ရိုးသားသူအား အကြိမ်ကြိမ်နှောင့်ယှက်ခြင်း
Vol. 6 Ch. 81
သားရဲက ခြံစည်းရိုးနားတွင် နှာခေါင်းတရှုံ့ရှုံ့လုပ်နေသည်။ ကျန်းဟောင်ကိုမြင်သောအခါ ပြေးလာ၏။ "သခင် ဒီနေရာကလည်း အရင်ဟာနဲ့ အတူတူပဲ"
ကျန်းဟောင်လည်း ဆောင့်ကြောင့်ထိုင်၍ မြေကြီးအား စစ်ဆေးကြည့်သည်။ ထိုနေရာတွင် အာဟာရဓာတ်များ အတော်လေးယုတ်လျော့နေ၏။ ပုံမှန်အတိုင်း ပြန်ကောင်းစေလိုပါက နှစ်နှစ် သုံးနှစ်လောက်စောင့်ရပေမည်။
"အရိုးပန်း ဘယ်မှာလဲ"
သားရဲက ရှေ့ကနေ ခေါ်ဆောင်သွားပေး၏။ သိပ်မကြာခင် အဖြူရောင်ပန်းတစ်ပွင့်အား တွေ့မြင်လိုက်ရသည်။ အရွက်နှင့် ရိုးတံများပါ လုံးဝဖြူဆွတ်နေသည်။
အရိုးပန်းကို အရိုးများခိုင်မာစေရန်နှင့် စွမ်းအင်သန့်စင်ရန်အတွက် အသုံးပြုသည်။ အရိုးတစ်ရာတောအုပ်က လူများအတွက် အရေးကြီးသည့်ဆေးပင်ဖြစ်သည်။
သာမန်အားဖြင့် အရိုးပန်းကြီးထွားရန် အထူးနေရာတခုလိုသည်။ ယခင်ကလည်း အရိုးပန်းကို ရိတ်သိမ်းနိုင်သည်အထိ ဆေးဥယျာဥ်တွင် စိုက်ပျိုးခဲ့သော်လည်း ပြဿနာမရှိခဲ့ပေ။
သေချာလေ့လာပြီးနောက် ပန်းက အဓိကအကြောင်းရင်းဖြစ်ကြောင်း သိလိုက်ရသည်။
ကျန်းဟောင်လည်း ပန်းအား အကဲဖြတ်စွမ်းရည်သုံးလိုက်သည်။
[သန္ဓေပြောင်းအရိုးပန်း၊ မူလအရိုးပန်းနှင့် မတူညီပဲ ပတ်ဝန်းကျင်က အာဟာရဓာတ်များကို အညှာအတာကင်းမဲ့စွာ စုပ်ယူသည်၊ ပိုင်ရီ၏ လက်ရာဖြစ်သည်၊ ဆေးဥယျာဥ်အား ခက်ခဲစေရန် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်]
ကျန်းဟောင် အကူအညီမဲ့သွား၏။ ဆေးဥယျာဥ်ကို ဖျက်ဆီး၍ မည်သို့သောအကျိုးအမြတ်များရနိုင်ပါမည်နည်း။
ပိုင်ရီက ဘယ်သူမှန်းလဲမသိပေ။ ထိုနာမည်အား တစ်ခါမှ မကြားဖူးချေ။
"ဥယျာဥ်တခုလုံးမှာ အရိုးပန်း ဘယ်လောက်ရှိလဲ "
"၅၀၀ လောက်ရှိပါတယ်" ချန်ချိုး ဖြေသည်။
အရိုးပန်းက အရမ်းတန်ဖိုးမကြီးသော်လည်း ၅၀၀ ဟူသည့် ပမာဏက ဈေးနှုန်းတခုရှိသည်။
"အရိုးတစ်ရာတောအုပ်က လူတွေကို အကြောင်းကြားလိုက် ငါတို့မှာ ပြဿနာရှိနေပြီလို့ "
"ကောင်းပါပြီ" ချန်ချိုးမှာ မတုံ့ဆိုင်းပေ။
ထို့နောက် ကျန်းဟောင်က ဈေးကိုသွားပြီး ဓားတစ်သိန်းအဆောင် ၁၂ ခုကိုရောင်းခဲ့သည်။ ယင်းမှ ဝိညာဥ်ကျောက်တုံး ၃၀၀ လောက်ရခဲ့သည်။
မိုးပြာတောင်တန်းနဲ့ စစ်ပွဲပြီးသွားပြီးနောက် ပစ္စည်းဝယ်လိုအားနှင့် ဈေးက ပုံမှန်ဖြစ်သွားလေပြီ။ အချို့ပစ္စည်းများဆို ဈေးပင်ပိုကျသွား၏။
ကိစ္စများပြီးစီးပြီး ဆေးဥယျာဥ်ကိုပြန်လာခဲ့သော်လည်း ချန်ချိုးအား မတွေ့ရပေ။ ထို့ကြောင့် အိမ်ပြန်လာခဲ့သည်။
ချန်ချိုးက မနက်ဖြန်တွေ့ရမည် သို့မဟုတ် ကိစ္စအရေးပေါ်ရှိပါက သူ့ဆီလာရှာလိမ့်မည်ဟု တွေးထားသည်။
သို့သော် နောက်ရက်တွင်လည်း ချန်ချိုးအား မတွေ့ရပေ။ ထိုညက ကျန်းဟောင် အိပ်မပျော်၍ ဆေဘာကိုသန့်စင်နေခဲ့သည်။
နောက်တစ်ရက် ကောင်းကင်ဘုံရနံ့တာအိုပန်းကို ရေလောင်းပြီး ဆေးဥယျာဥ်သို့သွားသည်။ ထိုအခါမှ ချန်ချိုးအား တွေ့ရတော့သည်။
"စီနီယာအစ်ကိုကျန်း ကျနော် မနေ့က အရိုးတစ်ရာတောအုပ်ကိုသွားခဲ့တာ သူတို့မှာ အရေးပေါ်ကိစ္စရှိနေလို့ကျနော်တို့ အနည်းဆုံးငါးရက်လောက် စောင့်ရမယ်ပြောတယ်"
ချန်ချိုးက ခေါင်းငုံ့လျက် "တခြားဆေးဥယျာဥ်တွေမှာလည်း အလားတူပြဿနာတွေကြုံနေရတယ်လို့ကြားတယ်"
ကျန်းဟောင် စိုးရိမ်သွား၏။ ဤကိစ္စမှာ အချိန်ဆွဲ၍ မရသည့်အရာဖြစ်သည်။ ဆေးဥယျာဥ်သာ ပြန်မကောင်းနိုင်ပါက အကျိုးဆက်များရင်ဆိုင်ရပေမည်။
အရိုးတစ်ရာတောအုပ်က ဆေးဥယျာဥ်ပျက်စီးသွားနိုင်တဲ့အရေးကို လျစ်လျူရှုနေတာပဲ။
"အရိုးပန်းတွေအားလုံးကိုနုတ်ပြီး ဆေးဥယျာဥ်နဲ့ ဝေးဝေးကိုယူသွားချေ " ကျန်းဟောင် အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ" ချန်ချိုးလည်း ဤကိစ္စမှာ အလွန်အရေးကြီးသည်ဟုခံစားရသောကြောင့် မငြင်းဆန်ပါချေ။
ကျန်းဟောင် ငါးရက်စောင့်ခဲ့ပေမဲ့ အရိုးတစ်ရာတောအုပ်က လူများရောက်မလာခဲ့ချေ။
ချန်ချိုးက ထပ်မံသွားရောက်ပြီး ပြန်လာ၏။ "နောက်ထပ် ငါးရက်လိုသေးတယ်လို့ပြောတယ်"
"တခြား ဆေးဥယျာဥ်တွေရော" ကျန်းဟောင် မေးသည်။
"သူတို့ အရိုးပန်းတွေကို မရွှေ့ရသေးပါဘူး" ချန်ချိုး ပြော၏။" အရိုးပန်းတွေကိုနုတ်လိုက်ရင် အကျိုးဆက်တွေ ခံစားရလိမ့်မယ်လို့ ထင်နေကြတယ်"
ချန်ချိုးလည်း ထိုအချက်နဲ့ပတ်သတ်ပြီး စိုးရိမ်နေသော်လည်း ကျန်းဟောင်၏ အမိန့်ကိုတော့ မဆန့်ကျင်ရဲပါချေ။
မိစ္ဆာဂိုဏ်းတွင် သန်မာသူက အားနည်းသူများကို ဖိနှိပ်နိုင်ကြသည်။ အဖြူရောင်လရေကန်တွင်လည်း ဆေးဥယျာဥ်ရှိသည်။ သို့သော် စောင့်ရှောက်သူ ကျိုးချန်ကြောင့် အရိုးတစ်ရာတောအုပ်က သန္ဓေပြောင်းအရိုးပန်းကို လာစိုက်ရဲမည်မဟုတ်ပေ။
အားနည်းသည့် ဆေးဥယျာဥ်အစောင့်များကိုသာ အနိုင်ကျင့်ပေမည်။
"ဒါဖြင့် နည်းနည်းထပ်စောင့်ကြတာပေါ့ " သူတို့ ဆေးဥယျာဥ်မှ အရိုးပန်းများကို နေရာရွှေ့ထားပြီးဖြစ်သောကြောင့် စိုးရိမ်စရာမလိုတော့ပါချေ။
ပန်းများက ညှိုးနွမ်းပြီး သေမလိုဖြစ်နေကြသည်။ သို့သော် ကျန်းဟောင်က အရိုးပန်းသေမည်ကို ဂရုမစိုက်ပဲ လျော်ကြေးပေးရန် ဆန္ဒရှိသည်။
ပုံမှန် အရိုးပန်းများက အတော်လေး ဒဏ်ခံနိုင်ကြသည်။ သို့သော် သန္ဓေပြောင်းပန်းများမှာ အခြားဆေးပင်များ၏ အာဟာရဓာတ်ကို စုပ်ယူမှသာရှင်သန်နိုင်သည်။
ကျန်းဟောင် တည်ငြိမ်နေသောကြောင့် ချန်ချိုးလည်း စိတ်သက်သာရာရမိသည်။ အခြားသော ဆေးဥယျာဥ်စောင့်ရှောက်သူများမှာ စိုးရိမ်တကြီးဖြစ်နေကြသည်။ အရိုးပန်းကို မရွှေ့ရဲသောကြောင့် ဆေးဥယျာဥ်များ ပျက်စီးသည်ကိုသာ ထိုင်ကြည့်နေရလေသည်။
ကျန်းဟောင်က သားရဲကို မှားယွင်းသည့်အရာများ ထပ်မရှိစေရန် စောင့်ကြည့်ခိုင်းထားသည်။ သူကိုယ်တိုင်လည်း လိုက်လံစစ်ဆေးသည်။
ကျန်းဟောင် သက်ပြင်းချ၏။ သစ္စာဖောက် သူလျှိိုများသာမက တစ်ဂိုဏ်းတည်းသားချင်းတွေကိုပါ စိုးရိမ်နေရသည်။
နှစ်ရက်ကြာပြီးနောက် ကောင်းကင်ဘုံရနံ့တာအိုပန်းနားတွင် စိုက်ပျိုးထားသည့်အစေ့အား စစ်ဆေးသည်။ ၎င်းကို ဝိညာဥ်ကျောက်တုံး ၉၉ တုံးဖြင့် ဝန်းရံထား၍ ရေလောင်းသည်။
"အခု ကိုးရက်စောင့်ရမယ်"
ကိုးရက်ကြာပြီးနောက် အစေ့က အမြစ်ပေါက်လာလိမ့်မည်။ ထိုအခါ ပူဖောင်းများစပေါ်လာနိုင်၏။
အစေ့က နတ်သစ်ပင်မဖြစ်သေးသောကြောင့် ခရမ်းရွှေရောင်နှင့် ရွှေရောင်ပူဖောင်းများအား မမျှော်လင့်နိုင်သေးပေ။
ပြီးခဲ့သည့်ရက်များတွင် အချိန်အများစုကို အဆောင်ရောင်းခြင်းနှင့် ကောင်းကင်ဆေဘာခုနစ်ကွက်အား လေ့ကျင့်ခြင်းတို့တွင် အသုံးပြုခဲ့သည်။
ပထမနှင့် ဒုတိယအကွက်ကို အတော်ရင်းနှီးစွာ ကျွမ်းဝင်နေပြီဖြစ်သော်လည်း ခိုင်မာအောင် ဆက်လက်လေ့ကျင့်သည်။ ပုံမှန်အားဖြင့် သာမန်ဆေဘာဖြင့်သာ လေ့ကျင့်သော်လည်း တခါတလေ ရှီယုဖြင့် လေ့ကျင့်သည်။
ပိုင်ရီက မည်သူမှန်းမသိသေးပေ။ သံသယအဝင်မခံချင်သောကြောင့် မစုံစမ်းခဲ့ပါချေ။
သုံးရက်က ဖျတ်ခနဲကုန်သွားပြီးတော့မှ အရိုးတစ်ရာတောအုပ်မှ တစုံတယောက် ရောက်လာသည်။ ၎င်းက အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းတွင်ရှိသည်။
သူ့နာမည်က လီကိုင်ဖြစ်၏။
"ဂျူနီယာညီလေး မင်းက သိပ်မယဥ်ကျေးဘူးပဲ" လီကိုင်က ပြောသည်။ ၎င်း၏ လွှမ်းမိုးနိုင်သည့်အော်ရာက ပျံ့နှံ့နေသည်။
"ဘာကြောင့်များပါလဲ စီနီယာအစ်ကိုလီ"
ကျန်းဟောင်က ၎င်း၏ အော်ရာကို ဂရုမစိုက်ပေ။ ဆေးဥယျာဥ်၌ ဂိုဏ်းက တိုက်ခိုက်ခြင်းအား ခွင့်မပြုထားပေ။
"ရက်အနည်းငယ်ပဲရှိသေးတယ် အရိုးပန်းတွေအားလုံးကို နုတ်ပြီး သေအောင်ပစ်ထားတယ်လေ"