← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

မနက်ခင်းနေလုံးကြီးဟာ အရှေ့ဘက်ရှိ ရမထာတောင်ရဲ့ အနောက်ကနေ ပေါ်ထွက်လာတယ်ဆိုရင်ပဲ နန်းအေးမြို့ဟာ အသက်ဝင်လာပါတယ်။

နန်းအေးဟာ မြေပြန့်ဒေသအဆုံး တောင်တန်းဒေသအစမှာ တည်ရှိတဲ့ မြို့တစ်မြို့ပါပဲ။ နန်းအေး ရေလှောင်တာတမံစည်တို့ နန်းအေးငါးချဉ်တို့က ဒီမြို့ရဲ့ အဓိက ထွက်ကုန်တွေပေါ့။

ဒီမြို့မှာ ကျောင်းကြီး သုံးကျောင်း ရှိတယ်။ အဲဒါတွေက အင်္ဂလိပ်ခေတ် မစ္စတာဂျေကော့ဗ်လန့်စ် တည်ထောင်ထားတဲ့ မြို့မယောက်ျားလေးကျောင်း၊ မြို့ရဲ့တစ်ဖက်မှာရှိတဲ့ အမျိုးသားကျောင်းဆရာဦးဘထွား တည်ထောင်ခဲ့တဲ့ ကုမ္မာရီအမျိုးသမီးကျောင်းပါ အင်္ဂလိပ်ခေတ် တုန်းကတော့ ကျောင်းနှစ်ကျောင်းလုံးက ယောက်ျားလေး မိန်းကလေး အကုန်တက်လို့ရပေမဲ့ လွတ်လပ်ပြီးခေတ်မှာ ယောက်ျားလေးသီးသန့်၊ မိန်းကလေးသီးသန့်ကျောင်းတွေအဖြစ် ခွဲထွက်သွားကြပါတယ်။

အင်္ဂလိပ်ခေတ် တခေတ်လုံး မစ္စတာဂျေကော့ဗ်နဲ့ ဦးဘထွားဟာ ကျောင်းချင်းပြိုင်ဆိုင်နေကြပြီး ကျောင်းသားတွေကလည်း မတည့်ကြပါဘူး။

မစ္စတာဂျေကော့ဗ် က

“မစ္စတာဘထွားဆိုတဲ့ လူက ‌အဆင်မြင့်ပညာရေးအကြောင်း ဘာမှနားမလည်တဲ့လူဖြစ်ပြီး သူ့ကျောင်းက ထွက်တဲ့ ကလေးတွေဟာ အရက်ဝယ်၊ ကြက်ဖမ်းဘဝနဲ့ပဲ အဆုံးသတ် သွားကြတယ်” လို့ သတင်းစာထဲမှာပါ ရေးထည့်ခဲ့တာပါ။

ဦးဘထွား ကလည်း မခံမရပ်နိုင်ဖြစ်ကာ

“ယာကုပ် ရယ်တော့ လူမပြောင် သူမပြောင်။အင်္ဂလန် ကျေးလက်ရွာက တောသားလေးမောင် ကိုလိုနီ ကျွန်ဝန်ထမ်း ထွက်ဖို့ ကြိုးစားလို့သာ”

ဆိုပြီး ကဗျာပြန်စပ်ပြီး စစ်ပွဲကို မီးစာ ထပ်လောင်းပေးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ကျောင်းတိုက်ပွဲဟာ ကိုလိုနီခေတ်ရဲ့ ပွဲအကြီးကြီး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ကျောင်းသားချင်း ရိုက်ကြ ထိုးကြ ကွဲကြပြဲကြနဲ့ နောက်ဆုံး ဂျပန်ပြည်နိပွန်မာစတာတို့ နန်းအေးမြို့ကြီးကို ဗုံးလက်ဆောင် တွေကြဲချမှ ငြိမ်သွားကြတာပါ။

အဲဒီနောက်ပိုင်း ၂၀၀၀ ပြည့်နှစ်လောက်မှ International school ဖြစ်တဲ့ Yamahtarကျောင်း ပေါ်လာပါတယ်။ ၂၀၁၀နောက်ပိုင်း ပုဂ္ဂလိကကျောင်းတွေရဲ့ ရွှေခေတ် စလာတော့ YIS လည်း တဖြည်းဖြည်း နာမည်ရလာပါတော့တယ်။

Yamahtar International School (NANG AYE)

ရွှေရောင် စာလုံးတွေကို အနီရောင် အုတ်သားဘောင်နဲ့ ခတ်ထားတာကတော့ YIS ရဲ့ အဝင် ဆိုင်းပုဒ်ကြီးပါပဲ။ သူ့ရဲ့ဘေးမှာတော့ ဆီတွေရွှဲနေအောင် လိမ်းထားပြီး ဝစ်စကုတ် အင်္ကျီ ဝတ်ပြီး ရှူးဖိနပ်စီးထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပလာစတာ ရုပ်ထုကြီး ရှိပါတယ်။ ပလာစတာ လုပ်တဲ့ ကုမ္မဏီ ရဲ့ ဆေးသားညံ့လို့ ကောင်လေးရဲ့ ဆံပင်မဲမဲ တွေဟာ ဆေးကျွတ်ပြီး ဟိုတကွက် ဒီတကွက် နဲ့ ဆံပင်ဖြူတွေလို ကွက်တိကွက်ကြားဖြစ်နေတယ်။ ဒီကြားထဲ လက်သရမ်း တဲ့ ကျောင်းသားတွေက I love youတို့ Happy Prom Day. တို့ နှင်းယုလှိုင် မသာမ အစရှိတဲ့ စာတွေကိုလည်း ကော်ရက်ရှင်ပန်နဲ့ ရေးထားကြပါသေးတယ်။

ကျောင်းရဲ့ အရှေ့ လမ်းမကြီးမှာတော့ မန်ကျည်းပင်တွေဟာ တန်းစီပြီး ပေါက်နေပါတယ်။ နန်းအေးမြို့ရဲ့ တောင်ပေါ်ကျတဲ့ နေရာမှာရှိတဲ့ YIS ကျောင်း ပတ်ဝန်းကျင်က အမြဲတမ်း မြူတွေဆိုင်းနေတာပဲ။ ဒါကြောင့် နန်းအေးအပေါ်ပိုင်းဟာ အောက်ပိုင်းဒေသ နဲ့ မြို့တစ်မြို့ထဲပါဆို တာ ကျိန်ပြောရမလိုတောင် ဖြစ်နေတာပါ။

မြူနှင်းဝေဝေတွေ ထဲကနေ ပထမဆုံးဖောက်ထွက်လာသူကတော့ ‌ကောင်မလေးတစ်ယောက်ပေါ့၊ ဘယ်လို မယ်တော်လေးလည်းတော့ မသိ။ ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီဥတုမှာ အင်္ကျီ ချိုင်းပြတ်ကလေးနဲ့ အပြေးလေ့ကျင့်နေတာတဲ့။ သူက

လာနာ။

YIS ကျောင်းရဲ့ ဆရာမတွေထဲက တစ်ယောက်ပဲ။ အလယ်တန်းကျောင်းသားတွေကို စာသင်ရတာပေါ့။ သူသင်ရတဲ့ ဘာသာ က poem and prose ပါ။ အမြဲတမ်း ရှိတ်စပီးယား နဲ့ အိုဟင်နရီကို ပါးစပ်ဖျားက မချတတ်ဘူး။ သူက ကျောင်းတွင်းပြဇာတ်တွေကိုလည်း ရေးနိုင်တယ်။ အသက်က ၂၅ ပဲ ရှိသေးပေမဲ့ YIS ရဲ့ အားကိုးရတဲ့ ဆရာမ တစ်ယောက်ပါပဲ။

ခန္ဓာကိုယ်က တော်တော်ပိန်ပါးပါတယ်။ ဆံပင်ကလည်း ဂုတ်ဝဲကို ဆံပင် ညှပ်ကလစ် အမြဲတွယ်ထားရတယ်။ သွားက နည်းနည်း မဆိုသလောက် ခေါနေလို့ သွားထိန်း တပ်ထားရသေးတယ်။ ဒါပေမဲ့ သူ့ဟာနဲ့ သူတော့ ကြည့်လို့လှပါတယ်။

“ဟဲ့ လာနာ နင်ပြေးနိုင်တိုင်း လွှတ်မပြေးနဲ့ဟ။ ငါက ပြေးနိုင်တာမဟုတ်ဘူး”

သူနဲ့အတူလိုက်ပြေးနေရတဲ့ ဝဏ္ဏက ညည်းညူလိုက်တယ်။ လာနာကလည်း မဆိုစလောက် ရယ်လိုက်ရင်း

“ဟဲ့ ဝဏ္ဏ နင့် ဗလကြီးမှ အားမနာ ဒီလောက်လေးပြေးရတာ ကို ညည်းပြနေတယ်။ gymမှာကျ ဝိတ်တုံးတွေ အားရပါးရ မပြီးတော့”

“ဝိတ်တုံးတွေ က နင့်လို မော်တာ တပ်ထားသလို မပြေးဘူးဟ။ နင်က နင့် သွားကြားထိုးတံ ခန္ဓာကိုယ်လေးနဲ့ ပြေးတာလေ။ ငါ မပြောနဲ့။ အူစိန်ဘော့တောင် အမောဖောက်သွားလောက်တယ်”

ဝဏ္ဏစကားကြောင့် လာနာ အားရပါးရ ရယ်ရင်း ဝဏ္ဏရဲ့ကြွက်သားတွေနဲ့ လက်မောင်းကြီးက အားရပါးရ တဖြန်းဖြန်း ရိုက်လိုက်တယ်။

“ကြွက်မ နာတယ်နော် ငါရိုက်ရင် လွင့်ထွက်သွားမှာ”

“အံမယ် ရိုက်ကြည့်ပါ့လား ကြီးကြီးစိန်နဲ့ ပြန်တိုင်လိုက်မှာလေ။ လာလာချည်သေးတယ်”

လာနာက ပြောရင်း လက်ဖဝါးကို နားရွက်နားလေးမှာကပ်ပြီး ဝဏ္ဏကို ပြောင်ပြလိုက်တယ်။ ဝဏ္ဏက လာနာ့ရဲ့အပြစ်ကင်းတဲ့ မျက်နှာလေးကို ငေးကြည့်ရင်း မျောနေမိတယ်။

“လှလိုက်တာ နင်က ဘယ်တော့မှ ဟန်ဆောင်မှုဆိုတာ မရှိဘူး”

“ဟဲ့အကောင် ဘယ်လိုကြီး ငါ့ကိုကြည့်နေတာလဲ”

လာနာက ဝဏ္ဏကို မေးခွန်း မျက်စောင်းထိုးရင်း မေးလိုက်တော့ ဝ‌ဏ္ဏလည်း မလုံမလဲ ဖြစ်သွားကာ

“နင့် သွားကြီး ခေါခေါ လာသလားလို့ပါ ကြွက်မ ရယ်”

“ဟယ်ခွေးကောင်”

လာနာက ဝဏ္ဏကို တစ်ချက် ရိုက်လိုက်ရင်း မျက်လုံးကို ဘယ်ဘက် တစ်ချက်ဝေ့လိုက်တယ်

“အို ဟင် မဟုတ်ဘူး”

လာနာ ရဲ့ ဖြူဖျော့ဖျော့ မျက်နှာလေးဟာ သွေးမရှိတော့ သလို အရောင်ပြောင်းသွားတယ်။ ခန္ဓာကိုယ်ကလည်း တုန်လာတယ်။ ဝဏ္ဏ သိလိုက်ပြီ။ လာနာ စိတ်ဖောက်လာပြီ။ ဝဏ္ဏက လာနာ့ကို ထိုင်ချခိုင်းလိုက်ပြီး ပုခုံးကို ဖိထားလိုက်တယ်။

လာနာရဲ့ ပါးစပ်ကနေ အမြှုပ်လေးတွေ တစီစီ ထွက်လာတယ်။ ဝဏ္ဏက သေချာ သုတ်ပေးရင်း လာနာ့ကို ဖက်ထားတယ်။ လာနာ့ရဲ့ မျက်နှာလေးကိုလည်း သနားညှာတာတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။

လာနာ ငယ်ငယ်ကတည်းက ဖြစ်တဲ့ ရောဂါပါ။ အဲဒါက တစ်ခါတလေ စိတ်လွတ်သွားပြီး တက်တဲ့ အထိဖြစ်တယ်။ အထူးသဖြင့် လန့်စရာတွေ တွေ့တဲ့အခါပေါ့။

ဟိုးအရင် နှစ်တွေက အမေ့ရဲ့ တဝမ်းကွဲညီမရဲ့ သမီးလေး လာနာ သူတို့ဆီကို ရောက်လာတယ်။ အသက်ရှစ်နှစ်အရွယ် သွားခေါခေါလေးနဲ့ နှပ်ရည်တွေကို လက်ခုံနဲ့ သုတ်သုတ်နေတဲ့ လာနာ ဆိုတဲ့ ကလေးမလေးကို ဝဏ္ဏကြည့်မရခဲ့ဘူး။

ဒီကြားထဲ ကလေးမလေးက အငြိမ်လည်း မနေသလို တစ်ခုခု လိုချင်တာမရရင်လည်း အော်ကြီးဟစ်ကျယ် ငိုသေးတယ်။ ပြီးရင် တစ်ခါတစ်ခါ တက်သွားသေးတယ်။ အဲဒီအချိန်ဆို မေမေစိန် ရော သူ့အမေပါ ပါးစပ်ကို အားရပါးရ မှုတ်ကြရတာ သူ့ကို မေမေစိုးကလည်း အရမ်းအလိုလိုက်တာပဲ။ ကိုယ့်တူမအရင်းလည်း မဟုတ် တဝမ်းကွဲတူမ ကို။

နောက်တော့ ဝဏ္ဏ တက်တဲ့ YIS မှာ ပဲ သူလည်း လိုက်တက်တာပဲ။ အဲ့ ပိန်ပိန်ညှောင်ညှောင် ညစ်ပေပေ သွားခေါမလေးက သူ့အမျိုးပါလို့ ပြောဖို့ ဝဏ္ဏ ရှက်ခဲ့တယ်။ နောက်ပိုင်းကြားရတာက လာနာက တစ်ခုခုကို အမြဲကြောက်နေပြီး အကြောက်ရောဂါ ရနေတာတဲ့။ ဒါပေမဲ့ စာတော်တော့ ဆရာမတွေ ကချစ်ကြတယ်။ ဝဏ္ဏကတော့ ကြည့်မရ။ အိမ်ရောက်တိုင်း မေမေစိုးက မင်းညီမလေးဆိုရင် ဘယ်လိုတော်တာ ဘယ်လို ဆုယူတာနဲ့ ချီးမွမ်းလို့ကို မပြီးဘူး။ ဝဏ္ဏက ကွန်ပလိမ်း တက်မိရင်လည်း

“ညီမလေးက ဒုက္ခသည်လေးလေ သားရယ် “

ဆိုပြီး ပြန်ပြောခံရတာပဲ။ ဝဏ္ဏကလည်း စာတော်အောင် ကြိုးစားပါတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေ စာတော်တာက အရမ်း အန္တရာယ်ရှိပါတယ်။

စာမတော်တဲ့ ကျောင်းသားတွေရဲ့ မျက်မုန်းကျိုးခြင်း ကိုခံရတာပါပဲ။ တစ်‌နေ့ အခြားကျောင်းသားတွေက ဝဏ္ဏကို စာလုပ်လာတဲ့ အမှု့နဲ့ အနိုင်ကျင့်ကြပါလေရော အဲဒီတုန်းက သူ လေးတန်းပေါ့။

“ဟေ့ကောင် ဝဏ္ဏတိုး မင်းကို ဆရာမက ပျော်ရွှင်သော မင်းသားလေးပဲ ကျက်ခိုင်းတာကို မင်းက ဘာလို့ သံဖြူစစ်သား ပုံပြင်ပါ ကျက်လာရတာလဲ”

အနိုင်ကျင့်တဲ့‌ကောင်က သူ့ရဲ့ နှစ်ဆ လောက်ရှိတာမို့ ဝဏ္ဏလည်း ဘာမှ ပြန်မလုပ်နိုင်ဘူး။ ကြောက်လွန်းလို့ နံရံနဲ့ခန္ဓာကိုယ် ကပ်ထားရတယ်။

အနိုင်ကျင့်တဲ့ကောင်က ဒါတင် မကျေနပ်သေးဘဲ။ ခဲတံ ခပ်ချွန်ချွန် တစ်ချောင်းကို ထုတ်လာပြီး ဝဏ္ဏတိုး ရဲ့ ပါးနီနီ ဖောင်းဖောင်းလေးကို ထိုးထားလိုက်တဲ့။

“တရုတ်ဝတုတ် ပန်ဒါကောင် မင်းလားကွ ‌အခန်းထဲမှာ စာတော်တာ။ မျက်ခွက်ကိုက ဒိုရေမွန်ထဲက ဂျိုင်းယန် နဲ့တူတယ်။ အယုတ်တမာကောင် ငါ့နာမည် ကျော်စွာနိုင် မင်း ဘာမှတ်နေလဲ”

“ဒီကောင့် ဘောက သေးသေးလေးတဲ့ကွ”

ကျော်စွာနိုင်ရဲ့ နောက်တော်ပါးကောင်လေးကလည်း ကျော်စွာနိုင်ကို ‌မြှောက်ပေးတယ်။

“ဘောင်းဘီ ဆွဲချွတ်ကွာ ဒီတရုတ်ရဲ့ဘောကို ကြည့်မယ်”

“မလုပ်နဲ့ မလုပ်နဲ့”

ဝဏ္ဏက ကြောက်ကြောပ်လန့်လန့်နဲ့ ကျော်စွာနိုင်ကို တွန်းထုတ်လိုက်တယ်။ ကျော်စွာနိုင်က နောက်ပစ် လဲကျသွားတယ်။ ဝဏ္ဏက အသားကုန် ထွက်ပြေးဖို့ ကြိုးစားပေမဲ့ သူ့ကျောပိုးအိတ် ကို အခြားတစ်ယောက်က ဆွဲထားတယ်။

ကျော်စွာက ထလာပြီး ဝဏ္ဏ ရဲ့ မျက်နှာကို သုံးချက်လောက်ဆင့်ထိုးတယ်

“ခွေးတရုတ် တို့ဆီက ခိုးတယ်”

ဝဏ္ဏ္ရဲ့ မျက်နှာဟာ လက်သီးချက်တွေကြောင့် ယောင်လာတယ်။ မိဘတွေရဲ့ အရေးမပါတဲ့ လူမျိုးရေး အမုန်းတရားတွေဟာ ဘာမဆိုင်ညာမဆိုင် ကလေးသူငယ်တွေ ဆီကို ကူးစက်သွားတတ်ပါတယ်။ ကျော်စွာနိုင်ဟာလည်း ဘာမှနားမလည်ပေမဲ့ တရုတ်မုန်းဝါဒ ဟာ သူ့ ဦးနှောက်မှာ နေရာတစ်ခုတော့ ရထားပြီ။ ဒါကြောင့် မျက်လုံးမှေးပြီး အသားဖြူတာပဲရှိတဲ့ ဝဏ္ဏကိုတောင် သူ့စိတ်ထဲ တရုတ်ပဲဆိုပြီး မသိမသာ မုန်းနေတာပါပဲ။

ဝဏ္ဏ မှောက်နေတဲ့ အချိန်မှာ ကျော်စွာနိုင်က ဝဏ္ဏ ရဲ့ ဘောင်းဘီ ကို ဆွဲချွတ်လိုက်ပါတယ်။

“ဟေ့ကောင် ဒီကောင့် ဟာလေး ပိစိလေးကွာ”

“မြွေကြီးဆယ်ကောင်.. မြွေကြီးဆယ်ကောင်”

အခြားကလေးတွေကပါ ကျော်စွာနိုင်ကို ‌မြှောက်ပေးကြပြန်တယ်။ မြွေကြီးဆယ်ကောင်ဆိုတာ ယောက်ျားလေးတွေကြားမှာ ထင်ရှားတဲ့ စနောက်နည်း တစ်မျိုးပါပဲ။ တစ်ယောက်က အခြားတစ်ယောက်ရဲ့ပစ္စည်းကို ညှစ်ထားပြီး မြွေကြီးဆယ်ကောင် ပြောခိုင်းပါတယ်။ အညှစ်ခံရတဲ့ကလေးဟာ ငန်းတော်ကြား၊ရေမြွေ၊မြွေဟောက်၊မြွေပွေး အစရှိသဖြင့် မြွေဆယ်ကောင် ရဲ့ နာမည် အပြည့်ရွတ်ရပါတယ်။ မရွတ်နိုင်သရွေ့ ညှစ်သူက မလွှတ်ပါ။

ကျော်စွာနိုင် ကလည်း ဝဏ္ဏရဲ့ ဖြူဖြူဖွေးဖွေးကို လက်နဲ့ ညှစ်လိုက်တယ်။

“အား..အား.. အား”

“ဟေ့ကောင် တရုတ် မြွေဆယ်ကောင် ပြောစမ်း”

“အား ငါ မသိဘူး မြွေနာမည်တွေ”

“အဲဒါဆို ပိုညှစ်တယ်ကွာ”

“မြွေအိုး အားအား”

“ဘာ မြွေအိုး ဟုတ်လား မြွေအိုးဆိုတာ မရှိဘူး ဟေ့ကောင် တရုတ်”

ကျော်စွာနိုင်ရဲ့ လက်သေးသေးနဲ့ ဝဏ္ဏရဲ့ပစ္စည်း သေးသေးလေးကို အားပါပါ ညှစ်ချက်ကြောင့် ဝဏ္ဏမှာ မျက်ရည်တွေ ရွှဲ ၊ နှပ်ရည်တွေ ရွှဲတဲ့အထိ ဖြစ်လာပါတယ်။

ဝဏ္ဏဟာ ကူကယ်ရာမဲ့ တောင်ကြည့် မြောက်ကြည့်ဖြစ်နေတယ် ဒီအချိန် အတန်းကြီးတွေ ဒါမှမဟုတ် ဆရာမ တစ်ယောက်ယောက် လာမှသာ ဒီငရဲက သူလွတ်ဖို့ ရှိတယ်လေ။ ရွယ်တူကလေးလောက်ကတော့ ကျော်စွာနိုင်တို့ ဖိဟောက်တာနဲ့တင် လွင့်သွားမှာ။

“ဒေါက် ဒေါက် ဒေါက်”

ဖိနပ်အသံ ကြားရတော့ ကျော်စွာနိုင်ရဲ့ လက်တွေ ပြေလျော့သွားတယ်။ အခြားတစ်ကောင်ကလည်း ဘောင်းဘီကို ပြန်ဝတ်ပေးလိုက်တယ်။

“မင်း အာချောင်မယ် မကြိုးစားနဲ့နော်။ ပါးစပ်ပိတ်ထား”

ကျော်စွာနိုင်က ကြိမ်းလိုက်တယ်။

“ဒေါက်...ဒေါက်..ဒေါက် “

အသံဟာ တဖြည်းဖြည်း နီးလာတယ်။ အသံရှင်ဟာ ကျောင်းယူနီဖောင်း ဝတ်စုံမသပ်မရပ်နဲ့ ရှုပ်ပွနေတဲ့ ခေါင်းကိုလက်နဲ့ဖွရင်း မဲပေ နေတဲ့ မျက်နှာလေးနဲ့လာနာ ပါပဲ။ ဒီကြားထဲ လက်တဖက်က နှာခေါင်းကို နှိုက်နေတယ်။

ဝဏ္ဏကတော့ စိတ်အပျက်ကြီး ပျက်သွားတယ်။ ကြွက်မက သူ့ဟာနဲ့ သူတောင် ကြောင်တောင်တောင်။ အခုလည်း မက်တပ်ရပ်ပြီး ကြောင်ကြည့်နေတယ်

“လာနာ ဆရာမကို သွားတိုင်”

“ဟေ့ကောင် ပါးစပ်ပိတ်ထားကွာ”

ကျော်စွာနိုင်က ဝဏ္ဏရဲ့ပါးကို ဖိနပ်နဲ့ ရိုက်ချလိုက်တယ်။ ဘွတ်ဖိနပ် နဲ့ ရိုက်တာမို့ ဝဏ္ဏပါး အရာပါ ထင်သွားတယ်။ ကြွက်မလာနာကတော့ မလှူပ်မယှက် ရပ်နေတယ်။ ဝဏ္ဏ မျက်လုံးက မျက်ရည်တွေ စီးကြလာသည်။ အိမ်မှာ သူ့ကို အနိုင်ကျင့်ခဲ့လို့ လာနာက ပြန်ယုတ်မာနေတာလားပေါ့။

“မင်းမိန်းမ အရူးမ က ဘာမှနားမလည်ဘူးကွ ကြောင်ချေးအိုးမ အရူးမ”

ကျော်စွာနိုင်က တဟားဟား ရယ်လိုက်တယ်။

“ဒုတ်”

ဒီအချိန်မှာ ကျော်စွာနိုင်ရဲ့ ခေါင်းကို တစ်ခုခု လာမှန်တယ်။ ရာဘာခုန်သီးလေး၊ လောက်စာလုံးလောက် ရာဘာလုံးလေးက ကျော်စွာနိုင့်လို ခပ်ထွားထွား ကလေးကို ဘာနာကျင်မှု့မှ မပေးနိုင်။

လာနာကလည်း သူပစ်ပြီးမှ ကြောင်တောင်တောင်ကြီးရပ်နေတယ်။

“လာနာ ပြေး..ပြေး. ပြေး”

ဘယ်လောက်ပဲမုန်းတယ် ပြောပြော ဝဏ္ဏက လာနာ့ကို ကျော်စွာနိုင် အနိုင်ကျင့်တာ မခံစေလို။

“ကောင်မ ငါကလည်း ယောင်္ကျားလေး မိန်းကလေးမခွဲခြားဘူး။ ရိုက်ရဲတယ်”

ကျော်စွာနိုင်က သူ့ရဲ့ နကတိုင်ကို ပြန်တည့်ရင်း လာနာ့ဆီကို လျှောက်သွားတယ်။ ပြီးတော့ သူ့ရဲ့ လက်ဖဝါး ကို မြှောက်လိုက်တယ်။

“လာနာ ပြေး တော့ ကယ်ကြပါဦး”

ဝဏ္ဏ အသံကုန် အော်လိုက်တယ်။ ကျော်စွာနိုင်ကတော့ သူ့လက်ကို လာနာ့ ပါးပြင်ညစ်ညစ်ပတ်ပတ်လေးဆီ ဦးတည်လိုက်သည်။

ဆက်ရန်

******

All Chapters