← Chapters

နဂါးဂိတ်ကိုကျော်လွန်တဲ့ငါး

Vol. 6 Ch. 79

နဂါးဂိတ်ကိုကျော်လွန်တဲ့ငါး

Vol. 6 Ch. 79

နာမည်များပေးပြီးနောက် တိုက်ပွဲစတင်သည်။

အနီရောင်ပိုးချည်က ကျိုးချန်နားတွင် ဖွဲ့တည်လာ၏။

"ဒါက ဟုန်လင်းပဲ" သူမက ပြောသည်။ "အားကောင်းတဲ့တိုက်ခိုက်မှုရှိပြီး မြန်ဆန်တယ် ဂျူနီယာမောင်လေးကျန်း မကိုင်တွယ်နိုင်ဘူးထင်ရင် တွန်းအားမပေးပါနဲ့"

သူမလက်ဝေ့ယမ်းလိုက်ရာ အနီရောင်ပိုးကြိုးက အလွန်လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။ ကျန်းဟောင်က ဆေဘာဖြင့် ကာသော်လည်း နောက်ဆုတ်လိုက်ရသည်။ ပိုးကြိုးက အလွန်အားကောင်းလှသည်။

စီနီယာအစ်မရှင်းနှင့် လုံးဝကွဲပြားသည့် တိုက်ခိုက်ရေးပုံစံဖြစ်သည်။ ကျိုးချန်က တကယ့်ကို လျှော့တွက်မရသူဖြစ်၏။

ထိုသို့တွေးနေစဥ် ပိုးခြည်က ထပ်မံတိုက်ခိုက်လာပြန်၏။ သူရှောင်တိမ်း၍ အဝေးကနေ မိစ္ဆာအသံခုတ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

သို့သော် သူ မည်မျှတိုက်ခိုက်ပါစေ ကျိုးချန်က အလွယ်တကူ ရှောင်တိမ်းနိုင်သည်။

သူမက တကယ်အားကောင်းပြီး အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းနှင့် ကပ်နေသည်။

ကျန်းဟောင် အချိန်ဆွဲမနေနိုင်တော့ပေ။ အစက ပြိုင်ဖက် မောပန်းသွားစေရန်အထိ အချိန်ဆွဲရန် တွေးထားသော်လည်း ကျိုးချန်နဲ့က ထိုသို့လုပ်မရပေ။

မိစ္ဆာအသံဓားချက်နှင့် မိုင်ထောင်ချီမိစ္ဆာအသံအား တိုက်ရိုက်အသုံးပြုလိုက်သည်။ ချက်ချင်းပဲ ကျန်းဟောင်က သူမနောက်တွင်ပေါ်လာပြီး ပုခုံးပေါ် လက်တင်လိုက်၏။

ကျိုးချန်က ပိုးကြိုးကိုချလိုက်သည်။ "ငါရှုံးပြီ"

"အလျှော့ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"

ကျိုးချန်က သိပ်စိတ်မပျက်လှပဲ နှုတ်ဆက်ထွက်ခွာသွား၏။

ကျန်းဟောင်လည်း သိချင်စိတ်ကြောင့် အကဲဖြတ်ကြည့်သည်။

[ကျိုးချန်၊ အဖြူရောင်လရေကန်၏ အတွင်းစည်းတပည့်၊ ပါရမီမြင့်မားပြီး ဖြူစင်ကြင်နာသည့်အတွေးရှိသည်၊ အန္တရာယ်ဖြစ်စေနိုင်သည်များအား အာရုံခံနိုင်သည်၊ တစ်နေ့တွင် နဂါးဂိတ်က ခုန်ထွက်သည့်ငါးလို မြင့်တက်လာပေလိမ့်မည်]

ကျန်းဟောင် အံ့အားသင့်သွား၏။ သူမ အဘယ်ကြောင့် တိုက်ခိုက်မှုများအား အလွယ်တကူ ရှောင်တိမ်းနိုင်သည်ကို နားလည်သွားလေသည်။ အစက သူမလည်း အမည်မဲ့ကျင့်စဥ်လိုမျိိုး ကျင့်ကြံထားသည်ဟုထင်ထားသော်လည်း မြင့်မားသည့် အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

"နောက်ဆုံးမှာ ငါ သူမကိုမတိုက်ခိုက်ပဲ ပုခုံးပေါ် လက်ပဲတင်ခဲ့တယ် ဒါကြောင့် အာရုံမခံနိုင်ဖြစ်သွားတာပဲ"

သူ့အနေနဲ့ မလွယ်ကူသလိုခံစားရသည်။ ဤစွမ်းရည်နဲ့ဆို ကျိုးချန်က အဆင့်မြင့်လာလေ ရင်ဆိုင်ရခက်သူဖြစ်လေဖြစ်မည်။

ကျိုးချန်လို ဖြူစင်သည့် နှလုံးသားရှိသူက မိစ္ဆာဂိုဏ်းတွင် ရှိမနေသင့်ဟု သူ ခံစားရသည်။

ပြိုင်ပွဲပြီးနောက် ဟန်မင်နဲ့ဆုံသည်။ သူ့ကြည့်ရတာ ပျော်နေပုံရ၏။ "စီနီယာအစ်ကိုကျန်း ကျနော် ထိပ်ဆုံးလေးယောက်ထဲဝင်ခဲ့ပြီ"

ကျန်းဟောင် ပြုံး၍ "ဂုဏ်ယူပါတယ် ဂျူနီယာညီလေးဟန်"

သူတို့ချင်းစကားအချို့ပြောပြီး လမ်းခွဲခဲ့ကြသည်။ ဟန်မင်က အခြားစီနီယာများနှင့် တွေ့ဆုံခဲ့သည်။

"ဂျူနီယာညီလေးကျန်းက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပဲရှိသေးတယ် ထိပ်ဆုံးလေးဦးထဲ ဝင်နေပြီ"

"မင်းအနာဂတ်ကတော့ တကယ့်ကိုတောက်ပနေပြီ"

ဟန်မင်က ကျေနပ်စွာပြုံးပြီး သူတို့ကို ကျေးဇူးတင်စကားပြောခဲ့သည်။

အိမ်ပြန်ရောက်ပြီးနောက် ကျန်းဟောင်က အမည်မဲ့ကျင့်စဥ်ကို လေ့လာသည်။

စွမ်းရည်သုံးစွဲတိုင်း ဖြစ်ပေါ်လာသည့် စွမ်းအင်အတက်အကျကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း အမည်မဲ့ကျင့်စဥ်အား နက်ရှိုင်းစွာ နားလည်ချင်နေသည်။

ကောင်းကင်ဆေဘာ တတိယအကွက်ကိုလည်း သင်ယူချင်နေ၏။ ကံမကောင်းစွာ သူ့တွင် သင်ယူရန်အချိန်ရော အခြေအနေပါ မရှိပါချေ။

ရွှေအမြုတေအဆင့် အလယ်အလတ်က တတိယအကွက်ကိုသင်ယူရန် မလုံလောက်ပေ။ သူ အဆင့်တက်ရန်လို၏။

ကျင့်စဥ်အား ညသန်းခေါင်ထိတိုင် လေ့လာပြီးမှ စတင်ကျင့်ကြံသည်။

အမည်မဲ့ကျင့်စဥ်ကို လေ့လာတိုင်း ကြည်လင်သန့်စင်နှလုံးသားကို အသုံးပြုသည်။ ၎င်းက သူ၏ စိတ်ဝိညာဥ်စွမ်းအင်အား ကုန်ဆုံးစေ၏။

ခရမ်းရောင်ပူဖောင်းမရသေးတာ နှမြောစရာဖြစ်၏။ မဟုတ်ပါက နောက်ထပ် နတ်စွမ်းရည်တစ်မျိုးရမည်ဖြစ်သည်။

နောက်တစ်ရက် ခြံနှင့် ဆေးဥယျာဥ်မှ ပူဖောင်းများကို ကောက်ယူပြီးနောက် ပြိုင်ပွဲနေရာကို ထွက်ခဲ့သည်။

သူ၏ ပြိုင်ဖက်က ဟန်မင်ဖြစ်နေသည့်အတွက် အံ့သြသွား၏။ တဖက်လူကတော့ မည်သို့ခံစားနေရမည်မသိပေ။

ကျန်းဟောင်လည်း ကွင်းထဲသွားစောင့်နေလိုက်သည်။

ခဏကြာသော် သူ ရောက်လာ၏။

"စီနီယာအစ်ကိုကျန်းနဲ့ ရင်ဆိုင်ဖို့မလွယ်ဘူးဆိုတာသိပါတယ် ဒါပေမဲ့ ကျနော်ကတော့ ကြိုးစားကြည့်ရမှာပဲ"

နာမည်ယူရန် ရွှေအမြုတေအဆင့် စီနီယာရောက်လာသည်။ ကျန်းဟောင်ကိုမြင်သောအခါ ခေါင်းညိတ်ပြ၏။ သူနဲ့ပတ်သတ်ပြီး အမြင်ကောင်းရှိဟန်ရသည် ။

ဟန်မင်က မန္တန်သုံးလိုက်ရာ လျှပ်စီးများဖြာထွက်လာပြီး မိုးကြိုးတစ်စင်းသဖွယ် ဝင်ရောက်လာခဲ့သည်။

ထန်

ဓားနှင့် ဆေဘာထိတိုက်သွားပြီး ကျန်းဟောင်မှာ မသိမသာနောက်ဆုတ်သွားရသည်။

ဟန်မင်က ပိုပြီးသန်မာလာသည်။ သူ၏ဓားမှ အခြားစွမ်းအားတစ်မျိုးကို အာရုံခံမိသည်။

"အမွေခံလား" သူ ခန့်မှန်းလိုက်၏။ သို့သော် စိုးရိမ်ခြင်းမရှိပါချေ။

ဆေဘာနှင့် ဓားက ရူးသွပ်စွာထိခိုက်နေကြသည်။ ဟန်မင်က သူ၏ အသန်မာဆုံးနည်းစနစ်ဖြစ်သည့် မိုးကြိုးဓားသိုင်းဖြင့် တိိုက်ခိုက်နေသည်။

ကျန်းဟောင်က ရှောင်ပြီး မိုင်ထောင်ချီမိစ္ဆာအသံကိုသုံးကာ ဟန်မင်နားကပ်သွားခဲ့သည်။ အလျင်က မြန်လွန်းရကား ကျန်းဟောင်က ဆေဘာကို သူ၏ နဖူးထက်ထားလိုက်ပါမှ ဟန်မင်တယောက် သတိဝင်တော့သည်။

"ကျနော် ရှုံးပြီ"

"ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးဟန်" သူ ဆေဘာသိမ်းလိုက်၏။။

ပြိုင်ပွဲကို ကြည့်နေသူအချို့မှာ ရလဒ်နဲ့ပတ်သတ်ပြီး မအံ့သြကြပေ။ ကျန်းဟောင်က စီနီယာဖြစ်နေသည်မဟုတ်ပါလား။

ကျန်းဟောင်လည်း အိမ်ကိုမပြန်သေးပဲ ရွှေအမြုတေအဆင့်နှင့် မူလဝိညာဥ်အဆင့်က တိုက်ပွဲများကိုကြည့်နေသည်။

၎င်းတို့သုံးသည့် နည်းစနစ်နှင့် မန္တန်များက အံ့သြစရာကောင်းလှသည်။ အနာဂတ်တွင် အသုံးပြုနိုင်ရန် မန္တန်များအား မှတ်သားကြည့်နေသည်။

နောက်ရက် ကျန်းဟောင်က ရွှေအမြုတေအဆင့်များ၏ တိုက်ပွဲကို ဆက်ကြည့်နေခဲ့သည်။ အထူးသဖြင့် ရွှေအမြုတေအဆင့် အထွတ်အထိပ်များအား အာရုံစိုက်ခဲ့သည်။

တတိယမြောက်ရက်တွင် သူ ရောက်လာပြန်၏။ ယနေ့ အနိုင်ရသူကို ဆုံးဖြတ်မည်ဖြစ်သည်။

All Chapters