← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

“ဒီစာအုပ်ကို ညီမလေး ဌားသွားတာလား မသိပါဘူး။ ကိုယ်က အကောင်တစ်ကောင် ကောင် ငှားသွားတယ် ထင်နေတာ”

နန်းအိမ့်ခန်း က သူ့ရှေ့မှာ ရပ်နေတဲ့ အသားမည်းမည်း ဆံပင်ထောင်ထောင် ပုဂ္ဂိုလ်ရဲ့ စကားကို မကြားနိုင်ပါ။ သူမ စိတ်ထဲတွင် တွေဝေနေသည်။ အောင်ရဲကျော်ကတော့ ဟစော်က အထာကြီးနဲ့ ချေလိုက်တာ လို့ တွေးမိတယ်။ အနည်းဆုံးတော့ ဪအင်း တစ်ခွန်းခွန်း တော့ ပြန်ပြောပေါ့၊ အခုက ဘယ်လိုကြီးလဲ ပေါ့။ ဒါပေမဲ့ နန်းအိမ့်ခန်းက သူ့အတွေး နဲ့ သူ မျောနေတာ အောင်ရဲ‌ကျော် ကို သတိတောင် ထားမိဟန် မတူ။

သူမ အတွေးထဲမှာ သူမ ကို ဒီစာအုပ်ငှားလာကတည်းက တစ်ပတ်လုံး ခြောက်လှန့်နေသော အသံရှင်အကြောင်း စာအုပ်ထဲမှာပါတဲ့ စာသားတွေကို တွေးနေမိတယ်။

“သမီးလေး ဒီနေ့ ရော စာအုပ်ငှားဦးမှာလား”

စာကြည့်တိုက်မှူး ရဲ့ အသံကြားမှ သူမ သတိပြန်လည်လာပြီး

“ဪ တော်ပါပြီ။ နန်းအခုတလော နုံးချိနေလို့ စာလည်း မဖတ်ဖြစ်ပါဘူး”

အောင်ရဲကျော်ကလည်း အကဲခတ်မိပါတယ်။

“ဒီစော်ကြည့်ရတာ ညဇီးကွက် ဖြစ်မယ်။ မျက်ကွင်းတွေကို ချိုင့်နေတာပဲ။ အိပ်ရေးမပျက်စေနဲ့။ မင်းရဲ့ မျက်ကွင်းလေးတွေ ညိုပြီး မည်းမယ်”

နန်းအိမ့်ခန်းက ပြန်ဖို့လုပ်ရင်း လှည့်လိုက်မှ သူ့ကို အားရပါးရ ကြည့်ပြီး အကဲခတ်နေတဲ့ အောင်ရဲကျော်နဲ့ မျက်လုံးချင်း ဆုံမိသွားတယ်။ အောင်ရဲကျော် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ

“အဟီး”

ဆိုပြီး ထရယ်ပြလိုက်တယ်။ နန်းအိမ့်ခန်းကလည်း ဟယ်ကြောင်တောင်တောင် နဲ့ ဆိုပြီး ဝတ်ကျေတန်းကျေ နှုတ်ခမ်းလေး တွန့်ရုံ တွန့်ပြပြီး ပြန်ထွက်သွားပါတယ်။ အောင်ရဲကျော်က မှန်တံခါးကနေ နောက်ဆုံး နန်းအိမ့်ခန်း မှန်လုံကားလေးထဲကို ဝင်သွားပြီး ဘီလေး တစ်လှိမ့်ချင်း လိမ့်ရင်း ထွက်သွားတာကိုပါ ကြည့်နေမိတယ်။ ကားလေး မောင်းထွက်သွားမှ အောင်ရဲကျော်တို့ သုံးယောက် စီးလာတဲ့မိကျောင်းတံဆိပ် စက်ဘီးလေး နှစ်စီးဟာ ပလက်ဖောင်းရဲ့ တစ်ဖက်မှာ ဘွားခနဲ သိမ်ငယ်စွာ ပေါ်လာပါတယ်။

“ဟဲ့ကောင်လေး နင်လိုချင်နေတဲ့ စာအုပ်ရပြီလေ သုံးရက်ပဲနော်။ သုံးရက်ထက် ပိုမဌားဘူး”

“ဟုတ်ပါပြီ မမဖက်တီးရယ် ဟုတ်ပါပြီဗျ”

..

ကျနော်တို့သုံးယောက်လည်း အဲ့နေ့က အပျော်လွန်ပြီး လည်နေမိတာ သုံးနာရီ ခွဲသွားပါလေရောဗျ။ အမှန်တကယ် ကျောင်းလစ်တယ်ဆိုတာ။ နှစ်နာရီခွဲရင် အရောက်ပြန်လာရတယ် ကျောင်းတံခါးဟာ နှစ်နာရီခွဲမှာ ဖွင့်တယ်။ အဲ့အချိန် သူငယ်တန်း နဲ့ ပထမတန်းတွေ ကျောင်းဆင်းတယ် အဲ့အချိန် ကျောင်းသားမိဘတွေက ကြိတ်ကြိတ်တိုးပေါ့။ အဲ့အချိန် ကျောင်းထဲကို ရောဝင်ပြီး အတန်းထဲမှာ နောက်ဆုံးအချိန်ကို ဟန်မပျက် ဝင်တက်တာပေါ့။ နောက်ဆုံးအချိန်က များသောအားဖြင့် စာရိတ္တတို့၊ ဘဝတွက်တာတို့၊ ရသတို့လို ဆရာမတွေ စိတ်ပါမှ လာသင်တဲ့ ဘာသာရပ်တွေ ဆိုတော့ အေးဆေးပေါ့။

ဒါပေမဲ့ ကျနော်ပထမဆုံး ကျောင်းလစ် ပါတယ်ဆိုတဲ့နေ့ကျမှ ဟိုကောင် ဆန်းဝင်းနိုင် ရဲ့ နာရီက ပျက်နေတယ်။ ပထမဆုံး ကျောင်းလစ်ပါတယ်ဆိုမှ အောင်ရဲကျော်ဆိုတဲ့ ကောင်က သော့ကျပျောက်ပါတယ်ဆိုပြီး လုပ်တယ်။ ပြီးမှ သော့ကို သူ့ အိတ်ကပ်ထဲ ထည့်ထားတာတဲ့။ တကယ့် နမော်ကောင်။ ကျနော့်မှာ နောက်တစ်ခါ ဘယ်သောအခါမှ ကျောင်းမလစ်ချင်တော့အောင် ဖြစ်သွားတယ်။

ကျနော်တို့ ကျောင်းရှေ့ ရောက်တော့

“သားကြီးတို့ရေ ခွေးဖြစ်ပြီဟေ့။ ကျောင်းသားတွေရော မိဘတွေရော မရှိတော့ဘူး”

ကျောင်းအရှေ့ တစ်ခုလုံး ပြောင်ရှင်းနေတာပဲ ဘယ်သူမှ မရှိ။ ခါတိုင်း အာတာပူစီကို ငါးနာရီအထိ ရောင်းနေတဲ့ အနဲတောင် အခုမရှိတော့ဘူး

“မရှိမှာပေါ့။ လေးနာရီတောင် မတ်တင်း နေပြီ”

ဆန်းဝင်းနိုင်က သူ့နာရီ ကို ကြည့်ရင်း ပြောလိုက်တယ်။

“ဟေ့ကောင် မင်းနာရီက အခု ကျ ကောင်းသွားပြီလား”

ကျနော် မေးလိုက်တယ်။

“အစကတည်း‌က ကောင်းတယ် ငါ့နာရီက F shock ကွ G shock နာရီအတုလေး‌‌ေပမဲ့ မပျက်ဘူး။ မင်းကြည့်ရတာ လောနေလို့ ငါ သပ်သပ်အချိန်ဆွဲထားတာ။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစမ်းပါ”

သေပါလေရော။ ဒီနှစ်ကောင်က ကျနော့်ကို ပေါင်းကြပ်လိုက်တာပဲ။ ဒါဆိုရင်

“ဟေ့ကောင် အောင်ရဲကျော် မင်း..မင်း ဒါဆို ငါ့စာအုပ် မင်းဖွက်ထားတာပေါ့”

အောင်ရဲကျော်က ရယ်ချင်ပက်စိ မျက်ခွက်နဲ့ လျှာလေးထုတ်ပြရင်း

“မင်းပဲ လစ်ဖူးချင်လိုက်တာ။ လစ်ဖူးချင်လိုက်တာနဲ့ ပြောနေလို့ ။လစ်ဖူးတယ် ရှိအောင်လုပ် ပေးတာ “

ဒီကောင် ပြောတော့လွယ်လွယ်လေး။ ကျနော်ကတော့ စိတ်လှုပ်ရှားသလို ဒီကောင်တွေကို ယုံမိလို့ နောင်တပါရတယ်။

ဒါနဲ့ကျနော်တို့ သုံးဦးသား စက်ဘီးလေးနှစ်စီးကို တွန်းပြီး ကျောင်းထဲကို ဝင်လာပါတယ်။ ဟိုနှစ်ကောင်တော့ မသိပေမဲ့ ကျနော်ကတော့ အပြစ်လုပ်ထားသလို ခေါင်းကို ငိုက်စိုက် ငိုက်စိုက်နဲ့

“ကဲ အခုဘယ်ကနေ ပြန်လာကြတာလဲ ကိုယ်တော်တို့”

ကျောင်းထဲ ဝင်လိုက်တာနဲ့ ဆရာမဒေါ်မြပုလဲသွယ်ရဲ့အသံက စကြားလာရတယ်။ ဆရာမက ကျနော်တို့ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေတယ်။ သူ့ဘေးမှာတော့ အင်္ဂလိပ်ဆရာမ ဒေါ်တင်တင်အေး။

“ဟဲ့ အကောင်တွေ ဆရာမကြီး မေးနေတယ်။ ဖြေလေဟယ် နင်တို့မလဲ ဆရာဗိုလ်ဟိန်းလည်း ဒေါသထွက်နေတာနော်။ မင်းတို့ကွယ်”

ဆရာဗိုလ်ဟိန်း ဒေါသထွက်နေတယ် ဆိုတာ ကြားတော့ ကျနော့် ခြေထောက်တွေပါ ခွေယိုင်သွားချင်စိတ် ပေါက်သွားတယ်။ ဒီနေ့တော့ မတွေးရဲစရာဘဲ။ မဲကျရာ စစ်ကိုင်းတောင်ရိုး ပဲ။

“ရပါတယ် ဆရာမ ဆရာဗိုလ်ဟိန်း သူတို့ကို ရိုက်စရာမလိုပါဘူး။ လူပျိုကြီးတွေ ဖြစ်နေပြီပဲ ရိုက်လို့ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ ရိုက်မဲ့အစား အပြစ်ကလေး ဘာလေး ပေးလိုက်ရင်ရပါတယ်။ ဟုတ်တယ်မလား ကိုယ်တော်တို့”

ကျနော်နဲ့ အောင်ရဲကျော် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ရင်း

“ဟုတ်ပါတယ်ဆရာမ နောက်တစ်ခါ မဖြစ်စေရပါဘူး”

“ကျနော်တို့ ဆရာဗိုလ်ဟိန်း ရိုက်တာကို ခံပါမယ်။ ဆရာမပေးတဲ့ အပြစ်ကိုတော့ မယူပါ့ရစေနဲ့”

“ဘာ ဘယ်လို”

“ဟိုက်”

ဆန်းဝင်းနိုင်ရဲ့ စကားကြောင့် ကျနော်အပါအဝင် ဆရာမဒေါ်မြပုလဲသွယ်ရော ဒေါ်တင်တင်အေးပါ မျက်လုံးပြူးသွားတယ်။

ဆန်းဝင်းနိုင် က ဘာလုပ်တာလဲဗျ။ ဆရာဗိုလ်ဟိန်း ရိုက်တာခံမလား ကျားနဲ့ ကစ်စုပ် မလားလို့ မေးရင် နန်းအေးမြို့မကျောင်းသားတွေက ကျားနဲ့ပဲ ကစ်စုပ်လိုက်ကြမှာဗျ။ ဒီကောင်က ရိုက်ခံရတာကို စွဲလမ်းနေတာလား တော့မသိဘူး။ စွဲလမ်းနေတာက သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီကောင် သုံးသွားတဲ့ နာမ်စားက အများဆိုင်ကြီး ဖြစ်နေတယ်။

ကျနော်တို့ တဲ့ သူ့ဟာသူ ရိုက်ခံလေ ဘာကို ကျနော်တို့လဲ။

“ကျနော်က ဆရာမပေးတဲ့ အပြစ်ပဲ ခံမှာပါဗျာ”

“ကျနော်လည်း ဆရာဗိုလ်ဟိန်း ပေးတာပဲ ခံမှာ”

“ဟာဟေ့ကောင်”

အောင်ရဲကျော်ဆိုတဲ့ ကောင်ကပါ ထပြောရော။ ဒီကောင်က ဆန်းဝင်းနိုင် ပြောလို့ လိုက်ပြောနေမှန်း သိသာတယ်။ သူ့မျက်နှာထားက ဆန်းဝင်းနိုင်လို တည်တည်ကြည်ကြည် ရုပ်မဟုတ်ဘူး။ ချွေးသီးတွေက နားထင် ကနေ စီးကျနေတယ်။

ဒီကောင် ကြောက်နေတယ်။ ဒါပေမဲ့ ဆန်းဝင်းနိုင် ကြောင့်သာ။

ဆရာမ ဒေါ်မြပုလဲသွယ်က သူ့ရဲ့ မျက်မှန်ကို ပင့်တင်လိုက်ရင်း

“ကောင်းပြီလေ မင်းတို့သဘောပေါ့။ ငါကတော့ ကျောင်းသားတွေ ကို ရိုက်ဟယ် နှက်ဟက် လုပ်တာ တကယ်သဘောမကျဘူး”

ဆရာမရဲ့ အသံက စောစောကလို ကြည်ကြည်လင်လင် မဟုတ်တော့ဘူး မာနေပြီ။

“အဲဒါ ဆရာမ ကိစ္စ ပါ”

ဆန်းဝင်းနိုင်က ပြောလိုက်ပြန်တယ်။ ဒါတော်တော်ရိုင်းတာပဲ။ ဒေါ်တင်တင်အေး ကတောင် ဟဲ့ကလေး ဆိုပြီး လှမ်းပြောလိုက်သေးတယ်။

ဆရာမက ဆန်းဝင်းနိုင် ရဲ့ လိမ္မော်ရောင် မျက်လုံးတွေကို စိုက်ကြည့်တယ်။ ဆန်းဝင်းနိုင် ကလည်း ပြန်ကြည့်တယ်။

“ကဲပါ မင်းတို့ဆရာက မင်းတို့ကို ရိုက်ဖို့ ဝါယာတိပ်တွေတောင် လာတောင်းသွားတယ်။ ကြိမ်လုံးကို ပတ်ဖို့တဲ့ ကြွပါ”

ဟိုနှစ်ကောင်က ဆရာဗိုလ်ဟိန်းရှိရာ အဆောင် အပေါ်ထပ်ကို တက်သွားပါတယ်။ ကျနော်ကတော့ မတက်နိုင်။ ခြေထောက်တွေက ကော်နဲ့ကပ်ထားသလို တောင့်တောင့်ကြီး။

“မင်းက ဘာလုပ်နေတာလဲ လိုက်မသွားဘူးလား”

ဒေါ်မြပုလဲသွယ်က ကျနော့်ကိုမေးတယ်။

“ကျနော် ဆရာမပေးတဲ့ အပြစ်ပဲ ခံပါ့ရစေ”

ဆရာမက ဘာမှ ပြန်မပြော။ ကျနော်က မြေကြီးကိုပဲ စိုက်ကြည့်နေလို့ သူ့မျက်နှာ ဘယ်လိုဖြစ်နေမယ်မသိ။

“မင်းက သုံးယောက်အတူတူ ကျောင်းပြေးတယ်။ အခု မိတော့ မင်းသူငယ်ချင်းတွေက သူတို့သွားမဲ့လမ်းကို သူတို့ရွေးတယ်။ မင်းကတော့ အခုကျမှ သစ္စာဖောက်ပြီး မင်း အရိုက်မခံရဖို့ ရွေးမယ်ပေါ့”

“ဟုတ်ကဲ့”

ကျနော့်စကားကြောင့် ဒေါ်မြပုလဲသွယ် က ခွိခနဲ ရယ်လိုက်တယ်။

“ကဲပါကွယ် ဒါဆိုလည်း ကျောင်းနားက အမှိုက်တွေ မင်းလိုက်ကောက်ပါ။ ပြီးရင် ပန်းပင်တွေပါ ရေလောင်း လိုက်”

“ဟုတ်ကဲ့ပါ”

ကျနော် အမှိုက်တွေ လိုက်ကောက်နေတုန်း အပေါ်ထပ်ကနေ

“ဖုန်း... ဖုန်း.. ဖုန်း”

ဆိုတဲ့ ရိုက်သံကြီးတွေ ထွက်လာတယ်။ အချက်နှစ်ဆယ်‌လောက် ရှိမယ်ထင်တယ်။ မသိရင် မွေ့ယာ ကြီးကို ရိုက်ပြီး ဖုန်ခါနေသယောင်ယောင်။

ဒီအသံဆိုးတွေကြောင့် ဒီဖြစ်ရပ်ဆိုး ကြီးကနေ လွတ်လာတဲ့ ကျနော် ကိုယ်တိုင်တောင် ကြက်သီးမွေးညှင်း ထမိပါတယ်။ ဟိုနှစ်ကောင်တော့ ဘယ်လို နေမယ်မသိ။ ကျနော် နားမလည်တာက ဆန်းဝင်းနိုင် ဆိုတဲ့ကောင်က ဘာအထာကြီးလဲဆိုတာပါပဲ။ ဒီကောင်က ဆရာဗိုလ်ဟိန်းကလွဲလို့ ကျန်တဲ့ ဆရာမတွေကို လူလို့ရော သတ်မှတ်သေးလား

“ဟဲ့ ဟိုကောင်လေး ဘာတွေ စဉ်းစားနေတာလဲ။ ရေပုံးယူပြီး လောင်းတော့လေ”

“ဟုတ် ဟုတ်ကဲ့ ဆရာမ”

...

ပုဝါဖြူ မင်းသမီး သူ ဘယ်မှာလဲ။

လူကြီးတစ်ယောက် ရဲ့ မေးမြန်းသံကို သူမ ကြားနေရတယ်။ ပုဝါဖြူတဲ့။ ဒါ နာမည်အသစ် အခုတလော ကြားဖြစ်တဲ့ နာမည်။ တစ်ခုခု ကတော့ ထူးခြားတော့မယ်။ သူတို့ ဘာကိုပြောချင်နေတာလဲ။

လာနာက အတွေးထဲမှာ စကားတွေ ပြောဖြစ်နေတယ်။ ရုတ်တရက် ပုဝါဖြူဖြူ တွေဟာ လာနာ ရဲ့ မြင်ကွင်းကို ပိတ်ဆို့သွားတယ်။ တောင်ကုန်းကြီးပေါ်ကို သူမ ရောက်နေပြန်ပြီ။ မွန်းကြပ်စရာတောင်ကုန်းကြီး ဒီတောင်ကုန်းက နန်းအိမ့်ခန်း ရောက်ခဲ့တဲ့ တောင်ကုန်းဆိုတာ သေချာတယ်။

ဝါးနဲ့ဆောက်ထားတဲ့ တဲအိမ်လေးတစ်ခု တဲအိမ်လေးရဲ့ တံခါးဟာ ဟလျက်ပဲ အထဲမှာတော့ နန်းအိမ့်ခန်း ပြောသလို ဘာမီးရောင်မှ ရှိမနေ။

ဘာကြောင့်ဘာမှ ရှိမနေတာလဲ တစ်ခုခု လား ဒါမှမဟုတ် မီးက ထွန်းပေးမှ လင်းတာလား။

လာနာက အရမ်းတွေးမိ နေတယ်။

“ဗ..လ...ရောင်”

အသံတစ်သံ ထွက်ပေါ်လာတယ်။ ကြီးကောင်ဝင်ကာစ ကောင်လေးတစ်ယောက် ရဲ့ အသံမျိုးပဲ။

“ဖျောက်”

အို တဲအိမ်ထဲမှာ မီးလင်းသွားသည်။ လာနာက တဲအိမ် ရှိရာကို ကပ်သွားလိုက်သည်။ တဲအိမ်ထဲကို ဝင်ကြည့်သည်။ မီးဟာ ဆီမီးခွက် ထဲမှာ ထွန်းထားတာပဲ။ ပြဿနာကို မီးခွက် ထွန်းရှာတာ ရဲ့ အဓိပ္ပာယ်လား။

လာနာ က မီးခွက် ကို သေချာ စိုက်ကြည့်နေသည်။

သူ့ရဲ့ အနောက်မှာ အနီရောင်ဝတ်ရုံ ခေါင်းမြီးခြုံထားသည့် အရိပ်အယောင် တစ်ခု ပေါ်လာတာကိုပင် သူ သတိမထားမိ။

ထိုအရိပ်က သူမ အနီးသို့ တဖြည်းဖြည်း ကပ်လာသည်။

..

“ဟာ “ အောင်ရဲကျော်က သူဖတ်နေသည့် စာအုပ်ရဲ့ စာမျက်နှာပေါ်ကို အနီရောင် အစက် တစ်စက် ကျလာတာကြောင့် ကြောင်သွားသည်။ သူ့နှာခေါင်းကို သူပြန်ကိုင်ကြည့်သည်။ နှာခေါင်းသွေးများ လျှံနေရော့လား။ ဒါပေမဲ့ သူ့နှာခေါင်းမှာ ဘာမှမရှိ။

“ဘယ်လိုလဲ အီ မှ အီ ရဲ့လား”

ဝေလင်းဖြိုးက လှမ်းမေးသည်။ ‌

“အီတာပေါ့ကွာ။ ငါ့ပေါင်တစ်ခုလုံး ‌ပူနေတာပဲ”

“ပြီးရင် ယားလာလိမ့်မယ်။ ကြည့်နေ အရှိုးရာဆိုတာ အဲ့အတိုင်းပဲ ရလာကာစ နာလာတယ်။ နောက် ထုံလာတယ်။ စပ်လာတယ်။ ပြီးရင် ယားလာရော”

“မင်းကလည်း ဖင်ယားပါတယ်ကွာ။ ဟိုကောင် ရိုက်ခံတာနဲ့ လိုက်ရိုက်ခံရတယ်လို့ ဟိုကောင် ငစိုင်းဆို အရိုက်မခံရဘူး”

“သားကို ဆရာမ အပြစ်ပေးပြီးသွားပါပြီ။ ဆြာ”

ဝင်းမင်းဦးက ကလေးလေသံလေး လုပ်ပြီး စိုင်းရွက်ဟိန်းကို ပြောင်လိုက်တယ်။

“ပြောမနေနဲ့ ။တော်နေကြာ သူ့အိမ်က ပို့လာတဲ့ မုန့်တွေ မင်းကို မကျွေးတော့ဘဲ နေလိမ့်မယ်”

“ဟိုကောင်တွေ ဆရာဗိုလ်ဟိန်းက လာခဲ့ပါဦးတဲ့။ ဒါနဲ့ ခွေးမသားတွေ မင်းတို့ ငါ့အတင်း ပြောနေတာမလား”

စိုင်းရွက်ဟိန်းက မေးလိုက်တယ်။

“မဟုတ်ပါဘူး စည်ပင်ဝန်ထမ်း အမှိုက်ကောက်သမားလေးအကြောင်း ပြောနေတာ”

“ယီလား မအေဘေးတွေ လာခဲ့ကြတော့”

သူတို့လည်း ဆရာဗိုလ်ဟိန်းရှိရာ အခန်းဘက်ကို ကူးသွားကြတယ်။

အောင်ရဲကျော်ရဲ့ စားပွဲပေါ်မှာတော့

‘အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ’ဆိုတဲ့ စာအုပ်ရဲ့စာမျက်နှာတွေဟာ တဖြတ်ဖြတ် ရွေ့လျားနေတယ်။

“ဗလရောင်”

ဆက်ရန်

******

All Chapters