အခန်း (၉)
Vol. 1 Ch. 9
“အဲဒီနောက်ပိုင်း ဘာတွေ မှတ်မိသေးလဲ”
တီချယ်လာနာက အကြောက်လွန်နေတဲ့ နန်းအိမ့်ခန်းကို ရေခွက်ကလေး ကမ်းပေးရင် မေးလိုက်တယ်။
“အဲဒါပြီးတော့ သမီးလန့်နိုးလာတာပဲ တီချယ်”
လာနာက သက်ပြင်းတစ်ချက် ချလိုက်တယ်။ တော်သေးတာပေါ့ ကလေးမလေး ဘာမှမဖြစ်တာ။ သူမလည်း အောက်က ပန်းပွားမယ်လေးတွေကို အားပေးနေတုန်း နောက်ဆုံး အတန်းက အော်သံကြားလို့ အကူအညီ ပေးနေတာပါ။
ကျောင်းသူတစ်ယောက်က နန်းအိမ့်ခန်း ရဲ့ တက်ဘလက်ကို ယူကြည့်ရင်း
“ဟယ် နန်း နင် ဒီလို ညစ်တီးညစ်ပတ်တွေ ကြည့်တာပဲလား”
“ဟာ”
နန်းအိမ့်ခန်း မျက်နှာလေး ရဲသွားတယ်။ လာနာလည်း ကျောင်းသူလေးလက်ထဲကနေ တက်ဘလက် ကို ဆွဲလုရင်းကြည့်မိပြီး
“ဟိုက်”
လို့ တလုံးတည်း ရေရွတ်မိပြီး မြန်မြန်ခလုတ်နှိပ်ပြီး ပိတ်လိုက်တယ်။ အရှေ့က ယောက်ျားလေး အုပ်စုက
“ဆရာမ ဘာတွေမို့လို့တုန်း။ သားတို့ကို လည်းပြောပါ့လား”
“မင်းတို့ကိစ္စ မဟုတ်ဘူးနော်။ သူ့ကိစ္စ ကဲ သမီး နန်းအိမ့် အိမ်ပြန်ပြီး နားမလား။ ဆရာမ အိမ်ကို ဖုန်းဆက်ပေးလိုက်မယ်။ အကတိုက်တာကရော သူမပါရင် ရတယ်မလား”
“ရတယ်တီချယ် သူပါလဲ ဘာမှအသုံးကျမှာ မဟုတ်ဘူး။ အလကား ကန့်လန့် ကန့်လန့်”
“ဆန်ဒီ နင်ကျောင်းသူအချင်းချင်း ဒီလိုမပြောသင့်ဘူး။ အကအဖွဲ့ ခေါင်းဆောင် ဆိုပြီး နင် အဲ့လို မပြောသင့်ဘူးနော်။ မဟုတ်ရင် နင့်ကို ခေါင်းဆောင်နေရာက ပြောင်းဖို့ ဆရာမကြီးကို ငါကိုယ်တိုင် သွားပြောမှာ”
လာနာလည်း စိတ်မရှည်တဲ့အဆုံး ဆန်ဒီကို ကောင်းကောင်း ကောပေးလိုက်တယ်။ ဘယ်နှယ့် ဒီကောင်မလေးက ချောတာလှတာလေး တစ်ခုထဲနဲ့ သူတစ်ဖက်သားကို သိပ်ချိုးနှိမ်ချင်တာ။ ဆန်ဒီက သူ့ရဲ့ မျက်တောင်ရှည်ရှည်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်။
“သမီးလည်း ကျောင်းအကျိုးအတွက်လုပ်နေတာပဲ တီချယ်ရယ်။ သမီး မပါရင် YIS အဖွဲ့က ဘာမှကို မဟုတ်တာ။ သမီးကို ဆရာမကြီးကိုယ်တိုင်က အဖွဲ့ထဲ ထည့်ထားတာ တီချယ် မသိဘူးလား”
ဆန်ဒီ ပါးစပ်ကနေ ထုတ်ပြောချင်ပေမဲ့ လုံးဝပြောမထွက်။ တီချယ်လာနာကတော့ နန်းအိမ့်ခန်းကို ခေါ်ရင်း ထွက်သွားပြီ။ တီချယ်လာနာ ထွက်သွားမှ သူမ ချုံးပွဲချ ငိုလိုက်တယ်။
“နင်တို့ ယောက်ျားလေးတွေ အကုန်သွား။ ငါတို့ မိန်းကလေးတွေပဲ နေခဲ့မယ်”
ဆိုဖီယာက နိုင်ထွန်းအောင်တို့အုပ်စုကို သွားခိုင်းတယ်။ ဒါတောင် ဒီကောင်တွေက သွားချင်တာ မဟုတ်ဘူး။
“ဆန်ဒီ အဆင်ပြေရဲ့လား။ ပီဇာ စားမလား ငါ မှာပေးမယ်။ ငိုမနေပါနဲ့ဟာ”
နိုင်ထွန်းအောင်က ဖျာဝင်ခင်းတယ်။
“ဟဲ့ နိုင်ထွန်းအောင် နင်လည်း ဘာမှလာပြောမနေနဲ့။ နင့်ဟာမကြောင့် ဖြစ်တာနော် ဒါတွေက”
“ဘယ်က ငါ့ဟာမလဲ။ သူက ငါ့သူငယ်ချင်းပါဟ”
“အံမယ် နင်နဲ့သစ်ကုလားအုတ်မအကြောင်း ငါမသိရင် ခက်မယ်နော်”
ဆိုဖီယာက ကတ်ကတ်လန်အောင် ပြန်ပြောသည်။ နောက်ဆုံး ဆန်ဒီကိုယ်တိုင် “တော်ပါတော့ဟာ နင်တို့ သွားကြပါတော့”လို့ ငိုသံလေးစွက်ပြီးပြောတော့မှ နိုင်ထွန်းအောင်တို့ ထွက်သွားကြတယ်။
ဆိုဖီယာက ဆန်ဒီ့ ပုခုံးကို အသာအယာ ဖက်လိုက်ရင်း
“ကြွက်ကြီးက နင့်ကို မနာလိုဝန်တို ဖြစ်နေတာ။ ဆန်ဒီ တကယ်က သူ့ထက် လှနေလို့လေ”
“ဟယ် ဆိုဖီယာ နင်ကလည်း မဟုတ်လောက်ပါဘူးဟာ။ သူက အဲ့လိုပဲ ဘုကလန့် ပြောတတ်တာ နေမှာပါ”
“ဆန်ဒီ သူက နင့်ဆရာမ မဟုတ်တော့ဘူးနော်။ ငါတို့ အထက်တန်းမှာ သူက အလယ်တန်း ကို ကိုင်တဲ့လူ နင် အဲ့လောက်ကြီး ရိုကျိုးမနေနဲ့ဟာ။ ငါ့အစ်မ နဲ့ ကြွက်မနဲ့က တစ်နှစ်ထဲ တက်ခဲ့တာ။ အဲ့စော်ကြီးကဘဲ တရုန်းရုန်းနဲ့ နောက်ပြီး တစ်ခါတစ်ခါ ဝက်ရူးပြန်တတ်သေးတယ်တဲ့”
“တကယ်”
“အေး သူ့ဘဲတွေကတောင် သူ့ကို အဲ့လိုဟာကြီးမို့လို့ ဖျက်ကုန်ကြတာ။ နောက်ပြီး ဝမ်းတွင်းစုန်းလို့လည်း ပြောကြတယ် “
ဆိုဖီယာ့ကို ဆန်ဒီက မျက်စောင်း ထိုးလိုက်ရင်း
“ဆိုဖီ နင် ရွှီးနေတာမလား”
“ဘယ်ကသာ ငါ့အစ်မတင်မကဘူး။ ဒီမှာတက်ဖူးတဲ့ ကျောင်းသူတိုင်း သူ့ ကိစ္စကိုသိတယ်။ သူများဘဲကို ပေါ်တင် အကြောင်နှိုက်တာတွေ ဘာတွေ ကောင်လေးတွေ ကလဲ သူ့ကို ဘာကြိုက်တာလဲ မသိဘူး။ လောက်တက်တဲ့ ငါးပိဟာ စားကောင်းလို့ နေမှာပေါ့ ခစ်”
ဆိုဖီယာက ပြောပြောဆိုဆို ဆန်ဒီရဲ့လက်ကလေးကို သူ့လက်နဲ့ ဖြစ်ညှစ်နေတယ်။ ဆန်ဒီကတော့ ကျောထဲ စိမ့်သွားတယ် ဆိုဖီယာကလည်း သူ့လက်ကို သေချာဖိနှိပ်ပေးတယ်။ နောက်ပြီး လက်သည်းချွန်ချွန်လေးတွေနဲ့ ဆန်ဒီရဲ့ လက္ခဏာ လမ်းကြောင်းတလျှောက် ပွတ်ဆွဲနေတယ်။ ဆန်ဒီက နေရထိုင်ရ တကယ်ကြပ်လာတယ်။
ပြောရရင် လာနာဆိုတဲ့ စုန်းမကြီးက စနိုးဝှိုက်ကလေး ကို မနာလိုတာပေါ့ သိလား။
“ဆိုဖီ ဒီနေ့တော့ မလုပ်ပါနဲ့”
ဆန်ဒီ တားချိန်ပင် မရလိုက်ပေ။ အကြောင်းမှာ ဆိုဖီယာရဲ့ခပ်ထူထူ နှုတ်ခမ်းတွေက ဆန်ဒီရဲ့ ခပ်ပါးပါး နှုတ်ခမ်းကို ဖွင့်ဟ၍ပင် မရတော့အောင် တင်းတင်းကြပ်ကြပ် ဖိကပ်ထားသောကြောင့် ဖြစ်သည်။
..
“ကျွန်တော် ဌားမယ် ပြောထားတာ အစ်မကြီးက မမိုက်ပါဘူးဗျာ။ ကျနော်က ဂျွန်ဝင်းမောင် စာအုပ်တွေ ရှာဖတ်နေတာ သိရက်နဲ့ သူများကို ဌားလိုက်တယ်”
အောင်ရဲကျော်က မကျေမချမ်း ပြောလိုက်သဖြင့် စာကြည့်တိုက်မှူးအန်တီကြီးက စားလက်စ ငါးဖယ်ဖတ်ကြီးကို ဟင်းခွက်ထဲ ပြန်ထည့်လိုက်ပြီး
“ဟဲ့ကလေး ဒါက မြို့နယ်စာကြည့်တိုက်ဟဲ့ လာဌားရင် ဌားပေးရတာပဲ။ ငါကပဲ နင်ဖတ်ဖို့ သီးသန့်ဖယ်ပြီး သူများလာဌားရင် မဌားနိုင်ဘူး။ ဖောက်သည်က မှာထားတာလို့ ပြောရအောင်လည်း ရပ်ကွက် အခွေဌားဆိုင်က ဘွားတော်လည်း မဟုတ်ဘူး”
“အဲဒါဆို ကျနော်ကျွေးထားတဲ့ အချဉ်ပေါင်းထုပ် ပြန်ပေး”
အောင်ရဲကျော် ဆိုတဲ့ကောင် အဲ့လိုကြီး ထဖောက်လိမ့်မယ်လို့ ကျနော် ထင်မထားဘူး။ တကယ့်ကောင် အရင်ကကျ အန်တီကြီးကို ဆရာမကြီးဆရာမကြီး နဲ့ ဇွတ်တွေ ဂါနေတာ။ ဟိုအဖွားကြီး ကလည်း ဝန်ထမ်း မို့လို့သာပဲ အပေါက်က ဆိုးချက်။ ဒါကြောင့် ဒီကောင်က အချဉ်ပေါင်းနဲ့ မျက်နှာလိုမျက်နှာရ လုပ်နေတာ။
“အမလေး မစားပါဘူးတော်။ စာကြည့်တိုက်ထဲလာပြီး စာဖတ်ရင်ထားပါဦး။ လာအိပ်တဲ့ ဟာတွေကရှိသေး။ တစ်နှစ်နေလို့ စာအုပ်တစ်အုပ်မပြီးတဲ့ ဟာလေး”
စာကြည့်တိုက်မှူးကတော့ အောင်ရဲကျော်ကို ပွစိပွစီ နဲ့ အပြစ်တင်ရင်း ကျန်ခဲ့တယ်။ အောင်ရဲကျော်ကတော့ စာကြည့်စားပွဲပေါ် ခေါင်းမှောက်နေတဲ့ ဆန်းဝင်းနိုင်ကို ကြည့်ရင်း လေသံတိုးတိုးဖြင့်
“တွေ့လား စိုင်းရွက်ဟိန်း ဘွားတော်က ငါတို့ကို ကောနေတာ”
“မင်းတို့ခေါ်လို့သာ လိုက်လာရတာပါကွာ။ မင်းတို့ လုပ်နေတာလဲကြည့်ဦး စာကြည့်တိုက်ထဲလာပြီး အိပ်ရတယ်လို့”
“မင်းကလည်း ပထမဆုံး ကျောင်းလစ်တဲ့ နေ့လေး ပျော်ပျော်နေစမ်းပါဟ”
“ဟေ့ကောင် ငါက chemistry စာအုပ် တကယ်ပျောက်သွားလို့ ကျောင်းလစ်တာကွ။ မင်းတို့လို အားတိုင်းယားတိုင်း အပြင်ထွက်နေတယ်ထင်နေတာလား”
ဟုတ်ပါတယ်။ ဒါက ကျနော့်ရဲ့ ပထမဆုံးကျောင်းလစ်တဲ့နဲ့ ဒေါ်အိဖြူဇင်က ကိုးတန်းက ဆရာမတွေထဲမှာ အကြောက်ရဆုံးပဲ။ သူက မရိုက်ဘူး စကားကလည်း ချိုသာတယ်။ ဒါနဲ့များ မင်းတို့က ဘာလို့ကြောက်နေတာလဲဆိုရင် သူက စကားချိုသာလို့ပေါ့ဗျ။
“သားရယ် ဆရာမက သားတို့ကို တက်စေချင်လွန်းလို့ စေတနာနဲ့ ညဘက်ဆို စာအုပ်တွေ၊ fbပေါ်က page တွေဆိုလည်း ဪ ငါ့တပည့်လေးတွေ ကို ရှင်းပြလို့ ရပါစေတော့ဆိုပြီး ဖတ်ထားတယ်။ ဒီကြားထဲ chemistry for dummies တို့ ဘာတို့ကိုလည်း အချိန်ကုန်ခံပြီး ဆရာမ က သေချာ dictionaryတွေနဲ့ တိုက်ပြီး လေ့လာခဲ့တာလေ၊ ဆရာမက အားနည်းတယ်လေ သိတယ်မလား”
အဲ့လိုမျိုး ပြောတာဗျ။ သူဆူတာက ဆူတာနဲ့ မတူဘူး။ ကျောင်းသားတစ်ယောက်က သူ့ကိုယ်သူ စောက်ရမ်းတွေ မုန်းမိသွားအောင်ကို ပြောနိုင်တာ။ သူက သမိုင်းမေဂျာနဲ့ ကျောင်းပြီးတာ ဒါကို သူကို ဘာသာ ရပ်ခွဲတော့ chemistry တဲ့ အတန်းကြီးတွေကတော့ ပြောရှာသား။
“Chemistry for dummies စာအုပ်ဖတ်ခဲ့တာပါဘာညာ ပြောတယ် ဟုတ်တယ်မလား။ ငါ့ကောင် ငါတို့တုန်းကလဲ အဲ့လိုပဲ ပြောတာတဲ့”
ပြောရရင် ဒေါ်အိဖြူဇင်က ဆရာမဆိုပေမဲ့ မိန်းမတို့ တက်အပ်သော မာယာ များကို ကျွမ်းကျင်လိမ္မာစွာ တက်မြောက်တာပဲ။ အခု ကျနော်က စာအုပ် တကယ်ပျောက်တာ။ ဒါကို သူ့ကို သွားပြောရင်
“သား ဆရာမကို လိမ်တတ်နေပြီပေါ့။ သားလေးကိုလေ ဆရာမက ကိုးတန်း မရောက်ခင်ကတည်းက ဪ ဒီရှမ်းလေးက မတူရှာဘူး ဟဲ့ ထင်ထားတာ”
ဆိုပြီး ပြောပါလိမ့်မယ်။ အဲဒါကြီးက တော်တော်ခံရခက်မှာ။ ဆရာဗိုလ်ဟိန်း နဘမ်းကျင်းတာကမှ တစ်မိနစ်လောက် မူးရုံပဲဖြစ်မှာ။
“နေစမ်းပါဦး အောင်ရဲကျော် ငါမေးပါ့ရစေဦး ငါလည်း စာလေးဘာလေး ဖတ်ပါတယ်ဟ မင်းပြောတဲ့ ဂျွန်ဝင်းမောင် ဆိုတဲ့ စာရေးဆရာ တစ်ခါ မှ မကြားဖူးဘူး”
“သူက အင်္ဂလိပ်ခေတ်က စာရေးဆရာ ကွ သူ့စာအုပ်တွေ နောက်ဆုံးထုတ်တာ ၁၉၅၃ တဲ့”
“အေ ဟုတ်လား တော်တော်ရှေးကျတာပဲ”
“အေး ငါတောင် စာအုပ်ဖတ်ရင် စာရွက်လေးပွတ်မိတာ ကြွေကျ သွားတာ ငါ့ကောင်ရေ”
“သူက ဘာတွေ ရေးလို့လဲ”
“ပြဇာတ်တွေကွ အဲ့ခေတ်တွေက ပြဇာတ်တွေ ခေတ်စားကြတာ ဝန်ကြီးဦးနုတို့က အစ ပြဇာတ်ရေးဆရာတွေပဲ “
ကျနော် အောင်ရဲကျော်ကို အထင်ကြီးမိသွားတယ်။ ဒီကောင် တော်တော် လေ့လာထားတာပဲ။ ကျနော်တို့ အဆောင်နေခြောက်ယောက်ထဲမှာ နန်းအေးမြို့သားဆိုလို့ ဝင်းမင်းဦး နဲ့ အောင်ရဲကျော်ပဲ ရှိတာပါ။ ကျနော်က ဘန်းယဉ်က လာတာ။
“ဒါနဲ့ သားကြီး မင်းက ဘာလို့ ပြဇာတ်တွေ ဖတ်နေတာလဲ”
“မင်း မသိလောက်ဘူး ငစိုင်း ငါတို့ဆီမှာ သုံးနှစ်တစ်ခါ ပြဇာတ်ပြိုင်ပွဲ လုပ်တာကွ။ မြို့တော်ဝန်ဖလားနော်”
“ ဟာ တကယ်ကြီး “
“အေးကွ ငါတို့က ပြဇာတ်ရေးရတာရော၊ ဇာတ်တိုက်ရတာရော တကယ်ပျော်စရာကြီးကွ၊ အဲ့အချိန် စိတ်ကြိုက်ကဲ ဦးရည်မွန် ရှိစဉ်အခါကတောင် အဲ့လို အချိန်မျိုးဆိုရင် ဘာမှ မပြောဘူး”
ကျောင်းသားဆိုတော့ ကျနော်က စာလုပ်ရမဲ့ ကိစ္စကလွဲရင် အကုန်စိတ်ဝင်စားပါတယ်။ တကယ်လည်းရင်ခုန်မိတယ် ဘယ်လိုလာမလဲ။ ဘာလုပ်ကြမှာလဲ
“ဒါဆို မင်းက ဂျွန်ဝင်းမောင် ရဲ့ ပြဇာတ်တွေကို ကချင်တာပေါ့။ အေး မနေ့က ငါဖတ်တဲ့ ဧကရီ တမ်းချင်းဆိုတဲ့ ပြဇာတ်ဆိုရင် စောမွန်လှက သူ့ မောင်တော် စောခွန်နောင် သေလို့ အနော်ရထာကို စစ်ချီ ပြီး ပြန်တိုက်တဲ့ ဇာတ်လမ်း”
ကျနော် မျက်လုံး ပြူးသွားတယ်။ ဒါက သမိုင်းမှ မဟုတ်တာ။
“ဟေ့ကောင် မင်း ပြဇာတ်ရေးတဲ့ ဘဲက ရူးများနေတာလား။ သမိုင်းမှာ အဲ့လိုမှ မဟုတ်တာ စောမွန်လှကလေ”
“တော်တော့ ငစိုင်း မင်းသိလား အစ်မတော်စောမွန်လှက ငါ့အိမ်က ကိုးကွယ်တဲ့ နတ်။ ငါသိတယ် သမိုင်းကို။ ဒါက Alternative History လို့ခေါ်တယ်”
“ဟေ့ကောင် ဒါမျိုးရေးတော့ သူ့ မဆဲကြဘူးလား”
“ဆဲတာပေါ့၊ အင်္ဂလိပ်ခေတ် သတင်းစာတိုင်းလိုလိုက သူ့ရဲ့ ပြဇာတ်ကိုဖဲ့တာ ဖဲ့တဲ့အထဲမှာ ဟံသာဝတီဦးဘရင်တောင်ပါသေး။ သူ့ရဲ့ ကျန်ရစ်ကြောင်းဖြူဖျင်ပတ်လှူ ပြဇာတ်က ကျန်စစ်သားက ဘုရင်ဖြစ်လာတော့ သူ့ကို စစ်ပြေးဘဝတုန်းက နှိမ်ခဲ့တဲ့ သမ္ဘူလနဲ့ သမ္ဘူလအဖေကို အင်္ကျီချွတ် ဖျင်ပတ်ပြီး ဘုရားကျွန်အဖြစ် လှူတဲ့ဇာတ်လမ်းကွာ”
“ဟာ တော်တော်ဆိုးနေပြီ အဲဒါတွေက ဘယ်ရာဇဝင်မှာမှ မပါဘူးလေ။ မင်းလူက ရာဇကုမာရ် ဇာတ်လမ်းတစ်ခုလုံးကို ကပြောင်းကပြန်တွေ လုပ်နေတာ”
“ ဒါပေမဲ့ ဖတ်ကောင်းတယ်ဟ “
ကျနော်တော့ စာရေးဆရာ ဂျွန်ဝင်းမောင် အဲ့ခေတ်မှာ ဘယ်လို များနေခဲ့လည်း မသိပေမဲ့ ကျနော်တော့ အဲဒီဘဲအစား ဇာတ်ယားမိပါတယ်။ သမိုင်းဆိုတာ သွားမစ သင့်တဲ့ အထဲမှာ ပါတယ်လေ။ အခုထိတောင် ရှေးသုကဘဲတွေနဲ့ သမိုင်းကဘဲတွေ ငြင်းကြခုန်ကြတုန်းလေ။
“အဲဒါ ငါက အဲ့နေ့က အချစ်တစ်ပွဲစစ်ပွဲတစ်ရာ နဲ့ ဧကရီတမ်းချင်း နှစ်အုပ်ကို ခက်ခက်ခဲခဲ ရှာတွေ့တာ။ ဒါပေမဲ့ ငါတို့က စာကြည့်တိုက်ကတ်မရှိတော့ တစ်ခါဌား တစ်အုပ်ပဲ ဌားလို့ရတာ။ အဲဒါနဲ့ ဧကရီတမ်းချင်းကို ဌားပြီး စစ်ပွဲတစ်ရာကို နောက်အပတ် လာဌားမယ် သိမ်းထားပါဆိုပြီး ပြောတာကို ဟိုအင်္ဂလိပ်ကျောင်းက လာဌားတာ ပေးလိုက်တယ်တဲ့ လိ”
ကျနော်တို့ကျောင်းက စာကြည့်တိုက်ကတ် မရှိဘူး။ လုပ်လည်း မလုပ်ပေးဘူး။ YIS က လူတွေက စာသင်နှစ်စကတည်းက ကျောင်းသားတိုင်း စာကြည့်တိုက်ကတ် ရတယ်။ စာကြည့်တိုက်ကတ် ရှိတာရဲ့ အားသာချက်က စာအုပ်ကို ကြိုက်သလောက် ဌားလို့ရတာပဲ။ ဒါပေမဲ့ ကျောင်းသားကတ်တောင် သီတင်းကျွတ် ရောက်မှ ထရိုက်ရတဲ့ ကျနော်တို့က ဘာဆို ဘာမှ လုပ်မရဘူး။ နောက်ပြီး ကျနော်တို့ကလည်း စာအုပ်ဆိုလို့ တာတေလောက်ပဲ ဖတ်တာကိုးဗျ။
“အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ ကရော ဘယ်သူ့သမိုင်းကို ပုံဖျက်ထားတာလဲပြော”
“အဲ့ဒါက ဒီနန်းအေးမြို့ မတိုင်ခင်က စောဒေဝီသခင်မကြီးရဲ့သားငါးယောက်နဲ့ တပ်မှူးဇေယျသူရဲ့ စစ်ပွဲတစ်ရာအကြောင်း ရေးထားတာ”
“စစ်ပွဲတစ်ရာဆိုတာက ဘာလဲ”
ကျနော် မေးလိုက်တယ်။ ကျနော်ဒီကို ရောက်တဲ့ သုံးနှစ်အတွင်း စစ်ပွဲတစ်ရာ တုန်းက ဖြစ်တာ။ မင်းတို့က စကားပြောရင် စစ်ပွဲတစ်ရာက မတက်တော့ဘူး ဆိုပြီး ပြောကြတာကိုး။
“အဲဒါက နည်းနည်း ရှုပ်တယ်”
“ဟဲ့ ဟိုကောင်လေး ဟိုမှာ နင်ဖတ်ချင်နေတဲ့ စာအုပ် ကလေးမလေး ပြန်လာအပ်နေပြီ”
စာကြည့်တိုက်မှူး အန်တီကြီးရဲ့အသံကြောင့် အောင်ရဲကျော်က ငေါက်ခနဲ ထ ထိုင်လိုက်ပြီး
“ကျေးဇူး မမဖက်တီး”
ဆိုပြီး ပျော်ရွှင်စွာထ သွားပါတော့တယ်။ စာအုပ်ကောင်တာမှာတော့ အရပ်ရှည်ရှည်နဲ့ ကောင်မလေး တစ်ယောက်။
ဆက်ရန်
******