#မင်းသာကန့်သတ်ခံထားရရင် မြစ်ကပင်လယ်အဖြစ် ကူးပြောင်းသွားတာကို ဘယ်လိုမြင်နိုင်မလဲ#
Vol. 50 Ch. 713
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ခွန်အားက လဲ့ကျန်းချီတို့ကို တုန်လှုပ်သွားစေသည်။
ဝိဉာဉ်ချီက ဖိနှိပ်ခံထားရပြီး ဝိဉာဉ်စွမ်းအားကို မသုံးနိုင်သည့် ယဲ့ချိုးပိုင်ကိုမေ့ထားဦး၊ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအကြား ဓားပါရမီရှင်ဟု ကျော်ကြားပြီး မတူညီသည့်ချဉ်းကပ်မှုတစ်ခုနှင့်အတူ ဓားလမ်းစဉ်ကို ဂီတဖြင့် ၀င်လာခဲ့သည့် လဲ့ကျန်းချီ၊ လေနှင့်မိုးကြိုးဆန္ဒကို လှံတာအိုထဲတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားနိုင်သည့် ချန်ဟွီ၊ လျှို့ဝှက်ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည့် စုမိသားစု၏သမီးကြီး စုမုယောင်၊ သူတို့အားလုံးက ပထမအဆင့်ကိုပင် ခက်ခဲစွာ ဖြတ်ကျော်ခဲ့ကြရသည်။ သူတို့ဒုတိယအဆင့်ကို ရောက်လာသောအခါ ငှက်သားရဲများ၏ ရိုက်နှက်ခြင်းကိုခံရပြီး ပြန်လည်တိုက်ခိုက်ရန်အတွက် အခန်းမရှိပါ။
လင်းကျိနန်နှင့် မြောင်ပန်တုံတို့က ပထမအဆင့်ကိုပင် မဖြတ်ကျော်နိုင်ခဲ့ကြ။
ဒါကတစ်ခုကိုပြောပြနေသည်။
သူတို့က ဆန္ဒနယ်ပယ်၌ အစွမ်းထက်သည်သာမက တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကလည်း လူတိုင်း၏ ပါရမီရှင်များအဖြစ် ချီးမွမ်းခြင်းကို ခံထားရသည့် သူတို့ထက် အများကြီး ပိုအားကောင်းသည်။
ဆန္ဒနယ်ပယ်၏စွမ်းအားက ပင်ကိုယ်စွမ်းရည်၏ သင်္ကေတတစ်ခုပင်။
သူတို့၏တကယ့်တိုက်ခိုက်ရေးစွမ်းအားက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ယခုလို ကြွယ်၀သည့် တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိရန်အတွက် မရေမတွက်နိုင်လောက်သော သေခြင်းရှင်ခြင်းတိုက်ပွဲများကို ဖြတ်ကျော်ခဲ့ကြောင်း ကိုယ်စားပြုနေသည်။
"သူတို့ဘယ်လောက်ထိ သွားနိုင်မလဲဆိုတာ ငါသိချင်မိတယ်...."
လင်းကျိနန်ခေါင်းမော့ကာ မျှော်စင်ပေါ်က အလင်းစက်များကို ကြည့်သည်။ သူခါးသီးစွာပြုံးသော်လည်း သူ့မျက်လုံးထဲ၌ သိချင်စိတ်တစ်ချို့ ရှိနေသည်။
စုမုယောင်မည်သည့်စကားမှ မဆိုဘဲ ယင်းအစား တံခါးကိုသာတွန်းဖွင့်ရင်း ကျင့်ကြံခြင်းမျှော်စင်ထဲသို့ ထပ်မံ၀င်သွားသည်။
သူမ၏ အံ့ဖွယ်အရည်အချင်းဟုခေါ်သည့် ပါရမီများက ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့၏ မျက်လုံးထဲတွင် ဘာမှမဟုတ်တာကို သူမသိသည်။
သူမ၏နယ်ပယ်က ယခုမြင့်မားပုံပေါ်သော်လည်း တစ်ဘက်လူက အနှေးနှင့်အမြန် သူမကိုအမီလိုက်ပြီး သူမပင် မော့မကြည့်နိုင်သည့် အမြင့်ဆုံးကို တက်ရောက်သွားမယ်ဆိုတာကိုလည်း သူမသိပါသည်။
သို့စေကာမူ အနည်းဆုံးတော့ ကြားကဟွာဟချက်ကို သူမပိတ်ပစ်ရမည်။
သူမအမှီလိုက်ရန် မျှော်လင့်မထားဘဲ အရမ်းကြီးနောက်ကျမကျန်ခဲ့ရန်သာ မျှော်လင့်ထားမိသည်။
ဒါက စုမုယောင်တွေးနေသည့်အရာပင်။
ဒီအတွေ့အကြုံအပြီး အနာဂတ်တွင် စုမုယောင်ကလည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ကျင့်ကြံသူများမော့ကြည့် လေးစားရမည့် အဆင့်တစ်ခုကို ရောက်လာပေလိမ့်မည်။
သူမယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး ဘ၀၌ တခဏတာတိုးတက်မှုရှိခဲ့သည့်အပေါ် သူမအရမ်းပျော်မိပါသည်။
နောက်ပိုင်း သူမဘ၀ကိုပြန်ကြည့်သောအခါ ဒီအချိန်တိုလေးက စုမုယောင်၏ ဘ၀အတွက် တန်ဖိုးအရှိဆုံးနေ့ရက်များ ဖြစ်လာပေလိမ့်မည်။
အကယ်၍ဒီမြင်ကွင်းကိုသာ မမြင်ပါက သူတို့က 'ရေတွင်းအောက်က ဖားသူငယ်' ဆိုသောစကားကိုနားလည်ကြမည်မဟုတ်။ ထိုအခါ သူတို့၏မိုးကုတ်စက်ဝိုင်းက မြစ်တစ်စင်းဖြင့်သာ ကန့်သတ်ခံနေရပြီး ပင်လယ်နှင့် ပေါင်းစပ်ပြီးနောက် မြစ်၏ ကြီးကျယ်ခမ်းနားမှုကို မြင်နိုင်မည်မဟုတ်ပါ။
စုမုယောင်၀င်ပြီးနောက် လင်းကျိနန်ကလည်း အနီးကပ်လိုက်ပါလာသည်။
လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့ကလည်း စကားလုံးတစ်ခွန်းမှ မပြောဘဲ ကျင့်ကြံခြင်းမျှော်စင်ဆီသို့ လျှောက်သွားကြသည်။
ထိုအချိန်တွင် စတုတ္ထထပ်သို့ ရောက်နေသည့် ယဲ့ချိုးပိုင်မှာ ရှေ့က နှင်းကျနေသည့်မြင်ကွင်းကို ကြည့်နေသည်။
အရိုးခိုက်လုနီးပါးလေအေးက ယဲ့ချိုးပိုင်၏ အသားထဲသို့ ဓားသွားတစ်င်းပမာ ထိုးဖောက်နေသည်။
ဝိဉာဉ်ချီ၏ အကာအကွယ်မရှိသဖြင့် ဒီအလွန်အမင်းအေးစက်သည့် အအေးဓာတ်က ထက်ရှသည့်ဓားတစ်စင်းပမာ ယဲ့ချိုးပိုင်၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသည်။
ယဲ့ချိုးပိုင်ရှေ့က ရေခဲပြင်ကြီးတွင် ဧရာမရေခဲပြင်သားရဲလေးကောင် ရပ်နေကြသည်။
ရေခဲပြင်သားရဲတိုင်း၏ကိုယ်ထည်က တောင်လေးတစ်တောင်ပမာ အလွန်အမင်း ကြီးမားသည်။
၎င်းတို့၏ကိုယ်ထည်က သွေးနှင့်အသားဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ ရေခဲပုံဆောင်ခဲများနှင့်ဖြစ်ကာ အတူတကွ ချိတ်ဆက်ထားကြသည်။
ထို့ကြောင့် ရေခဲပြင်သားရဲများ၏ ကိုယ်ထည်က ကြည်လင်နေသည်။
ရှေ့ကနေ ရေခဲပြင်သားရဲကိုယ်ထည်နောက်ရှိ ရေခဲတောင်ကို မြင်နေရသည်။
၎င်းတို့၏ကြည်လင်နေသည့် ကိုယ်ထည်များ၌ ဝိဉာဉ်ဆေးပင်တစ်ပင်စီရှိသည်။ သို့စေကာမူ ဒီဝိဉာဉ်ဆေးပင်က အောက်က သုံးဆင့်နှင့်မတူဘဲ သစ်ရွက်စိမ်းလေးရွက်က မြက်ပေါ်၌ ပေါက်ရောက်နေကြ၏။
ဒီသစ်ရွက်စိမ်းက ဒီရေခဲနှင့်ဆီးနှင်းကမ္ဘာ၌ တစ်ခုတည်းသော တစ်ခြားအရောင်ရှိသည့်အရာပင်။
သူ့ရှေ့တွင် အောက်သုံးထပ်က ပြိုင်ဘက်များနှင့် လုံး၀ကို အချိုးကျမတူညီသည့် ဒီရေခဲပြင်သားရဲလေးကောင်သာ ရှိပုံရသော်လည်း ၎င်းတို့ဆီကဖိအားက ယဲ့ချိုးပိုင်ကို ဖိနှ်ပ်ခံရစေသည်။
သူတို့ စတုတ္ထအဆင့်ကိုရောက်သောအခါ မှော်သားရဲများ၏ ခွန်အားက အရည်အသွေးပိုင်းဆိုင်ရာ၌ ခုန်ကျော်သွားတာ သိသာထင်ရှားနေပြီး အောက်ခြေသုံးဆင့်က လုံး၀မယှဉ်နိုင်ပေ။
ထိုအချိန်တွင် ရေခဲပြင်သားရဲလေးကောင်ကို အနည်းငယ်ခေါင်းငုံ့စဉ် ယဲ့ချိုးပိုင်၏ ပုံရိပ်ကိုမြင်သဖြင့် သူတို့တခြားဘာမှ မလုပ်ဘဲ ဧရာမရေခဲပုံဆောင်ခဲလက်သီးလေးခုက ယဲ့ချိုးပိုင်ထံ ကျောက်တုံးကြီးများအလား တိုး၀င်လာသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့လက်ထဲက သစ်သားဓားက အနည်းငယ် တုန်ခါနေသည်။
ထိုအခိုက်အတန့်၌ ထူးကဲနယ်ပယ်ဓားဆန္ဒက ရေခဲပြင်အတွင်း ဖြတ်သန်းသွား၏။
ဓားပိုင်နက်ထဲက ဓားဆန္ဒက အရိုးခိုက်လုနီးပါးလေအေးနှင့် တိုက်မိသည်။
တစ်ချိန်တည်းမှာပင် ဓားဆန္ဒက ဧရာမဓားလေးလက်အဖြစ် ပြောင်းသွားပြီး ရေခဲပုံဆောင်ခဲလက်သီးလေးခုကို နှုတ်ဆက်ခဲ့သည်။
သို့စေကာမူ ထိပ်တိုက်တွေ့ဆုံစဉ် အချိန်အခါလေးမှာပင် ဧရာမဓားလေးလက်က အမှန်တကယ်ပင် ကြေမွပျက်စီးသွားရသည်။
တခြားတစ်ဘက်တွင် ရေခဲပြင်သားရဲ၏ လက်သီး၌ အက်ကြောင်းအနည်းငယ်မျှသာရှိခဲ့သည်။
ဒါက ၎င်းကိုအနည်းငယ်မျှ ရပ်သွားစေပြီးနောက် ယဲ့ချိုးပိုင်အား ဆက်လက်ထိုးနှက်လာသည်။
ဧရာမလက်သီးက လေအေးများကို လှုံ့ဆော်ပေးနေသည်။
လက်သီးမရောက်လာသေးခင်မှာပင် လက်သီးလေက ဓားပိုင်နက်ကိုချိုးဖျက်ပြီး ယဲ့ချိုးပိုင်ထံတိုက်ခတ်ကာ အထဲက ဧရာမအားကို ခံစားမိစေသည်။
ယဲ့ချိုးပိုင် ခြေတစ်လှမ်းနောက်ဆုတ်ရင်း ဆုတ်ရမည့်မစား ရှေ့တက်ခဲ့သည်။
သူလက်သီးနှင့်မြေကြီးကြားက ကွက်လပ်ကို ဖြတ်သန်းပြီး လက်သီးလေးခုလုံး၏ တိုက်ခိုက်မှုကို ကပ်သီးလေး ရှောင်ရှားနိုင်ခဲ့သည်။
လက်သီးကရေခဲပြင်အား ထိမိသည်။
ရေခဲမျက်နှာပြင်က ချက်ချင်းပင် ကွဲအက်သွားသည်။
သူ့နောက်က ရေခဲစိုင်များကလည်း မြည်ဟီးကာ တုန်ခါလာကြ၏။
တစ်နှစ်ပတ်လုံးဖုံးအုပ်နေသည့် ရေခဲနှင့်နှင်းကလည်း လိမ့်ဆင်းလာကြပြီး နှင်းတုံးများ ဆင်းသက်လာကြသည်။
ယဲ့ချိုးပိုင်ရှေ့တိုးနေတာကိုမရပ်ပေ။
ခြေလှမ်းအနည်းငယ်အကြာတွင် သူက ဘယ်ဘက် ရေခဲပြင်သားရဲအောက်တွင် ရောက်နေလေပြီ။
သူ့လက်ထဲက သစ်သားဓားက ထူးကဲနယ်ပယ်ဓားဆန္ဒဖြင့် ဖုံးလွှမ်းနေပြီး သူရေခဲပြင်သားရဲ၏ ရေခဲပုံဆောင်ခဲခြေကို ပိုင်းဖြတ်ပစ်သည်။
ယဲ့ချိုးပိုင်၏ စွမ်းအားအပြည့်ဓားချက်အောက်တွင် ဒါက ၎င်း၏ခြေဖဝါးအောက်ပိုင်းကို ထိုးဖောက်သွားခဲ့သည်။
ရေခဲပြင်သားရဲက ဗလုံးဗထွေးဟိန်းသံကို ထုတ်လွှတ်သည်။
ယဲ့ချိုးပိုင်၏တိုက်ချက်က ဒီအတွက်ကြောင့် ရပ်မသွားပေ။
ယင်းအစား သူသစ်သားဓားလက်ကိုင်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ရေခဲပြင်သားရဲ၏ ပေါင်ပေါ် တက်လိုက်သည်။ သူရေခဲပြင်သားရဲ၏ ခြေ၌ ထိုးစိုက်နေသည့် သစ်သားဓားကို ဆွဲထုတ်ရင်း သားရဲပေါင်ပေါ်သို့ ပြေးတက်လိုက်သည်။
ယဲ့ချိုးပိုင် သားရဲ၏ပေါင်တစ်ခုလုံးကို ဖြတ်ပစ်သောအခါ ရေခဲပြင်သားရဲ၏ ကိုယ်က စတင်ယိမ်းယိုင်လာပြီး မြေပေါ် ဒူးထောက်ကျသွားသည်။
တစ်ချိန်တည်းမှာပင် ပြန်ဆုတ်ခဲ့သည့်လက်သီးက လက်ဖဝါးချက်အဖြစ် ပြောင်းလဲကာ သစ်သားဓားကို ဆွဲယူကာ ၎င်း၏ကိုယ်ပေါ် ပြေးနေသည့် ယဲ့ချိုးပိုင်ကို ဖမ်းနေသည်။
ဧရာမလက်ဖဝါးကြီးက ယဲ့ချိုးပိုင်ဦးတည်ရာအားလုံးကို ဖုံးအုပ်ပစ်သည်။
အကယ်၍သူသာ သစ်သားဓားနှင့် ဆက်ဆွဲနေပါက သူ့၏ရှောင်လွှဲနေသည့် အမြန်နှုန်းကို သေချာပေါက် သက်ရောက်သွားပေလိမ့်မည်။
ထို့ကြောင့် သူဧရာမသားရဲ၏ လက်ဖဝါးချက်ကို မရှောင်တိမ်းနိုင်ခဲ့ပေ။
ယဲ့ချိုးပိုင် သစ်သားဓားကိုသာဆွဲထုတ်ရင်း ရေခဲပြင်သားရဲ၏ကိုယ်ပေါ်တွင် ပြင်းထန်စွာတက်နင်းပြီး ပြန်ခုန်လိုက်၏။
ရေခဲပြင်သားရဲ၏လက်ဖဝါးက ရုတ်တရက်ရပ်သွားခဲ့သည်။ ၎င်းက တိုက်ခိုက်မှုကို လှည့်စားရင်း ယဲ့ချိုးပိုင်အား ရိုက်ချသည်။
၎င်းက ရေခဲပုံဆောင်ခဲများနှင့် ပြုလုပ်ထားသည့် ဧရာမသားရဲကြီးဖြစ်သော်လည်း ၎င်း၏ ကိုယ်က အရမ်းပျော့ပျောင်းတာက ပုံဖော်ရန်ပင် ခက်ခဲသည်။
တိုက်ခိုက်မှုအရှိန်က ယဲ့ချိုးပိုင်၏စိတ်ကူးထက်ပင် သာလွန်နေခဲ့သည်။
မူလက ယဲ့ချိုးပိုင်၏ရည်ရွယ်ချက်က ၎င်း၏ကိုယ်ထည်ကို တိုက်ခိုက်ရန်အတွက် သားရဲ၏ အစွမ်းထက်တိုက်ခိုက်မှုများကို အားကိုးရန်ဖြစ်သည်။
ဒါကသေစေလောက်သည့်ပျက်စီးမှုကို ဖြစ်စေနိုင်သည်။
သို့စေကာမူ ယဲ့ချိုးပိုင်၏ စိတ်ကူးယဉ်အိပ်မက်က ကျရှုံးသွားတယ်ဆိုတာ သိသာထင်ရှားနေသည်။
သူဒီရေခဲပြင်သားရဲများ၏ခွန်အားကို လျှော့တွက်မိခဲ့သည်။
ကျန်သောရေခဲပြင်သားရဲသုံးကောင်ကလည်း ဘေးကနေ ကြည့်မနေကြဘဲ တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ တစ်ခြားဘက်ကို အလွန်မြန်ဆန်သည့်နှုန်းဖြင့် ရိုက်နှက်ပစ်ကြသည်။
ဒါကိုရှောင်ရှားရန်အတွက် နည်းလမ်းမရှိပါ။
ယဲ့ချိုးပိုင်သစ်သားဓားကိုကိုင်ရင်း ဒီတိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။
သို့စေကာမူ လက်ဖဝါးချက်လေးခုက ယဲ့ချိုးပိုင်၏ သစ်သားဓားပေါ်သို့ တစ်ချိန်တည်းတွင် ကျရောက်လာစဉ် ယဲ့ချိုးပိုင်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
ဧရာမအားက သူ့ကိုလွင့်စင်သွားစေသည်။
အပိုင်း(714) coming။