အခန်း (၄)
Vol. 1 Ch. 4
ကျော်စွာနိုင်ရဲ့ လက်တွေဟာ လေပေါ်မှာ တန့်နေတယ်။ တစ်စုံတစ်ခုက သူ့ကို တားစီးထားသလိုပဲ။ သူ အရမ်းကြိုးစားပြီး ရုန်းပေမဲ့ ဘယ်လိုမှ မရဘူး။ သူ့လက်ဝါးဟာ လာနာရဲ့ ပါးပေါ်ကို လုံးဝ မကျသွားဘူး။
“အား အိ”
“ကျော်စွာနိုင် ရိုက်လိုက်လေကွာ”
“ငါ့လက် မရဘူး “
ဝဏ္ဏအပါအဝင် အခြားကလေးတွေပါ ကြောင်နေကြပြီ။ လာနာကလည်း သူ့ရဲ့ မျက်လုံးပြူးကြောင်ကြောင် နဲ့ ကျော်စွာနိုင်ကို စိုက်ကြည့်နေတယ်။
“ကောင်မ နင် ငါ့ကို ဘာလုပ်”
“ငါတွေ့ခဲ့တယ် ငါမနေ့က တက်သွားတယ်။ ပါးစပ်က အမြှုပ်တွေ ထွက်ရင်း”
လာနာက ခပ်အေးအေး နဲ့ ပြောနေတယ်။
“ငါ့နင့်အနားမှာ လူကြီးတစ်ယောက် တွေ့လိုက်တယ်။ အဲ့လူကြီးက နင့်ဗိုက်ကို ခွထားတယ်။ ဒါ့ကြောင့် နင် ဒေါသတွေ ထွက်နေတာ။ သူ့က နင့်ရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေကို စုပ်နေတယ်။ မျက်နှာကြီးက လူဆိုတာထက် ယင်ကောင်ကြီးနဲ့တူတယ်။ အခု သူက နင့်ကို စွန့်ခွာမယ်တဲ့။ အကြောင်းအရင်းက နင်သေတော့မှာ မလို့တဲ့”
“သေတယ် ဟုတ်လား”
ကျော်စွာနိုင် ကြောင်သွားတယ်။ သေတယ်ဆိုတာ ဘာမှန်းသူသိတဲ့ အရွယ်ရောက်နေပြီဖြစ်ပေမဲ့ သေတဲ့အကြောင်းကိုတော့ သူ မတွေးဖူးဘူး။ ဒါကြောင့် နည်းနည်း လန့်သွားတယ်။
“နင်သွားရမဲ့ နေရာက ငရဲတဲ့ အဲ့မှာ စားစရာ မရှိဘူး။ လက်သည်းရှည် ကောင်ကြီးတွေက အူတွေကို သိပ်ကြိုက်တာ။ ငရဲထိန်းတွေက နင့်လိုပဲ လှောင်တတ်တယ်၊ ခွေးကြီးက ခေါင်းကိုခဲပြီး ကိုက်ဦးမယ်။ ဒါပေမဲ့ ဘယ်တော့မှ မသေဘူး။ မီးလောင်ခံရရင်တောင် အရေပြားတွေဟာ အသစ်ဖြစ်ပြီး လောင်ကျွမ်းနေမှာ”
ကျော်စွာနိုင်က သူ့လက်ကိုလည်း လှုပ်မရ၊ လာနာရဲ့ မျက်လုံးပြူးပြူးကြီးနဲ့ ခပ်တည်တည်ကြီး ပြောနေတဲ့ ပုံစံကိုလည်း ကြောက်လာတယ်။
“ငါ တောင်းပန်ပါတယ်ဟာ ငါ့ကိုလွှတ်ပါ”
“နင်နောက်တစ်ခါ ဝဏ္ဏနားကို လုံးဝ မကပ်နဲ့ ကြားလား မဟုတ်ရင် ငါ နင့်ကို တကယ် အရိုးထဲကထိ နာကျင်အောင် လုပ်မိလိမ့်မယ်”
ကျော်စွာနိုင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ပဲ သူ့ဘော်ဒါတွေကို ခေါ်ပြီး ထွက်သွားတော့တယ်။
လာနာက ဝဏ္ဏနားကို ကပ်လာတယ်။
“နင်တကယ် သရဲတွေ မြင်ရတာလား”
“အင်း အဲဒါတော့ မပြောတတ်ဘူး။ တစ်ခါတလေ ငါတက်သွားရင် အဲ့လို အကောင်ကြီးတွေ မြင်ရတယ်။ ဒီကောင့်ကို ကြောက်သွားအောင် ပြောလိုက်တာ။ ဒါနဲ့ နင် အဆင်ပြေရဲ့လား”
ဝဏ္ဏက သူ့ဘောင်းဘီခွကို ကိုင်ကြည့်လိုက်ရင်း
“ဒီကောင်က လက်သည်းတွေနဲ့ပါ ကုပ်သွားတာ။ ယောင်ကိုင်းပြီး စပ်လည်းစပ်တယ်။ ရောဂါတွေ ဘာတွေ ကူးမလား မသိဘူး”
“ငါ့ကို ပြကြည့် ငါ့ခြင်းတောင်းထဲမှာ ရေခဲဗူးပါတယ်။ နင့်ကို ကပ်ပေးရမယ်။ နင်က ငါနဲ့ အတူတူ ကျောင်းမသွားချင်တာနဲ့ပဲ မနက်စောစောကြီး ထွက်လာတာမလား။ အခု နင် ဒုက္ခရောက်တာပေါ့။ ကဲ ကဲ ဘောင်းဘီ ချွတ်လိုက်”
“ဟာ မချွတ်ပါဘူး။ ရှက်စရာကြီး”
ဝဏ္ဏက အကြောက်အကန် ငြင်းလိုက်တယ်။
“အဟက် ရှက်မနေစမ်းပါနဲ့။ ငါတို့က ကလေးတွေပဲ မဟုတ်ရင် ဆရာမတွေ မလာမချင်း နင်စပ်နေမှာနော်”
ဝဏ္ဏလည်း ခေါင်းညိတ်ပြလိုက်တယ်။
အဲဒီနောက်ပိုင်း ဝဏ္ဏက လာနာ့ကို တကယ်ခင်သွားတယ်။ အမြဲတပူးတတွဲပဲ။ ကျောင်းသားကြီးအရွယ် ရောက်လာတော့ လာနာကလည်း အချောကြီး ချောလာတယ်။ ဝဏ္ဏကလည်း အရင်လို မဟုတ်တော့ဘူး။ ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့်နဲ့ စော်တွေ ဝိုင်းလာတယ်။ လာနာကတော့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ အပေါင်းများတယ်။ စလိုက်နောက်လိုက်ပြောင်လိုက်ပဲ။
ကလေးဘဝက သူတို့ကို အနိုင်ကျင့်ခဲ့ဘူးတဲ့ ကျော်စွာနိုင်တောင် အခုထိ လာနာ့ကို ကြောက်နေရတုန်း။
“ဟေ့ကောင်တွေ ငါ့ ထမင်းဗူးထဲက ဆူရှီဘူးက ကြွက်မဟာနော်။ သွားမလုပ်နဲ့ဟ မဟုတ်ရင် ငါတို့ကို ရိုက်နေဦးမယ်”
ကျော်စွာနိုင်က အဲ့လောက်ကို အပိုးကျိုးသွားတာ။ တကယ့်ကောင်။
ကောင်မလေးတွေကတော့ လာနာ့ကို pick me girl ဘာညာနဲ့ နာမည်တပ်ကြတာပဲ။ ဒါပေမဲ့ သူက အေးဆေးပဲ။
ကျောင်းပြီးတော့လည်း လာနာက ဂုဏ်ထူးနှစ်ခုပါပေမဲ့ ကျောင်းဆရာမ လုပ်ဖို့ပဲ ရွေးချယ်တယ်။ International School မှာပေါ့။ ဝဏ္ဏကတော့ စီးပွားရေးကို ဦးစားပေးတယ်ဆိုပေမဲ့ သူ့ရုပ်ရည်ကြောင့် သူ့စီးပွားရေးထက် သူ့ရဲ့ lifestyle က ပိုနာမည်ကြီးလာတယ်။ နန်းအေးမြို့မှာ သူဌေးကြီးဦးသိုက်မောင်း ပြီးရင် ဝဏ္ဏက ပုံရိပ်တစ်ခုလို ဖြစ်လာတယ်။
လာနာကတော့ YIS မှာ အလယ်တန်းပြဆရာမ တစ်ယောက် ဖြစ်လာတယ်။ သူ့ဟာနဲ့သူ အောင်မြင်ပါတယ် အထူးသဖြင့် သူက ကလေးတွေကို အင်္ဂလိပ် ကဗျာနဲ့ စကားပြေတွေ သင်တဲ့နေရာမှာ နာမည်ကောင်း ရထားပါတယ်။
ဝဏ္ဏက လာနာ့ကို ဖက်ထားရာက ဖယ်လိုက်ပြီး
“သူငယ်ချင်း နင်ရရဲ့လား”
“ရပါတယ် ဝဏ္ဏရာ ဒါက ငါ့အတွက် ရိုးနေပါပြီဟာ”
“အခုရော နင်ဘာမြင်လိုက်တာလဲ”
ဝဏ္ဏက သိချင်စိတ်နဲ့ မေးလိုက်တယ်။ လာနာက ဝဏ္ဏရဲ့ မျက်နှာ ကိ သေချာစိုက်ကြည့်ရင်း
“ငါ ကလေးတစ်ယောက် တွေ့တယ်။ အိန္ဒိယခေါင်းပေါင်းလေးနဲ့ သူ ဒုက္ခရောက်တော့မယ်လို့ ထင်နေတယ်”
“ငါအခုတလော paradise lost တိုင်း အဲ့ကလေးကိုပဲ မြင်နေရတာ ထူးဆန်းတယ်”
လာနာက သူ့ရဲ့ ဆရာဝန်တွေက အတက်ရောဂါလို့ပဲ နာမည်တပ်ထားတဲ့ ဖြစ်စဉ်ကို သူ့ဟာ သူParadise Lost ရောဂါလို့ နာမည်တပ်ထားတယ်။ သူငယ်ချင်းတွေကလည်း သူ့ရောဂါ ဖောက်လာရင်Pradise Lost ဖြစ်နေပြီလို့ ပဲ ခေါ်ကြတယ်။ ဘယ်သူမှ တက်နေပြီ လို့ မခေါ်ကြဘူး။
ဝဏ္ဏက သက်မကြီး ချလိုက်ရင်း
“လာနာရယ် အဲ့လို ဖြစ်တိုင်း နင်မြင်နေရတာတွေက နင့်ရဲ့ ဦးနှောက်က အဆက်အသွယ် ပြတ်သွားတော့ ဦးနှောက်ထဲမှာ နင် အမှတ်မထင် မြင်ထားမိတာတွေကို ပြန်ပြနေတာပါဟာ။ ဒါက ဆေးပညာ အမြင်ရကြည့်မယ်ဆို”
လာနာက ဝဏ္ဏကို ရယ်လိုက်ရင်း
“အံမယ် ဝိတ်ပေါက ဆေးပညာတွေ ဘာတွေပြောလို့ လူကြည့်တော့ Bio လေးဆယ့်ငါးမှတ်”
“အေးပါ အေးပါ ကြွက်မ သွားကြားထိုးတံမ။ ငါ ဒေါက်တာမလေးတွေ နဲ့ အိမ်ထောင်ကျမှ ငါ့မဟေသီလေးရဲ့ ဆေးပညာ ဗဟုသုတကို အသုံးချပြီး နင့်ကို ကောင်းကောင်း နှိပ်ကွပ် ဦးမယ် A for Apple, B for Ball, and C for Cat မ ရဲ့”
ဝဏ္ဏစကားကြောင့် လာနာ အရှိန်မသတ်နိုင်အောင် တခစ်ခစ် ရယ်မောနေမိတယ်။ သူ့ရဲ့ဖြူဖြူစင်စင် မျက်နှာလေးက ဘယ်လိုကြည့်ကြည့် ချစ်စရာကောင်းနေတာပဲ။ ဘယ်လိုပဲကြည့်ကြည့် ဘယ်လို အချိန်ပဲကြည့်ကြည့် အကြည်ဓာတ်ကလေးပဲ။ သူ့ရဲ့ အိပ်သုန်စုန်မွှား အချိန် လေးတွေကအစ မိတ်ကပ်တွေ အပြည့်အွန် ထားပြီး ဂွမ်းနေတဲ့ အချိန်တွေအဆုံး ကြည့်လို့ ဝဏ္ဏ မျက်စိထဲက မဝချေ။
“အေးပါ ငါ့ယောင်းမ ဒေါက်တာမလေးကို ငါကလည်း စောင့်နေပါတယ်။ ဝမ်းကွဲအစ်ကိုလေးရေ”
လာနာ့စကားကြောင့် ဝဏ္ဏ မသိမသာ မျက်နှာပျက်သွားတယ်။
လာနာရယ် တကယ်တော့ ငါက နင်နဲ့ ငါ့ကြားမှာရှိတဲ့ ဖြူဖြူစင်စင် ကြိုးလေးပြတ်သွားမှာ စိုးတာရယ်၊နောက်ပြီး ငါ့ကို နင် စိတ်ထဲခုသွားမှာ စိုးတာကြောင့်သာ ဖွင့်မပြောခဲ့တာပါဟာ။ ငါ့စိတ်ထဲမှာ ငယ်ငယ်ကတည်းက နင်ပဲ ရှိတာပါ။ ဒါကို ငါ မသိမသာရော သိသိသာသာ ရော ပြနေပေမဲ့ နင် မမြင်ခဲ့ပါ့လား ကြွက်မလေးရယ်။
နန်းအေးမြို့မကျောင်းကြီး၊ ည ကိုးနာရီ။
“ဟေ့ကောင် မင်း ကတ်က အဲ့လိုကျတာမဟုတ်ဘူး။ ဒီမှာ ပါဝါက ၅၀ မင်းဟာ က ပါဝါ ၂၀ ပဲရှိတာ။ မင်းရှုံးရမှာ ပေး ၂၀၀”
“အေးပါ ဝင်းဦးရာ မင်းလုပ်ထားဦးပေါ့။ နောက်တစ်ခါ ငါ့အလှည့်ပါကွာ”
“အလှည့်ကလည်း မင်းချည်း ရှုံးနေတာပါကွာ။ ပုဆိုးသာ ချွတ်ပေးလိုက်ပါတော့”
“ဟေ့ကောင် ငစိုင်း မင်း ဘာနားလည်လို့လဲ ငါ အနောက်ကို နှစ်လှမ်းဆုတ်တယ်ဆိုတာ အရှေ့ကိုဖောင်းခနဲ ခုန်အုပ်ဖို့ကွ”
ဝင်းဦး ခေါ် ဝင်းမင်းဦးက ပါးစပ်ကလည်း ပြောရင်း အနောက်ကိုလည်း မိုက်ကယ် ဂျက်ဆင် ဆုတ်သလို နောက်ပြန် ဆုတ်ပြနေတယ်။
“ဝင်းဦး တစ်ခါတလေ မင်းထထ မရူးနဲ့ သိလား။ ဟိုဘက် အခန်းမှာ ငါတို့ရဲ့ စာကြမ်းပိုးကြီးတွေ ဆရာနဲ့အတူ စာလုပ်နေတယ်”
“အဲ့ကောင်တွေ စောက်ပေါတွေပါကွာ။ ဗိုလ်ဟိန်းကို ကြိုက်နေတာ နေမှာ။ ဒါကြောင့် အခု ရှစ်နာရီအထိ မပြီးနိုင် မစီးနိုင် မေးနေတာ”
“ဟေ့ကောင် ဝင်းဦး မင်းကလည်း သူများသားသမီးကို စောက်ပေါလေးဘာလေး နဲ့ မင်းကမှ စောက်ရူး ဝင်းမင်းဦး လို့ မပေးရဘူး။ ဝမ်းတွင်းရူး လို့ ပေးရမှာ”
ချောင်ကပ်ပြီး စာအုပ်အထူ ကြီး ဖတ်နေတဲ့ အောင်ရဲကျော်က မနေနိုင် မထိုင်နိုင် ထပြောလိုက်တယ်။
“အေး ငါတို့ကပဲ ရူးနေတာလား။ ဒီကောင်တွေကပဲ ပေါနေတာလားတော့ မသိဘူး။ ဒါပေမဲ့ အရူးက ကုလို့ရတယ်။ စောက်ပေါက ကုလို့မရဘူး”
“အံမယ် Mc ဗိုက်ပူ စာသားတွေနဲ့ဟ”
“ဒါနဲ့ အောင်ရဲကျော် မင်း စာအုပ် အထူကြီးက ဘာကြီးလဲ စာကြီးပေကြီးတွေလား”
“ကြည့်ရတာ မြန်မာပြည်မြောက်ပိုင်းတို့ ပြစ်မှု့နဲ့ ပြစ်ဒဏ်တို့ ဖြစ်မှာပေါ့”
စိုင်းရွက်ဟိန်းက ပြောလိုက်တယ်။ ဝေလင်းဖြိုးက ခေါင်း ကုတ်ရင်း
“မင်းကောင်လား အဲ့လို စာအုပ်တွေဖတ်မှာ။ ဖတ်စာအုပ်မှာ ပါတဲ့ စကားပြေတွေတောင် မလွှဲ မရှောင်သာလို့ ဖတ်နေတာ”
“ဟေ့ကောင် အောင်ရဲကျော် မင်းဘာတွေ ဖတ်နေတာလဲ”
“ဒါလား မင်းတို့ဉာဏ် မမှီတဲ့ စာတွေ ဖတ်နေတာ”
“စောက်ကြီးစောက်ကျယ်ကွာ”
ထိုစဉ်
“ဟေ့ကောင် ဟေ့ကောင်တွေ”
“လန့်တာ ချစ်ပုရာ မင်းလာရင် အမြဲ အလန့်တကြားနဲ့”
ချစ်ပု ခေါ် ချစ်စမ်းအောင်က မြို့မကျောင်းကြီးရဲ့ အဆောင်နေကျောင်းသားတွေထဲမှာ အရပ်အပုဆုံးပါ။ ဒါပေမဲ့ စာလည်း အရမ်းကြိုးစားတယ်။ ဆရာဗိုလ်ဟိန်း ရဲ့ လက်ဆွဲလူငယ်လည်းဖြစ်ပြီး ကျောင်းတွင်းဆရာ၊ ဆရာမတွေ အကြောင်းကိုလည်း အူမချေးခါးမကျန် သိတယ်။
“ဟေ့ကောင်တွေ ဆရာမသီတာက ထမင်းစားပြီးရင် ကော်ဖီအေး သောက်တာကွ။ မင်းတို့ သွားဂါလိုက်ဦး”
“ဆရာဗိုလ်ဟိန်း တင်းနေတယ်နော်။ ဟေ့ကောင်တွေ စာပြီးအောင် လုပ်ထားကြဟေ့ “
အစသဖြင့် ကျောင်းသားတွေကို ဆရာဆရာမ အင်ဖော်မေးရှင်းတွေ ဖောက်သည်ချတာက သူ့အလုပ်ပဲ။ ဆရာ ဆရာမတွေ နဲ့ တည့်တဲ့ ကျောင်းသားအများစုဟာ ကျောင်းသားတွေနဲ့ ရန်ဖက်ဖြစ်နေပေမဲ့ ချစ်ပုကတော့ ဒါတွေကို ကောင်းကောင်းထိန်းနိုင်တဲ့လူပါပဲ။ သူနဲ့မတည့်တာက ဝင်းမင်းဦး၊ ဝင်းမင်းဦးက ဟာသသမား ဘာကိုမဆို ဟာသ လုပ်နေတာပဲ။ ဘယ်အခြေအနေ ဘယ်လို ပုံစံပဲ ဖြစ်လာပါစေ သူက ဟာသ လုပ်နေတာပဲ။ ခေါင်းကြီးကိုယ်သေးနဲ့ ချစ်ပုဟာ ကျောင်းသားတွေ သူ့ကို စလည်း ဘာမှ ပြန်မလုပ်တတ်သလို သူက ပါ ပြန်ပြီး ဖဲ့ တတ်ပါသေးတယ်။
“ဘာတွေ သိလာတာလဲ။ ချစ်ပု”
“ဗိုလ်ဟိန်းဖင်မှာ ဝဲပေါက်နေလို့ ဝဲဆေး ဝယ်ပေးရမှာလား ချစ်ပု”
ဝင်းမင်းဦးက ဝင်ဖောက်တယ်။
“ဟေ့ကောင် မရယ်ရတဲ့ ဟာသတွေ ပြောတဲ့ကောင် မင်းပါးစပ်ကို နည်းနည်းလောက် ပိတ်ထားပေး မဟုတ်ရင်လည်း တစ်ခုခု စို့ထားကွ”
“ဘာနဲ့ စို့ရမှာလဲ မင်းပစ္စည်းလေးနဲ့လား ချစ်ပုရာ မုန့်တီဖက်ကလေး ပါးစပ် ကပ်နေသလို ဖြစ်နေမှာပေါ့”
“ကဲ တော်ကြပါတော့ နွားတွေရ။ ဘာတွေ ကြားလာတာလဲသာ ပြောပါတော့ဟ”
စိုင်းရွက်ဟိန်းက သူတို့ရန်ပွဲကို ရပ်ပေးရင်း စကားလမ်းကြောင်း ပြန်ကြောင်း ပေးလိုက်တယ်။
ချစ်ပုက သူ့မျက်မှန် ကို ချွတ်ပြီး သုတ်လိုက်ရင်း
“ဆရာကြီးဦးဇော်မွန်”
“သေပြီလား “
“ဟာ ဘယ်ကလာ သူ နယ်ပြောင်းရတော့မယ် တဲ့”
“ဟေး “
“တကယ်”
“ဟုတ်လား”
“ အဟုတ်ကြီး”
သူတို့လေးယောက် လေးသံ ထွက်လာတယ်။
“ငါက ဗိုလ်အောင်ဒင် နင်က ဒါကိုမမြင်”
ဝင်းဦးက ထကရင်း ချစ်ပုကို ပြေးဖက်ကာ နမ်းဖို့လုပ်တယ်
“ဝင်းဦး ခွေးမသား မလုပ်ပါနဲ့ ကွာ”
“သူက ဘယ်ကို ပြောင်းရမှာတဲ့လဲ”
“သီပေါ တဲ့”
“ဪ သီပေါရာဇာ ပေါ့ သီပေါရာဇာ ပါတော်မူလေပြီ “
“ဘိုးတော်က ဝမ်းနည်းနေသေးတယ် ဟိုမှာတစ်နှစ်လောက် လုပ်ပြီးရင် စာတင်ပြီး ဒီကျောင်းကို ပြန်လာဦးမတဲ့”
ချစ်ပုစကားကြောင့် သူတို့လေးယောက်လည်း မျက်နှာတွေ ပျက်သွားတယ်။
“ဟာ ဒီဘဲက ငါတို့ကိုပဲ အနိုင်ကျင့်လို့ရမှန်းသိလို့ မစွန့်လွှတ်နိုင်ဖြစ်နေတာကွ”
ဝေလင်းဖြိုးက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တယ်။ အောင်ရဲကျော်ကလည်း တောက်ခေါက်ရင်း
“ဒီလူ ပြန်လာမယ်ဆို ငါ ကုန်ပဲဝင်ထမ်းမယ်။ ကျောင်းကို မတက်တော့ဘူး လိ ငါ့မိဘ တွေကို ထိပြီး ပြောတာလောက် မုန်းတာမရှိဘူး”
အောင်ရဲကျော်ကို ချစ်ပုက ပုခုံးပုတ်ပြရင်း
“ဒီလူကြီးအတွက်နဲ့တော့ မင်းကိုမင်း မစတေး ပါနဲ့ကွာ။ ငါတို့က ကိုးတန်းကျောင်းသားတွေလေ။ ကိုးတန်းနဲ့ ဘာအလုပ်မှလည်း ရမှာမဟုတ်ဘူး”
ဝင်းမင်းဦးကလည်း
“အောင်ရဲကျော် မင်း စိတ်ထဲ ဘာမှမထားနဲ့။ ဒီလူကြီး လစ်ရမှာပါကွာ။ ဒါနဲ့ ဂျပုလေး ဒီလူကြီးက ဘာလုပ်မှာလဲ”
“သူက ဒီကျောင်းရဲ့ အခြေအနေ ကို အကဲခတ်နေမှာ အသစ်ပြောင်းလာတဲ့ ကျောင်းအုပ်ကြီးခေတ်မှာ ငါတို့ တိုးတက်မှုမရှိလာရင် သူက တိုင်စာတွေ ပို့ပြီး ဒီကျောင်းက ကျောင်းသားတွေက ဘယ်လိုဖြစ်ပါတယ် ဘယ်လိုဆိုးသွမ်းပါတယ်။ ဒီလို ကိုင်တွယ်လို့ မရပါဘူး။ ဘာညာ နဲ့ လုပ်တော့မှာ”
“သန္ဓေ ယုတ်တာပါကွာ။ ဘယ်လိုများ ကျောင်းဆရာ ဖြစ်လာတာလည်း မသိဘူး”
“အေးကွာ ကြုံ ကြုံဖူးပေါင်”
“အဲတော့ ငါတို့လုပ်ရမှာက အသစ်ပြောင်းလာတဲ့ ကျောင်းအုပ်ကြီး နဲ့ တည့်အောင်နေပြီး ကျောင်းမှာ ရန်ပွဲတွေ ပြဿနာတွေ မဖြစ်အောင် ထိန်းဖို့ပဲ မဟုတ်ရင် ဦးဇော်မွန် ပြန်ရောက်လာလိမ့်မယ်။ ငါတို့ ငါးယောက် အဲအခု အပြင်သွားနေတဲ့ ဆန်းဝင်းနိုင် နဲ့ဆို ခြောက်ယောက်ဟာ ဒီစာသင်နှစ်တစ်ခုလုံး ဘာသောက်ပြဿနာမှ မတက်အောင် အဓိက ထိန်းသိမ်းကြမယ်”
“ငါပါမယ် ဂျပုလေး ဒါပေမဲ့ ငါ ခေါင်းဆောင်လုပ်မယ်”
ဝင်းမင်းဦးက ဝင်ပြောလိုက်တယ်။
“နေစမ်းပါဦး မင်းက ဘာသောက်ဆင့်ရှိလို့လည်း ခါးလျားရှည် ငပျင်းရ”
“ကဲ ကိုက်မနေကြပါနဲ့ကွာ ငါလည်းပါမယ်”
စိုင်းရွက်ဟိန်းက လည်းပြောလိုက်တယ်။
ဝေလင်းဖြိုး နဲ့ အောင်ရဲကျော်ကလည်း ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆို ငါတို့ အဖွဲ့စပြီ”
“ဒါနဲ့ ဂျပုလေး ငါတို့ အုပ်ကြီးအသစ်က နာမည်ကဘယ်သူတဲ့လဲ”
“အဲဒါငါလည်းအံ့ဩနေတာ ဘယ်နှယ့်ကွာ”
ချစ်ပုက သူ့စကားကိုဖြတ်ထားလိုက်တယ်။ ပြီးမှ လေပူတစ်ချက် မှုတ်ထုတ်ရင်း
“ဒေါ်မြပုလဲသွယ်”
“ဟမ် မိန်းမကြီးလား ဟ”
ဆက်ရန်
******