#တကယ်တော့ မုဖူရှန်းက သူ့တပည့်ပဲ#
Vol. 50 Ch. 707
ကိုးဘက်ရေခဲသိပ်သည်းခြင်း!
ချန်ဟွီဒီမြင်ကွင်းကို ကြည့်ရှုရင်းပြောသည်။
"နီပင်းချန်က အရမ်းပါးနပ်တယ်၊ သူက အားအကောင်းဆုံးတိုက်ချက်ကို တိုက်ရိုက်အသုံးပြုပြီး ယဲ့ချိုးပိုင်ကို ဘာအခွင့်အရေးမှ မပေးခဲ့ဘူး"
လဲ့ကျန်းချီ ထူးမခြားနားစွာပြောသည်။
"နီပင်းချန် ဘယ်လိုပဲတိုက်ခိုက်ပါစေ ယဲ့ချိုးပိုင်ကို နိုင်မယ်လို့ မင်းထင်လား"
ချန်ဟွီ တစ်ခဏမျှကြက်သေသေသွားပြီးနောက် ပြောလာသည်။
"မင်းပြောတာသာမှန်ပြီး သူမင်းကို အနိုင်ယူနိုင်တယ်ဆိုရင်တော့ နီပင်းချန်မှာ နိုင်ဖို့အတွက် အခွင့်အရေးမရှိဘူး"
"ဒါပေမယ့် နီပင်းချန်ရဲ့ တိုက်ခိုက်ရေးခွန်အားက ထိပ်တန်းအဆင့် မဟုတ်ရင်တောင် အနာဂတ်စစ်ဆင်ရေးတွေအတွက် အသုံး၀င်နေသေးတယ်၊ သူ့ကို အသင်းထဲကနေ ဒီလိုကန်ထုတ်လိုက်တာက တကယ်ပဲအဆင်ပြေလို့လား"
လဲ့ကျန်းချီ ချန်ဟွီ၏ပူပန်မှုကို နားလည်သော်လည်း အသင်းထဲတွင် ဒုတိယအသံဟူ၍ ရှိနိုင်မည်မဟုတ်။
ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံဟူ၍ ဘာတစ်ခုမှမရှိသည့် မဟာမိတ်အဖွဲ့တွင် ဒုတိယအသံ ပေါ်ပေါက်လာသည်နှင့် မဟာမိတ်က ပြိုလဲကျတော့မည့် အချိန်အခါနှင့် ဝေးကွာတော့မည်မဟုတ်တော့ပါ။
"နီပင်းချန်က အသင်းမှာပါ၀င်ဖို့ မသင့်တော်တော့ဘူး"
ယဲ့ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဖြစ်သော်လည်း ဒီဆုံးဖြတ်ချက်က မှန်ပါသည်။
ချန်ဟွီခေါင်းညိတ်လိုက်ရသည်။
ထိုအချိန်တွင် ရေခဲအငွေ့အသက်က နီပင်းချန်လက်ဖဝါးထဲတွင် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ယဲ့ချိုးပိုင်ထံ ၀င်ရောက်သွားသည်။
ရေခဲမုန်တိုင်းဖြတ်သန်းသည့် နေရာတိုင်း၌ လေဟာနယ်က အေးခဲသွားရသည်။
ပတ်၀န်းကျင်အပူချိန် ကျဆင်းနေတာကို အနီးအနားက လူတိုင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။
သူ့တို့ကိုယ်ခန္ဓာများပင်လျှင် ရေခဲစများနှင့် ဖုံးလွှမ်းနေသည်။
ဒီနီပင်းချန်က အတော်လေးထူးချွန်ပြီး အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်၌ ပြိုင်ဘက်မရှိသလောက်ပင်။
သို့စေကာမူ သူကသူ့ထက်ပင် ကြောက်စရာကောင်းသော သူတစ်ယောက်နှင့် တွေ့နေရခြင်းပင်။
ဒီလူက သွေးပြောင်းလဲခြင်းနယ်ပယ်နှင့် အင်မော်တယ်တပိုင်းနယ်ပယ်ကျင့်ကြံသူကို အနိုင်ယူနိုင်၊ သတ်ဖြတ်နိုင်သည့် မွန်းစတားဖြစ်သည်။
ယဲ့ချိုးပိုင်လက်ထဲက ကြယ်ကြွေဓားက ရှေ့သို့ထိုးစိုက်ပစ်သည်။
ဓားဆန္ဒက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ နဂါးဟစ်သံများကို ထုတ်လွှတ်သည်။
ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်၏ ပထမဓားချက်!
၎င်း၏အော်ရာက အတော်လေးကြောက်စရာကောင်းသည်။
နီပင်းချန် ထိတ်လန့်သွားသည်။
ဒီနယ်ပယ်မှာတောင် သူ့ဓားဆန္ဒက ဒီလိုအဆင့်တစ်ခုအထိ ရောက်နေတာလား!
လဲ့ကျန်းချီပင် သူ့ထက်နိမ့်ကျသည်။
"ဒါပေမယ့် နယ်ပယ်အကြားကွာခြားချက်က အလွယ်တကူပြင်လို့ရတဲ့အရာလား"
ရေခဲမုန်တိုင်းက ဓားနဂါးနှင့် တွေ့ဆုံသွားသည်။
ချက်ချင်းဆိုသလို ရေခဲစိုင်များက ဘက်ပေါင်းစုံသို့လွင့်စင်သွားသည်။
ထို့နောက်စံအိမ်ဆီသို့ ပစ်၀င်ကာ ထူထပ်သိပ်သည်းသည့် ရေခဲဂူများကိုပင် ဖန်တီးပစ်ခဲ့သည်။
သူတို့ထိပ်တိုက်တွေ့ဆုံသည့်အချိန်တွင် နီပင်းချန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူ့၏အားအကောင်းဆုံးလက်ဖဝါးတိုက်ခိုက်မှုဖြစ်သည့် ရေခဲမုန်တိုင်းက ဓားနဂါး၏ အမှန်တကယ်ဝါးမြိုခြင်းကို ခံရသည်။
ဓားဆန္ဒကထိုးဖောက်ကျူးကျော်လာစဉ် ရေခဲမုန်တိုင်းက အဆက်မပြတ် နောက်ဆုတ်သွားရသည်။
ယဲ့ချိုးပိုင်ရှေ့တိုးပြီး ထပ်မံပိုင်းချသည်။
ရေခဲမုန်တိုင်းက လုံး၀ပေါက်ကွဲသွားသည်။
ဓားပိုင်းချလာသည်နှင့် လေဟာနယ်တစ်ခုလုံးကို ကြေမွသွားစေပုံရပြီး နီပင်းချန် လက်မောင်းတစ်ခုလုံးကို ဖြတ်တောက်ပစ်သည်။
နီပင်းချန်၏မျက်နှာက ဖြူရော်သွား၏။ သူနာကျင်စွာအော်ဟစ်ရင်း ပိုင်းခံရသည့် လက်မောင်းကိုကိုင်ကာ နောက်ဆုတ်နေရသည်။
ယဲ့ချိုးပိုင်အောင်ပွဲမခံဘဲ နီပင်းချန်အား ထူးမခြားနားစွာကြည့်သည်။
"မင်းဆက်တိုက်ချင်သေးလား"
အနိုင်အရှုံးကဆုံးဖြတ်ပြီးသွားလေပြီ။
ချန်ဟွီနှင့် မြောင်ပန်တုံကလွဲ၍ တစ်ခြားမည်သူမှ ဒီရလဒ်ကို အံ့ဩသင့်ကြခြင်းမရှိပါ။ သူတို့မျက်နှာထဲတွင် မည်သည့်အမူအရာမှ မရှိ။
ချန်ဟွီနှင့် မြောင်ပန်တုံတို့က ယဲ့ချိုးပိုင်အား လေးနက်သည့်အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
တကယ်တမ်းတွင် လဲ့ကျန်းချီလိမ်နေခြင်းမဟုတ်။
သွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ခွန်အားဖြင့် သူ နီပင်းချန်ကို ဓားချက်နှစ်ချက်တည်းနှင့် အနိုင်ယူပစ်ခဲ့သည်။ ဒါ့အပြင် သူက အားအပြည့်ပင် သုံးခဲ့ပုံမပေါ်။
ဒီလူကဘယ်လိုမျိုးကျင့်ကြံတာလဲ.....!
သူ့တိုက်ခိုက်ရေးခွန်အားက အရမ်းကြောက်စရာကောင်းလွန်းတယ်!
နီပင်းချန်၏အမူအရာက အတော်လေးကြည့်ရဆိုးနေသည်။ သူ့ကျန်လက်တစ်ဖက်က ဖြတ်ခံထားရသည့် လက်မောင်းကို ဖုံးထားပြီး ဝိဉာဉ်ချီဖြင့် သွေးဆက်လက်စီးတွေနေတာကို ရပ်ပစ်သည်။
သူယဲ့ချိုးပိုင်၏ စကားလုံးများကို ချေပချင်သော်လည်း အမှန်တရားက ခွင့်မပြုပါ။
သူ့အားအပြည့်တိုက်ချက်က အလွယ်တကူ ချေဖျက်ခံရသည်။
ဒါ့အပြင် ယဲ့ချိုးပိုင်သာ နောက်မဆုတ်ခဲ့ပါက သူလက်တစ်ဖက်တည်းသာ ဆုံးရှုံးရမည်မဟုတ်။
"ငါရှုံးပြီ" နီပင်းချန်အံကြိတ်သည်။
"ငါထွက်သွားမယ်၊ ဒါပေမယ့် မင်းမှာ ငရဲဂိုဏ်းကို အနိုင်ရဖို့ အခွင့်အရေးရှိတယ် ထင်လား"
ယဲ့ချိုးပိုင် ဓားကိုသိမ်းဆည်းရင်း ထူးမခြားနားစွာပြောသည်။
"ဒီအကြောင်းကို မင်းစိုးရိမ်နေစရာမလိုဘူး"
"မြို့တံခါးကိုဖွင့်ထားပြီးပြီ၊ ဒီနေရာက ထွက်သွားတော့"
ဒါကိုကြားသောအခါ နီပင်းချန်၏ အမူအရာက ပို၍ပင်ကြည့်ရဆိုးသွားသည်။ သူအေးစက်စွာနှာခေါင်းရှုံ့ရင်း မြို့တံခါးကနေ ထွက်ခွာရန် လှည့်လိုက်၏။
ဒါကိုမြင်သော်လည်း ယဲ့ချိုးပိုင် သူ့ကို လျစ်လျူရှုထားသည်။
ယင်းအစား သူလူတိုင်းကိုကြည့်လိုက်သည်။
"ငါတို့ခွန်အားကို အရင်ဆုံးဘယ်လိုမြှင့်တင်ရမလဲဆိုတာ စဉ်းစားကြရအောင်၊ မဟုတ်ဘူးဆိုရင် ငါတို့မှာ ငရဲဂိုဏ်းကို အနိုင်ယူနိုင်မယ့် အခွင့်အရေးရှိမှာမဟုတ်ဘူး"
လူတိုင်းခေါင်းညိတ်သည်။
လင်းကျိနန်လှည့်ကြည့်စဉ် ကြက်သေသေသွားသည်။
"အမ်၊ မုဖူရှန်းဘယ်မှာလဲ၊ သူဘယ်ကို သွားလိုက်တာလဲ"
ရှောင်ဟိုင်ပြုံးရင်း မည်သည့်စကားမှမဆိုပေ။
ယဲ့ချိုးပိုင်အကူအညီမဲ့စွာပြောသည်။
"သူ့ကိုလျစ်လျုရှုထားလိုက်၊ ငါတို့ကိုယ်ပိုင်နည်းဗျူးဟာကိုအရင် စဉ်းစားကြရအောင်"
မုဖူရှန်းအပေါ် ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့၏ နားလည်မှုအရ ပြောနေစရာပင်မလို။ သူကအနုဂတ် ဖြစ်လာနိုင်သည့်ပြဿာနာများကို ကိုင်တွယ်ရန် ထွက်သွားခြင်း ဖြစ်ရပေမည်။
ဒီနည်းလမ်းက သူ့ဆရာနှင့်အတူတူပင်။
သူတခြားတစ်ဘက်သို့ ကြည့်လိုက်သည်။
မြို့ရိုးအပြင်တွင် နီပင်းချန်က ထူထဲသည့်သစ်တောတစ်ခုထဲကို ရောက်လာလေပြီ။
သူ့လုပ်ရပ်များ၏ဦးတည်ချက်က ငရဲမြို့ဖြစ်နေခဲ့သည်။
"မင်းတို့က နှလုံးသားမဲ့မှတော့ နှလုံးသားမဲ့တဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"
နီပင်းချန်၏မျက်နှာထက်တွင် လှောင်ရိပ်တစ်ခုပေါ်လာပြီး ရေရွတ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့မှာ နိုင်ဖို့အခွင့်အရေးမရှိဘူး၊ ဒီအစား ငါဘာလို့ နိုင်ဖို့အခွင့်အရေးပိုများတဲ့ အသင်းကို မ၀င်ဘဲနေရမှာလဲ"
"အချိန်ကျလာတဲ့အခါကျရင် ငါသူတို့ကို မြေအောက်သရဖူမြို့နဲ့ ကြယ်တိမ်တိုက်မြို့အကြောင်း ပြောလိုက်မယ်၊ ငါ့ခွန်အားနဲ့ဆိုရင် ငါ့ရဲ့အညံ့ခံမှုကို သူတို့လက်မခံဘဲ ဘယ်လိုနေနိုင်မလဲ"
နီပင်းချန် သတင်းအချက်အလက်များကို ငရဲဂိုဏ်းထံ ယူသွားရန် ကြံရွယ်နေသည်မှာ သိသာထင်ရှားနေသည်။
ဒီနည်းလမ်းဖြင့် သူ့လက်ပြတ်အတွက် သူလက်စားချေနိုင်မည်သာမက လုယုထားသည့် ပစ္စည်းတစ်စိတ်တစ်ပိုင်းကိုလည်း ရနိုင်မည်သာ။
ဒါက နီပင်းချန်၏ ကိုယ်ပိုင်အတွေးများဖြစ်သည်။
"တကယ်လား၊ ဒါပေမယ့် မင်းမှာ နောက်ထပ်အခွင့်အရေးမရှိတော့ဘူး"
အသံတစ်သံက ရုတ်တရက် ထူထဲသည့် သစ်တောအတွင်း ပဲ့တင်ထပ်လာသည်။
ဟမ်!
နီပင်းချန်၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူအရင်က ဒီအသံကိုကြားဖူးပါသည်။
"မုဖူရှန်း"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မုဖူရှန်း နီပင်းချန်ရှေ့တွင် ပေါ်လာသည်။
"မင်းဒီမှာဘာလုပ်နေတာလဲ"
မုဖူရှန်းပြုံးရင်း လက်အစုံကိုဆန့်လိုက်သည်။ သူ့လက်ချောင်းများအကြားတွင် မိုးကြိုးစွမ်းအားနှင့် တဖျပ်ဖျပ်လင်းနေသည့် အဆောင်တစ်ခုရှိသည်။
"မင်းဆီက စကားစုတစ်ခုကို ငှားယူဖို့လေ၊ ငါလာတာမသိသာနေလို့လား"
နီပင်းချန်၏အမူအရာက ကြည့်ရဆိုးသွားသည်။
"မင်းငါ့ကိုသတ်ချင်တာလား၊ ငါကမင်းပြိုင်ဘက် မဟုတ်ကောင်းမဟုတ်နိုင်ပေမယ့် အဆောင်ကိုအသက်သွင်းဖို့ဆိုတာက အချိနည်းနည်းတော့ လိုပါသေးတယ်၊ ငါမြေအင်မော်တယ်ကျွမ်းကျင်သူ လေးယောက်လက်ထဲကတောင် ထွက်ပြေးလာနိုင်တာ၊ မင်းငါ့ကိုတားနိုင်ပါ့မလား"
မုဖူရှန်းခပ်ပေါ့ပေါ့ရယ်မောသည်။
"မင်းက အဆောင်သခင်အကြောင်းကို ကောင်းကောင်းသိတာပဲ"
"အင်း၊ ဟုတ်တယ်၊ အဆောင်ကို အသက်သွင်းဖို့ဆိုတာ အချိန်လိုတယ်၊ ဒါပေမယ့် မင်းအနီးတစ်ဝိုက်ကို တစ်ချက်ကြည့်ချင်လား"
အနီးတစ်ဝိုက်ကိုကြည့်ရမယ်!
နီပင်းချန်မျက်မှောင်ကြုတ်ကာ ပတ်လည်ကြည့်လိုက်စဉ် ရုတ်ချည်းဆိုသလို သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။
သို့စေကာမူ သူဘာတစ်ခုမှ မပြောနိုင်ခင်မှာပင် မုဖူရှန်း အဆောင်အနည်းငယ်ကို ပစ်လိုက်လေပြီ။
တစ်ချိန်တည်းမှာပင် သူ့၀န်းကျင်၌ အဆောင်များစွာက ပေါက်ကွဲသွားပြီး မိုးကြိုးစွမ်းအားထိုးထွက်လာကာ နီပင်းချန်၏ ထွက်ပြေးရာလမ်းကြောင်းကို လုံး၀ပိတ်ဆို့ပစ်ခဲ့သည်။
နီပင်းချန်အော်ဟစ်ရန်ပင် မတတ်နိုင်ခဲ့။ သူ့မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေပြီး မိုးကြိုး၏လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
ဒါကိုမြင်သောအခါ မုဖူရှန်း ကျေနပ်စွာ ခေါင်းညိတ်သည်။
"ငါအဆောင်တစ်ချို့ဖြုန်းတီးခဲ့တယ်ဆိုပေမယ့် အလောင်းကို ဖျက်ဆီးဖို့အတွက် ဒုက္ခရောက်နေစရာ မလိုတော့ဘူးပေါ့"
ဒီအရာများကိုလုပ်ပြီးနောက် မုဖူရှန်း မြေအောက်သရဖူမြို့ကို ပြန်လည် ဦးတည်လိုက်သည်။
အပိုင်း(708) coming။