← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

ဒီအချိန်ဆို ဒီနေရာကို သူအမြဲရောက်လာတတ်တယ်။ ကတုံးကေ နဲ့ ကောင်လေး YIS မှာ လုံခြုံရေးတာဝန်ယူတဲ့ လူတွေအကုန် သူ့ကို သတိထားမိတယ်။

ကျောင်းပြေးလေး ။ ကျောင်းဝတ်စုံနဲ့ ကျောင်းတက်ချိန်တိုင်း အပြင်မှာတွေ့ရတယ်။ သူက ဘာမှ မလုပ်ဘူး။ ဒီကျောင်းကြီးကို ငေးကြည့်ပြီး ထမင်းစားဆင်းချိန်ဆို သူ့ရဲ့ မိချောင်းစက်ဘီးလေးကို စီးပြီး ပြန်သွားတတ်တယ်။

ဒါကို YIS ရဲ့ လုံခြုံရေးကြီး နှစ်ယောက်စလုံး သတိထားမိကြတယ်။ အထူးသဖြင့် ကောင်လေးရဲ့ နေရောင်အောက်မှာဆို လက်နေတဲ့ လိမ္မော်ရောင် မျက်ဝန်းတွေပေါ့။

ဆန်းဝင်းနိုင်က သူ့ရဲ့ မိချောင်းစက်ဘီးကို နင်းရင် နန်းအေးမြို့ အထက်ပိုင်းကို လေ့လာတတ်တယ်။ တစ်ခါတလေ သူ့ကို ကြိမ်လုံး တစ်ချောင်းနဲ့ လိုက်ရှာနေတတ်တဲ့ ဆရာဗိုလ်ဟိန်းကို ရှောင်ရင်းပေါ့။

နန်းအေးမြို့ အထက်ပိုင်း ဈေးဆိုင်တွေမှာ သူရှိနေနိုင်တယ်။ တစ်ခါတလေ မြို့အထက်ပိုင်းမှာရှိတဲ့ စော်ဘွားကုန်းမှာ သူ့ကိုရှာပါ။

နန်းအေးမြို့ အထက်ပိုင်းမှာက အမြဲအေးချမ်းနေသလိုပဲ။ သူတို့ရဲ့ ကိုလိုနီခေတ်လက်ရာ အုပ်ကြွပ်မိုး အိမ်လေးတွေ၊ နောက်ပိုင်း ဆာဂျွန်ဘရိုင်ယန် ရဲ့ အိမ်ကြီး နဲ့ ပန်းခြံတွေလည်း ရှိတယ်။ တစ်လ တစ်ခါပဲ ဖွင့်တဲ့ နန်းအေးသုံးရက်ဈေးကြီးလည်း ရှိတယ်။ အဲ့အချိန်ဆို အထက်ပိုင်းက ရှမ်းလူမျိုးတွေ ဆင်းလာပြီး ဈေးကြီးမှာ ရောင်းကြဝယ်ကြပေါ့

အခုလည်း သုံးရက်ဈေးကြီး ကျင်းပနေတာပဲ။ ဈေးသည်တွေဟာ သီးနှံမျိုးစုံကို ရောင်းချနေကြတယ်။ နဂါးမောက်၊ပန်းသီး၊ပျားလိမ္မော် အစုံပဲ၊ ပန်းတွေကလည်း အရောင်အသွေးစုံလို့ ဒီအချိန်ဆို ဈေးကြီးက မူလတန်းကလေးလေး လက်စွမ်းပြထားတဲ့ ပန်းချီကားလို အရောင်တောက်တောက်တွေ ဖြစ်နေပေမဲ့ ကြည့်လို့ကောင်းတုန်းပဲ။

ဒီလိုအချိန်မျိုးမှ ဆန်းဝင်းနိုင် ကျောင်းမလစ်ရင် ဘယ်အချိန် လစ်ရမှာတုန်း။

ဆန်းဝင်းနိုင်က ကြာနီကန် ဇာတိ။

ကြာနီကန် ဆိုတာ မန္တလေးမြို့ရဲ့ အဓိက သင်္ချိုင်းကြီးတည် ရှိတဲ့ရွာပေါ့။ ဒီလို အလယ်ပိုင်းသား တစ်ယောက်က ဘယ်လိုလုပ် နန်းအေးမြို့ကို ရောက်လာတာလဲ။ ဆန်းဝင်းနိုင်ရဲ့အဖေက ကုန်ကားမောင်းတဲ့ သူပါ။ တစ်နေ့ ကုန်သွယ်သွားရင်း လမ်းမှာ လူတချို့ရဲ့ ကျည်ဆံကြောင့် အသက်ပါသွားတယ်။ မုဆိုးမ ဖြစ်သွားတဲ့ ‌အမေ ဒေါ်နုနုထွေးလည်း ယောက်ျားဘက်က အမျိုးတွေရဲ့ မတရား အနိုင်ကျင့်ခြင်းကို ခံရပြီး ယောက်ျားဘက်က အမွေ ဆိုလို့ ဆယ်နှစ်သိန်းလောက်ပဲ ရလိုက်ပါတယ်။

အဲ့ငွေလည်း ၁၂ သိန်းကို ပိုက်ပြီး သူ့သားလေး လက်ကိုဆွဲကာ နန်းအေးမြို့ကြီးကို တက်လာခဲ့တာပဲ။ ဒီမှာလည်း ကြုံရာကျပန်း အလုပ်တွေ လုပ်ရတယ်။ ဆန်းဝင်းနိုင် ကလည်း သူ့အမေ ကို ကူရင်း ကျောင်းကို နှစ်နှစ်လောက် မတက်ခဲ့ရဘူး။ နောက်ဆုံး မုတ်ဆိတ်ဗလပွ ဆံပင်ရှည်ရှည် နဲ့ ကျောင်းဆရာ နဲ့ လားလားမှ မဆိုင်တဲ့ ရုပ်ရည်ရှိတဲ့ ကိုဟိန်းဗိုလ်က မျက်လုံးလိမ္မော်ရောင် ကလေးလေးကို စပြီးရှာတွေ့သွားတယ်။ အဓိက ကလည်း ဆန်းဝင်းနိုင်ရဲ့ မျက်လုံးလိမ္မော်တွေကို စိတ်ဝင်စားရာကာ စပ်စုမိရင်း သူ့ရဲ့ကျောင်းကိစ္စကိုပါ သိသွားပြီး ဆရာဗိုလ်ဟိန်းက ဒေါ်နုနုထွေးကို ဟိုတယ်တစ်ခုမှာ ထမင်းချက်ရာထူး ရအောင် ကူညီခဲ့တယ်။

ဒါပေမဲ့ ဟိုတယ်ကလည်း ဒေါ်နုနုထွေး တစ်ယောက်စာ အတွက်ပဲ တာဝန်ယူနိုင်တာမို့ ဆန်းဝင်းနိုင်က မြို့မကျောင်းရဲ့ ‌ကျောင်းအိပ်ကျောင်းစား ကလေးဖြစ်လာတယ်။ အခြားကလေးတွေက ကျောင်းအိပ်ကျောင်းစားအတွက် ပိုက်ဆံပေးရပေမဲ့ ဆန်းဝင်းနိုင်က ပေးစရာ မလိုဘူး။ ဆရာဗိုလ်ဟိန်းက စိုက်ပေးခဲ့တာကိုး။

ဒါကြောင့် အချို့ ဆရာမတွေက

“ဆန်းဝင်းနိုင် ဆိုတဲ့ အကောင်က ဆရာ ဗိုလ်ဟိန်း စေတနာနဲ့ကို မတန်တာပါဟယ်။ ဟိုက သူ့အတွက် ဒီလောက် လုပ်ပေးတာကို အလေလိုက် အော့ကြောလန်နေတာ။ မကြုံဖူးပေါင် အဲ့လိုကျောင်းသား”

ဘယ်သူတွေဘာပြောပြော ဆန်းဝင်းနိုင်က သူတက်ချင်ရင် တက်တယ် မတက်ချင်ရင် မတက်ဘူး။ ဒါပေမဲ့ လစဉ်အမှတ်စာရင်းကို ကြည့်လိုက် ၁၂ ချည်းပဲ။ သူက အခြားလူတွေလို top 10 ဝင်တာမဟုတ်ဘူး။ ၁၂ ဆိုတဲ့နေရာကို ယူတာ။ နှစ်စ စာမေးပွဲကနေ နှစ်အဆုံးစာမေးပွဲ အထိ ဘယ်အချိန်ချိန် ကြည့်ကြည့် သူ့အဆင့်က ၁၂ ပဲ

၁၃ လည်း ဖြစ်မသွားသလို၊၁၁လည်းဖြစ်မသွားဘူး။ ၁၂တိတိ ပဲ။

ဆန်းဝင်းနိုင် ခေါ် ကြာနီကန်သားက အဲ့လိုကို ထူးဆန်းတာပါ။

အခုလည်း ‌သုံးရက်ဈေးထဲ တစ်ယောက်ထဲ ယောင်နေတယ်။ ရှမ်းဈေးသည်တွေဆီက မြည်းဦးမယ်နော်ဆိုပြီး တစ်ခုပြီးတစ်ခု တစ်သည်ပြီးတစ်သည် နှိုက်စားတတ်တယ်။ ‌အယောက်သုံးဆယ်ကို တစ်ခုဆီ နှိုက်စားရင် သူ အခု သုံးဆယ်စားပြီးပြီ ဗိုက်ပြည့်ပြီပေါ့။ ဈေးသည်တွေက လည်း စိတ်မဆိုးကြဘူးလေ။ သူ့ကိုတောင် ခင်နေကြသေး။

“ဟဲ့ ဟိုမျက်လုံးဝါလေး လိမ္မော်သီး စားမသွားတော့ဘူးလား”

“မျက်လုံးဝါလေး ထမင်းသုပ်စားသွားဦးလေ”

နဲ့ နေတာပဲ။ မလှူတတ်ရင် ဈေးရောင်းကြဗျို့။

ဆန်းဝင်းနိုင်က ပန်းတန်းထဲက ပန်းရောင်းတဲ့ တရုတ်မလေးဘေးမှာ ထိုင်ပြီး လေပစ်နေတယ်။ ဟိုကောင်မလေးက သူ့ကို တရုတ်လိုပြောတယ်။ သူက ဗမာလို ပြောတယ်။

ဟိုကလည်း သူပြောတာ နားမလည်ဘူး။ သူကလည်း ဟိုက ပြောတာ နားမလည် ဘူးရယ်။

ဒါပေမဲ့ အမူအရာ ကြည့်ရုံ နဲ့ သူဝမ်းနည်းနေသလား၊စိတ်ညစ်နေလားဆိုတာ သိတယ်။ အမူအရာနဲ့ စကားပြောကြတာကိုး။

“ပန်းဘယ်လောက်လဲ”

အသံတစ်သံ၊ဩတောတော ရှတတ အသံလေး အဆိုတော် Nကိုင်ရာ ရဲ့ အသံ လိုမျိုးအသံ ပိုင်ရှင်လေး

ဆန်းဝင်းနိုင်က မော့မကြည့်ဘဲ အသံလေးကိုပဲ အာရုံစိုက်နေတယ်။ အသံလေးက ချိုလှချည်လားပေါ့။ တရုတ်မလေး က တကယ်တော့ ဗမာစကားမပြောတတ်ဘူးရယ် အရင်က သူနဲ့ တူတူ အဖိုးကြီးတစ်ယောက် ပါလာတတ်ပေမဲ့၊ အဖိုးကြီးက နေမကောင်းတော့ သူတစ်ယောက်ထဲ လာရောင်းရတာ။ သူကလည်း ဈေးနှုန်းကလွဲပြီး ဗမာလို မတောက်တခေါက်တောင် မတက်ဘူးရယ်။

“ သုံးထောင် “

“ဟိုဟာ နှစ်စီး ယူမှာပဲ ငါးထောင် ထားလိုက်ပါ့လားညီမ”

အသံပိုင်ရှင် မမ ကတော့ စားပြီ။ ဟိုကလေးမ ကမှ အူကြောင်ကြောင်ပါဆို။

“ငါးထောင် မဟုတ်ဘူး။ သုံးထောင်ပါ”

“အယ် ဘာတွေပြောနေတာလဲ အစ်မ ပြောတာကကွာ သုံးထောင်ကို နှစ်စီးယူမှာ။ ငါးထောင်ထားလိုက်။ တစ်ထောင် လျှော့ခိုင်းတာကွာ သိလား”

“သုံးထောင်ပါ။ တစ်ထောင် မဟုတ်ပါဘူး”

“ညီမ ဈေးမရောင်းတတ်ဘူးရော်”

အသံပိုင်ရှင်မမရဲ့ အသံက မဆိုစလောက်ဒေါသ သံစွက်လာတယ်။ တရုတ်မလေး အသံကလည်း မာလာတယ် ထသတ်ကြတော့မဲ့ အခြေအနေ။

ဆန်းဝင်းနိုင်က အသံပိုင်ရှင်မမ ရဲ့ခြေဖမိုးဖြူဖြူ လေးမှာ စီးထားတဲ့ ကတ္တီပါ ထောက်မြင့် ဖိနပ်က ကျောက် ကလေး တွေကို ငေးကြည့်နေတယ်။ သူ့ရဲ့ ခြေဖဝါးတွေက ဖြူလိုက်တာ။ မြေနီမှုန်လေးတွေ အနည်းငယ် ကပ်နေပေမဲ့ပေါ့။ သွေးကြောလေးတွေက ခပ်စိမ်းစိမ်းလေးတွေ ခြေသည်းနီ အပြာနုနု လေးတွေက ခြေထောက်လေးရဲ့ လှပကျော့ရှင်းမှု့ကို ထပ်လောင်း ကဗျာဆန်လိုက်သလိုပဲ။ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူတွေလိုပေါ့။

ဆန်းဝင်းနိုင် သူ့ အတွေးထဲ သူ မျောနေရင်းက

“မရောင်းရင်လည်း မရောင်းနဲ့နော်”

ဆိုတဲ့ အသံရှင်မမ ရဲ့ ဒေါသသံလေးကိုကြားမှ အတွေးနယ်ထဲက ဖောက်ထွက်ကာ

‘ဟိုဟာ အစ်မ သူက ဗမာ စကားမပြောတတ်လို့ဗျ။ ကျနော်ကပဲ တောင်းပန်ပါတယ်”

“အို စောစော က ပြောရောပေါ့”

ဆန်းဝင်းနိုင်က အသံရှင်မမရဲ့ မျက်နှာတော်ကို သေချာ‌လေးကြည့်ဖို့ ကြိုးစားနေတုန်းမှာပင်

“ဟေ့ကောင် ဆန်းဝင်းနိုင် ခွေးသားလေး”

ဆိုတဲ့ ဆရာ ဗိုလ်ဟိန်းရဲ့ မိုးခြိမ်းသံအလား အော်သံ ထွက်ပေါ်လာတယ်။ ဆရာဗိုလ်ဟိန်းအသံကြောင့် အသံရှင်မမ ထိတ်သွားတယ်ထင်ပါ့။ သူတို့ ဆိုင်နားက အပြေးလေးခွာပြီး လူအုပ်တွေကြား ဝင်ရောက်သွားတယ်။ ဆန်းဝင်းနိုင်က မျက်နှာလေး မြင်ရမလားလို့ မော့ကြည့်တော့ တိုက်ပုံအင်္ကျီကို လက်မောင်းအထိ ဆွဲတင်ထားပြီး မျက်နှာတွေနီရဲနေတဲ့ ဆရာဗိုလ်ဟိန်းရဲ့ ဘီလူးသဘက် မျက်နှာကြီး ပေါ်လာတယ်။

“ဘီလူးကြီး”

ဆန်းဝင်းနိုင် ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားတယ်။

“နင်မေ့ကြီးတော် ဘီလူးပါ့လား”

ဆရာဗိုလ်ဟိန်းရဲ့ ကြိမ်လုံးဟာ ဆန်းဝင်းနိုင်ရဲ့ ကျောကုန်းနဲ့ခေါင်းပေါ်ကို တစ်ချက်ပြီးတစ်ချက် ကျလာတယ်။

ဒါက သုံးရက်ဈေးမှာ နေ့တိုင်းလိုလို တွေ့နေကြ ဖြစ်ရပ်ကလေးမို့ ဈေးသည်တွေ အတွက်ရိုးတောင် ရိုးနေပြီရယ်။

“အယ် ဒီဆရာတပည့် နေ့တိုင်းဒီလို ချည်းပါပဲ အေ”

“ဆန်းဝင်းနိုင် မင်းကို ငါပြောတယ်။ ဒီနေ့ကျောင်းအုပ်ကြီး အသစ်လာမှာ အပြင်ကို မသွားနဲ့။ မင်းတို့ အဆောင်နေတွေက နှုတ်ဆက်ရမှာလို့ ငါပြောတယ်။ ဟိုငါးကောင်က နားလည်တယ်။ မင်းတစ်ယောက်ပဲ။ ဖြစ်နိုင်ရင် ငါမင်းကို တံကျင်သျှို သတ်ချင်တယ်ကွာ သိလား”

“တံကျင်သျှိုရအောင် ဆရာက ဒီဗရစ်တိုလည်း မဟုတ်ဘူး”

“ဟေ့ကောင် မင်းဘာပြောတာလဲ။ တံကျင်သျှိုတာ က ဒီဗရစ်တို မဟုတ်ဘူးဟ။ ဒီဗရစ်တိုက တံကျင်သျှိုခံရတာ။ တကယ့်ကောင်ပါကွာ။ မင်း ခြောက်တန်း သမိုင်း သင်တော့ ငိုက်နေတာများလား”

“ဪ မသိပါဘူး။ ဒီဗရစ်တိုက တံကျင်သျှိုတာလားလို့။ ဒါနဲ့ ဆရာ ကျနော် မေးချင်တာ မြို့ပြင်မှာလေ ချောက်‌သေးသေးလေးတစ်ခု တွေ့တယ်။ အဲဒါ ဘာကြီးလဲဗျ”

ဆရာဗိုလ်ဟိန်း က အရှေ့က ကားကို ဟွန်းတီးလိုက်ကာ

“အဲဒါ ချောက်မဟုတ်ဘူးကွ အဲဒါ လူလုပ်ထားတာ နှစ်ပေါင်း ၅၀၀ နီးပါးရှိပြီ”

“အဲဒါဘာလို့ တူးထားတာလဲ။ ဆရာ သူတို့က ကြေးနီရှာကြတာလား”

“ဟေ့ကောင် ရွှတ်နောက်နောက်နဲ့။ ငါသာ ဆိုင်ကယ် လက်ကိုင်ကို ထိန်းမနေရရင် မင်းခေါင်းကို ရအောင် ခေါက်တယ် “

“ဟာ ဆရာကလည်း ကျနော်က ရွာသားမို့ မသိတာကိုး”

“အေး ပြောရရင် အရင်က အဲဒါက ခံတပ်ကြီးကွ အလယ်က ချောက်က ကျုံးကြီး အဲ့ ခံတပ်ကြီး‌မှာ ဇေယျသူ မင်းသားကြီး ဆိုတာ နေခဲ့တာ။ သူက မြေလတ်စစ်ကဲ ဆိုးလွန်းလို့ ဘုရင်က သူ့နားမှာ မထားချင်လို့ တာဝန်ပေးပြီး ရှမ်းဗမာ နယ်စပ်။ ငါတို့မြို့ နေရာကို လွှတ်လိုက်တာ။ အဲ့တုန်းက နန်းအေးက မြို့မဟုတ်သေးဘူး။ နယ်ပယ်တွေ ရွာတွေ သပ်သပ်ပဲ။ ရှမ်းစော်ဘွားတွေရဲ့ နယ်စပ်မှာ ဗမာမင်းသား တစ်ယောက်က စစ်ကဲ အဖြစ်နေရတာ။ နောက်ပြီး သူက အတော်ဆိုးဆိုပဲ။ နောက်ပြီး အလောင်းကစားလည်း သိပ်ဝါသနာပါတာ။ သိပ်ထူးဆန်းတဲ့ အလောင်းကစားသမားပေါ့”

“သူက ဘာတွေ အလောင်းကစား လုပ်လို့လဲ ဆရာ”

ဆန်းဝင်းနိုင်က သိချင်ဇောနဲ့ မေးလိုက်တယ်။

“အဲ့ ခံတပ် နှစ်ခုကြားမှာ တူးမြောင်းတစ်ခု ဖော်ထားတယ်။ အဲ့ထဲမှာ တကယ့်အသားစားတဲ့ ငါးတွေချည်း မွေးထားတာ ပေါရိသာဒ ငါးလို့ခေါ်တယ်။ သူက သူပုန်တွေ ရာဇဝတ်သားတွေ မိပြီဟေ့ဆိုရင် အဲ့သူပုန်တွေကို မျက်လုံးကို ပုဝါစီးခိုင်းတယ်။ ပြီးရင် မြင်းကိုလည်း မျက်လုံး ပုဝါစီးခိုင်းတယ်။ ပြီးရင် မြင်းကို မီးစနဲ့ တို့တယ် မြင်းကလည်း လန့်ပြီး ကမူးကရှူ ပြေးတာပေါ့။ အပေါ်က မြင်းသမားက မြင်းကို နိုင်အောင်ထိန်းပြီး အောက်က မြောင်းထဲ ပြုတ်မကျဘဲ ခံတပ်တစ်ဖက်ကမ်းရောက်အောင် ကျော်ရတယ်။ မဟုတ်ရင် မြင်းရော လူရော မြောင်းထဲကျ။ရော အဲဒီမှာ အပေါ်က မြားသမားတွေကလည်း မြားတွေနဲ့ပစ် အောက်ကငါးတွေကလည်း မြင်းသားနဲ့ လူသား ပွဲတော်တည် ရရောပေါ့ကွာ”

“ကြောက်စရာကြီးဗျာ။ သူက ကြပ်ရောပြည့်လား။ ဒါကို ဘယ်သူမှ ဘာမှ မလုပ်ကြဘူးလား”

“လုပ်သားပဲ။ စစ်ပွဲတစ်ရာစစ်အတွင်း အဲ့မင်းသား အသတ်ခံရတာပဲ။ အဲ့စစ်ပွဲတရာစစ်ပြီးမှ ငါတို့ နယ်တွေ အကုန်လုံးကိုစုပြီး နန်းအေးမြို့တော်ဆိုပြီး ဖြစ်လာတာ”

“စစ်ပွဲက တကယ်ကြီး တစ်ရာ‌ ဖြစ်တာလား”

“ရာဇဝင်ထဲတော့ ရေးကြတာပဲ။ ငါတော့ သိပ်မသိဘူး။ ဒါတွေက ပန်းပဲမောင်တင့်တယ်တို့ အမေဂျမ်း တို့ ပုဂံပြည်ကြီး ရွှေမိုးရွာတာတို့လို Myth တွေပါပဲ။ နှစ်တွေကြာတော့ ခံတပ်ကြီးလည်း မြေအောက်ထဲ ဝင်သွားရာက ပုံပျက်ပြီး အခု အုတ်ပုံသာသာတောင် မကျန်တော့တာပဲ ကြည့်”

ဆန်းဝင်းနိုင်က သူ့ဆရာ ပြောစကားကို နားထောင်နေရင်း ခံတပ်ထိပ်ကနေ သွေးချင်းချင်းနီနေတဲ့ တူမြောင်း ကိုကြည့်ကာ သွေးအေးအေး ‌ရယ်မောနေသော ဇေယျသူမင်းသားရဲ့ ပုံစံကို တွေးနေမိတယ်။

“စစ်ပွဲတစ်ရာ ဇေယျသူမင်းသား၊ ခြေဖဝါးဖြူဖြူလေး သွေးကြောစိမ်းစိမ်းလေး ခြေသည်းပြာပြာလေး ဟာ ဘာတွေ တွေးမိနေပါလိမ့်”

ဆက်ရန်

******

All Chapters