← Chapters

နန်းအေး မြို့မကျောင်းကြီး

Vol. 1 Ch. 2

နန်းအေး မြို့မကျောင်းကြီး

Vol. 1 Ch. 2

“ဒီမြို့မကျောင်းကြီးကို ဆရာကြီး ဂျေကော့ဗ်လန့်စ်နဲ့ ဆရာစပ်မိုင်က စတင်တည်ထောင်ခဲ့တာ ဖြစ်တယ်၊ ဆရာတို့ရဲ့ ကျောင်းဟာ ဒီနယ်တဝိုက်မှာ သမိုင်းတွင် ကျန်ရစ်တဲ့ကျောင်း ဖြစ်တယ်ဆိုတာလဲ မောင်ရင်တို့ သိမှာပါ။ နောက် ဒီကျောင်းကြီးဟာ ဆရာနှစ်ယောက် လူငယ်ခြောက်ယောက် နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်တယ်။ အဲ့ထဲမှာ ဆရာဝန်ကြီးဒေါက်တာအောင်စိန်တို့ အသက်အငယ်ဆုံး သခင်ဘွဲ့ခံ သခင်မောင်ရတို့လည်း ပါဝင်တာ မင်းတို့အသိပဲ ...”

ဆရာကြီးဦးဇော်မွန်က တနင်္လာနေ့ စုဝေးပွဲတိုင်း သူပြောနေကြ စကားတွေကိုပဲ ထပ်တလဲလဲ ပြောနေပြန်တယ်။ အဲဒီနားမှာ ကြက်တူရွေး တစ်ကောင်သာ ထားလိုက်လို့ကတော့ ကြက်တူရွေးပါ အဲ့စကားလုံးတွေကို အလွတ်ရသွားနိုင်တယ်။ ကျောင်းသား အုပ်စုကတော့ ခြစ်ခြစ်တောက် ပူကာစ နေလုံးကြီးရဲ့ အပူချိန်ကြောင့် မျက်နှာကြီးတွေ အောက်ငုံ့ထားရတယ်။

“တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် ဒီလူကြီးက အပတ်တိုင်း ဒီစကားတွေချည်း ပြောနေတာ”

ကျောင်းသားတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်တယ်။ သူ့စကားကိုကြားတော့ အခြားကျောင်းသားတစ်ယောက်ကပါ

“စိုင်းရွက်ရာ မတူပါဘူးကွာ မင်းကလည်း သေချာနားထောင် စမ်းပါ။ အရင်အပတ်က ဖြစ်တယ် ဖြစ်တယ် ဆိုပြီးပဲ ပြောတာ။ အခု ဖြစ်ခဲ့တာပါ တဲ့။ ခဲ့ တစ်လုံး ပိုလာတယ် “

ထိုကျောင်းသား ရဲ့ စကားကြောင့် ဘေးမှာ ရှိနေတဲ့ သုံးလေးယောက်က ပါ ဟီးခနဲ ထရယ်လိုက်တာကြောင့် အနည်းငယ် ဆူသွားတယ်။

“အဲဒါ ဘယ်သူ ရယ်လိုက်တာပါလဲ”

ဆရာကြီးရဲ့ လုပ်ပြောအသံကြီး‌ ထွက်လာတယ်။ သူစကားပြောရင် လေသံ တွေကို လုပ်လုပ်ပြီး ပြောတတ်တာကိုး။ အခု အသံက လည်း လေလံပွဲမှာ လေလံပစ်နေတဲ့ လူရဲ့ အသံလေးနဲ့ ပြောနေတာပါ။

“ဘယ်သူတွေ ရယ်လိုက်တာပါလဲ။ ကိုယ့်အပြစ်ကို ကိုယ်သိကြပါ မဟုတ်ရင် အားလုံးကို ဖားခုန် ခုန် ခိုင်းမှာပါ ဘယ်သူ ရယ်လိုက်တာပါလဲ”

“ဟေ့ကောင် အောင်ရဲကျော် မင်းဟာသ လုပ်လို့ ထရယ်ကုန်တာလေ။ မင်းထွက်လိုက်ပါကွာ”

‌ကျောင်းသားတစ်ယောက်က အနောက်ကနေ လေသံလေးနဲ့ လှမ်းပြောတယ်။

“မင်းမေကြီးတော်ပါ့လား။ ငါနဲ့ စိုင်းရွက်ဟိန်း နှစ်ကောင်ထဲ စကားပြောနေတာ။ မင်းတို့ ဘာသာ မင်းတို့ ဟီလာ ထတိုက်တာလေ”

“ဟေ့ကောင် အောင်ရဲကျော် မင်းထွက်လိုက်ပါကွာ။ မဟုတ်ရင် အယောက်၅၀၀ လုံး ဖားခုန် ခုန်ရမှာကွ”

“ထွက်လိုက်ပါကွာ။ ငါက လိပ်ခေါင်းရှိတယ်။ ခုန်လို့ ထွက်လာရင် မင်း ပြန်ထည့်ပေးရမှာနော်”

“ခွီးတဲ့မှပဲ ငါ့ပဲ လိုက်ပြောမနေနဲ့လေ။ မထွက်ဘူးကွာ”

ရယ်မိတဲ့ ကျောင်းသား သုံးယောက်နဲ့ အောင်ရဲကျော်ဟာ တိုးတိုးတိုးတိုး နဲ့ ပြဿနာတက်နေကြပါပြီ။ ဆရာကြီးကလည်း အသံသေးအသံကြောင်လေးနဲ့

“ယောက်ျားတွေပါနော် ဆရာတို့ဟာ ယောက်ျားသားတွေပါ အပြစ်ကို ဝန်ခံရတယ်။ ဒီနေ့ဟာ တနင်္လာနေ့ပါ။ တနင်္လာရဲ့ အထိမ်းအမှတ်ဟာ အနော်ရထာအသင်းပါ။ အနော်ရထာမင်းကြီးဟာ ဘယ်လောက်တောင် ဘုန်းတန်ခိုး နဲ့ ပြည့်စုံပြီး ယောက်ျားပီသ သလဲဆိုရင် ...”

“အောင်ရဲကျော် ရယ်တာပါ ဆရာကြီး”

အ‌ရှေ့ဆုံးတန်းကနေ အသံတစ်သံ ထွက်လာတယ်။ အောင်ရဲကျော် ဒေါသ ထောင်းခနဲ ထသွားသည်။ ဘယ်နှယ့် သူတို့က နောက်ဆုံးမှာ အော်တဲ့ အကောင်က ရှေ့ဆုံးမှာ နောက်ပြီး ရယ်တာကလည်း သူ ရယ်တာမဟုတ်။

“အောင်ရဲကျော်တဲ့ ထွက်ခဲ့ပါကွယ်၊သားလေး အောင်ရဲကျော် အပြစ်လုပ်ထားရင် ခံရမယ်လေကွယ်”

“အဲဒါ ဘယ်က ခွေးမသားလဲ။ ဟျောင့် သူက ဖြင့် အရှေ့ဆုံးမှာ ငါတို့ ဘာဖြစ်နေတာ သိမှာမလို့လား။ ယီးပဲ မသွားဘူး”

“အောင်ရဲကျော် မင်းသွားလိုက်ပါကွာ။ စောက်အရစ်တွေ ရှည်နေပြီ နေလည်း ပူပါပြီကွာ”

သူ့ဘော်ဒါ စိုင်းရွက်ဟိန်း ကိုယ်တိုင်က ဝင်ပြောမှ အောင်ရဲကျော်လည်း ဒေါသအရှိန်ကြောင့် ရဲလာတဲ့ မျက်လုံးတွေကို မြေကြီးကို စိုက်ကြည့်ရင်း တန်းစီထားရာကနေ ခွဲထွက်လာတယ်။

ပြီးတော့ အရှေ့ဆုံး ဖြေဖြေချင်း ထွက်လာကာ သူ့ကို လှမ်းတိုင်တဲ့ အရှေ့ဆုံးတန်းက ဆံပင်ဆီအရွှဲသား၊ကော့ပြန်နေအောင် မီးပူတိုက်ထားတဲ့ တိုက်ပုံဝတ်ထားတဲ့ အုပ်စုကို ‌မျက်စောင်း ထိုးကြည့်လိုက်တယ်။

“ဟေ့ကောင် မင်းဆရာကြီးအရှေ့ ရောက်နေတာကို မျက်ခွက်က ဘာဖြစ်နေတာတုန်း ငါ ဖြတ်ရိုက်လိုက်ရ”

ကျောင်းသားတွေ အားလုံးကြောက်ရတဲ့ ဘော်ဒါအုပ်လည်းဖြစ် သင်္ချာဆရာလည်းဖြစ်တဲ့ ဆရာကြီး ဦးဟိန်းဗိုလ် ခ ဗိုလ်ဟိန်း ရဲ့ ငေါက်သံကြောင့် အောင်ရဲကျော် သူ့ရဲ့ တွန့်နေတဲ့ မျက်ခုံးတွေကို ပြန်လျှော့လိုက်ရတယ်။

ဆရာဗိုလ်ဟိန်းက အခြားကျောင်းဆရာတွေနဲ့မတူ မုတ်ဆိတ်မွှေး၊ပသိုင်းမွှေး ဗလပွနဲ့ ဆံပင် ကလည်း ဂုတ်ထိဝဲကြနေတယ်။ အဲဒါသူ့စတိုင်လ်ပဲ။ ကျောင်းအုပ်ကြီးအစ ပညာရေးမှူးအထိ သူ့ကို ဘယ်သူမှ သူ့ကို သွားမပြောရဲကြဘူး။ သူက ပညာတတ် ဆရာလုပ်ပေးနေတာတောင် နိုင်ငံတော်က သူ့ကိုကျေးဇူးတင်ရမှာ လို့ ‌ပညာရေးမှူးကိုယ်တိုင် ပြောဖူးတယ်။ လက်ကလည်း ဘာမြန်သလဲ မမေးနဲ့။ ဗြောင်းခနဲ ဖောင်းခနဲပဲ။ သူ့ကြိမ်လုံးစာ တစ်ခါမိလိုက်ရင် ကျောင်းသားတွေဟာ မတော်ရာကို ဓားရှခံရတဲ့ မျောက်တွေလို ခုန်ဆွခုန်ဆွ ဖြစ်သွားကြတာ။

ဒါကြောင့်လည်း ဆိုးပါတယ်ဆိုတဲ့ ကျောင်းသားတွေကို ထိန်းတဲ့နေရာမှာ မြို့မကျောင်းက လူငယ်ထိန်းသိမ်းရေးကျောင်း(ကလေးထောင်) ထက်တောင် အသုံးဝင်သေးတယ်လို့ ပြောစကားရှိကြတာပါ။

အောင်ရဲကျော်နားကို ဆရာကြီးဇော်မွန်ဟာ ကပ်လာပြီး အောင်ရဲကျော်ရဲ့ စတစ်ကော်လာကို ကိုင်ကာ ခေါင်းကို တသွင်သွင်ခါနေတယ်။

ဦးဇော်မွန်ဟာ နှဖူးပြောင်ပြောင်၊အသားမည်းပါတယ်ဆိုနေမှ နှုတ်ခမ်းမွှေးကို အရှည်ကြီးထား ထားပါတယ်။ သူ့ရဲ့ ပုံစံက လူရွှင်တော်ဧရာကို မော့စ်နှာခေါင်းမွှေး ကောက်တပ်ပေးထားသလိုပါပဲ။ ခန္ဓာကိုယ်က ဦးမန်းဝင်းနဲ့တူပြီး မျက်လုံးက ဦးကင်းကောင်လို တောင်တစ်လုံး မြောက်တစ်လုံးပါ။ အသံက ဦးတိမ်ညွှန့်အသံ။ ဒါကြောင့် ကျောင်းသားကြီးတွေက အညိတ်ကြီးလို့ နာမည်ပြောင်ပေးထားပါတယ်။ လူရွှင်တော်တွေကို စုပေါင်းစပ်ပေါင်း စပ်ထားသလို ဖြစ်နေလို့ပါပဲ။

သူ့ကော်လာကို သေချာကြည့် နေတယ်ဆိုတော့ အောင်ရဲကျော်လည်း သိသွားပါပြီ။ သူ့ကော်လာမှာ ဆီတွေစွန်းထားတာကိုး။

“သားလေးဟာ ညစ်ပတ်တယ် စုတ်ပြတ်တယ်”

ဦးဇော်မွန်ဟာ အားရပါးရ ဝေဖန်လိုက်တယ်။ ထိုအခါ အောင်ရဲကျော် က

“အမေက မအားလို့ မလျှော်ဖြစ်တာပါ”

“မင်းဟာမင်း လျှော်လေကွယ်၊ အချိန်တန် မိန်းမယူရင် ထဘီလျှော်ရမှာပဲ ဟဲဟဲဟဲဟဲ”

ဆရာကြီးဦးဇော်မွန် ဟာ သူပြောပြီး သူ့ဟာသူ သဘောကျပြီး ရယ်နေတယ်။ သူ့ဟာသ ကို ဘယ်သူမှ လိုက်မရယ်ကြဘူး။

“ဒီကောင်ကြီးကတော့ အောင်ရဲကျော်ကို ဖြုတ်နေပြီကွ။ ငါ့သူငယ်ချင်းကို ဒီထက် ပိုပြီးပြောရင် အိမ်သာထဲမှာ ဒီလူကြီးကို ခဲပန်းချီ လက်စွမ်းပြရသေးတာပေါ့”

“ငါတို့လည်း ဘယ်လို ဝဋ်ကြွေးလည်း မသိပါဘူးကွာ။ မင်းတို့ကမှ တော်သေးတယ် သုံးနာရီထိုးရင် အိမ်ပြန်ရတာ။ ငါတို့က ဒီဘဲကြီးနဲ့ တစ်ညလုံး နှစ်ပါးသွားရတာ။ အိပ်‌နေရင်လည်း အိပ်ပြန်ပြီ၊ စားနေရင်လည်း စားပြန်ပြီ နဲ့ တကယ်အာရုံကြီးပါကွာ”

စိုင်းရွက်ဟိန်းက စိတ်ပျက်လက်ပျက် နဲ့ ညည်းညူ လိုက်တယ်။

“ဒါနဲ့ ဟေ့ကောင် ဆန်းကြီးရော”

“ဒီကောင်က အိမ်သာခေါင်မိုးပေါ်မှာ။ ထုံးစံအတိုင်း တိုက်ပုံမပါလို့ အတန်းလစ် နေတယ်”

“ ဒီကောင်ကျ ဗိုလ်ဟိန်းက မဆော်ဘူးလား။ ငါတို့ဆိုရင် ဗျင်းတယ်”

“မဗျင်းတာမဟုတ်ဘူး သားကြီး၊ ဗိုလ်ဟိန်း လက်သီးက ဆန်းဝင်းနိုင်ကို မတိုးတော့တာကွ ဘယ်လောက် ဗျင်းဗျင်း မနာတော့တာဟေ့”

အရှေ့ဆုံး တန်းမှာတော့ ဆရာကြီးဦးဇော်မွန်က အောင်ရဲကျော်ကို မျက်ရည်ပေါက်ကြီးငယ်ကျအောင် ဟာသလုပ်နေတာပါပဲ။ ရယ်တဲ့ကိစ္စ အပြစ်ပေးရမှာကို မပေးသေးဘဲ ဘာမဆိုင် ညာမဆိုင် စာတွေပါမေးပြီး မရရင် သူ့ကို စာသင်တဲ့ ဆရာမ ကိုပါ ခေါ်ပြီး

“ဆရာမ သေချာသင်ကြပါနော် ၊ ကျောင်းသားက ဘာမှ မရဘူး။ လူတွေက ပုဂ္ဂလိက ကျောင်းတွေကို ဇွတ်တွေ ဂုဏ်ပေးနေကြတာဟာ ဆရာမတို့ရဲ့ အသင်အပြ အထိမ်းအကွပ်နဲ့လည်း ဆိုင်ပါတယ်”

ဆိုပြီး ဆရာမတွေနဲ့ပါ လှည့်တိုက်တယ်။ နောက်ဆုံး အဲ့ကျောင်းသားကို ဆရာမတွေကပါ မျက်မုန်းကျိုးရော ဆရာကြီးဦးဇော်မွန် ဆိုတာ အဲ့လိုလူကြီးပါ။

နောက်ဆုံးတော့ အောင်ရဲကျော်ပြဿနာကို ကြိမ်ဒဏ် ခြောက်ချက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ အောင်ရဲကျော်က ရှက်လည်းရှက် မျက်ရည်ကလည်း မထိန်းနိုင်ဘဲ သူ့ကို တိုင်လိုက်တဲ့ အရှေ့ဆုံးတန်းက အုပ်စုကို မျက်လုံးအသေကြီးနဲ့ စိုက်ကြည့်နေတယ်။

“Coward မင်းခွေး မင်းသေချင်းဆိုးပြီသာ မှတ်”

တန်းစီစုဝေးခြင်း ပြီးတာနဲ့ အောင်ရဲကျော် က အတန်းထဲ တန်းမပြန်သေးဘဲ အိမ်သာချောင်ကိုသွားကာ အုတ်နံရံ တွေကို လက်သီးနဲ့ အားရပါးရ ထိုးပါတယ်။

“ခွေးမသားကြီး သေစမ်းကွာ သေစမ်း”

“ဟာ ဟေ့ကောင် ဒုန်းဒုန်း ဒိုင်းဒိုင်း နဲ့ အပေါ်မှာ လူအိပ်နေတာဟ လိလိုပဲ”

ကျောင်းရဲ့ အိမ်သာ ခေါင်မိုးပေါ်မှာ လူငယ်တစ်ယောက်ဟာ ပိုးလိုးပက်လက် အိပ်ပျော်နေတယ်။ သူ့မျက်နှာကိုတော့ ဝါးခမောက်နဲ့ နေရောင်ခြည်ကနေ ကာထားတယ်။ သူ့ပုဆိုးအစိမ်းဟာ ပေါင်လည်လောက်ထိ ပြဲနေပြီး ချည်တွေပါ ထွက်နေပါတယ်။

“ဆန်းဝင်းနိုင် မင်းဒီပေါ် တက်တက် အိပ်နေတာ။ ချီးစော် မနံဘူးလား”

“ငါ အိပ်နေတုန်းက မနံဘူး။ မင်းပြောလိုက်မှ နံလာပြီ။ ငါလခွေး”

ဆန်းဝင်းနိုင်က သူရဲ့ ဝါးဦးထုပ်ကို မျက်နှာပေါ်က ခွာလိုက်တယ်။ ကတုံးဆံပင်ပေါက်ကေ၊ ကျိုးတို့ကျဲတဲ မုတ်ဆိတ်မွှေးနဲ့ ထူထဲတဲ့ မျက်ခုံးတွေရှိတဲ့ မျက်နှာဟာ ထွက်လာပါတယ်။ ပါးက အဆံလိုက် မထွက်တဲ့ ဝက်ခြံပုန်းတွေကတော့ သူ့မျက်နှာကို အကျဉ်းတန်နေစေတယ်။ ဝက်ခြံပုန်းတွေက အခြားဝက်ခြံတွေလို ပြည်တွေနဲ့ အပြင်ကို စူထွက်နေတာ မဟုတ်ဘူး။ အရေပြားအတွင်းထဲမှာ ပုန်းနေပြီး ဘုကြီးတွေ ဖြစ်နေတာ၊ ဖောက်မထုတ်မချင်း မထွက်ဘူး။ အဲဒါတွေကို ကြက်သွန်ဖြူနဲ့သာ ပွတ်မိရင် ရေနံ့သာ သာ သွားလိုက်တော့။ မျက်နှာတစ်ခု လုံးစုတ်ပြတ်ပြီး အနူဆယ်ပါး တစ်ပါး အပါအဝင်ပဲ။

သူ့မျက်နှာမှာ အထူးအဆန်းဆုံးက မျက်လုံးပဲ တစ်ခါတလေ ယောက်ျားလေးချင်းတောင် ဒီကောင့်ရဲ့ အညိုထက် လိမ္မော်ရောင်ဘက်သန်းတဲ့ မျက်လုံးတွေကို လှလိုက်တာကွာ ဆိုပြီး ငေးကြည့်နေမိတတ်ကြတာပဲ။ အဲအချိန်ဆို ဆန်းဝင်းနိုင်က

“ဟေ့ကောင် တွေ ဂေးနေတာလား။ ဂေးရင်လည်း ရတယ်။ ငါက ထိုးစစ်ပဲ ကစားတာ” ဆိုပြီး ပြန်ပတ်တတ်တာပဲ။

“ဟေ့ကောင် မင်းငိုနေတာလား ဘာဖြစ်တာတုန်း”

“ဒေါသထွက်လာတာဟ ငါ့ကို ဘိုးတော် ဖြဲလိုက်တာ။ အဲဒါ ဘိုးတော်ကို မထိုးချင်ဘူး။ ထိုးရင် ဆရာဂိုဏ်း သင့်မှာဆိုးလို့ နံရံကို လာထိုးတာ”

ဆန်းဝင်းနိုင်က ဟက်ခနဲ တစ်ချက် ရယ်လိုက်ပြီး

“မင်းကွာ ကိုယ့်ဟာ ကိုယ် ဒုက္ခပေးနေတယ်။ ငါတို့ ကြာနီကန်ဘက်မှာဆို အဲ့လို နံရံနဲ့ ပြေးတိုက်ပြီး ကိုယ့်ဟာ ကိုယ် နာအောင် လုပ်တဲ့ သတ္တဝါက နွားပဲရှိတယ်၊ နွားတောင် သင်းကွပ်ခံရတဲ့ နွား။ ‌ဆရာကြီးက မင်းဘော ကပ်ကြေးနဲ့ ဖြတ်ယူလိုက်တာလား”

ဆန်းဝင်းနိုင် စကားကြောင့် အောင်ရဲကျော် ရယ်မိသွားကာ ရပ်လိုက်တယ်။ ဆန်းဝင်းနိုင်က အိမ်သာ အပေါ်ကနေ ခုန်ဆင်းလာပြီး အောင်ရဲကျော် ကို ပုခုံးဖက်ရင်း

“မင်းငိုရင် ဒေါသထွက်မှ ငိုမှန်း သိပါတယ်ကွာ”

“အေး ဟုတ်တယ်။ ငါက မျက်ခွက်ပြောင်လိုက်တာ။ ဟိုကျွဲကြီးတို့က ထရယ်တာ။ အဲဒါကို ငါလည်း မရယ်ဘဲနဲ့ ဟိုထက်မြတ်မင်းခွေးဆိုတဲ့ ခွေးသူတောင်းစား က ငါရယ်ပါတယ်ဆိုပြီး ချွန်တာ”

“ငါ မင်းခွေး ကို ကြည့်မရဘူးဆိုပေမဲ့ သူ့နေရာမှာ ငါဆိုလည်း လုပ်မှာ သားကြီး”

ဆန်းဝင်းနိုင် စကားကြောင့် အောင်ရဲကျော် မျက်လုံးပြူးသွားပြီး

“မင်းကွာ ဘော်ဒါ အချင်းချင်းကို အဲ့လိုလား”

“ဟေ့ရောင် အဲ့လူကြီးကလေ။ အဲဒီမိန့်ခွန်းကို ကျက်ပြီးပြောနေရတာ။ နောက်ပြီး သူက စာဖတ်မှန်း လူသိအောင် လုပ်ယူပြောနေတာရယ်။ မင်းဟိုတစ်လ ကျောင်းမလာတဲ့နေ ဆယ်တန်းက ကောင်တွေလည်း အဲ့လို ဘယ်သူ ရယ်တာလဲ မဖော်ဘူး။ ဘာလုပ်တယ်မှတ်လဲ။ အနော်ရထာအကြောင်းကို ပြောတာ ပြောတာကွာ တက္ကသိုလ်စိန်တင်စာအုပ်ကို audio ပြန်ဖွင့်နေသလားပဲ။ နောက်ဆုံး ငါတို့မှာ မက်တပ်ရက်လျက်ကြီး ပုဂံဘုရားတွေ ဖူးလိုက်ရတယ်၊ မနက် ၉နာရီခွဲကပြောတာ ၁၁နာရီ မှပြီးတယ်။ ဆရာမတွေဆို အန်ပါအန်တယ်။ သုံးတန်းကလေးတွေဆို အီးပါ ထွက်ကျတာ”

“ဟာ... အဲဒီလူကြီးက အဲ့လောက်တောင်လား”

“ဟုတ်ပ ဟုတ်ပ။ အရင်က သူက မန္တလေးကကွ။ နောက်ဆုံး ကျောင်းသားမိဘတွေ ပေါင်းပြီး တိုင်စာ ပို့လို့ နယ်ပြောင်းခံထားရတာဟ”

“ငါကွာ ငါတို့ဘဝ တွေကလည်း အဲ့လို ဖြစ်တိုင်း ငါ တောင်ပေါ်က ကောင်တွေကို မနာလိုဖြစ်တယ်”

“Yamathar International School လား။ အေးကွ ငါတို့က သူတို့ကို အားကျရုံပဲ။ စော်တွေကလည်းချော ကျောင်းကြီးကလည်း အကျယ်ကြီး၊ အားကစားတွေ လှုပ်ရှားမှုတွေကလည်း အများကြီးကွ။ ငါတို့ကျောင်းကလည်း ယောက်ျားလေးကျောင်း ဆိုတော့ ခက်တယ်”

“အားမကျရဲပါဘူး ဆန်းကြီးရာ။ တစ်လ ၁၈ သိန်း ဟ ၁၈သိန်း အမယ်လေး ငါတို့ မိဘ တွေရဲ့ သုံးလစာ ရှိတယ် ဟေ့ကောင်ရေ”

“အေးကွ သူတို့ရဲ့ Facebook page ကို ဝင်ကြည့်လိုက်ရင် တကယ့်ကို ကမ္ဘာသစ် တစ်ခုကို ရောက်သွားသလိုပဲ။ ငါ့သား ငါ့သမီးတွေကျ မြို့မကျောင်းကိုလည်း မထားဘူး။ ကုမ္မာရီအမျိုးသမီးကျောင်းကိုလည်း မထားဘူး။ YIS ကို ပဲထားမှာ”

“YIS YIS YIS”

ဆက်ရန်

******

All Chapters