အခန်း (၇)
Vol. 1 Ch. 7
ဆန်းဝင်းနိုင် နဲ့ ဆရာဗိုလ်ဟိန်းတို့ ဆိုင်ကယ်အစုတ်ကလေးနဲ့ ကျောင်းဝင်းထဲ ဝင်လာမှ ကျနော်တို့ သက်ပြင်းချနိုင်တော့တယ်။ ဆန်းဝင်းနိုင်ဆိုတဲ့ကောင် တကယ်မွှေတာပါ။ ဆရာဗိုလ်ဟိန်းက ဆရာမကြီး ညနေကျ ရောက်လာမှာမို့လို့ စုံစုံလင်လင် နှုတ်ဆက်ဖို့ ဘယ်မှမသွားပါနဲ့လို့ မှာထားရက်နဲ့ ရအောင် ထွက်တယ်။
“ဆရာဗိုလ်ဟိန်းက ဆန်းဝင်းနိုင်ကို မရိုက်တော့ဘူးလားကွာ။ ငါတို့သာ ဒီလိုလုပ်ရင် ကျောပုပ်အောင် တွယ်မှာ”
ဝေလင်းဖြိုး က မကျေမနပ် ပြောလိုက်တယ်။
“ဟေ့ကောင် ဝေလင်း ရိုက်လည်း ရိုက်ရိုက်ပဲ။ မင်းကောင်က ရိုက်လို့ လိမ္မာလာမဲ့ အကောင်လည်း မဟုတ်ဘူးကွ “
ဝင်းမင်းဦးက ဝင်ပြောတယ်။
“ဘာပဲဖြစ်ဖြစ်လေဟာ ဆရာဗိုလ်ဟိန်းက တစ်ကျောင်းလုံးမှာ ဒီကောင့်ကိုပဲ မျက်နှာသာ ပေးနေတာကွာ။ ငါဆိုရင်ကွာ အဆင့် ၃ အောက်ကို မဆင်းဘူး။ ငါ့ကိုကျတော့ ဒီလိုလေး မဆက်ဆံဘူး”
ချစ်ပုကလည်း စောဒက တက်သည်။ ဟုတ်သားပဲဗျ တစ်ခါတလေ ကျရင် ဆရာဗိုလ်ဟိန်းက ဆန်းဝင်းနိုင်ကို လိုတာထက် ပိုလွန်းတယ်လို့ ကျနော်လည်း ထင်မိတာပဲ။ ကျနော်ကတော့ ဝေလင်းလို ဆန်းဝင်းနိုင်ကို ကြည့်မရတဲ့လူလည်း မဟုတ်။ ချစ်ပုလို အားမလိုအားမရ မနာလိုနေတဲ့ သူလည်း မဟုတ်တော့၊ သူနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အချက်တွေ မတွေးလို့သာဗျ။ တကယ်တမ်း ဆန်းဝင်းနိုင် ရဲ့ လုပ်ရက်တွေက ကျောင်းသားတစ်ယောက် အထူးသဖြင့် အစိုးရကျောင်းသား တစ်ယောက် အနေနဲ့ တော်တော် ရုပ်ပေါက်တယ်။
“ဟေ့ကောင် ဂျပု မင်းက မနာလို ဖြစ်နေတာလားကွ။ ဆန်းကြီးက ဒီမြို့ရောက်လာကတည်းက ငါတို့ထက် ပိုပြီးတော့ ဒုက္ခရောက်ခဲ့ရတာကွ၊ ဒီကောင့်မှာလည်း ဒီကောင့်ခံစားချက် ရှိမှာပေါ့။ ငါကတော့ ဒီကောင့် စတိုင်လ်ကို ကြိုက်တယ်”
အောင်ရဲကျော်က ခပ်ရိရိ ပြောလိုက်တယ်။ အောင်ရဲကျော်က ဆန်းဝင်းနိုင်နဲ့ အရင်းအနှီးဆုံးသူငယ်ချင်း၊ သူ ဆန်းဝင်းနိုင် ကို ထိရင် မခံမရပ် နိုင်ဖြစ်တာ မဆန်းဘူး။
“မင်းကတော့ သူ့ကို ဆရာတင်နေတာပဲလေ ထားပါတော့”
“မင်းကတော့ နှစ်ဖက်လွှလေ။ ဂျပုရာ မင်းက ညဆို ငါတို့ နဲ့လာပြီး လမ်းမအထာ ဖမ်းတယ်။ မနက်ဆို ဟိုခွေးမသား ထက်မြတ်မင်းထွေး နားမှာပဲ ဝဲနေတာ။ မင်းက သူ့ကို ပြုစုပေးရုံတင် မကဘူး။ ပေါင်တွေပါ ယက်ပေးမဲ့ အထာ”
အောင်ရဲကျော် စကားက နည်းနည်းလွန်တယ်လို့ ထင်လာတာကြောင့် ကျနော်လည်း စကားပြတ်အောင် လို့
“ကိုယ့်လူတို့ ကျောင်းအုပ်ဆရာမကြီးကို ပူဖောင်းတွေနဲ့ ကြိုရအောင်။ ငါ့ဆီမှာ ပူဖောင်းသုံးလုံးရှိတယ် မှုတ်ကြပါ့လား”
ကျနော်လည်း ပိုက်ဆံအိတ်ထဲကနေ ရာဘာပူဖောင်းငါးခု ထုတ်ပေးလိုက်တယ်။ အထာနပ်တဲ့ ဝင်းမင်းဦးက ပူဖောင်းတစ်ခုကို ယူပြီး အားရပါးရမှုတ်တယ်။ ကျနော်လည်း တစ်ခု ယူမှုတ်တယ်။
ဝေလင်းဖြိုး၊ချစ်ပု နဲ့ အောင်ရဲကျော် ကတော့
ဒီကောင်တွေ တကယ်ကြီးလားဟ ဆိုတဲ့ မျက်လုံးတွေ နဲ့ ကြည့်နေတယ်။ ပြီးတော့ သုံးကောင်သား ခွီးခနဲ ထရယ်ပြီး
“စိုင်းရွက်ရာ ငါတို့က တကျောင်းလုံးမှာ ဝင်းဦး အရူးဆုံး ထင်တာ။ မင်းက ပိုဆိုးနေတယ်။ အဲ့ပူဖောင်းလေးငါးခုကို ငါတို့က တစ်ယောက်တစ်လုံး ကိုင်ပြီး ဆရာမကြီးလာရင် ရောင်စုံပြီလား ဆော့ရမှာလား”
“မဟုတ်လောက်ပါဘူး။ ချစ်ပုရာ ဥဖမ်းတမ်း ဆော့ရမှာ ဟဲဟဲ”
“အေးလေ ပေါတောတောနဲ့”
ကျနော် ဘယ်လောက် အကောခံရ ခံရ။ ဒီကောင်နှစ်ကောင် ပြန်သင့်မြတ် သွားရင် ပြီးတာပါပဲ။ ရှိတာမှ အဆောင်နေ လူလေး ခြောက်ယောက် ထသတ်နေရင် ဘယ်လိုမှ ပျော်စရာကောင်းမှာ မဟုတ်ဘူး။
ထိုအချိန်မှာ ကိုယ်တောချော ဆန်းဝင်းနိုင်က ကျနော်တို့ နားကို တဖြည်းဖြည်း လျှောက်လာတယ်။
သူ့ရဲ့ မျက်လုံးတွေက ညနေခင်း ကောင်းကင် ရဲ့ အဝါဖြော့ဖြော့ ကောင်းကင်တွေ အောက်မှာ လင်းလက်နေတာပဲ။ ကျနော် ဒီကောင့် မျက်လုံးတွေကို တကယ်ကြိုက်တာပါ။
“ဆေးလိပ် သောက်ကြဦးမလား”
ဆန်းဝင်းနိုင် က သူ့လွယ်အိတ်ထဲကနေ ဆေးလိပ် နှစ်လိပ် ထုတ်ပေးပြီး ကမ်းလိုက်တယ်။
“မသောက်ရဲပါဘူးကွာ။ ဆရာဗိုလ်ဟိန်း မြင်သွားရင် ဗျင်းခံရပါဦးမယ်။ တို့က အခွင့်ထူးခံ လူတန်းစားမဟုတ်လေတော့ ကျောင်းစည်းကမ်း လိုက်နာရတယ်ဟေ့”
ဝေလင်းဖြိုးက မဲ့ရွဲ့ပြီး ပြောလိုက်တယ်။ ဒါကိုလည်း ဆန်းဝင်းနိုင်က သူ့ပြောနေမှန်းတောင် သိဟန်မတူ။ မျက်လုံးကြောင်ကြောင်နဲ့ အင်္သချေခန်းမကြီးကို စိုက်ကြည့်နေပြီး ဆေးလိပ်ကို ပါးစပ်ထဲ ခဲလိုက်တယ်။
အင်္သချေခန်းမဆိုတာ ကျောင်းရဲ့ ပင်မအဆောင်ကြီး သူက အထပ်လေးထပ်ပါတယ် အောက်ထပ်က Hall ခန်းကြီး ၊ ဒုတိယထပ်က ဘုရားခန်း၊ အနုပညာခန်း နဲ့ ကွန်ပျူတာခန်း၊ တတိယထပ်က ရုပ်ရှင် ပြတဲ့ အခန်းရယ်၊ တိရစ္ဆာန် အလောင်းတွေ ထားတယ်။ စတုတ္ထထပ်ကတော့ အားလုံးစိတ်ဝင်စားကြတာပဲ သမိုင်းပြခန်းဆိုပဲ ။ ဝမ်းနည်းစရာက ကျနော် ဒီကျောင်းမှာ တက်လာတာ ကိုးတန်းကို ရောက်လာပြီ။ အဲ့ အထပ်တွေကို တစ်ခါမှ မတက်ဖူးဘူး။ ဆရာကြီးဦးဇော်မွန်နဲ့ တာဝန်ကျ ဆရာမတွေ စာရေးမတွေပဲ တက်လို့ရတယ်။ ကျောင်းသားတွေ လာရင် ဆရာမတွေက အော်လွှတ်တာပဲ။
သရဲခြောက်သတဲ့၊ အရင်က ကျောင်းသားတစ်ယောက်က ခုန်ချသေဖူးတယ်ဆိုလား။ ဘာလား။မသိပါဘူး။ ကျနော်တို့ ကျောင်းက ဘာမှလည်း လက်တွေ့လုပ်တာ မဟုတ်ပါဘူး။ ဓာတုဗေဒ စမ်းသက်ချက်ဆိုလို့ ကျောင်းအိမ်သာမှာ ထားဖို့ ဆပ်ပြာရည် လုပ်တာလောက်ပဲ ရှိမယ်။
“ How disrespectful this guy is ?”
ချစ်ပုက သူ မြန်မာလိုပြောရင် အောင်ရဲကျော်က ဝင်ထောက်မှာ စိုးရိမ်လို့ ထင်ပါတယ်။ စာညံ့တဲ့ အောင်ရဲကျော် နားမလည်နိုင်တဲ့ အင်္ဂလိပ်စကားကို သုံးလိုက်ပါတယ်။ မလေးမစား လုပ်တဲ့ကောင်။
အင်းပေါ့ ကျောင်းရဲ့ ပင်မဆောင်။
ပညာရေးမျှော်မှန်းချက်ကျောက်စာ ရှိတဲ့နေရာမှာမှ ဆေးလိပ်ကြီး လာခဲ ပြနေတာကိုး။ ဆန်းဝင်းနိုင်က သူ့ရဲ့ ဆေးလိပ်ကို တဂျွတ်ဂျွတ် မြည်အောင် စားပြလိုက်တယ်။ တကယ်က သူ့ဆေးလိပ်က ဆေးလိပ်ပုံစံ ချိုချဉ်ကိုး။
“တီ ...တီ.. တီ..”
ကားဟွန်းတီးသံ ကြားရတော့ ကျနော်တို့အားလုံး ခါးတွေ မတ်သွားတယ်။ သူလာပြီ သူလာပြီ။
နှစ်တစ်ရာသမိုင်းမှာ ပထမဆုံး အမျိုးသမီး ကျောင်းအုပ်ကြီး ရောက်လာပြီပေါ့။ ဘယ်လိုပုံစံဖြစ်မလဲ။ ယောက်ျားလေးပုံစံဘဲဖြစ်မလား၊ ဝဝတုတ်တုတ် ဂျမ်းတောကြီး ပဲ ဖြစ်နေမလားဘဲ။
ကျောင်းရဲ့ ဂိတ်ဝ စိမ်းစိမ်းကြီးဟာ တရွေ့ရွေ့ပွင့်သွားတယ်။ အဝါရောင် ကားလေး တစီးက ဂိတ်ကို ဖြတ်ပြီးဝင်လာတယ်။ အဝါရောင် တိမ်တောက်တောက် ကောင်းကင် အောက်မှာ ကားအဝါ လေးဟာ အေးအေးဆေးဆေးပဲ ထိုးရပ်သွားတယ်။ ကားလေးရဲ့ မျက်လုံးမီးသီးတွေဟာ ဝိုင်းဝိုင်းကြီးပဲ။
“ခေတ်ဟောင်း ကားအမျိုးအစားကွ”
“အေး ခုနှစ်ဆယ်ပြည့်နှစ် ကားမျိုးပဲ”
“အဲဒါ Alfa Romeo Montreal လို့ခေါ်တယ်။ ငါ့တပည့်တို့”
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ဆရာဗိုလ်ဟိန်းက ဝင်ပြောတယ်။
“ဆရာ ဒါလည်း သိတာပဲလားဗျာ”
“ငါ ကားပွဲစားလည်း လုပ်ဖူးတယ်”
ဆရာဗိုလ်ဟိန်း လူငယ်ဘဝကို ဘယ်လိုတွေဖြတ်သန်းခဲ့သလဲ ဆိုတာတော့ ကျနော် မသိဘူး။ ဒါပေမဲ့ သူ မလုပ်ဖူးတဲ့ အလုပ်က ခပ်ရှားရှားရယ်ဗျ။ နောက်ဆုံး လက်ဖက်ရည်တောင် ကိုယ်ဟာကိုယ် ဖျော်သောက်နိုင်တယ်။ တစ်ခါတလေ ကွမ်းတောင် သူ့ဟာသူ ယာသဗျ။
ကားရဲ့ တံခါးဟာ ထောက်ခနဲ ပွင့်သွားတယ်။ အထဲကနေ ကောင်မလေး တစ်ယောက် ဆင်းလာတယ်။
သူက မြန်မာထဘီ ဝမ်းဆက်လေး ဝတ်ထားတယ်။ သူ့ရဲ့ ဆံပင်တွေကို ကျစ်ဆံမြီး နှစ်ဖက်ခွဲပြီး ကျစ်ထားတယ်။ နှဖူးက နည်းနည်းပြောင်လို့ ထင်ပါတယ်။ ဆံပင်ကို ဆံမြိတ်ချထားရတယ်။ သူ့မှာ အစွဲဆောင်နိုင်ဆုံးက ခန္ဓာကိုယ်ပဲ။ ပြည့်စုံပြည့်ဝ လွန်းနေတယ်။ ပစ္စည်းရှိလူတန်းစားဆိုတာ အဲ့လိုမျိုးဗျ။
ကျနော်လည်း လူပျိုပေါက်ပဲဗျ။ တဏှာအတွေးကတော့ တန်းဝင်လိုက်တာပဲ။ မြန်မာဝတ်စုံ ဝတ်ထားလို့သာပဲ။ ဂျင်းဘောင်းဘီလေးသာ ဝတ်လိုက်လို့ကတော့
“အားပါးပါး ကောင်းလိုက်တဲ့ ဂျောကွာ”
“ဆရာမကြီးရဲ့ သမီးထင်တယ်ကွ။ ငါတို့ကျောင်းက သောက်ရေးမပါတဲ့ စာရေးမတွေ နဲ့ကွာပါ့”
ဝေလင်းဖြိုးက ပြောတယ်။ ဒါကို ချစ်ပုက
“ဟေ့ကောင် ဝေလင်း မင်းအဲ့လိုတော့ မပြောပါနဲ့။ အမေ တင်ဆန်း တို့လည်း ခန္ဓာကိုယ် လှပါတယ်ဟ အသားညိုတာပဲ ရှိတာ”
ချစ်ပုက ဝင်ယောင်ပြန်တယ်။ ဟိုကောင်တွေ ပြန်ပြောရင် ဒီကောင်ဘာမှ ပြန်မပြောနိုင်တာကို ဝင်ဝင် ယောင်တာ။
“အိုး အခုတော့ ပြောပြီပေါ့။ ချစ်ပုက တင်တင်စန်း ကို အမေ အမေနဲ့ အမြဲခေါ်တာလေ။ အခု မင်းက မင်းအမေ ကို ပြန်ပစ်မှားပြီပေါ့။ ဒီကောင် တင်စန်းကို ကူညီသလိုလိုနဲ့ ပြစ်မှားနေတာ။ မနက်ဖြန်ကျ တင်စန်း သိအောင် ဘယ်ကောင်ပြောမလဲ ဟားဟားဟား”
“မေမေ တင်စန်းမိခင်နို့တွေ တိုက်တာနေမှာပေါ့ကွာ။ ဒီကောင် ဒါကြောင့် အရပ်လေးပိုရှည်လာတာ မိခင်နို့ စစ်စစ် သောက်ရလို့”
“ဟေ့ကောင် တွေ ငါက လေးစားသမှု့ နဲ့ ချစ်လို့ ခေါ်တာပါကွာ”
ချစ်ပုဆိုတဲ့ကောင်က တစ်ခါတလေကျ သနားစရာ ကောင်းရော။ ဝေလင်းဖြိုးဆီရောက်သွားရင် ဒီကောင် ပြောသမျှ စကားလုံးတိုင်း အထအန အကောက်ခံရရော။
“ချစ်လို့ ခေါ်တာတဲ့။ ဟေ့ကောင်တွေရေ ချစ်တာတဲ့ လူပျိုဖော် ဝင်လာပြီပေါ့ ဟုတ်လား။ ပြပါဦး ကိုကြီးကို ...ညကျမှ မင်းပုဆိုးကို လှန်ကြည့်ဦးမယ် ဂျိုးလေးလား လင်းယုန်ကြီးလား “
ချစ်ပုက ငိုမဲ့မဲ့ ဖြစ်လာတယ်။ မျက်ရည်တွေက ဝိုင်းလာရော။
“စမနေပါ နဲ့ ကွာ ဟိုမှာ ဟိုဘွားတော်လေးက သံသေတ္တာကြီး မနိုင်မနင်းမ နေရတာ သွားမပေးလိုက် ပါဟ”
သူတို့က ပြောတုန်း ရှိသေးတယ်။ ဆန်းဝင်းနိုင်က ကားနားလေးကို လျှောက်သွားတယ်။ ဆရာဗိုလ်ဟိန်းကလည်း ကပ်လိုက်သွားတယ်။ ဆန်းဝင်းနိုင်က အစ်မကြီးနားကို ကပ်သွားပြီး ကူမပေးလိုက်တယ်။
“ရလား အစ်မ ကျနော် မလိုက်မယ်”
“ဟီး ကျေးဇူးပါ ဟယ်...”
ဆန်းဝင်းနိုင် နဲ့ မျက်လုံးချင်း ဆုံမိတော့ အစ်မ ကြီး နည်းနည်းကြောင်သွားပုံပဲ။ ဟုတ်တယ်လေ ခင်ဗျား လိမ္မော်ရောင် မျက်လုံးတွေကို ပထမဆုံးမြင်မိရင် ဘယ်လိုဖြစ်သွားမလဲ။ သူလည်း ဒီလိုပဲပေါ့။
“ဒါက မွေးရာပါ ပါ အစ်မ”
“ဪ အစ်မ က မျက်ကပ်မှန် တပ်ထားတယ် ထင်နေတာ”
“မအေဘေးက စောက်လုံး နဲ့ လုပ်စားနေတာကွ လိ”
ဝေလင်းဖြိုးက မကျေမချမ်း ပြောပြန်တယ်။
ပြောပြောဆိုဆို ပဲ ဝေလင်းဖြိုး၊ချစ်ပု နဲ့ ကျနော်ပါ ကားနားကို သွားပြီး သေတ္တာတစ်လုံးကို လေးယောက် လုဆွဲကြတယ်။
“မမ သားလုပ် လိုက်မယ် သားကိုပေး”
“ဟေ့ကောင် ဂျပု ပိနေပါ့မယ်ကွာ အစ်မ ကျနော့်ကိုပေး”
“ဟေ့ မင်းတို့ ဆူလှချည်လား ဘယ်သူမှ မ မနဲ့ ချလိုက်တော့”
ကားထဲကနေ အသံတစ်သံ ထွက်လာတယ်။ ဒေါသ စွက်တဲ့ အမျိုးသမီး တစ်ယောက်ရဲ့အသံ။ ဒီအသံကြားတာနဲ့ အသံရှင် အမျိုးသမီးဟာ ဘယ်လို အမျိုးသမီး ဟာ ဘယ်လို ပုံစံ ရှိတယ်ဆိုတာ ခန့်မှန်း လို့ ရလောက်တဲ့ အသံပါပဲ။
ကားရဲ့ မှန်တံခါးဟာ တဖြည်းဖြည်း ကျလာတယ်။ ရှေးဟောင်းကားတွေရဲ့ ထုံးစံအတိုင်း မှန်ချဖို့အရေးကို အထဲကနေ လက်ကိုင် ကို လှည့်မှ ကျလာတာ ထင်ပါတယ်ဗျာ။
အဲဒီမှာ အဲ့ အမျိုးသမီးနဲ့ကျနော်တို့ ခြောက်ယောက် ဆရာဗိုလ်ဟိန်း အပါအဝင်ဆိုရင် ခုနှစ်ယောက်ပေါ့လေ စတွေ့တာပဲ။ စနိုးဝှိုက် နဲ့လူပျက်ခုနှစ်ကောင်လို့ ပြောရမယ်ထင်တယ်။
“ဒေါ်မြပုလဲသွယ်”
သူ့ရဲ့ မျက်နှာက နည်းနည်း မာနေတယ်။ ပြောရရင် ကျနော်တို့ လုပ်နေတဲ့ ပုံကို သိပ်သဘောမတွေ့ပုံပဲ။ ဒီအမျိုးသမီးဟာ အသက် ၄၀ နီးပါးလောက်တော့ ရှိပြီထင်တယ်ဗျ။ ဆံပင် အနက်တွေကြားမှာ ငွေရောင် ခြည်မျှင်တွေ ထွက်နေပြီ။ မျက်စိကလည်း မွဲတယ်ထင်ပါ့ ပုလင်းဖင်ပဲ။ အသားကတော့ ဖြူဖက်နေတာ။ နှုတ်ခမ်းက ခပ်ပါးပါး နဲ့ နှုတ်ခမ်းအပေါ်မှာ မှည့်တစ်လုံး ပါတယ်။ ဗျသနတရားတွေပဲ ဟောမဲ့ ပုံစံဗျ။ အဆိုးဆုံး ကို မျှော်လင့်ထားတာ ကျနော်တို့အတွက် အကောင်းဆုံးကိုဗျ။
“မင်းတို့ဖယ် ဟိုလူ ရှင် လာခဲ့”
သူက ဆရာဗိုလ်ဟိန်း က လက်ညှိုးထိုးလိုက်တယ်။
ဆရာဗိုလ်ဟိန်းကလည်း တုတ်တုတ် တုတ်နဲ့ လျှောက်လာတယ်။
“ဒီသေတ္တာ နှစ်လုံးကို မပြီး ရုံးခန်းထဲ ကို ရွှေ့ထားလိုက်”
“ဗျာ”
“သေတ္တာ နှစ်လုံး မပြီး အခန်းထဲ ထားလိုက်လို့။ ကျောင်းသားတွေကို ဘာမှမခိုင်းနဲ့။ ရှင်သွားထားလိုက် ကြားလား”
“ဪ ဟုတ် ဟုတ် “
ဆရာဗိုလ်ဟိန်းက ဟိုအစ်မကြီးနဲ့အတူ သေတ္တာကို နှစ်ယောက်မပြီး ရုံးခန်းရှိရာ ဇီဇဝါဆောင်ကို ထွက်သွားတယ်။
“အထွေထွေလုပ်သားတွေက အဲ့လိုပဲကွယ့် ကျောင်းသားတွေကို လှိမ့်ခိုင်းချင်ကြတာ။ တကယ်တမ်း ပိုက်ဆံယူထားတာလေ သူတို့က”
ဆရာမကြီး ပြောလိုက်မှ သူက ဆရာဗိုလ်ဟိန်းကို ကျောင်းဆရာ မထင်ဘဲ အထွေထွေလုပ်သား ထင်နေမှန်း ကျနော်တို့ သဘောပေါက်တော့တယ်။ ဟုတ်တယ်လေ။ ကိုယ့်ဆရာကလည်း ကျောင်းဆရာ သာပြောတယ်။ ဆံပင်ရှည်ရှည် ပါးသိုင်းမွှေးတွေနဲ့ ကိုး။
အဲဒီ ညနေခင်း တစ်ခင်း လုံးရော စနေ တနင်္ဂနွေ ရော ဆရာမ ဒေါ်မြပုလဲသွယ် က ဆရာဗိုလ်ဟိန်းကို အိမ်ရှင်းခိုင်းလိုက် မီးပြင်ခိုင်းလိုက်၊ ခုံတွေ ပြန်ရိုက်ခိုင်းလိုက်နဲ့ မောင်းတာ မောင်းတာ ဗျာ။ ဟိုလူကလည်း ခိုင်းသမျှ လုပ်ပေးတာပဲဗျာ။ ကျနော်တို့လည်း မပြောပြပါဘူး။ တစ်ခါတလေတော့ ပညာပေးရမှာပေါ့။ မဟုတ်ဘူးလား။ ဆရာမကြီးကလည်း ဆရာဗိုလ်ဟိန်းက ကျောင်းဆရာဆိုတာ တနင်္လာ နေ့ ကျောင်းဖွင့်မှ သိသဗျာ။ သူ့ခမျာ မျက်နှာကြီးရဲလို့ ဆရာဗိုလ်ဟိန်းကို မျက်နှာချင်းတောင် မဆိုင်ရဲရှာဘူး။
ဘယ်နှယ့် ကျောင်းဆရာကို မှ မီးပြင်ခိုင်းလိုက် ခုံရိုက်ခိုင်းလိုက် နဲ့ လက်သမားဆရာလို ခိုင်းမိတာကိုး။ ဒီကြားထဲ လက်ဖက်ရည်ဖိုးဆိုပြီး တစ်ထောင်တောင် မုန့်ဖိုးပေးလိုက်ပါသတဲ့ဗျာ။
ဒေါ်မြပုလဲသွယ် တို့များ
ဆက်ရန်
******