မန္တလေးအနောက်ပိုင်း ၊ အနောက်ပိုင်းဘုရားပွဲ
Vol. 1 Ch. 1
မန္တလေးအနောက်ဘက်ပိုင်းတွေထဲမှာ အစည်ကားဆုံးဘုရားပွဲတွေထဲက တစ်ခုပေါ့။ မန္တလေးအရှေ့ပိုင်းဟာ ကျုံးတွေ၊မြို့ရိုးတွေ၊ပြအိုးတွေ၊ဂီတစာဆိုတွေကြောင့် ထင်ရှားကျော်ကြားတယ်ဆိုရင်၊ မန္တလေးအနောက်ပိုင်းဟာ ဝေဖန်မှု၊ ကိုယ့်ကိုကိုယ် ဆန်းစစ်စေနိုင်မှု နဲ့ ကျော်ကြားပါတယ်။
အနောက်ပိုင်းသားတွေဟာ အနုပညာကို ခံစားတတ်တယ်။ တစ်ခုခု မှားယွင်းရင် ခဲတွေ ပြောင်းဖူးတွေက ဇာတ်စင်တွေ၊ စတိတ်ရှိုးစင်တွေပေါ်ကို ရောက်လာမယ်။ အခန့်မသင့်ရင် စင်ပါ တက်ဖျက်ကြလိမ့်မယ်။ ဒါကြောင့် အနုပညာရှင်တွေ အဆိုတော်တွေက သူတို့ရဲ့ အနုပညာကို ဘယ်လောက်ကြိုက်တယ် ဘယ်လောက် ပွဲထိန်းနိုင်တယ်ဆိုတာ မန္တလေးအနောက်ပိုင်းကို ဖျော်ဖြေပြီး တွက်ကြရတယ်။ အထူးသဖြင့် ဇာတ်တွေပေါ့။
အခုလည်း အနောက်ဘက်ရဲ့ အဓိက ရပ်ကွက်ကြီးတစ်ခုရဲ့ဘုရားပွဲ။ ထုံးစံအတိုင်း ဇာတ်အဖွဲ့တွေ နှစ်ဖွဲ့လောက် ဆုံနေတယ်။ ဒါပေမဲ့ ပထမဇာတ်အဖွဲ့ကတော့ သိပ်အခြေအနေ မကောင်းဘူး။ စတိတ်ရှိုးမှာတင် ကာလသားတွေက ခဲမိုး ရွာပေးပြီးသွားပြီ။ ဒုတိယဇာတ်အဖွဲ့ကတော့ ပြဇာတ်အသားပေး ဇာတ်အဖွဲ့။ ဒီလိုဇာတ်အဖွဲ့တွေဟာ အခုခေတ်မှာ တော်တော်ရှားသွားပြီ။ ပြဇာတ်သီးသန့်ဇာတ်အဖွဲ့တွေဟာ အခြားဇာတ်တွေထက် နောက်ကျမှ ကလေ့ရှိတယ်။ သူတို့က ရာမဇာတ်တစ်ခုလုံး ဒါမှမဟုတ် ပါတော်မူဇာတ်ထုပ်တစ်ခုလုံးကို ညလုံးပေါက် ကပြတယ်။
လူရွှင်တော် အညိတ်သမ ဆိုတာ နားချိန်လေး ခဏထွက်လာပြီး ပရိသတ်တွေ မပျင်းရအောင် ပျက်လုံးထုတ်ပေးရတာပဲ။
ည၉ နာရီလောက်မှ ကကြမယ် ဆိုပေမဲ့ ပွဲကြည့်ပရိသတ်က တဖွဲဖွဲ ရောက်နေပြီ။ အားလုံးက လင့်စင်တွေမှာ နေရာယူနေကြတယ်။ ဆူဆူညံညံနဲ့ ဆဲသံဆိုသံတချို့ကလည်း ထွက်နေတယ်။ အခုအချိန်မှာ သူတို့မြင်ရတာဆိုလို့ အနီရောင်ပိတ်ကားကြီးပဲ။ အဲဒီပိတ်ကားကြီးနောက်ကနေ ဘယ်လိုဇာတ်လမ်းအမျိုးအစားတွေ ထွက်ပေါ်လာမယ် ဆိုတာကတော့ အားလုံးစိတ်လှုပ်ရှားနေမှာပဲ။
ပြဇာတ်အဖွဲ့ရဲ့ ဇာတ်ဆရာတစ်ဖြစ်လဲ မင်းသားကိုသစ္စာကတော့ ဂနာမငြိမ် ဖြစ်နေတယ်။ ဒါက သူ့ရဲ့ ပထမဆုံးပြဇာတ် မဟုတ်ပေမဲ့၊ ဒီဇာတ်လမ်းကအသစ်။ မန္တလေးမှာ ဘယ်သူမှ မကဘူးတဲ့ဇာတ်လမ်း။ ဘယ်သူမှလည်း မကြားဘူးကြတဲ့ဇာတ်လမ်း။
“အချစ်ကြောင့်ဖြစ်သော စစ်ပွဲတစ်ရာ” တဲ့ နာမည်နဲ့တင် လူတွေ စိတ်ဝင်စားလာကြတယ်လေ။ အားလုံးကို ခမ်းခမ်းနားနား တင်ဆက်ကြဖို့ ကိုသစ္စာက ညွှန်ကြားနေရတယ်။ ကိုသစ္စာက အနုပညာတက္ကသိုလ် ပြဇာတ်မေဂျာက အတော်ဆုံးကျောင်းသားလို့ ပြောလို့ရတယ်။ သူ့ဆရာတွေကလည်း သူ့ကို ပညာမချွင်းမချန် သင်ပေးခဲ့တယ်။ ခက်တာက သူဘွဲ့ရပြီး မှ ဘယ်သူကမှ ပြဇာတ်ကို အလေးအနက် မထားကြတော့တာဘဲ။
လူတွေက မြန်မာဇာတ်လမ်းရုပ်ရှင်တွေကို ပြီးပြီးရော ကူးချပြီး ပြဇာတ် ကနေကြတာလေ။ ပြဇာတ်ကချိန်ဆို စတိတ်ရှိုးတုန်းက မူးရူးကထားတဲ့ ယောက်ျားသားတွေကလည်း အကုန်မှောက်နေပြီ။ ပွဲခင်းကလည်း တိတ်ဆိတ်၊ ကလေးတွေကသာ မျက်စိကြောင်ကြောင်နဲ့ စလိုက်မီးရောင်စုံတွေကို ငေးကြည့် နေကြတယ်။ ပြဇာတ်သမားတွေဟာ လူ ၁၅ယောက်တောင် မပြည့်တဲ့လူတွေကို ကပြရတော့ ပေါ့တီးပေါ့ပျက်တွေ လုပ်လာကြတယ်။
ကိုသစ္စာက အားလုံး ကိုညွှန်ကြားပြီးတဲ့နောက် သူကိုယ်တိုင် အင်္ကျီလဲပါတယ်။ အပြာရောင်အင်္ကျီ အဟကြီးနဲ့ မဟာရာဂျာတွေလို ခေါင်းပေါင်းကြီးကိုပေါင်းရင်း နှုတ်ခမ်းမွှေးကားကားကြီးကိုလည်း တပ်ရသေးတယ်။ အပြင်မှာတကယ်ရှိခဲ့တဲ့ ဗလရောင်(ဘဟ်လေးရောင်ဝ်)ဆိုတဲ့ ပုဂ္ဂိုလ် ဘယ်လို ပုံပန်းရှိတယ်မသိပေမဲ့၊ အိန္ဒိယသားဆိုတာနဲ့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးနဲ့ပဲ တွဲမြင်ကြတာမို့ သူလည်း မိတ်ကပ်အညိုတွေရော မုတ်ဆိတ်တွေကို တပ်ထားရတာပါပဲ။ ထိုအချိန်မှာပဲ သူ့ခါးကို အင်မတန် နုဖက်နေတဲ့ အသားဝါဝါ လက်ကလေးဟာ ကျစ်ကျစ်ပါနေအောင် ဖက်ထားလိုက်တယ်။
ကိုသစ္စာကလည်း ခေါင်းကို အနောက်ကိုမှီချလိုက်ရင်း
“အနှင်း ဘယ်လိုလဲ စိတ်လှုပ်ရှားနေပြီလား”
ဒေါ်နှင်းခိုင်က သူ့ရဲ့ မျက်လုံးကို စွေကြည့်ရင်း
“သွားပါ နှင်းက ဘာလို့ စိတ်လှုပ်ရှားရမှာလဲ ကရမှာက အစ်ကိုပါနော်”
ကိုသစ္စာက ခပ်အုပ်အုပ်ရယ်ရင်း
“ဟုတ်ပါပြီ။ အနှင်းက ဒီပြဇာတ်အတွက် ပိုက်ဆံထည့်ထားရတာဆိုတော့ ပွဲစီစဉ်သူ မမပေါ့။ တော်နေကြာ ပြဇာတ်ကြီး ဂွမ်းသွားရင် ပိုက်ဆံတွေ ပလုံသွားမှာများ ကြောက်နေသလားလို့ပါ”
ဒေါ်နှင်းခိုင်က ကိုသစ္စာရဲ့ နောက်ကျောကို ထုလိုက်ပြီး
“ရှင်သာ အချစ်ပြဇာတ် တွေ ကရင်း ကရင်း နဲ့ ပြဇာတ်မင်းသမီးလေးနဲ့ ဘာလိုလိုညာလိုလို မလုပ်နဲ့နော်”
“အယ် ကို က အဲ့လိုလုပ်မဲ့အစား လား အနှင်းရယ်။ ချောစမ်းပါ့စေ ဘယ်မိန်းကလေးတွေ ဘယ်လောက်ချောချော ဟော့ဒီ ဗလရောင် ဇာတ်ကောင်လို အဒြိကာဒေဝီလေး တစ်ယောက်ကိုပဲ ချစ်မဲ့လူစားပါ”
“အံမယ် အဒြိကာဆိုတာ ရှင့်ပြဇာတ်မင်းသမီး သရုပ်ဆောင်တဲ့ ဇာတ်ကောင်လေ။ ရှင်က သူ့ကိုချစ်တယ်ဆိုတော့ ကျမကို မချစ်ဘူးဆိုတဲ့သဘောလား ရုတ်ရုတ် မလုပ်နဲ့နော် ကိုသစ္စာ။ ကလေးတောင် ငါး နှစ်ရှိပြီ။ ကျမက ရှင့်ကို တရားရုံးက ဦးတိုက်လျှောက်ပြီး ပိုင်ဆိုင်မှု့ တစ်ဝက်တောင်းမှာဗျ သိလား”
ကိုသစ္စာက ဒေါ်နှင်းခိုင်ရဲ့ မေးလေးကို ကိုင်ရင်း
“ဒါဆိုလည်း ဒီက ဗလရောင်လည်း ကန်ထရိုက်တာ မမလေးကိုပဲ ပြန်းပြီးချစ်လိုက်တော့မယ် အာရေ အာရေ”
ကိုသစ္စာက အိန္ဒိယအသံထွက် နဲ့ လုပ်ပြောပြောပြီး စလိုက်တာမလို့ ဒေါ်နှင်းခိုင် အသံထွက်အောင် ရယ်မိသွားတယ်။
“ပွဲအချိန်စပြီ အနှင်းရေ အနောက်ပိုင်းသားတွေကို ပြဇာတ်အစစ်ဆိုတာ ဘာလဲပြကြစို့”
ကိုသစ္စာ ရဲ့ ပြဇာတ်တင်ဆက်ပုံက ကောင်းလွန်းလို့ တချို့ဆို မင်းသားကို သနားလိုက်၊ မင်းသမီးကိုသနားလိုက် ရန်သူ ဘုရင်နှစ်ပါးကို ဆဲလိုက်နဲ့ တကယ်အားရစရာကြီးပါပဲ။
“ဟဲ့ ကုလားမင်းသား ကို မနှိပ်စက်ကြပါနဲ့တော့ ဟဲ့”
“ဟာ ဟိုကောင်ကြီး ပြောင်းဖူးရိုး နဲ့ထုကွာ”
“မင်းသမီးလေးက ဝတ်ရုံအဖြူလေးနဲ့ လှလိုက်တာ။ ကိုဘသန်းအလှူကျမှ ဒါမျိုးချုပ် ဝတ်ဦးမယ်”
ပြဇာတ်ကို အထူးအာရုံ စိုက်ထားပေမဲ့ တခါတခါ နားထဲ ဝင်လာတဲ့ ပရိသတ် ရဲ့ အသံတွေကြောင့် ကနေရင်း နဲ့ သရုပ်ဆောင်တွေ ပီတိဖြစ်နေကြတယ်။
ကိုသစ္စာလည်း ပရိသတ် ကို မသိမသာ အကဲခတ်ရင်း ပွဲခင်းထဲ ကိုကြည့်မိတယ်။
“ဟင် ဘာလဲဟ”
လူတစ်ယောက် အနီရောင် ပုဝါကြီးကို ခေါင်းမြီးခြုံထားတယ်။ ပရိသတ်တွေရဲ့ အလယ်မှာ တောင့်တောင့်ကြီး။ ကိုသစ္စာ ကြောင်သွားတယ်။
ဘာလုပ်ဖို့ ခေါင်းမြီးခြုံထားတာလဲ။ ပြဇာတ်ကနေတဲ့ လူတွေဆီက အတန်းရှင်းရဖို့ လုပ်နေတာလား၊ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေတာလား။
ကိုသစ္စာလည်း တွေးမနေတော့ဘဲ ပြဇာတ်ကိုသာ ဆက်က နေလိုက်တယ်။
ပထမပိုင်း ပြီးတော့ ကားလိပ် ကျသွားတယ်။ လူရွှင်တော်နှစ်ယောက် ထွက်လာပြီး ပရိသတ်မပျင်းရအောင် ဟာသတွေ မိနစ်နှစ်ဆယ်လောက် ပြောရတဲ့အလှည့်ပါ။
“ဟေ့ကောင် မောင်မောင် မင်းပြဇာတ်ကရင်း သတိထားမိလား ပွဲခင်းထဲမှာ အနီရောင်ပုဝါ လား စောင်လားမသိဘူး ခေါင်းမြီး ခြုံထားတာလေ။ ကြောင်နေတာလား မသိဘူး”
“ငါတော့ မတွေ့ဘူး။ ပြဇာတ်ကတဲ့ လူတွေ သူ့ကိုအာရုံစိုက်အောင် အတန်းရှင်း ရှာတာနေမှာပေါ့”
မောင်မောင်ဦး ရဲ့ အဖြေကြောင့် ကိုသစ္စာ ခေါင်းကုတ်လိုက်တယ်။
“ငါ တစ်ချိန်လုံး ကြည့်နေတာ တောင့်တောင့်ကြီး။ မလှုပ်မယှက်နဲ့”
“ပြဇာတ်ထဲ အာရုံစိုက်စမ်းပါ သစ္စာရာ မင်းက Protagonist နော်။ အားလုံးက မင်းကိုပဲစိုက်ကြည့်နေတာ သတိထား”
ကိုသစ္စာက သူ့ရဲ့ မဟာရာဇာ ခေါင်းပေါင်းကို ပြန်ပေါင်းပြီး အဆင်သင့်ပြင်နေလိုက်တယ်။
“ဟေ့ကောင် သစ္စာ ဟိုမှာ မင်း သမီးလေး လာနေပြီ”
ကိုသစ္စာက သူ့ဆီကို ညဝတ်အင်္ကျီ ဝမ်းဆက်ကလေးဝတ်ထားပြီး တရွေ့ရွေ့လာနေတဲ့ သူ့သမီးလေးကို ဖက်လိုက်တယ်။
“သမီးလေး မအိပ်ဘူးလား ည၁နာရီ ပဲ ရှိသေးတယ်”
“ပါးပါးတို့က ဆူညံနေတာ သမီးက ဘယ်လိုအိပ်ရမှာလဲ “
ကိုသစ္စာက သူ့သမီးလေး ကို ခေါင်းလေးပွတ်ပေးရင်း
“အေးပါသမီးရယ်။ နောက်ဆို ပါးပါး မခေါ်တော့ပါဘူး၊ဒီတစ်ညတော့ သည်းခံလိုက် မနက်ကျရင် အဝ အိပ် နိုးလာရင် ပါးပါးက နိုင်လွန်က ဒူးမလိုင် ဝယ်ကျွေးမယ်လေ”
ကိုသစ္စာပြောလိုက်မှ သူ့သမီးလေးလည်း စူပုပ်နေရာက အနည်းငယ်ပြုံးသွားတယ်။
“အာ သမီး ပါးပါး ပြောတယ်လေ။ အဲ့ရှေ့သွားလေးတွေကို လျှာနဲ့ မထိုးနဲ့လို့။ သမီးကြီးလာရင် သွားခေါမလေး ဖြစ်သွားပြီး ကောင်လေးတွေက မကြိုက်ဘဲနေလိမ့်မယ်”
ကိုသစ္စာက သူ့သမီးလေး ချစ်နန္ဒာရွှေကို တော်တော်ချစ်သလို အလိုလည်း လိုက်တယ်။ ကလေးရဲ့ သွားတွေ ပိုးအကြီးအကျယ်စားပြီး ကျိုးကုန်တာပဲကြည့်လေ။
“ကဲ ဒါဆို ဖေဖေ သွားရတော့မယ်။ သမီး ပြဇာတ်ကြည့်ချင်ရင်လည်း ကြည့်ပေါ့ မနက်ကျရင် ဖေဖေ သမီးကို မြင်းကမ္ဘာ လိုက်စီးပေးမယ်နော်”
ဒုတိယအပိုင်း တစ်ခုလုံးလည်း ကိုသစ္စာရဲ့ စိတ်တွေက စာသားတွေ ရွတ်နေပေမဲ့ မျက်လုံးတွေက ပွဲခင်းထဲကလူတွေထဲ ရောက်နေတယ်။ သူငယ်ချင်းဖြစ်တဲ့ မောင်မောင်ဦးကတောင်
“မောင်မင်း ဒီဘက်ကြည့်စမ်း “
ဆိုပြီးပြဇာတ်ထဲမှာ မပါတဲ့ စာသားကိုပါရွတ်ပြီး ကိုသစ္စာ စိတ်ပြန်လည်လာအောင် လုပ်ပေးရသလို၊ စစ်သားတစ်ယောက်ကလည်း လှံနဲ့ မသိမသာ ရိုက်ပေးလိုက်ရသေးတယ်။
ကိုသစ္စာလည်း ထိုအခါမှ ပြန်စိတ်လည်လာတော့တယ်။ ဇာတ်ရဲ့ နောက်ဆုံးခန်းဖြစ်တဲ့ မြို့ကြီးနှစ်မြို့ကို အောင်နိုင်ပြီး နန်းအေးမြို့ကြီး ဖြစ်လာကာ ဗလရောင် မင်းသားကို နန်းတင်မယ်လုပ်တဲ့အခိုက်၊မင်းသားက ငြင်းပယ်တဲ့အခန်းကို ရောက်လာပါတယ်။
“ကိုယ်တော်ကြီးစပ်နောင်ရှင်ခင်ဗျား အကျွန်နုပ်သည် ဤဒေသကို ကျွမ်းကျင်လှသည် မဟုတ်ပါ။ ထီးနန်းကို ရမ္မက်ထား၍လည်း ဤစစ်ပွဲများကို တိုက်ခဲ့သည်လည်း မဟုတ်ပါ၊ ဇမ္ဗူရာဇ်ရွှေလို သန့်စင်လှသည့် အကျွန်နုပ်၏ဇနီးသည်လေးကိုသာ ပြန်လိုချင် ပါသည်ဘုရား”
အောက်က ပရိသတ်တွေက ဟီးခနဲထငိုကြတယ်။
“ဘာလို့ အဲ့လောက် အချစ်ကြီးရတာလဲ မသာလေးရဲ့”
“ဖက်လူးမ ပြဇာတ်ပါအေ စောက်ရှက်မရှိအောင် ငိုရတာဟဲ့”
အဖွားကြီးတစ်ယောက် ပြောလိုက်တဲ့ စကားကြောင့် ပွဲခင်းထဲကလူတွေ ငိုအားထက် ရယ်အားသန်ကာ ထရယ်လိုက်ကြတယ်။ ဇာတ်ခုံပေါ်က ကိုသစ္စာပင် ရယ်ချင်သွားလို့ မျက်စိကိုစုံမှိတ်ပြီး ခေါင်းစိုက်ကာ ခိုးရယ်လိုက်ရတယ်။
ထိုအချိန် ပွဲခင်းကြီးက ရုတ်တရက် တိတ်ဆိတ်သွားတာကို ကိုသစ္စာ ခံစားမိလိုက်တယ်။ ဘာအသံမှမကြားရပေ။
“ဘာဖြစ်တာလဲဟ ဆိုင်းသံလည်း ထွက်မလာပါလား”
ကိုသစ္စာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မည်သူမှမရှိ။ ပြဇာတ်အဖွဲ့သားတွေ တစ်ဦးမှမရှိတော့သလို ပွဲခင်းထဲမှာလည်း လူတွေ လုံးဝမရှိ။ ကိုသစ္စာ သွေးပျက်စပြုလာပြီ။
သူ ဘယ်ကို ရောက်နေမှန်း မသိဘူး။
အနောက်ကို တဖြည်းဖြည်း ဆုတ်သွားမိတယ်။ ဇာတ်စင်ရဲ့ ကြမ်းတွေဟာ ဆွေးပြီး တဂျွတ်ဂျွတ် မြည်နေတယ်။ သူ့အနောက်မှာတော့ အနီရောင် ခြုံထည်ဝတ် ပုဂ္ဂိုလ်က ထီးထီးကြီး ရပ်နေတယ်။
သူ့လက်က ကိုသစ္စာရဲ့လက်ကို တဖြည်းဖြည်း ဆုပ်ကိုင်လိုက်တယ်။
“ဘဟ်လေးရောင်ဝ်”
ထိုပုဂ္ဂိုလ်က ကွဲအက်အက်အသံကြီးနဲ့ ပြောလိုက်တယ်။
“သစ္စာ ဟေ့ကောင်”
ကြောင်တောင်တောင် ရပ်နေသော ကိုသစ္စာကို မောင်မောင်ဦးက ဟန်ပင်မဆောင် နိုင်တော့ဘဲ နာမည်တပ်ခေါ်လိုက်ရတယ်။
“ပြဇာတ်ဆရာ ဟေ့လူ ဟေ့လူ ဘာဖြစ်တာတုန်း”
“ဟယ် ကုလားမင်းသားက ဘာဖြစ်သွားတာတုန်း။ တက်နေတာများလား”
လူတွေရဲ့ တစ်ယောက် တစ်ပေါက် အသံများကြောင့် ချစ်နန္ဒာရွှေလည်း ပြဇာတ်ခုံပေါ်ကို လှမ်းကြည့်လိုက်တယ်။
“ဟင် ပါးပါး ပုခုံးပေါ်မှာ ဘာကြီးလဲ”
သူ့အဖေရဲ့ ပုခုံးပေါ်မှာ အသားမည်းညစ်ပြီး အနီရောင် ပိတ်စတွေ ပတ်ထားတဲ့ အကောင်ကြီးတစ်ကောင် ခွစီးထားတယ်။ သူ့ရဲ့ ခြေထောက်တွေမှာ ခြေသည်းတွေက ငေါပြီး ရှည်ထွက်နေတယ်။
မျက်နှာကလည်း မီးသွေးတုန်းလို မဲနေတယ်။ ဦးခေါင်းမှာလည်း ဆံပင်တွေဟာ ကျိုးတို့ကျဲတဲပေါက်နေတယ်။ ထို့နောက် အကောင်ကြီး ဖြတ်ခနဲ ပျောက်သွားပြီး သူ့အဖေ ကိုသစ္စာ ရဲ့ ခန္ဓာကိုယ်ကြီး ကော့တက်လာတယ်။ ထို့နောက် သူ့အဖေဟာ သူ့ဘက်ကို လှည့်ကြည့်လိုက်တယ်။ ထို့နောက် သွားကြီးကိုအစမတန် ဖြဲပြပြီး
“ဟီး ဟီးဟီးဟီး”
ဆိုပြီး ရယ်ပြလိုက်တယ်။
“အား”
ချစ်နန္ဒာရွှေ ကြောက်လန့်တကြား အော်လိုက်မိတယ်။ ကိုသစ္စာဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပြဇာတ်အတွက် အထူးပြုလုပ်ထားတဲ့ ဝါးဓားရှည်ကြီး နှစ်ခုကို ကိုင်မြှောက်လိုက်တယ်။
“သစ္စာ သူငယ်ချင်း ဟာ ဟေ့ကောင် မင်းဘာလုပ်”
မောင်မောင်ဦး ထအော်လိုက်တယ်။ ကိုသစ္စာက သူ့ဓားနှစ်ချောင်းကို သူ့မျက်လုံးထဲကို ထိုးချလိုက်တယ်။ သာမန်ဆို ကိုယ့်မျက်စိနား တစ်ခုခုရောက်လာရင် မျက်ခွံတွေ ပိတ်သွားမှာ ဆိုပေမဲ့ ကိုသစ္စာဟာ မျက်စိကို အစွမ်းကုန်ပြူးပြီး ထိုးချလိုက်တာပါ။ တစ်ချက်ထဲတောင် မဟုတ်ဘူး။ သုံးချက်တိတိ၊ လေးချက် မြောက်ကျမှ ဘေးက ပြဇာတ်သား တွေ ဝင်ဆွဲ ကြတယ်။ အောက်က ပရိသတ်တွေလည်း စင်ပေါ် ခုန်တက်လာကြပြီး ဝိုင်းဆွဲကြတယ်။
ဒေါ်နှင်းခိုင်လည်း စင်ပေါ်တက်လာပြီး ကိုသစ္စာရဲ့ အဖြစ်အပျက်ကို မြင်တော့ အရုပ်ကြိုးပျက် လဲကျသွားတယ်။
ကိုသစ္စာမှာ မျက်လုံးမရှိတော့ဘူး သွေးတွေဟာ မျက်လုံးကနေ ဒလဟော စီးကြလာတယ်။ သူ့မျက်လုံး နှစ်လုံးကတော့ ကျွတ်ပြီး ဝါးဓားနှစ်လက်မှာ စိုက်လျက်သား။
ချစ်နန္ဒာရွှေက လူအုပ်ကြားထဲကနေ သူ့အဖေကို မတုန်မလှုပ် ငေးကြည့်နေမိတယ်။ မျက်လုံးတွေ မရှိတော့ပေမဲ့ ကိုသစ္စာရဲ့ မျက်လုံးဟောက်ပက်ကြီးဟာ ချစ်နန္ဒာရွှေကို စိုက်ကြည့်နေတုန်းပဲ။
“ဗ...လ.....ရောင်..”
ဆက်ရန်
******