ဒေါ်မြပုလဲသွယ်
Vol. 1 Ch. 5
ဒေါ်မြပုလဲသွယ် တဲ့။ ကျနော် အဲ့နာမည်ကို သုံးလေး ငါးခါ ရွတ်ကြည့်မိတယ်။ တော်တော် ခေါ်လို့ကောင်းတဲ့နာမည်ဗျ။ သူ့နာမည်က အခြား နာမည်လေးလုံး ရှိတဲ့ လူတွေရဲ့ နာမည်လို ဖတ်ရတာ ထောက်မနေဘူး။ ကျနော်တို့ အတန်းထဲမှာ Coward မင်းခွေး ဆိုပြီး နာမည် ပြောင်ပေးခံရတဲ့ ကောင်တစ်ကောင်ရှိတယ်။ သူ့နာမည်အရင်းက
“ထက်မြတ်မင်းထွေး”တဲ့ ကြည့်လေ။ ဘယ်လောက် ကတ်သီးကတ်ဖဲ့နိုင်တဲ့ နာမည်လဲ။ ဒါပေမဲ့ ဒီဒေါ်မြပုလဲသွယ် ဆိုတဲ့ အမျိုးသမီးက ဘယ်လို အမျိုးသမီးမျိုးလဲ။ ကျနော် သိချင်မိတာက နန်းအေးမြို့မကျောင်းလို ဆတ်ဆတ်ကြဲ ကျောင်းကို စကိုင်မဲ့ ကျောင်းအုပ်ဆရာမကြီးဆိုတော့ တော်တော်လက်လန်မဲ့ဘွားတော်ကြီးပဲ နေမယ်။ ချစ်ပုကလည်း ပြောရှာပါတယ်
“ဂျမ်းတောကြီး နေမှာပေါ့ကွာ ငါတို့ကျောင်းက စတည်ထောင်ကတည်းက ယောက်ျားလေးကျောင်းအုပ်တွေပဲရှိတာ။ စာသင်တဲ့ ဆရာမတွေတောင် အသံတွေက လော်စပီကာ ဖွင့်ထားတုန်း နားကြပ် volume အမြင့်တင်ထားသလို အသံတွေမလား”
ချစ်ပု စကားကို အောင်ရဲကျော်က လက်ကလေးကာပြရင်း သူ့ရဲ့ ဘာစာအုပ်မှန်း မသိတဲ့ စာအုပ်အမဲကြီးကိုလည်း ပိတ်လိုက်တယ်။ ဒီကောင် အခုတလော အဲ့စာအုပ်ကို အသည်းအသန် ဖတ်နေတာ ဘာတွေရေးထားလို့လဲ မသိရဘူး။ မေးရင်လည်း
“မင်းတို့ အဆင့်နဲ့ ဖတ်လို့ရမယ် မထင်ဘူး”
ဆိုပြီး မေးလေး ဆတ်ပြသေးတယ်။
“ငါပြောမယ်။ ဘောပြား ပဲ ဖြစ်မယ် ဒါမှမဟုတ်လည်း တကယ့်အဆိုးတကာ့ ထွဋ်ခေါင် တိုင်စာပေါင်း တစ်သိန်းလောက်နဲ့ ဘယ်ပို့လို့ ပို့ရမှန်း မသိလို့ ငါတို့ဆီ သောင်လာတင်နေတာ နေမှာပေါ့”
“အောင်ရဲကျော် နဲ့ ချစ်ပုရာ မင်းတို့ပြောတာလည်း ဘာတစ်ခုမှ ကောင်းတာမပါဘူး။ အခုပဲ ကျောင်းထွက်ပြီး ပလက်စတစ် ကောက်စားရတော့မဲ့ အတိုင်းပဲ”
ကျနော်လည်း ပြောပြီး ထလာလိုက်တယ်။ ဒီကောင်တွေ နားနေရင် အကြည်ဓာတ်ကို မပါတာပါ။ တစ်ကောင်က ပိုက်ဆံအကြောင်း ညည်းမယ်။ နောက်တစ်ကောင်က စလုံးရေချာစာ အကြောင်း ပြောမယ်၊ပြီးရင် စာလုံးရေးချာဝစ္စနှစ်လုံးပေါက် စား ဖို့ပဲ လုပ်မယ်။ ဘာမှ အကြည်ဓာတ် မပါဘူး။
အကြည်ဓာတ်နဲ့ အမြဲ ပေါ့စတစ် အမြင်တွေ ရှိနေတာကတော့ ဆန်းဝင်းနိုင်ပဲ။
ဆန်းဝင်းနိုင် အခုလောက်ဆို ကော်ရည်ခေါက်ဆွဲ မုန့်ဈေးတန်းမှာ ကြိတ်နေလောက်ရောပေါ့။ ကျနော်လည်း စာကြည့်တိုက်ကို ပတ်ရင်း မုန့်ဈေးတန်းဘက်ကို သွားဖို့ပြင်တယ်။ မုန့်ဈေးတန်း အနောက်ကနေ လူအရိပ် ကလေးနှစ်ခု ထွက်လာတာကို ကျနော် မြင်လိုက်တယ်။ ကျနော်လည်း နှဖူးပေါ် တင်ထားတဲ့ မျက်မှန် ကို မျက်လုံးအောက် ကို လျှောချပြီး ကြည့်လိုက်မှ
“ဟာ ဝင်းဦး နဲ့ ကျွဲကြီး ဒီကောင်တွေလက်ထဲမှာလည်း အထုပ်တွေ အပိုးတွေနဲ့။ အံမယ် ငါတောင် လက်ယက်ခေါ်နေသေးတယ်။ မလာဘူး ဟေ့ကောင်တွေ”
ကျနော်သိတာပေါ့ ဒါဒီကောင်တွေကို ဆရာမတွေ ခိုင်းလိုက်တာ ကျနော်သွားလိုက်ရင် ကျနော်ပါ အခိုင်းခံ ရမှာပေါ့။
“စိုင်းရွက်ဟိန်း ခွေးသူတောင်းစားရ လာကူဦးဟ ငါတို့ မနိုင်တော့ဘူး”
“မင်းတို့ဟာ မင်းတို့ သယ်ပါ့လား”
“အုပ်ကြီး ဟာတွေဟ ဒီနေ့ သူ့ကို နှုတ်ဆက်ပွဲ လုပ်ရမှာ”
“ဟာ ရှုပ်ရှုပ်ယှက်ယှက်ကွာ သူ့ဟာသူ သယ်မဲ့လူဌား ကားဌားပြီး သွားပေါ့။ ငါတို့က ဘာလုပ်ဖို့”
“စိုင်းရွက် မင်း လာမှာလား မလာဘူးလား “
ကျွဲကြီးက လှမ်းအော်လိုက်တယ်။ ကျွဲကြီး အသံကြားတော့ ကျနော် ပြန်လှည့်လာလိုက်တယ်။ ကျွဲကြီး ခေါ် ကောင်းမင်းသန့်က အရပ်၆ပေ နီးပါးရှိပြီး နာမည်နဲ့ လိုက်အောင် ကျွဲပေါက်ကြီးလို သန်စွမ်းတယ်။ ကျနော်လည်း ခုနှစ်တန်းလောက်က ဝိတ်ပေါကြီးပါကွာ ဆိုပြီး သွားစတာ ကျွဲကြီးက တချက်ဖဲ ထိုးလိုက်တာ ကျနော့် အောက်သွား တစ်ချောင်း အနောက်ကို ကျွံဝင်သွားတာ အခုထိပဲ။
“ကျွဲကြီးရာ ငါက စတာပါကွ ဟီးဟီး “
ကျနော်လည်း အစွမ်းကုန် မျက်နှာချို သွေးထားရတယ်။ ကျွဲကြီးက တကယ်ပေါက်ကွဲ နေတာပဲ။ မျက်နှာတစ်ခုလုံးလည်း ချွေးသီးတွေနဲ့
“ကျောင်းအုပ်ကြီး နှုတ်ဆက်ပွဲတဲ့ဟေ့။ ကောင်စီက ဟိုကောင်က ငါတို့ကို မနက်ကတည်းက လွှတ်ခိုင်းနေတာ”
“မလုပ်ဘူး ပြောလိုက်ပေါ့ကွာ”
“ဟေ့ကောင်ရေ အုပ်ကြီး ကိုယ်တိုင်က ပွဲလုပ်ပေးဖို့ တောင်းဆိုတာတဲ့။ သူရှစ်နှစ်နီးပါး လုပ်ခဲ့တဲ့ ကျောင်းက ကျောင်းသားတွေက သူ့ကို ဘယ်လောက်ချစ်ခင်ကြောင်း fb က ဆရာ၊ဆရာမ ဂရုထဲ ကြွားချင်တာတဲ့”
ဝင်းဦးကပါ ဝင်ပြောတယ်။ ဒီကောင့် အင်္ကျီ အဖြူ တစ်ခုလုံးလည်း ဖုန်တွေနဲ့
“ဒါ ငါတို့ကို ကူသယ်ပေးပါကွာ ငါတို့နှစ်ကောင်ထဲ မနက်ကတည်းက ခုံတွေ စီနေရတာ”
“နေပါဦး ကျွဲကြီး ကျန်တဲ့ ကောင်တွေက ဘယ်မှာလဲ”
“ဒီကောင်တွေ အခုလောက်ဆို မိတ်ကပ်လိမ်းနေလောက်ပြီ။ ဆရာကြီး ပြန်ခါနီးရင် သူတို့က မြတ်ဆရာ သီချင်းနဲ့ ဂုဏ်ပြုမလို့တဲ့”
“ထွီ”
တကယ်က အဲ့လို စုံညီပွဲတော် တွေမှာ ကို့ယိုးကားယား တက်တက်က တဲ့ ကောင်တွေထဲမှာ အဆိုးဆုံးက မြတ်ဆရာတို့ အောင်ဆန်းဇာနည်တို့ ဆိုတဲ့ကောင်တွေပဲ။ အဲ့ကောင်တွေက ဆရာမတွေ ရဲ့ တူတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အရှေ့ဆုံးခုံတန်းတွေက စာကြမ်းပိုးတွေ ကျောင်းရဲ့ လူတော်လူကောင်း လူချွန်လေးတွေပေါ့။ မြန်မာ့ပညာရေးရည်မှန်းချက် ကျောက်စာတွေမှာပါတဲ့ ဘာမထီ လူရည်ချွန်လေးတွေလေ။
ဒီကောင်တွေ မြတ်ဆရာ ဆိုရတာ ဘာပင်ပန်းတာမလို့လဲ ကွာ။ ပြီးတော့ တစ်နာရီ မှဆိုရမှာ။ ဒီကောင်တွေက ကိုးနာရီကတည်းက မိတ်ကပ် အပြည့်နဲ့။
“ငါကတော့ ကူမပေးလိုက်တယ်။ တိုက်ပုံလေးဝတ် မြတ်ဆရာ သူ့လိုဆရာ ဆိုပြီး ကီးကြောင်တွေနဲ့ သံစုံ အော်နေရတာထက်စာရင် ပါဆယ် သုံးပုံးလောက် ကောက်မလိုက်တယ်”
ကျွဲကြီးက အဲ့လိုကောင်၊ ကျနော်လည်း သူ့ကို ကူမပေးလိုက်ပါတယ်။ ခပ်လှမ်းလှမ်း ခန်းမ ဆောင်စီ ကတော့
“မြတ်ဆရာ သူ့လိုဆရာ ဆိုတဲ့”
ထက်မြတ်မင်းထွေး ရဲ့ အသံသေးအသံကြောင်ကြီး ထွက်လာတယ်။ ကောင်းချင်ကတော့ ကျောင်းရှေ့က ခွေးတွေကပါ အဖော်တစ်ယောက် လာတယ်ထင်ပြီး
“အာဝု “
ဆိုပြီး ထအူလိုက်ပါသေးတယ်။ ဒီလိုနဲ့ ကျွဲကြီး နဲ့ ဝင်းဦး ကို ကူညီရင်း အချိန်တွေကလည်း မြန်မှန်းမသိမြန်လာတာ ဆရာကြီးဦးဇော်မွန်ကို နှုတ်ဆက်ရမဲ့ အချိန် ရောက်လာတယ်။
အဲဒီနေ့က ဆန်းဝင်းနိုင် ပျောက်နေတယ်။ ဘယ်ရောက်နေမှန်း မသိဘူး။
ဆရာကြီးဦးဇော်မွန်ဟာ နေ့လည်ခင်း ၁၂နာရီတိတိမှာ ကျောင်းသားတွေကို ဘောကွင်းလည်ကောင်မှာ စုခိုင်းထားတယ်။ ၁၂နာရီခွဲလောက်မှာ ထွက်တော်မူဖို့ လုပ်ပါတယ်။ ဒီနေ့တော့ ကျနော် တို့ကို သူမိန့်ခွန်း အရှည်ကြီးတွေ မပြောဘူး။ ဒါတောင်
‘လိမ္မာရစ်ကြပါ “
လို့ပြောရင်း ဆရာတော်ဦးဝိစာရအကြောင်း ရအောင် ပြောသွားသေးတယ်။ သူ့မျက်နှာ တကယ်မကောင်းဘူး။ အစကမှ ရုပ်ဆိုးရတဲ့အထဲ မဲ့ရှုံထားတော့ ပိုဆိုးတာပေါ့။
ထက်မြတ်မင်းထွေးတို့ အုပ်စုကတော့ မျက်ရည်တွေပါ ဝဲပြတယ်။ ချစ်ပုဆို ရှိခိုးရင်း မျက်ရည်တွေပါ စီးကျပြီး ရှိုက်ကြီးတငင် ငိုပြသေးတယ်။
“ဆရာကြီး ဆရာကြီး တပည့်တို့ကို ထားသွားတော့မှာလားဆိုပြီး”
ဒီကောင် တတ်လည်းတတ်နိုင်တဲ့အကောင်၊ခါတိုင်းဆို ဦးဇော်မွန်ကို မောင်ဇော်မွန် ဆိုပြီးတောင် နာမည် ဖျက်ခဲ့သေးတာကိုး။ ဒီကောင်က ဆရာကြီးဒူးကြီးကို ဖက်ရင်း နှာရည်တွေနဲ့ ဆရာကြီးဗန်ကောက်လုံချည်ကို ရအောင်သုတ်သွားသေးတယ်။
ဦးဇော်မွန်ခင်ဗျာလည်း သူ့ဗန်ကောက် ပုဆိုးလေးကိုလည်း နှမျော ရွံ့လည်းရွံ့ပေမဲ့ အခြားကျောင်းက ကျောင်းအုပ်ပါ ရောက်နေတော့ အရှက်ကွဲမှာ စိုးလို့ မျက်နှာကြီးကို ဖြီးပြီး
“သားလေး မောင်ချစ်စမ်းအောင် ရပါတယ်ကွယ်။ သားလေးရယ် အဲ့လောက် မငိုပါနဲ့ သားလေးရယ်”
“ဆရာဂျီး ဆရာဂျီး သားတို့ရဲ့ ဖိုးဖိုးလိုပါပဲ ဆရာကြီးကို မြင်တိုင်းဆုံးသွားတဲ့ ဖိုးဖိုးကို သတိရတယ်”
ချစ်ပုက ပြောပြောဆိုဆို သူ့ နှာခေါင်းပွပွကြီး နဲ့ ဗန်ကောက်လုံချည် ကြီး ကို အားရပါးရ ပွတ်ဆွဲလိုက်တာ နို့ဆီတွေကို ရွှဲရော။
ဆရာကြီးဦးဇော်မွန် ခမျာလည်း ဘာဆံပင်မှ မရှိဘဲ ပြောင်နေတဲ့ သူနှဖူးကြီးကို တဗျင်းဗျင်း ကုတ်နေရှာတယ်။
ပြီးတာနဲ့ မြတ်ဆရာ သူ့လိုဆရာ စေတနာမြင့်မြတ်လေးစားအပ်သော မြတ်သောဆရာ ဆိုတဲ့ မြတ်ဆရာ သီချင်းက မညီမညာ ထွက်ပေါ်လာတယ်။
ဆိုတာမှ ရှစ်ယောက် ရှစ်သံ ထွက်နေတော့ ပွဲလာ ပရိသတ်ခမျာ နားလေးတွေ အသာပိတ်ထားရတယ်။ ဒီကြားထဲ ထက်မြတ်မင်းထွေးက တစ်ယောက်ထဲ ချွန်ပြီး
“မြတ်ဆရာ သူ့လို ဆရာ့းးး”
ဆိုပြီး ဆွဲဆိုနေသေးတယ်။ နောက်ပြီး ကျောင်းသား အုပ်စုက ဆရာကြီးကို ဂုဏ်ပြုပါတယ်ဆိုပြီး ဘယ်ကကောက်လာမှန်း မသိတဲ့ ပန်းကုံးတွေ စွပ်ကြသေးတယ်။ အောင်ရဲကျော်ကလည်း
“ဆရာကြီး စေတနာ ရှိသလောက် ကန်တော့တာပါ “
ဆိုပြီး ငါးဆယ်တန်တွေကို ပန်းကုံးလို စီထားတဲ့ ပန်းကုံးကြီး လာစွပ်ပေးသေးတယ်။ ကျနော့် သူငယ်ချင်းတွေကတော့ တကယ့် မနိုင်စိန်တွေပါ။
ဆရာကြီးကို နှုတ်ဆက်ပြီးတော့ ဆရာကြီးက ကျနော်တို့ကို သေချာ ကြည့်ရင်း
“ငါပြန်လာမှာပါကွာ။ မင်းတို့စိတ်ချစမ်းပါ။ အဲ့ မန္တလေးသူကြီး မင်းတို့ကို ဘယ်လောက် သည်းခံနိုင်မှာလဲ ငါကြည့်ဦးမယ်”
ဆိုတဲ့ အဓိပ္ပာယ်ပါ တဲ့ အပြုံးကြီးနဲ့ ကျနော်တို့ကို ကြည့်သွားတယ်။
“ရန်သူငါးပါး တစ်ပါးတော့ ရှင်းသွားပြီ။ နောက်လာတဲ့ ဒိုင်းဝန်ထက်ကဲ မဖြစ်ဖို့ မျှော်လင့်ရတာပဲ”
အောင်ရဲကျော်က သူ့ရဲ့ ဆီစွန်းနေတဲ့ တိုက်ပုံအဟောင်းကို ပုခုံးပေါ်တင်ရင်း တရွေ့ရွေ့ထွက်သွားတဲ့ ကားကြီးကို ငေးနေတယ်။
“ဒီလိုပါပဲ စိုင်းရွက်ရာ ငါတို့ဆီကို လာမှတော့ ဘီလူးမကြီးပဲ လာမှာပေါ့။ မာသာထရီဇာ လာမှာ မဟုတ်ဘူး”
ကျနော်လည်း တစ်ခါတလေ ကျနော်တို့ဘဝတွေကို စိတ်ပျက်မိတယ်။ ကျောင်းကလည်း ဘာလှုပ်ရှားမှုမှမရှိ တဖြည်းဖြည်း ကျဆင်းလာတဲ့ အောင်ချက်တွေ လာဘ်ပေးမှု့တွေကြောင့် ကျောင်းသား တွေကလည်း ထင်သလောက် မရှိကြတော့ဘူး။ အဆောင်နေကျောင်းသားတောင် ကျနော်တို့ ခြောက်ယောက်ပဲ ရှိတာ။ ဒါတောင် ဆန်းဝင်းနိုင်က မန္တလေး ကြာနီကန်ရွာဇာတိ။ သူနဲ့ မတည့်တဲ့ အုပ်စုရယ်၊ ကျောင်းသားတွေကို စကားအရာနဲ့ နှိပ်စက်ရရင်ကို ကျေနပ်နေတဲ့ ကျောင်းအုပ် ဦးဇော်မွန် ကတော့
“သင်္ချိုင်းထဲ ကြီးတဲ့ကောင် “
ဆိုပြီး ချိုးချိုးဖဲ့ဖဲ့ တစ်ခါ ခေါ်ဖူးတယ်။ ဆန်းဝင်းနိုင်က ခုံကြီးကို ဘုန်းခနဲ တွန်းလှဲပြီး
‘အဲတော့ ခင်ဗျားကြီးက ဘာဖြစ်ချင်တာလဲ”
ဆိုပြီး ပေါ်တင်ဖြဲခဲ့တာ။ ဆရာဗိုလ်ဟိန်းဆို ကြိမ်လုံး သုံးလုံးကျိုးတဲ့အထိ သူ့ကို အပြစ်ပေးခဲ့တယ်။
“ဦးဇော်မွန်ဟာ မကောင်းတဲ့လူ ဖြစ်ကောင်းဖြစ်မယ်။ သို့သော်ငြား သူသည် ဆရာပဲ။ ဆရာသမားကို စော်ကားတာဟာ ဘယ်တော့မှ လားရာ မကောင်းဘူးကွ”
ဆိုပြီး ဆရာဗိုလ်ဟိန်းက အမြဲဆုံးမတယ်။ ကျောင်းသားတွေ အမြင်မှာတော့ ဆရာဗိုလ်ဟိန်းက ကျောင်းအုပ်ကြီးကို ဖားတယ်လို့ မြင်ကြမှာပဲ။ ဒါပေမဲ့ အဆောင်နေကျောင်းသားတွေကတော့ ဆရာဗိုလ်ဟိန်း ဘယ်လိုလူဆိုတာ သိပြီးသားပါပဲ။
အဲကိစ္စနောက်ပိုင်း ဆရာဗိုလ်ဟိန်းကလွဲလို့ ဆရာမတွေရော ကျောင်းအုပ်ကပါ ဆန်းဝင်းနိုင်ကို အရိုင်းလေးဆိုပြီး ကျဉ်လိုက်ကြတာပဲ။ ဆန်းဝင်းနိုင်ကလည်း အတန်းတက်ချင်မှ တက်တယ်။ ကျောင်းချိန်တွေလည်း အပြင်ထွက်ပြီး မြို့ထဲ ပတ်ချင် ပတ်နေတာ။ အဲ့လိုကောင်။
မသိရင် သူ့အိမ်သူ့ယာ ကျနေတာပဲ။
ဒီကောင် အားရင် မြို့အပေါ်ပိုင်းကို တက်မယ်။ မြို့စာကြည့်တိုက်ထဲ သွားအိပ်ချင်အိပ်မယ်။ စာမဖတ်ဘူး။ အဲကွန်း ဖွင့်ပေးထားလို့ သွားအိပ်တာ။ ဝင်ကြေးကလည်း မပေးရဘူးလေ။ ကျောင်းအင်္ကျီ ဝတ်ထားတာကိုး။ တစ်ခါတလေ YIS နားမှာ ဝဲနေတယ်။ ဒီကောင်က အဲ့ကျောင်းကို စွဲလမ်းနေတာ အရမ်းတက်ချင်တာပဲ။ တစ်ခါတလေ ကုမ္မာရီကျောင်းနားမှာ တွေ့မယ်။
ဆရာဗိုလ်ဟိန်းက တစ်ခါတလေ စိတ်ပေါက်တဲ့နေ့ဆို
“ဆန်းဝင်းနိုင် ဘယ်မှာလဲကွ မင်းတို့ ကြည့်မထားဘူးလား”
ဆိုပြီး သူ့ရဲ့ စူပါကတ် ဆိုင်ကယ်ကြီးကို စက်နှိုး ကြိမ်လုံးတစ်လုံးကို ဆိုင်ကယ်ကြား ညှပ်ပြီး တမြို့လုံး ပတ်ပြီး ရှာတာပဲ။ တွေ့ရင် လူကြားထဲကို ဗျင်း။ ပြီးတော့ သူ့တပည့်ကို ထမင်းတွေဘာတွေကြွေးပြီး မပြီးမဆုံးနိုင်တဲ့ ဆုံးမစကားတွေ ပြောပါလိမ့်မယ်။
အဲ့အချိန်ကျရင် ဟိုကောင်က သူ့ရဲ့ လိမ္မော်ရောင် မျက်လုံး ကို ပေကလပ် ပေကလပ် လုပ်ရင်း ခေါင်းလေးတွေ ညိတ်နေမှာပါ။
ဒါတွေဖြစ်တာ တစ်ခါလည်းမဟုတ်၊နှစ်ခါလည်းမဟုတ်၊သုံးခါလည်းမဟုတ်...........
ဆက်ရန်
******