အခန်း (၁၁)
Vol. 1 Ch. 11
“ဆရာပြောမှာက မင်းတို့ ခြောက်ယောက်လည်း သိပြီးသား ကိစ္စတွေပါပဲ”
“ဆရာဗိုလ်ဟိန်းနှယ်ဗျာ မသိလို့ အသိပေးဖို့ ခေါ်ပါတယ်ဆို။ မင်းတို့လည်း သိပြီးသားပါဆိုတော့ ဘယ်လိုကြီးလဲဗျ”
ဆရာဦးမင်းရောင်က ဆရာဗိုလ်ဟိန်းကို ဝင်ထောက်ပြတယ်။ ဆရာဦးမင်းရောင်က ဘောဂနဲ့ ဘဝတွက်တာ သင်တဲ့ဆရာကြီး။ ဆရာဗိုလ်ဟိန်းနဲ့ အခင်ဆုံး ဆရာဖြစ်သလို ဆရာဗိုလ်ဟိန်းကိုလည်း အားရပါးရ ဝေဖန်တတ်သူပါ။
ဆရာဦးမင်းရောင်က ဟိတ်တွေ ဟန်တွေ သိပ်များပါတယ်။ အင်္ကျီကိုဆိုလည်း ကော့ပျံနေမှ ဝတ်တယ်။ ဆံပင်ဟာ ဘုတ်သိုက်ဆိုပေမဲ့ ဆီနဲ့အကျအန ခွဲထားတတ်တယ်။ သူလာပြီဆို ချာလီရေမွှေးအနံ့က သင်းနေတတ်ပါသေးတယ်။ ဒီနန်းအေးမြို့မကျောင်းက ယောကျာ်းလေးကျောင်းဆိုပေမဲ့ ဆရာအင်အား မရှိသလောက်ပါပဲ။ အဲဒီဆရာတွေထဲမှာ ဆရာဦးတင်ထွေး၊ ဆရာဗိုလ်ဟိန်းနဲ့ ဆရာဦးမင်းရောင်တို့က ထိပ်ဆုံးကပါပဲ။
ဆရာကြီးဦးတင်ထွေးကတော့ မူလတန်းတွေကိုပဲ ကိုင်ပါတယ်။ ကလေးတွေကို တစ်ချက်တောင် မရိုက်ဘူး။ ကလေးတွေနဲ့ ပျော်ပျော်နေတယ်။ မုန့်တွေ ဝယ်ကျွေး ချော့မော့ပြီး စာသင်တာ ဆရာမတွေကတောင် အတုယူရပါတယ်။ မူလတန်းကိုင်တဲ့ ဆရာကြီးဆိုတာ ရှားတယ်လေ။ အင်း ဒါပေမဲ့ စည်းကမ်းဖောက်တဲ့ ကြီးကောင်တွေ တွေ့ရင်တော့ “သေမလွမ်းကောင် တွေ ဆိုပြီး ကြက်ဥကြိမ် နဲ့ချည်းစော်တာပါ”
ခေါ်တာတောင် ‘သေမလွမ်း’ တဲ့ သေရင်တောင်မလွမ်း ဘူးတဲ့ ရက်စက်ပါ့။ ဆရာဦးတင်ထွေးက ဆရာမအပျိုကြီးတွေနဲ့ ရောရောနှောနှောနေတဲ့ ဆရာဦးမင်းရောင်ကို သိပ်ကြည့်မရဘူး။ တစ်ခါတလေ မျက်နှာကို ဟန်မဆောင် နိုင်အောင် မဲ့ပြတတ်တယ်။ ဆရာဗိုလ်ဟိန်းကို ဆရာလို့ ခေါ်ပေမဲ့ ဆရာဦးမင်းရောင်ကိုတော့
“မောင်မင်းရောင်ရေ ဘယ်နှယ့်လဲ အဆင်ပြေရဲ့လား”
ဆိုပြီး ခပ်နှိမ်နှိမ်လေး ခေါ်တတ်တယ်။ ဒီလိုအခါတိုင်း ဦးမင်းရောင်က ပြုံးပြီး
“ဒါမျက်နှာပန်းကြည်တာကို မနာလိုတာ။ အေးလေ သူ့ဇနီး ဒေါ်မြင့်မြင့်နိုင်လည်း သွေးဆုံးရှာပြီကိုး”
လို့ ကွယ်ရာမှာ ပြောတတ်ပါတယ်။
“ကဲပါဗျာ ဆရာမင်းရောင် ကျနော် ပြောပါ့မယ်”
ဆရာဗိုလ်ဟိန်းက စကားကို ပြန်ဆက်တယ်။
“ပြဇာတ်ကိစ္စဟေ့။ ပြဇာတ်ကိစ္စ မတ်လ ၁၀တန်းတွေ ဖြေပြီးလို့ ကျောင်းပိတ်ရင် ပြဇာတ်ပြိုင်ပွဲ လုပ်ကြတာ။ မင်းတို့လည်း အသိဘဲ။ ဆရာတို့ နန်းအေးမြို့မရယ်၊ ကုမ္မာရီ ရယ်၊ YIS ရယ်၊ အထက ၅ ရယ်၊ အောင်ပန်းဆွက် ကိုယ်ပိုင်ကျောင်းရယ်၊ zaw international school ရယ် စုစုပေါင်း ခြောက်ကျောင်းက ပြိုင်ဆိုင်ကြတာပေါ့၊ နိုင်တဲ့ အသင်းဟာ ရွှေဖလားရတယ်”
“ဒါပေမဲ့ ဆရာတို့ကျောင်းက ဆယ်နှစ်ဆက်တိုက် ဒန်ဖလားတောင် မရခဲ့ပါဘူး။ သားတို့”
ဆရာဦးမင်းရောင်က အရွှန်းဝင်ဖောက်တော့ ဆရာဗိုလ်ဟိန်းရော ကျနော်တို့ပါ ရယ်မိကြတယ်။
“ကိုမင်းရောင် ကလေးတွေ အားမရှိအောင် မပြောနဲ့ ဒီနှစ်ရမှာ သေချာပါတယ်။ ဟဲဟဲ ကဲ မင်းတို့ထဲမှာ အချို့ကလည်း ကျောင်းပြောင်းလာတာ မကြာသေးတော့ ဒါတွေ မသိတာရှိမယ်။ ဒါပေမဲ့ ဒီနှစ်က ထူးခြားတယ်။ နိုင်ငံတော် နဲ့ brand သုံးခု က စပွန်ဆာ ပေးမှာ။ နောက်ပြီး ပြဇာတ်တိုက်တဲ့အဖွဲ့တွေကိုလည်း အင်တာဗျူးဘာညာ ရှိမယ် “
ဆရာဗိုလ်ဟိန်း အပြောနဲ့တင် ကျနော်တို့ တက်ကြွလာတယ်။ ဘယ့်နှယ့် ကိုယ့်မျက်နှာကြီး တီဗီထဲ ပါလာမှာ နည်းတဲ့ အခွင့်အရေးလား။
“ဒါပေမဲ့ မင်းတို့ အထက်တန်းတွေ မပါရဘူး”
“ဟာဗျာ ဆရာကလည်း”
“ဆရာကလည်း လုပ်မနေနဲ့။ အထက်တန်းပြဇာတ်က အနည်းဆုံး တစ်နာရီခွဲကွ။ နောက်ပြီး ဘတ်ဂျက် လူတွေ အများကြီးသုံးရတာ။ ငါတို့က ကလေးပြဇာတ်တွေပဲ ဝင်မယ်။ ကလေးတွေပဲ ကပလေ့စေ”
“ဆရာ ဒါပေမဲ့ သူများကျောင်းတွေက ဂုဏ်ဆောင်နေချိန်”
“တော်စမ်း။ ဝေလင်းဖြိုး ကျောင်းဂုဏ်ဆောင်တာ ဒီလို လုပ်မှ မဟုတ်ဘူး။ ဘတ်စကတ်ဘော ဘောလုံး ဝင်ပြိုင် လို့ရတာပဲ။ မင်းတို့က ငါက လုပ်မယ်ပြောရင် ရှောင်ပြေးနေတာနဲ့ ကျောင်းလစ်နေတာနဲ့”
“ကျနော်တို့ မလစ်ပါဘူးဗျာ။ လစ်တဲ့လူက သပ်သပ်ပါ”
ဝေလင်းဖြိုးက ဆန်းဝင်းနိုင်ကို မျက်လုံးဝေ့ကြည့်ရင်း ပြောလိုက်တယ်။
“ထားပါတော့ ဆရာဗိုလ်ဟိန်းပြောတာ ငါလည်း ထောက်ခံတယ်။ မင်းတို့ အားကစားမှာ ထူးချွန်အောင်လုပ်။ ကာယဆရာမကတောင် ငါ့ကို ပြောသေး။ ယောကျာ်းလေးကျောင်းဖြစ်ပြီး အားကစားကျတော့ မင်းတို့က စိတ်မပါဘူး”
ဆရာဦးမင်းရောင်က ပြောလိုက်တယ်။ ဆရာဗိုလ်ဟိန်းက ခေါင်းညိတ်ရင်း
“မင်းတို့က ဆယ်တန်းရောက်လာမှာ ဆယ်တန်းက မင်းတို့ရဲ့ အချိုးအကွေ့ မတ်တို့ ဧပြီတို့ထဲက မင်းတို့ စာတွေ အပိုင်လုပ်ပြီး နွေရာသီ ကျောင်းပိတ်ရက်မှာသင်္ချာ chapter 3 ခုလောက်တော့ ပိုင်အောင်လုပ်ထားရမှာ။ သင်္ချာက ခြောက်ခန်းကြည့်ရင် အောင်မှတ်တော့ ရမှာပဲ။ နွေရာသီ ဆိုတာ စာလုပ်ရင်”
ဆရာဗိုလ်ဟိန်းက တဖြည်းဖြည်းနဲ့ ဆယ်တန်းစာတွေဘက် ရောက်လာတယ်။ အခု ကိုးတန်းစာတောင် ဒစ်လည်နေပါတယ်ဆို၊ သူက ဆယ်တန်းစာအကြောင်း ပြောနေပြီ။ ကျနော်တို့ မျက်နှာတွေက ပျက်လာတယ်။ စာနဲ့ ပတ်သက်ရင် မျက်လုံးတွေ လက်နေတတ်တဲ့ ချစ်ပုတောင် သက်ပြင်းတွေ ခိုးချနေရပြီ။ ဦးမင်းရောင်ကလည်း
“ဒါပေါ့ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက် တက္ကသိုလ်ရောက်ရင် ရည်းစားပဲ ထားထား၊ ကြင်ယာပဲ ရွေးရွေး၊ နောက်ဆုံး ရည်းစားနဲ့တူတူ ဘုရားပဲသွားသွား ကျောင်းပဲတက်တက် ရမထာတောင်ကို တောလမ်းကနေပဲ ခိုးကြောင်ခိုးဝှက် တူတူသွားရင်တောင် တင့်တယ်တယ် ဟုတ်တယ်မလား ဟား ဟား ဟား”
သူ့ဟာသက ပုံမှန်ဆို ရယ်ရပေမဲ့ အခုက ဘယ်သူမှ စိတ်အဆင်ပြေနေတာ မဟုတ်။ ရင်ထဲမှာ ဒူးရင်းသီးတွေ သီးနေကြတာ ဆရာဦးမင်းရောင်လည်း သူ့ဟာသ ဘယ်သူမှ မရယ်တော့ ပါးစပ်ပိတ်ထားတယ်။
“ကဲ ဆရာပြောတာ ဟုတ်တယ်မလား။ ဟေ့ကောင် အောင်ရဲကျော် အောင်ရဲကျော်”
ဆရာဗိုလ်ဟိန်းက အောင်ရဲကျော်ကို လှမ်းအော်တယ်။ ကျနော်လည်း အောင်ရဲကျော် ဘာတွေလုပ်လို့ ဆရာက လှမ်းခေါ်တာလည်း သိချင်လို့ ကြည့်မိတာ ဒီကောင်က လက်ပိုက်လျက်ကြီး ခေါင်းကြီး ငိုက်စိုက်ကျနေတယ်။
“ငိုက်များ နေတာလားကွာ။ ဟေ့ကောင် ဝင်းမင်းဦး မင်း သူငယ်ချင်းကို လှုပ်ကြည့်စမ်း။ မက်တပ်ကြီးများ အသက်ထွက် သွားတာလား”
ဝင်းမင်းဦးက အောင်ရဲကျော်ရဲ့ ပုခုံးကို လှုပ်ရင်း
“အောင်ရဲကျော် ဟေ့ကောင် အောင်ရဲကျော်”
“ဟမ် ဟမ် ဘာဖြစ်တာလဲ”
အောင်ရဲကျော်က ကမန်းကတမ်း မျက်လုံး ပွင့်လာတယ်။ အခုမှ အိပ်ရာက နိုးလာတဲ့လူ လိုလို။ ငိုက်နေတယ်ပဲထားပါဦး။ ဒီကောင် မတ်တပ်ကြီး ဘယ်လို ငိုက်နေတာလဲ။ ငိုက်ပြီဆိုရင်လည်း ခန္ဓာကိုယ်က ယိမ်းနေရမှာပေါ့။ အခုက တောင့်တောင့်ကြီး။
“မင်း နေမကောင်းလို့လား ကောင်လေး”
“မဟုတ်ပါဘူးဆရာ။ ကျနော် ဒီအတိုင်း ဘာဖြစ်သွားလဲ မသိဘူး”
“အေးကောင်လေး မင်းကို ငါပြောတယ်လေ။ ညနေခင်းတွေ မအိပ်နဲ့ဆိုတာ။ အဲ့အချိန် အိပ်ရင်ရောဂါ ရတတ်တယ်ဆိုတာ အအိပ်ရောဂါ ဆိုတာ အဲ့လိုစတာ။ ကိုယ်က သိတောင် မသိလိုက်ဘဲ အိပ်ပျော်သွားတတ်တယ်၊ ယာဉ်တစ်ခုခု မောင်းရင်း အိပ်သွား လို့ကတော့ကွာ နိဗ္ဗာန်ယာဉ်ပဲ”
“ကဲ ပါ ဆရာတို့ နှစ်ယောက် ပြောလိုတာက ဒါပါပဲ။ အောင်ရဲကျော် မင်း နေမကောင်း ဘူးဆို စာကျက်မနေနဲ့ အိပ်သာအိပ်လိုက်”
“ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာ”
ဆရာဗိုလ်ဟိန်းကတော့ စူဠလိပ်ကို ရေထဲ လွှတ်လိုက်တာပဲ။ ဟိုကောင်က စာ အရမ်းလုပ်ချင်ရှာတာဆိုတော့ အကြိုက်ကို တွေ့လို့။
အဲနေ့ညက ထူးဆန်းတယ်ဗျ။ ကျနော်တို့ကျောင်း ပတ်ဝန်းကျင်မှာ ခွေးတွေ အရမ်းအူတာပဲ။ အူတာမှ အရမ်းအရမ်းကို အူတာ ဆန်းဝင်းနိုင်တို့ ဝေလင်းဖြိုးတို့လို တော်ရုံမကြောက်တတ်တဲ့ကောင်တွေတောင် ကြောက်လာလို့ အတူတူ တစ်ကုတင်တည်း စုအိပ်ဖို့ ကျနော်တို့ကို လာပြောကြတယ်။ အဲနေ့ည ကျနော်တို့ အဆောင်နေကျောင်းသားခြောက်ယောက် ကုတင်လေးလုံးကို ဆက်ပြီး တစ်အိပ်ယာထဲ စုအိပ် ဖြစ်ကြတယ်။ ပျော်စရာ လွမ်းစရာတော့ အကောင်းသား။
...
YISကျောင်း ကျောင်းအုပ်ကြီးဦးဧရာထွန်းက သူအိပ်ရာက ထပြီးရင် လမ်းလျှောက်တတ်တယ်။ သူများတွေလို စောစောစီးစီး ထတာ မဟုတ်ဘူး။ သူထရင် ကိုးနာရီ ပဲ။ breakfast စားတာနဲ့ဆို ကိုးနာရီခွဲ၊ ကိုးနာရီခွဲကနေ ဆယ်နာရီ ကြားဆိုသူ ကျောင်းမှာ ရောက်နေပြီ။ ဒါကြောင့် သူက ကျောင်းဆင်းတဲ့ ညနေ သုံးနာရီကနေ ငါးနာရီလောက်အထိ အားကစား လုပ်တယ်။ လမ်းလျှောက်တယ်။
ဦးဧရာထွန်း က ကျန်းမာရေး လိုက်စားလို့ အခု အသက် ငါးဆယ်နား ရောက်နေတာတောင် ကြွက်သား အဖုအထစ်တွေနဲ့ ဖြစ်နေတာပါပဲ။
ပထမဆုံး ကျောင်းဆင်းတာနဲ့ ကျောင်းဝင်းထဲမှာ အရင်ပတ်ပြေးတယ်။ ကျောင်းထဲ မှာပြေးရင်း တွေ့သမျှ ကလေး တွေကိုGood evening, Goodbye,Hope you the best စသဖြင့် နှုတ်ဆက်တတ်ပါသေးတယ်။ ဦးဧရာထွန်းက ခေါင်းတစ်ခေါင်းလုံး ဖွေးနေပြီ။ ဒါပေမဲ့ မျက်နှာမှာ အရေးအကြောင်းဆိုလို့ စိုးစဉ်းမျှ မရှိ။
အခုလည်း ကျောင်းနဲ့ မလှမ်းမကမ်း ဇော်မြစ်နားက အားကစားလုပ်တဲ့ ကရိယာတွေမှာ အားကစားလုပ်နေမိတယ်။ အားကစား လုပ်တဲ့ ပစ္စည်းဆိုတာ ခြေထောက်လှုပ်တဲ့ ဟာတို့ ခါးလှည့်တဲ့ ပစ္စည်းတို့ပါပဲ။
ဦးဧရာထွန်း က လက်နှစ်ဖက် ကို မြှောက်လိုက် ချလိုက် လုပ်နေရင်း ပတ်ဝန်းကျင် လေကို အားရပါးရ ရှူလိုက်တယ်။ ဦးဧရာထွန်းက ဟိုဘက် ဒီဘက် လှည့်ရင်း ကောင်လေးတစ်ယောက်ကို တွေ့သွားတယ်။ ကျောင်းစိမ်းအင်္ကျီလေးနဲ့ ကျောင်းသားရဲ့လက်မောင်းကို ကြည့်လိုက်တော့ နန်းအေးမြို့မကျောင်းရဲ့ တံဆိပ်ကို မသေမသပ် အပ်ချည် နဲ့ အဖြစ်ထိုးပြီး ချည်ထားတယ်။ ကောင်လေးရဲ့ မျက်နှာက တစ်ခုခု ကို အလိုမကျနေသလိုပဲ။
ဒီအရွယ်ဆိုတာ စာကလွဲလို့ ဘာကိုမှ စိတ်မပူသင့်တဲ့ အရွယ်ပဲကွ။ ဘာကြောင့် ငိုင်နေတာလဲ မဟုတ်မှလွဲရော လူငယ်သဘာဝ စိတ်ကစားရင်း အသည်းကွဲနေတာများလား ဒါမှမဟုတ် စာတွေဘာတွေ မရလို့လား။
ကောင်လေးက သူ့အိတ်ထောင်လေးကို သူနှိုက်ရင်း ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်တယ်။ စီးကရက်ကလေး ပြီးတော့ သူ့ပါးစပ်မှာ တေ့လိုက်တယ်။
ဦးဧရာထွန်း ကိုယ်နဲ့လည်း ဘာမှမဆိုင်ဘဲနဲ့ ဒေါသထွက်သွားတယ်။ သူကိုယ်တိုင်ကလည်း ဆရာလည်းဖြစ် ကျောင်းအုပ်လည်းဖြစ်တော့ ဆရာဗီဇက မသေဘူး။ ကိုယ့်ကျောင်း က ကျောင်းသား ဟုတ် ဟုတ် မဟုတ် မဟုတ် ဒါမျိုး လက်မခံ။
“ဟေ့ကလေး မင်းအသက် ဘယ်လောက်လဲ”
“ဆယ့်ငါးပါ ဦးလေး”
“ဆေးလိပ်ဆိုတာ ၁၈ မပြည့်ရင် ဝယ်ခွင့်တောင် မရှိဘူးကွ။ သိလား မင်းတို့ကတော့ ဂရုမစိုက်ဘူး ငယ်ငယ်ရွယ်ရွယ် နဲ့ သေချင်နေတာလားကွ”
“ဦးလေး နဲ့ ဘာဆိုင်လဲဗျ”
“ဆိုင်တာပေါ့ ကွ ငါက......”
ဦးဧရာထွန်း သူ့စကားကို သူရပ်ထားလိုက်တယ်။ ဒီအချိန်ငါက YIS ကျောင်းအုပ် ကွ လို့ သွားပြောမိရင် ကိုယ်တော်လေး က အဲတော့ ကျနော်က ဘာလုပ်ပေးရမှာလဲ လို့ ပြန်မေးလိုက်မယ်။
“အငြိမ်းစားရဲအရာရှိကွ”
ဦးဧရာထွန်းက ပါးစပ်ထဲ ရှိတဲ့ ရာထူးတစ်ခုကို ထုတ်ပြောလိုက်တယ်။ တရားမဝင်ပေမဲ့ ဒီကလေး ဆေးလိပ် ပြတ်သွားလည်း နည်းလား။
“အခု ငါ့အသက် ၄၉ ကွာ ဒီမှာဒါကြွက်သားတွေ မင်း ဒီအင်္ကျီအောက်မှာ မင်းတို့လူငယ်တွေ လိုချင်ကြတဲ့Six pack ဆိုတာ ရှိတယ် သိလား။ မင်းလူငယ်တဲ့ ပိန်ခြောက်နေတာပဲ။ ဟနေစမ်းပါဦး မင်းမျက်လုံးက လိမ္မော်ရောင်ကြီးပဲ”
“ဟုတ်ပါတယ် ကျနော့် မျက်လုံးက မွေးရာပါ ပါ”
“နာမည်က ဘယ်သူလည်း”
“ဆန်းဝင်းနိုင် ပါဗျ”
“ဆန်းဝင်းနိုင် မင်းက မြို့မကျောင်းကပဲ။ လူမိုက်ကျောင်းပေါ့ ဟုတ်လား”
“ယောကျာ်းလေးတွေ စုနေတာနဲ့ လူမိုက်ကျောင်း ဖြစ်ရောလားဗျာ”
“ဪ ဒီလိုပဲ ပြောနေကြတာကိုးကွ ဒါပေမဲ့ မင်းကြည့်ရတာ ကြေကွဲနေသလိုပဲ ဘာလည်း မိန်းကလေး ကိစ္စလား”
ဆန်းဝင်းနိုင် က ရယ်လိုက်ရင်း
“မဟုတ်ပါဘူး ရဲမှူး ကျနော် ကျနော့်ဘဝ ကို ကျနော် မကျေနပ်ဘူးဗျာ”
“ဟာ ဘာလို့လဲ လူငယ်ဆိုတာ အဲ့လို မနေရဘူးကွ”
ဆန်းဝင်းနိုင်က သူငယ်ချင်းတွေရှေ့မှာ ရင့်ကျက်တဲ့ပုံစံ အမြဲဖမ်းပေမဲ့ အဖေအရွယ် လူကြီးတွေ ရှေ့ရောက်ရင် ရင်ဖွင့်တတ်တာပဲ။ အခုလည်း ဦးဧရာထွန်း ကို သူတွေ့တာ သုံးမိနစ်တောင် မပြည့်သေးပေမဲ့
“ကျနော်ဗျာ ကျနော့်ဘဝကို ကျနော် ပြန်သုံးသပ်နေတာ ဘာလဲ ဘယ်လဲ”
“အိပ်မက်တွေနောက်ကို လိုက်ပေါ့ ကွ”
“အဲဒါခက်တာပဲ ရဲမှူး။ ကျနော် ဘာဖြစ်ချင်နေလဲ ကျနော်တောင် မသိဘူး။ ကျနော်ဘာမှ မလုပ်ချင်ဘူးဖြစ်နေတယ်။ အရာရာအားလုံးဟာလည်း ဘာလို့ဖြစ်နေတာလည်း ကျနော် မသိဘူး။ လူတစ်ယောက်က ဘာလို့ တစ်ခုခုကို ရွေးချယ်ဖို့လိုနေရတာလဲ။ ကျနော်က ကြီးလာရင် အစားစာရဖို့ အလုပ်လုပ်မယ်။ ပြီးရင် မိန်းမယူမယ်။ ကလေးမွေးဖြစ်ရင်လည်း ကလေးကို ရှာကျွေးမယ်။ ပြီးရင် အေးအေးဆေးဆေး သေပဲသွားချင်တာ။ ဘာမှ မလုပ်ချင်ဘူး။ ဘာကိုမှလဲ မရချင်ဘူး”
“မဟုတ်သေးဘူးလေ ကလေးရ။ လူ့ဘဝ ဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်ရတယ်ကွ မလုပ်ရင် ဘာအသုံးကျမှာလဲ”
“ပိုက်ဆံကရော”
“ရော်ခက်တော့ နေပြီကွာ။ မင်းကမ္ဘာပေါ်မှာ ချမ်းသာနေတဲ့ ဘီလျံနာတွေ အနုပညာသမားတွေက မွေးကတည်းက ဖင်မှာ တံဆိပ်ရိုက်ပြီး မွေးလာတယ်များ ထင်နေတာလားကွာ။ သူတို့ကလည်း ငါတို့ထက်တောင် မွဲသေး”
ဦးဧရာထွန်းက အားမလို အားမရပြောလိုက်တယ်။ ပြီးတော့ ဆန်းဝင်းနိုင် ရဲ့ လက်မောင်းကို ညှစ်ရင်း
“အဲ့လိုအတွေးအခေါ်နဲ့ မင်း ဘယ်လိုရှေ့ဆက်မှာလဲ ငါပြောနိုင်တယ်။ ကမ္ဘာဦးအစကတည်းက မင်းလို လူတွေချည်းရှိရင်လည်း ဗြဟ္မာလေးပါးပေးတဲ့ ပဒေသာပင်ကြီး အခုချိန်ထိ ငါတို့စားနေရလောက်တယ်”
ဆန်းဝင်းနိုင်က ရယ်တယ်။ အနောက်အရပ်ဆီ ခိုဝင်နေတဲ့ နေမင်းရဲ့ လိမ္မော်ရောင်အလင်းဟာ တသွင်သွင် စီးနေတဲ့ မြစ်ပေါ်ကို ဖြာကျနေတယ်။ ဆန်းဝင်းနိုင် ရဲ့ မျက်လုံးဟာလည်း လိမ္မော်ရောင် လက်နေတယ်။
“တစ်ခါ တစ်လေကျ သူတို့ကို မနာလိုဘူး”
“ဘယ်သူ့ကိုလဲကွ”
“YIS ကျောင်းသားတွေ သူတို့ဘဝ က လွတ်လပ်တယ်ပေါ့ပါးတယ်။ သူတို့ရဲ့ နက်ထိုင်တွေ ဂါဝန်တွေ ပါတီတွေနဲ့ ဆရာမတွေကလည်း ကျောင်းသားတွေကို နားလည်မှု ပေးကြတယ်။ ကျနော်တို့ကျောင်းတွေများ ကျတော့ ဟူး...”
ဦးဧရာထွန်း က သူ့ကျောင်း ရဲ့ ဂုဏ်ပုဒ်တွေကို ကြားရတော့ ပီတိဖြစ်နေပြီး အဲ့ဒါမှ ငါ့ကျောင်းကွ လို့ စိတ်ထဲက ရေရွတ်နေမိတယ်။
“ကဲပါကွာ လူငယ်ဘဝတို့ ကျောင်းနေတဲ့ဘဝတို့က အဓိကက လွမ်းကောင်းရုံ ဆွေးကောင်းရုံ လေးတွေပါကွာ။ အဓိကက ကိုယ့်ရဲ့ sweet memories တွေ သပ်သပ်ပဲ”
“အဲ့ sweet memories တွေ ကျနော့်မှာ မရှိဘူး ရဲမှူး။ ကျနော့်မှာ ကျောင်းနဲ့ ပတ်သက်ပြီး ပြန်တွေးချင်စရာ ကောင်းတဲ့ မှတ်ဉာဏ်ဘာမှ မရှိဘူး။ တစ်နေ့ ကျနော့်ကလေးတွေကို ပြန်ပြောစရာလည်း ဘာမှတ်ဉာဏ်ကောင်းမှ မရှိသလို ဘာပျော်စရာမှ မရှိဘူး ။ကျနော် မပျော်ဘူး ရဲမှူး”
ဦးဧရာထွန်း က ဆန်းဝင်းနိုင်ကို ငဲ့ကြည့်ရင်း
“အေးပါကွာ ငါကိုယ်တိုင် ဒီဘဝ မျိုး မကြုံဖူးပေမဲ့ ငါမင်းကို စာနာ နိုင်ပါတယ်ကွာ။ ဒါပေမဲ့ ဒါအတွက်နဲ့ အဆုတ်ကြီးကို ဒုက္ခပေးနေတာတော့ မတရားပါဘူး”
ဦးဧရာထွန်း က ဆေးလိပ်ကို ချိုးပြီး ဇော်မြစ်ထဲ ကို ပစ်ထည့်လိုက်တယ်။
ရေအလျင်ဟာ ဆေးလိပ်အကျိုးလေးကို ဘယ်အထိ သယ်ဆောင်သွားမလဲ မသိရ ဟိုးအဝေးဆီ တရွေ့ရွေ့
ဆက်ရန်
******