အခန်း (၁၂)
Vol. 1 Ch. 12
ဇန်နဝါရီ လထဲကို ဝင်လာပြီ။ အပျော်အပါးကို လျှော့ပြီး စာကို ကြိုးစားကြရမဲ့အချိန်တဲ့။ ကျနော်တို့ ကိုးတန်းတွေက ဖေဖော်ဝါရီဆို ဖြေပြီးပြီ။ ဆယ်တန်းတွေက မတ်လမှာ ဖြေရတယ်။ ကျနော်တို့ အစိုးရကျောင်းတွေမှာ ရဗီရှင် ပြန်တဲ့ အချိန်ပေါ့။
ကိုးတန်းက အစိုးရစစ် မဟုတ်တော့ ကျနော်တို့မှာ ဘာ ပြဿနာမှတော့ မရှိဘူး။ ဆယ်တန်းသာ ပြဿနာရှိတာပါ။ ဆရာဗိုလ်ဟိန်းကတော့ ထုံးစံအတိုင်း
“ကိုးတန်းဟာ ဆယ်တန်းရဲ့ အခြေခံပဲ။ မင်းတို့ မကြိုးစားရင် ဆယ်တန်းကျ ခွေးဖြစ်မယ်တဲ့”
တကယ်က အဲ့စကားကို နှစ်တိုင်း ဆရာတွေ ပြောနေကြပဲ။ သုံးတန်းတုန်းကလည်း
“မင်းတို့ လေးတန်းက အစိုးရစစ်။ သုံးတန်းက စာတွေ မကျေရင် ကျမှာ”
ခုနှစ်တန်း တုန်းကလည်း
“ရှစ်တန်းအစိုးရစစ်မှာ ဒါတွေ ပြန်ပါမှာ”
ဒါ သူတို့ သုံးနေကျ စကားတွေပါပဲ။ ကျောင်းသားရဲ့ ဦးနှောက် ဆိုတာကလည်း စာမေးပွဲ ဖြေပြီးတာနဲ့ ရှိထားသမျှ စာတွေ အကုန်လုံး အိမ်သာထဲ ရေဆွဲချသလို ဆွဲချပစ်လိုက်တာပဲ။
ကျနော်ကတော့ အေးဆေးပဲ။ စာလည်း အတော်အသင့် ရတယ်။ ဆရာ ဆရာမတွေကလည်း မျက်နှာသာပေးတော့ အဆင်ပြေနေတာပဲ။ အောင်ရဲကျော်၊ဝင်းမင်းဦး၊ဝေလင်းဖြိုးကတော့ ပင်တိုင် အဆူခံ အရိုက်ခံရတာပဲ။ ဝေလင်းဖြိုး ဆိုတဲ့ကောင်က စာလုပ်တယ်။ ဒါပေမဲ့ အမြဲတန်း ဟိုလူရန်ထောင် ဒီလူ့ရန်ထောင် နဲ့ ရန်ချည်း လိုက်စနေတော့ စာအစား ရန်တွေကပဲ များနေတယ်။
ဝင်းမင်းဦးဆိုတဲ့ကောင်က စာလည်း မတော်သလို၊စာလုပ်ချင်စိတ်လည်း မရှိဘူး။ တစ်ခါတလေ စာသင်ရင် ဘေးက ကောင်တွေကို စရင်စ ၊ မစရင် ဟာသတွေထလုပ် နောက်ဆုံး ဆရာမတွေရော ကျောင်းသားတွေကပါ သူ့ကိုလျစ်လျုရှု့ရင် သူက ကျောင်းသုံးပစ္စည်းတွေဖြစ်တဲ့ စာရွက်၊ပေတံ၊စက္ကူ၊စတာပလာ ဒါတွေ နဲ့ ဆော့နေတာပဲ။
ဝင်းမင်းဦးက အရပ်တော်တော် ရှည်တယ်။ ရှည်ကိုင်းကိုင်းနဲ့ ဆံပင်က ဆီဘယ်တော့မှ မလိမ်းဘူး။ ဒါကြောင့် ဒီကောင့်ဆံပင်က ဆံသားခြောက်တဲ့အနဲ့ အမြဲရတယ်။ မြင်သာအောင် ပြောရရင် အဝတ်တွေကို မီးလာတုန်း လျှော်မယ်လို့ ရေစိမ်ထားတယ်။ ဒါပေမဲ့ မီးက သုံးရက်လောက်မလာတော့ စိမ်ထားတဲ့ အဝတ်တွေက အနံ့ထွက်လာတယ်မလား။ ဒီကောင့်ဆံပင်က အဲ့အနံ့ အမြဲထွက်တယ်။
ဒါပေမဲ့ ကျနော်တို့ ခြောက်ယောက်ထဲမှာ ဝင်းဦးက အချောဆုံးလို့ ပြောရမယ်။ ဒါပေမဲ့ ဒီကောင့်ရှေ့မှာတော့ ကျနော်တို့ မပြောပါဘူး။ သောက်ကျင့်ပါမှာစိုးလို့။ မင်းကသူများ အကြောင်းတွေပဲ ပြောနေတာပါကွာ မင်းအကြောင်းကရော စိုင်းရွက်ဟိန်းရာ ဆိုရင်တော့ ကျနော့်အကြောင်းက စိတ်ဝင်စားစရာ မကောင်းဘူးလို့ ကျနော် ထင်လို့ပါ။ ဒါကို ဒေါက်တာဝပ်ဆင် ရောဂါလို့ ခေါ်ရမယ်ထင်တယ်။ ဝပ်ဆင် ဆိုတဲ့ဘဲက ဂေါ်တယ် အသုံးမကျတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက ဇာတ်ကြောင်းပြောသူဆိုတော့ သူ့ကိုယ်သူ ဖော့ရေးဖွရေးနေတာတဲ့။ ကျနော်လည်း ဒီလို ပဲ ထင်တယ်။
ကျနော် အခု ဆရာမကြီးရဲ့ရုံးခန်းထဲကို ရောက်နေတယ်။ မနက်ခင်း မုန့်စားကျောင်း ဆင်းချိန် ကျနော် မုန့်ဈေးတန်းထဲမှာ မုန့်စားနေတုန်းပေါ့။ ကြက်ဥနေလွှာကြော် နဲ့ ဒန်ကျွဲရွက်ထမင်းပေါ့။ လက်ဖက်ထမင်းလားဆိုတော့ အဲ့ အရွက်တွေက လက်ဖက် မဟုတ်ဘူး မိုးကျလက်ဖက်လို့လည်း ခေါ်တယ်။ သီလရှင်လက်ဖက် လို့လည်း ခေါ်တဲ့ ဒန်ကျွဲ နဲ့လုပ်တဲ့ လက်ဖက်ထမင်း။ ကြက်ဥနေလွှာဆိုတာ ကြက်ဥ တစ်လုံးကို ဖောက်ပြီး ခလောက်လိုက်တယ်။ ပြီးရင် အဲ့ တလုံးထဲက နည်းနည်းယူပြီး ကြက်ဥ ဖြစ်ရုံကြော်တာ အနည်းဆုံး ကြက်ဥတစ်လုံးကို ကြက်ဥနေလွှာ သုံးလုံးလောက် ရတယ်။ တစ်ပွဲမှ နှစ်ရာပဲ ရှိတာ တန်ပါတယ် တကယ်က။
အဲ့ကြက်ဥကို နေရောင်မှာ ထောင်ကြည့်ရင်း ဖောက်ပါ မြင်ရအောင်ကို ပါးတာဗျ။ ကျနော်တို့ရဲ့ တစ်လစာ အသုံးစရိတ်ကို အိမ်က ဆရာဗိုလ်ဟိန်းဆီ အပ်ထားတာ ဆရာဗိုလ်ဟိန်းက တစ်နေ့ ၁၀၀၀ ပဲ ပေးသုံးတာ။ ဆန်းဝင်းနိုင် တို့ကတော့ ကြားပေါက် ဝင်ငွေဖြစ်တဲ့ lego တွေ မှောင်ခိုသွင်းပြီး ကလေးတွေ ပြန်ရောင်းတာတို့၊ ဖိုက်တာငါးတွေ ဒေါင်းမြီးငါးတွေ တိုက်ခိုင်းတာ သားဖောက်တာ အစသဖြင့် ငွေရှာကြမ်းကြပါတယ်။ ဒါကြောင့် ဒီကောင့်အိတ်ထဲ အနည်းဆုံး တစ်သောင်းတန် တစ်ရွက် အမြဲရှိတယ်။
ကျနော်က ငွေလည်း မရှာတတ်ဘူး။ ဆရာဗိုလ်ဟိန်း ပေးသလောက် နဲ့ သုံးရတာပဲ။ မနက်ဆို ကောက်ညှင်းပေါင်း စားတယ်။ တစ်ခါတလေ အီကြာကွေး ပြီးရင် တစ်ထောင် နဲ့ မိုင်လိုတစ်ဗူး ဝယ်သောက်တယ်(အဲ့ခေတ်တုန်းက ခြောက်ရာပဲရှိ)ပြီးရင် လေးရာ ပိုတယ်ဗျာ။ အေးဆေးပေါ့
ကဲ ကျနော် ထမင်းစားနေတုန်း စာရေးမ တင်တင်စန်း က လာပြီး ဆရာမကြီးက ကျနော့်ကို ခေါ်ခိုင်းလို့တဲ့။ ကျနော်လည်း ရုတ်တရက် ကြောင်သွားတယ်။ ကျောင်းအုပ်ဆရာမကြီးက ခေါ်တယ်ဆိုတော့ တစ်ခုခု ခိုင်းမလို့လား။ ဒါမှမဟုတ် ဆူဖို့လား ဆဲဖို့လားပေါ့။
ဆရာမကြီးရဲ့ ရုံးခန်းက သပ်သပ်ရပ်ရပ် ဖြစ်နေတယ်။ ဘာမှ စားပွဲပေါ် မရှိနေဘူး။ ဦးဇော်မွန် ရှိစဉ်က စားပွဲက ဒီလိုမဟုတ်ဘူး တိုလီမိုလီတွေ ယင်နားနေတဲ့ ကော်ဖီခွက်တွေ၊ စာအုပ်တွေနဲ့ ကျောင်းအုပ်စားပွဲမှာလည်း ဦးဇော်မွန် ရဲ့ ကော်ရက်ရှင်နဲ့မှတ်ထားတဲ့ အရာတွေရှိတယ်။ ဖုန်းနံပါတ်တွေပေါ့ ဘယ်သူ့ဖုန်းနံပါတ်တွေလည်းဆိုတာတော့ မသိဘူး။
အခုဒေါ်မြပုလဲသွယ် ရဲ့ ခုံက ပြောင်ရှင်းဝင်းလဲ့နေတာပဲ။
“ဪ မောင်လေး ရောက်နေပြီလား ဆရာမကြီးက အပေါ်မှာ”
“ဟုတ်ကဲ့”
အဲဒါ ဟိုအစ်မကြီးလေ။ ကျနော်တို့ကျောင်းကိုဒေါ်မြပုလဲသွယ် စပြောင်းလာတုန်းက ပါလာတဲ့ အစ်မကြီး သူက ဆရာမကြီးနဲ့တူတူ ပါလာတာတော့ သိတယ်။ ဒါပေမဲ့ အဲ့နောက်ပိုင်း မတွေ့ဖြစ်ဘူး။ အခုမှ သိရတာ သူက ဆရာမကြီး အဆောင်မှာ နေတာပဲဗျ။ အပြင်မထွက်လို့ ကျနော်တို့ မသိတာ။
မထွက်တာလည်း ကောင်းပါတယ်။ အပြင်ကကောင်တွေက အငတ်တွေဗျ။ ကောင်မလေးမြင်ရင်ကို မရတာ လိုက်စရော။ ဒီကောင်တွေ ဟိုတစ်ခေါက်က မိုင်လိုလာတိုက်တဲ့ အစ်မကြီးတွေ အစကောင်းတာ။ နောက်တစ်ခါဘယ်တော့မှ လာမတိုက်တော့ဘူး။
ဒီအစ်မကြီးလည်း အပြင်မထွက်တာပဲကောင်းပါတယ်။ သူက အခု အမွှေးပွ အင်္ကျီအပွ နဲ့ ပန်းရောင်ညဝတ်ဘောင်းဘီ ဝတ်ထားတယ်။ ညဝတ်ဘောင်းဘီ ဆိုတာ ပွပွချောင်ချောင် ဝတ်ရတာ သူ ဝတ်ထားတာကို ကြပ်ထုပ်နေတာပဲ။ သူ့ရဲ့ ပစ္စည်းရှိလူတန်းစားအလှကို တိုက်ရိုက်ကို ပေါ်လွင်နေတာ။
ကျနော်လည်း ကြာကြာ မကြည့်ရဲပါဘူး။ ကိုယ်ဟာနဲ့ ကိုယ် စိတ်ဖြေရင်း စိတ်ထဲမှာ ခြောက်အလီ ပြန်ဆိုကြည့်နေမိတယ်။
ဒေါ်မြပုလဲသွယ် အပေါ်ထပ် ကနေ ဆင်းလာတဲ့ အသံကိုကြားရတယ်။
“ထွေးထွေး breakfast စားပြီးပြီလား”
“ဟုတ် တီတီ ဒီနေ့ ကျောင်းပိတ်တော့ မြို့ထဲလည် မလားလို့”
“ဟယ် နင်ကလည်း ဒီရောက်တာ ကြာတောင် မကြာသေးဘူး။ သူငယ်ချင်းရပြီလား
“ Facebook မှာ သူငယ်ချင်း ဖြစ်နေတဲ့ လူတွေရှိတယ်လေ။ ဒီနေ့ အပေါ်ပိုင်းက ကုန်တိုက်ဖွင့်ပွဲမှာ project M နဲ့ ကို ဝဏ္ဏတိုး လာမှာတဲ့ အဲဒါသွားမလို့”
“ဝဏ္ဏတိုး ဆိုတာ ဟိုအင်တာဗျူးထဲ ခဏခဏ ပါတဲ့ ကောင်လေးမလား six pack နဲ့လေ”
“ဟုတ်တယ်လေ တီတီ အောင်မြင်တဲ့လူငယ်လုပ်ငန်းရှင်လေ စာအုပ်တောင် ရေးသေးတယ်။ တကယ် အိုပါး type လေး”
ဝဏ္ဏတိုးဆိုတာ ကြောင်တောင်တောင်ကောင်ပါဗျာ။ မိဘလုပ်စာနဲ့ ချမ်းသာလာပြီး သူ့ကိုယ်သူ အောင်သမာဓိဦးအောင် စတိုင်လ် ဖမ်းချင်နေတယ်။ မျက်ခွက်ကလည်း မျက်ပေတုံးပါ။ အဲ့လောက် ရုပ်သန့်တဲ့ကောင်လည်း မဟုတ်ဘူး။ အဆိုးဆုံးက ဒီကောင့် စာအုပ်တွေ သောက်ရမ်းဈေးကြီးတာပဲ။ စော်တွေကတော့ အပြင်ပန်းအလှကို ပိုကြည့်ကြတာကိုး။ ကျနော်က ဝဏ္ဏတိုးကို မနာလိုလို့ အကြောင်းမဲ့ မုန်းနေတာလို့ လာမပြောနဲ့။ ယောကျာ်းလေးဆယ်ယောက်မှာ ရှစ်ယောက်ကတော့ ဝဏ္ဏတိုးကို ကြည့်မရဘူး။ ကျန်တဲ့ကြည့်လို့ရတယ် အဆင်ပြေတယ်ဆိုတဲ့ နှစ်ကောင်က ဂေးနေလို့ပဲ ဖြစ်မယ်။
“အေး အဲ့ကောင်လေး ငါလည်း သူ့စတိုင်လ် ကြိုက်တယ်။ တကယ့်လူငယ် gentleman စတိုင်လ်။ စိုင်းရွက်ဟိန်း မင်းတို့လည်း ဒီလို ရှုပ်ရှုပ်ပွပွ ခပ်လောင်လောင် မနေကြနဲ့။ သူ့လို gentleman style နေပါ့လား။ မင်းသူငယ်ချင်း ရှည်ကိုင်းကိုင်း နဲ့ တစ်ယောက်ဆို ရုပ်ကလေး သနားကမား နဲ့ အင်္ကျီကဆို အမြဲတွန့်ကြေပြီး ကြယ်သီးတွေပါ ပြုတ်နေတာ”
“ဝင်းမင်းဦးက တစ်ကောင်ကြွက် ဆရာမ။ သူ့မိဘတွေက ဆုံးသွားပြီ။ ဦလေးနဲ့ နေတာ။ ဦးလေးကလည်း ရေကြောင်းအရာရှိ၊ အိမ်မကပ်ဘူး။ ကျနော်တို့ အဝတ်တွေကို သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ အိမ်က လာတွေ့ရင်းနဲ့ လျှော်ဖို့ ယူသွားကြတယ် ဆိုပေမဲ့ ဝင်းဦး က သူ့အင်္ကျီ သူ့ဟာသူ လျှော်ရတာပါ အဲဒါကြောင့်ပါ”
“အို ဟုတ်လား ဆရာမကို ပြောရော ပေါ့ကွယ်။ ဆရာမတို့လည်း အလျှော်အပ်တာပဲ။ နောက်တစ်ခါ သူ့ကို အလျှော်အပ်မယ်ဆို ဆရာမကြီး ဆီလာခဲ့လို့ ပြောပေးနော်”
ဒေါ်မြပုလဲသွယ်က ဝင်းမင်းဦး အတွက် တော်တော် စိတ်မကောင်းဖြစ်သွားပုံပဲဗျ။ သူ့မျက်နှာမှာ တော်တော် ပေါ်တယ်။ ဒါက မိန်းမတွေ ရဲ့ သနားစိတ်လား မိခင် စိတ်လား ကျနော်လည်း မပြောတတ်ပါဘူး။
“ဆရာမ မင်းကို ခေါ်လိုက်တဲ့ အကြောင်းက ဆရာမတို့ ကုမ္မာရီအမျိုးသမီး ကျောင်းကို သွားဖို့ရှိတယ်။ ဒီအပတ်ထဲ ကျောင်းပေါင်းစုံ အစည်းအဝေးပွဲဆိုပဲ။ ပြဇာတ်ပြိုင်ပွဲ ကိစ္စ မင်းတို့ပြဇာတ်တွေ ကရဦးမယ်ထင်တယ်။ အဲဒါ အဲ့အစည်းအဝေးပွဲကို ဆရာမတို့ ကျောင်းက ကျောင်းသား လေးဦးလောက်တော့ ခေါ်သွားချင်တယ်ကွယ် အဲဒါ”
ကျနော်သိလိုက်ပြီ ကျနော်တို့အထက်တန်းတွေ ပြဇာတ် မကရဘူး ဆိုတာကို ဆရာမကြီး မသိဘူး။ ဒါဆို ဒီအမိန့်က ဆရာဗိုလ်ဟိန်းနဲ့ ဆရာမင်းရောင်တို့ ပေါင်းကြံတာပေါ့။ သူတို့က စာလုံးရေချာ စာပဲ ကျနော်တို့ကို လုပ်စေချင်တာ။ ဒီအချိန်မှာသာ ကျနော်က ဆရာမကြီးနဲ့ ဆရာဗိုလ်ဟိန်းကို လှည့်တိုက်လိုက်ရင်း တစ်ကျောင်းလုံး ရဲ့ ဦးနှောက်တွေကို ဖေဖော်ဝါရီ မတ်လ နှစ်လလုံး သင်္ချာတွေ chemistry တွေ grammar တွေနဲ့ ဆေးချင်နေတဲ့ဆရာဗိုလ်ဟိန်းတို့ အုပ်စု ရဲ့ အကြံဉာဏ်တွေလည်း ပျက်မယ်။
ဘယ့်နှယ့် ဆယ်တန်းဆိုတာ စာအုပ်ပုံထဲက အသက်ယဲ့ယဲ့လေး ဝအောင် ရှုနေရသလိုကိုး ကြပ်တည်းတာ။ အဲ့ကာလကြီးမတိုင်ခင် ကျောင်းသားတွေလည်း အဝပျော်ချင်တာပေါ့။ ကျနော်လည်း ကျောင်းသားပဲ။
“ဟဲ့သား ဆရာမ ပြောနေတာကြား ရဲ့လား”
နန်းအေးမြို့မကျောင်းသားတွေ အားလုံးအတွက် ကျနော် သူရဲကောင်း လုပ်လိုက်ပြီး နွေရာသီတစ်ခုလုံး စာပဲ လုပ်ချင်တဲ့ သောက်ပေါ လေးတွေ အတွက်တော့ ပလိပ်ရောဂါပေါ့။
“ဆရာမ သား တစ်ခုလောက် ပြောချင်တာပါ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ပြန်မတိုင်ပါနဲ့”
ဆရာမ ဒေါ်မြပုလဲသွယ်က မျက်မှောင် ကျုံ့သွားတယ်။ အစ်မကြီး ထွေးထွေး ကလည်း မေးလေးဆတ်ပြတယ် ပြောလိုက်လေ မောင်လေး ဆိုတဲ့ အဓိပ္ပာယ် ဒါနဲ့ ချောလိုက်တာလေ သူ့မျက်နှာလေးက
“ဆရာဗိုလ်ဟိန်း ကိစ္စလား”
ကျနော်က အသေကောင် အပြစ်ကင်းလေးလို မျက်ခွက်လေးနဲ့ အသနားခံ သလိုကြည့်ရင်း
“ဆရာဗိုလ်ဟိန်းကလေ ဆရာမ ပြဇာတ်ကဖို့ လူစုရင်း တစ်ယောက်မှ ဝင်မကနဲ့ ငြင်းလိုက်ပါတဲ့။ သူနဲ့ပဲ စာသင်တဲ့ စာမသင်ပဲ အပျော်အပါးလုပ်တာ မကောင်းဘူး လို့ ပြောတယ်။ အဲဒါ ဆရာမ သူ့ကိုပြန်မတိုင်ပါနဲ့နော်”
“ဘာ သူက ဘာလို့ အဲ့လို ပြောရတာလဲ တခြားကျောင်းတွေက တက်တက်ကြွကြွ အပြိုင်အဆိုင်လုပ်နေချိန် နန်းအေးမြို့မကျောင်းက ငြိမ်နေရမှာလား”
“ဟုတ်ဆရာမ ဆရာကြီးဦးမင်းရောင်ကလည်း ပြိုင်မနေနဲ့ မင်းတို့ပြဇာတ်က ဆုဖလားမပြောနဲ့ ဒန်ဖလားရရင်တောင် ကံကောင်းတဲ့”
“အို ဒီလူတွေ ဒီလိုပဲပြောသလား ထွေးထွေး ကြည့်စမ်း။ ငါက ကျောင်းအုပ်ကြီးပါအေ ငါ့ကို နည်းနည်းပါးပါး အဖက်လေးလုပ်ကြပါဦး”
“ဒါ တီတီ့ ရဲ့ လုပ်နိုင်စွမ်းကို အထင်သေးတာနော်”
အစ်မကြီးထွေးထွေးကလည်း အဆင်းဘီးတပ် ပေးလိုက်ပြန်တယ်။ မှတ်ပြီလား ဦးဟိန်းထက် ။ဗိုလ်မှတ်ပြီလား ဦးမင်းရောင်။
“ငါကလည်း လုပ်ဦးမှာ။ မြစ်ငယ်အနုပညာကျောင်းဆင်းဟေ့။ အမယ်လေး နန်းအေးဆိုတဲ့မြို့ သူ တစ်သက်မကြုံဖူးတဲ့ ပြဇာတ်တွေ ဇာတ်လမ်းတွေဆက်တင်တွေပါ တွေ့သွားရမယ်။ ဘာမှတ်နေတုန်း”
ကျနော့်ရဲ့ အကြံအစည် အောင်မြင်ပြီ။ ကျနော်တို့တွေ အေးဆေးအနားယူလို့ရပြီပေါ့။
တကယ်က အဲ့ဖြစ်ရပ်ဆိုးတွေသာ ဖြစ်လာမယ်ဆိုတာ ကျနော် ကြိုတွေးမိခဲ့ရင် နွေရာသီတစ်ခုလုံး သင်္ချာတွေ ထိုင်တွက်နေဖို့ပဲ ကျနော် ရွေးချယ်မိမှာ အသေအချာပါပဲ။
ဆက်ရန်
******