပင်ကို တာအိုဘာသာအတိုင်း ချည်နှောင်ထားကာ တာအိုဝတ်ရုံကို ၀တ်ဆင်ထားတာ မြင်လိုက်ရသည်။
သူအဲဒီမှာထိုင်နေမှန်း သိသာပေမယ့် ချန်ရှီကတော့ သူ့ကို အာရုံမခံစားနိုင်သေးချေ။
ယန်ရုံက ထိုလူကြီးနားသို့ ချဉ်းကပ်လာပြီး ခပ်တိုးတိုး ဆိုသည်။
"ဦးလေး... ဦးလေးရှောင့်ရှန့်က..."
"ကိစ္စမရှိပါဘူး"
တာအိုဆရာကြီး တစ်ဖြစ်လည်း မိုးကြိုးခရိုင်တရားသူကြီး ယန်ကျင့်စီးက သူ့လက်ကို မြှောက်လိုက်ပြီး။
"အမြင့်မြတ်ဆုံး သတ္တဝါက သတ္တဝါပေါင်းများစွာကို သတ်ပစ်လိုက်ပြီ.... နဂါးအဖြစ် ပြောင်းလဲချင်ရင် ဒီဘေးဒုက္ခကို ခံရဖို့လည်း ပြင်ထားရမှာပဲ... ငါ မှော်ပညာနဲ့ တွက်ပြီးပြီ...သူ ဒီဘေးအန္တရာယ်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ညီလေးချန်က သူ့ကို လွတ်မြောက်ခွင့် ပေးလိုက်သလိုပဲ..."
လူတိုင်း ထိုင်ခုံနေရာယူကြပြီး အနားမှာ အကူတစ်ယောက်စီက စောင့်နေပေးကြသည်။ ချန်ရှီကို ယန်ကျင့်စီးဘေးတွင် နေရာချပေးထား၏။
"အငယ်တန်းချန်ရှီ.... လူကြီးမင်းကို တစ်ခွက်လောက် ဂါဝရပြုပါရစေ...."
ယန်ကျင့်စီးကလည်း သူ့သေရည်ခွက်ကို မြှောက်ကာ အားလုံးကို သောက်လိုက်သည်။ ချန်ရှီဟာ သူ့နောက်က အစေခံကို ကျောခိုင်းထားကာ ခေါင်းကိုမော့ပြီး တစ်ကျိုက်တည်း သောက်ချလိုက်ပါ၏။
ဤပွဲ၌ ဧည့်သည်များနှင့် အိမ်ရှင်များက ကြီးကျယ်ခမ်းနားစွာ စားသောက်နေကြသည်။ လူတိုင်းက ၎င်းတို့အား စားသောက်ရန်သာ ဖြားယောင်းသွေးဆောင်နေသည်။ နဂါးသတ်ဖြတ်မှု အကြောင်းကို အစဖော်သူတောင် မရှိပေ။ ချန်ရှီ အရမ်းမူးနေတာကြောင့် အောက်ထပ်ကို ဆင်းလာတော့ ယိမ်းယိုင်နေပြီ။ တောင်ခြေရင်းကို ရောက်တဲ့အခါ လဲကျလုနီးပါးပင် ဖြစ်သွားသည်။
ဟေးကော်က အနောက်မှ လျင်လျင်မြန်မြန် လိုက်လာခဲ့သည်။ ချန်ရှီ တလှုပ်လှုပ်နဲ့ ယန်မိသားစုထဲက လူတိုင်းကို လက်ပြနှုတ်ဆက်ခဲ့သည်။
"ငါ လမ်းလျှောက်နိုင်တယ်... ငါ့ကို ကူညီစရာ မလိုဘူး! ယန်မိသားစုက အရမ်း ကောင်းတယ်... ငါ့အဘိုးကို နောက်မှပြောပြရမယ်! ငါ့အဘိုး ကောင်းကောင်း ဆက်ဆံပေးမှာပါ... မင်းတို့လည်း ဂရုစိုက်ကြနော်... ပြန်သွားတော့ ပြန်သွားတော့!"
အားလုံးက သူ့ကို ရွှမ်ဝူနန်းတော်ထဲက လွှတ်လိုက်ကြသည်။ ချန်ရှီ လမ်းဘေးသို့ တရွေ့ရွေ့ လျှောက်လာပြီး အရင်က ထိုင်ဖူးတဲ့ လက်ဖက်ရည်ဆိုင်ကို မသိလိုက်ဘဲ ရောက်သွား၏။ သူ့နှုတ်ခမ်းတွေ ခြောက်နေတာကြောင့် အပေါ်ထပ်မှာ လက်ဖက်ရည် တက်သောက်လိုက်သည်။
လက်ဖက်ရည် ဖျော်ပေးတဲ့ လူမှာ လက်ဖက်ရည်ကို အလျင်အမြန် လောင်းထည့်ကာ သူ့ကိုပြုစုစောင့်ရှောက်ရင်း အံ့ဩနေသည်။
"သူတကယ်ကြီး အသက်ရှင်နေသေးတာပဲ... ကလဲ့စားချေဖို့ သွားတာ မဟုတ်ဘူးလား?"
ချန်ရှီ ငွေစက္ကူတစ်ရာကို ထုတ်ပြီး လက်ဖက်ရည်အိုး အောက်မှာ ညှပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အဖျော်ဆရာ... သားမွေးတော့မယ့် ဝက်တွေ၊ ခွေးတွေ၊ နွားတွေ၊ သိုးတွေ တစ်ဒါဇင်လောက် ဝယ်ပေးပါဦး"