← Chapters

အခန်း (၁၄)

Vol. 1 Ch. 14

အခန်း (၁၄)

Vol. 1 Ch. 14

ဒေါ်မြပုလဲသွယ်တို့ ငါးယောက် ကျောင်းထဲရောက်ပြီဆိုတာနဲ့ အခြားကျောင်းအုပ်တွေ ဆရာ ဆရာမ တွေက ဒေါ်မြပုလဲသွယ် ကို နှုတ်ဆက်ကြတယ်။ တချို့ဆို တကူးတကပါ ဖုန်းဆက်ပြီး နှုတ်ဆက်ကြတယ်။

“ဆရာမ အကူအညီ လိုရင်ပြောပါ”

“ဆရာမကတော့ စံပါပဲဗျာ တကယ့် နာမည်ကြီးဒိတ်ဒိတ်ကြဲ ကျောင်းကိုမှ ကိုင်ချလိုက်တယ်။ နန်းအေးမြို့မက လူဆိုးကျောင်းဗျ။ ဆရာမ ကိုင်နိုင်တာ ချီးကျူးပါတယ်”

“ကျောင်းသားတွေက အဲ့လောက်မဆိုးကြပါဘူးရှင် ကျွန်မ လည်း ကိုင်တွယ်နိုင်ပါတယ်”

“ဘယ့်နှယ် မဆိုးရမှာလဲဗျ။ နန်းအေးမြို့မကျောင်းသားတွေက ကျောင်းရော တက်ကြရဲ့လား။ အမြဲတမ်း အပြင်မှာချည်းပဲ။ ဒါကရော ဆရာမကြီးက ပျော်အောင် လွှတ်ထားတာလားဗျ”

ဆရာမ ဒေါ်မြပုလဲသွယ် မျက်နှာ ပျက်သွားတယ်။

“ဆရာမကြီး မသိတာလည်း ဖြစ်နိုင်ပါတယ်။ ကိုမင်းကလည်း”

အခြားဆရာ တစ်ယောက်က ဆရာမဒေါ်မြပုလဲသွယ်ကို အားနာသွားဟန်ဖြင့် ကာပြောလိုက်တယ်။

“ဆရာမကြီးသာ မသိတယ်။ တစ်မြို့လုံးက နန်းအေးမြို့မကျောင်းသားတွေအကြောင်း သိနေတာပဲ။ အဲ့ ကျောင်းသားတွေထဲမှာ မှတ်မှတ်ရရ ရှိတာ မျက်လုံးဝါဝါ နဲ့ ကောင်လေး ဟိုတစ်ခေါက်က ကျုပ်က ဟေ့ကောင် မင်း ကျောင်းလစ်လာတာလားဆိုပြီး ငေါက်မိပါတယ်။ ခင်ဗျား စောက်လုပ်လားဆိုပြီး ပြန်ပြောတယ်ဗျာ ကောင်းလား အဲဒါ ဆရာမကြီးကို ကျနော်က တင်းတင်းကြပ်ကြပ် ကိုင်တွယ်စေချင်ပါတယ်ဗျ”

ဒေါ်မြပုလဲသွယ် နည်းနည်းဒေါသထွက်သွားတယ်။ ဒါကြီးကတော့ တရားလွန်လေ။ ဒါပေမဲ့ ဘာမှ ပြန်မပြောနိုင်။

“တွေ့လား ငါတို့ ဆန်းဝင်းနိုင်လေးက တွေ့ကရာ နေရာမှာ ကျောင်းဂုဏ်ဆောင်တာပဲဟေ့။ ဒါတွေ ဗိုလ်ဟိန်းကြီး မသိဘူး”

ဝေလင်းဖြိုးက တိုးတိုးပြောတယ်။

“အဲ့ဘဲက ဘယ်သူလည်း ကိုမင်းဆိုတဲ့ ဘဲ”

“အဲဒါ Zaw International School founder။ ဦးမင်းထက်ဇော်တဲ့။ ဟိုဘက်က အထက ၅ ကျောင်းအုပ် ဦးနိုင်လင်းတဲ့”

“ဦးနိုင်လင်း က ငါတို့ဘက်က ပါတယ်နော်”

“ပါမှာပေါ့ ငစိုင်းရ သူကလည်း အစိုးရကျောင်းအုပ်လေ။ အစိုးရကျောင်းအချင်းချင်း ဝံသာနု ပေါ့ ဟ”

ဝေလင်းဖြိုးက ပြောလိုက်တယ်။ ထက်မြတ်မင်းထွေး ကတော့ ဘာမှ မပြောဘဲ ဟိုကြည့် ဒီကြည့်လုပ်ရင်း

“ကျောင်းက အကျယ်ကြီးပဲနော်”

“ကျယ်မှာပေါ့။ ဒါက ကိုလိုနီ လက်ရာကွ။ ငါတို့ နန်းအေးမြို့မကျောင်းက ကိုလိုနီလက်ရာ မဟုတ်ဘူး။ ဂျပန်ခေတ် ဗုံးကျဲခံရတော့ ကျောင်းတစ်ခုလုံး ကုန်ရော။ ဒီကုမ္မာရီ ကျောင်းကသာ ဗုံးစာမမိလို့ ကျန်နေတာ”

“ဟာ ကိုစိုင်း သိလှချည်လားဗျ”

“အောင်ရဲကျော် ပြောပြတာ။ သူက အဲဒါတွေ သိပ်သိတာ။ ဒီကျောင်းက သရဲ သောက်ရမ်းခြောက်တာတဲ့။ ဗိုက်ကြီးသည် သရဲမ ရှိတာတဲ့ မင်းက ဒီမြို့သားဖြစ်ပြီး မသိဘူးလား”

“ဟုတ်လား မသိပါဘူးဗျာ။ စာပဲ လိုက်စားနေမိတာ “

ထက်မြတ်မင်းထွေးက ပီကေ တစ်ခုကို ကောက်ဝါးနေလိုက်တယ်။ ကုမ္မာရီကျောင်းရဲ့ ပတ်ဝန်းကျင်က တော်တော်လှတယ်။ သူက ချောက်ဘေးမှာ တည်ထားသလိုဖြစ်နေတာ။ ကျောင်းရဲ့ခြံစည်းရိုးကို ကျော်ပြီး နည်းနည်း သွားလိုက်ရင်ကို ချောက်ကြီးဖြစ်နေပြီ။

“ဟေ့ရောင်တွေ ငါတို့နှစ်ကောင် ကျောင်းထဲ ပတ်ကြည့်မလို့”

“ဟေ့ကောင်တွေ မင်းတို့မလုပ်ကြပါနဲ့ကွာ။ စောက် ပြဿနာ တက်ကုန်မယ်နော်။ မင်းတို့ကို ငါခေါ်လာတာ”

“ရတယ် ပြဿနာ မရှိဘူး ပြဿနာတက်ရင် ငါတို့ရှင်းမယ်”

ဝေလင်းဖြိုးနဲ့ ဝင်းမင်းဦးက တက်ကြွနေတယ်။ စိုင်းရွက်ဟိန်းကတော့ သူ့ခေါင်းသူ ကိုင်ထားရတယ်။

“ဗြဟ္မာ့ဦးခေါင်း ဟေ့ မင်းတို့နှစ်ကောင်က”

“သွားပါဦးမယ် သွားဦးမယ် မောင်ကြီးတို့လာပြီ နှမငယ်”

ဝင်းမင်းဦးက ခုန်ပေါက်ပြီး ပြေးသွားတယ်။ ဝေလင်းဖြိုးကတော့ ခြေလှမ်းကျဲကြီးတွေနဲ့သာ လိုက်ပါလာသည်။

..

“ပထမဦးစွာ ကြွရောက်လာကြတဲ့ ကျောင်းသားများ၊ ဆရာ၊ဆရာမများ ကျောင်းအုပ်ကြီးများကို ကျနော်တို့က ဦးညီဖလားအကြောင်း ဗဟုသုတရရှိရန် ပထမဆုံး တင်ပြပါ့မယ်”

အခမ်းအနားမှူး ကြေညာသံ နဲ့အတူ လက်ခုပ်တီးသံတွေရော ဟားသမ်းသံ တွေရော ထွက်လာတယ်။ အရစ်ရှည်လိုက်တာ။ သုံးနှစ်တစ်ခါ ပြောနေကြစကားတွေကို

“ဦးညီ ဟာ နန်းအေးမြို့မကျောင်း ကြီး မဖြစ်ပေါ်ခင်LANCS FAMILY ORPHANAGE AND SCHOOLအတိုကောက် LFOAS ယာကုပ်ကျောင်းလို့လည်း သိကြတယ်ပေါ့။ အဲ့ကျောင်းရဲ့ ကျောင်းသားဖြစ်ခဲ့သလို ဒီမြို့ရဲ့ နာမည်ကြီး ဂုဏ်ထူးဆောင်တွေဖြစ်ခဲ့တယ် သခင်မောင်ရ၊ဒေါက်တာအောင်စိန် တို့ရဲ့ သူငယ်ချင်းကြီးဖြစ်တယ်၊ သူဟာ စစ်ပြီးခေတ် နောက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ပေါ်လာတော့လည်း ဆရာကြီး စည်သူဗိုလ်ကလေးတင့်အောင် နဲ့ ခေတ်ပြိုင် ဂီတမှူး နဲ့ ပြဇာတ်ကြီးပါပဲ”

“အဲဒါတွေ ငါတို့ မသိချင်ဘူးလေကွာ။ ဒါတွေက သိပြီးသားပဲ “

“အေးလေဗျာ”

“ဆရာကြီးဦးညီဟာ သူ့မြို့မှာ ပြဇာတ်စာပေနဲ့ ပြဇာတ်ကခြင်း ဓလေ့ကို ပျောက်မသွား စေချင်တဲ့အတွက် သူပိုင် ငွေတွေ ရဲ့ သုံးပုံ နှစ်ပုံကို ရန်ပုံငွေထားပြီး ပြဇာတ်ပြိုင်ပွဲတွေကို ကျင်းပစေခဲ့တာ ယခုဆိုရင် ၁၆ ကြိမ် ရှိပါပြီ။ ဆရာကြီးကတော့ ၂၀၁၃ မတ်လ ၁၇ မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆိုရင် ကျနော်တို့ရဲ့ ပြဇာတ်ပြိုင်ပွဲ တွေဟာ အကြိတ်အနယ်ဖြစ်လာသလို နှစ်တိုင်းနှစ်တိုင်း စပွန်ဆာ တွေကလည်း များလာတဲ့အတွက် ဆုကြေးတွေကလည်း မြင့်သထက် မြင့်လာပါတယ်။ အခုဆို ရွှေသိုက် အုပ်စုက သူဌေး ဦးသိုက်မောင်းနဲ့ ရွှေပြည်တော် ကျောက်မြတ်ရတနာ လုပ်ငန်းက ပူးပေါင်းပြီး အထက်တန်း တစ်နာရီခွဲ ပြဇာတ်ပြိုင်ပွဲ တွေကို အဓိက စပွန်ဆာ အနေနဲ့ ဆုကြေးငွေ...”

ပညာရေးမှူးက စိတ်လှုပ်ရှားစေလိုသဖြင့် ခဏ စကား အစဖြတ်ထားသည်။

“ပညာရေးမှူးက ပြောလိုက်ရင် အဲ့အတိုင်းပဲ အရင်နှစ်က ငါးသိန်း ပေးတာဗျာ။ တစ်ယောက် နှစ်ထောင့်ငါးရာပဲရတယ် ကလေးတွေက”

ဆရာဦးနိုင်လင်းက ဆရာမ ဒေါ်မြပုလဲသွယ်ကို တီးတိုးပြောပြရင်း ရေတခွက် မော့သောက်လိုက်တယ်။

“ဆုကြေးငွေ သိန်းတစ်ရာကျပ် တိတိ “

“ဖူး ...ဖူး..ဖူး”

ဆရာဦးနိုင်လင်း ရေတွေသီးပြီး ရေတွေ အကုန်ပြန်ထွက်လာသည်။ ခန်းမကြီးတစ်ခုလုံးလည်း မှင်သက်နေသည်။ ပြီးမှ ဟေးဆိုပြီး လက်ခုပ်တွေ ထတီးကြသည်။

“‌သိန်းတစ်ရာဟုတ်လား ကိုစိုင်း သိန်းတစ်ရာ တဲ့”

ထက်မြတ်မင်းထွေးက စိုင်းရွက်ဟိန်း ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။ စိုင်းရွက်ဟိန်းလည်း ပါးစပ်အဟောင်းသား။

“သိန်းတစ်ရာတင် မကပါဘူး။ ဒုတိယဆု သိန်းငါးဆယ်၊ တတိယဆု သိန်းနှစ်ဆယ် ပေးမှာပါ။ ခင်ဗျာပြိုင်ပွဲဝင် ခြောက်ကျောင်း အနက် သုံးကျောင်းကသာ ဆုရမှာ ဖြစ်ပြီး ကျန် သုံး‌ကျောင်းကတော့ ဆုငွေ ရရှိမှာ မဟုတ်ဘဲ လက်ဆောင်ပစ္စည်း များကိုသာ ရရှိမှာပါ။ အပြိုင်အဆိုင်ကြီးတဲ့ နှစ်ပါခင်ဗျာ”

ဆရာမ ဒေါ်မြပုလဲသွယ်က သူ့ဘေးက ကျောင်းအုပ်ကြီးတွေကို ကြည့်မိတယ်။ အားလုံးရဲ့ မျက်နှာတွေက ဝင်းပပြီး အရောင်တွေ လက်နေတယ်။ ဒါက ကလေးတွေကို ဇွတ်အတွင်း ငွေတံဆိပ် ကပ်ဖို့ ကြိုးစားသလို ဖြစ်မနေဘူးလား။ အလင်္ကာကျော်စွာဘွဲ့ကိုတောင် ငြင်းခဲ့တဲ့ ဒိတ်ဒိတ်ကြဲ ပြဇာတ်ရေးဆရာဦးညီရဲ့ ရည်ရွယ်ချက်က ဒီလို ဖြစ်စေချင်တာတော့ မဟုတ်လောက်ပါဘူး။

ဒေါ်မြပုလဲသွယ် ‌ရင်တော့ ခုန်နေပေမဲ့ တစ်ဖက်မှာလည်း ပြိုင်ပွဲကို အမြင်စောင်းနေမိတယ်။

“အင်း ဘယ်လို လုပ်ရပါ့”

..

“စော်တွေက ငါတို့ကို စောက်ဖက်လည်း မလုပ်ကြဘူးနော် “

“အေးကွ သူတို့ဟာသူတို့ ဆော့နေကြတာ”

ဝေလင်းဖြိုးက ပြောတယ်။ သူတို့နှစ်ယောက် ဒီနေရာမှာ ရပ်နေတာ ဆယ်မိနစ် လောက်ရှိပြီ။ ဘယ်သူမှ အဖက်မလုပ်။ ကောင်မလေးတွေက စားစရာရှိတာစားသည်။ စာကျက်တဲ့လူက ကျက်နေသည်။

တချို့ကလည်း Exo နဲ့ One direction ဘယ်အဖွဲ့ ပိုကောင်းတယ် ငြင်းနေကြတယ်။ ‌ခပ်ချောချောကောင်မလေး ‌တစ်ယောက်ကို အခြားကောင်မလေးက အနောက်ကနေဖက်ရင်း ပါးလေးကို မွခနဲ နမ်းနေတာကို တွေ့တော့ ဝေလင်းဖြိုးက မဲ့ရွဲ့သွားကာ

“ဒီဟာမတွေက လိင်တူ ကြိုက်တဲ့ဟာတွေ အေးလေ အထီးမှ မရှိတာ”

“အေးလေ ကိုရီးယား နဲ့ uk က ကောင်တွေ အကြောင်း ငြင်းနေသေးတယ်။ အချိန်တန်ရင် မြန်မာပြည်က ကောင်တွေနဲ့ ပဲ ညားမှာကို တန်ရာတန်ရာ မမှန်းဘူး။ တကယ့် ဟာမတွေ”

ဝင်းမင်းဦး က မိန်းကလေးတွေ ကြိုက်နှစ်သက် သမျှ အရာအားလုံး ကို ဆန့်ကျင်ခြင်းသည် cool ဖြစ်သော အမျိုးသားတစ်ယောက် ဖြစ်စေသည် ဟူသောဝါဒ ကို လက်ကိုင်ထားသော မြန်မာပြည်ရှိ ၈၀ ရာခိုင်နှုန်းသော ဆယ်ကျော်သက် အမျိုးသားများ၏ ထုံးစံ အတိုင်း ပြောချလိုက်သည်။

သို့သော် သူပြောလိုက်ပုံက အနည်းငယ် ကျယ်သွားဟန်တူသည်။ အိုအီးရှီထုပ်ကို ပါးစပ် နဲ့ ကိုက်ဖောက်နေသော ခပ်ဝဝ ကျောင်းသူ၏ အကြည့်ဆူးဆူးမှာ သူတို့နှစ်ယောက်ထံ စိုက်ရောက်လာတော့သည်။ အခြားကောင်မလေးများမှာလည်း သူတို့၏ ပကတိ တည်ငြိမ် နေမှုကို လာရောက်ဖျက်စီးသော ကြောင်တောင်တောင် ဂြိုလ်သား နှစ်ကောင်အား အထင်သေး ရှုံ့ချသော မျက်လုံးများဖြင့် ကြည့်နေကြလေရာ

“မဟုတ်ဘူး။ စတာပါ စတာနော် စတာ”

ဝေလင်းဖြိုးက ပြေးဖို့ ဟန်ပြင်နေသည်။

ထိုစဉ် ရုတ်တရက် ထို ကျောင်းသူများမှာ ပြုံးလာကြသည်။ ဆယ်တန်းအောင်ရင်တောင် ထိုကဲ့သို့ အပြုံးမျိုး ပြုံးကြလိမ့်မည်မထင်။ ထို့နောက် သူတို့၏ နားရွက်များကို ပိတ်လျက်သော်လည်းကောင်း တစ်ယောက်‌နှင့်တစ်ယောက် တဖမ်းဖမ်း ရိုက်၍ သော်လည်းကောင်း အော်ဟစ်ကြပြီး

“ဝဏ္ဏတိုး အိုပါး”

ပြိုင်တူအော်သံ နဲ့အတူ ကောင်မလေးများသာမက ကျောင်းဆောင်ပေါ်မှ ကောင်မလေးများပါ မကျန် ဇွန်ဘီတောထဲ လူပြုတ်ကျလာသလို ဝုန်းကနဲ ဝုန်းကနဲ လွှားခနဲ လွှားခနဲ ပြေးဆင်းလာကြသည်။

အချို့က ဝေလင်းဖြိုး နဲ့ ဝင်းမင်းဦးကိုပဲ ဝင်တိုက်သွားရာ နှစ်ကောင်သား ဖင်ထိုင်လျက် ‌လဲကျသွားရသည်။

“ဟေ့ကောင်ရေ ငါ့နှာခေါင်းရိုး ကျိုးပြီထင်တယ်။ ဒူးခေါင်းနဲ့ ဝင်တိုက်သွားတာ ဘာဖြစ်တာလဲ “

‌ဝင်းမင်းဦးက သူ့နှာခေါင်းကို ဖိထားတယ်။ နှာပေါက်ထဲကနေတော့ သွေးအချို့ စီးဆင်းလာတယ်။

..

အစည်းအဝေးခန်းထဲမှ ဒေါ်မြပုလဲသွယ်လည်း အပြင်ဘက်က ဆူဆူညံညံ အသံတွေကြောင့် ငိုက်နေရာက ဆတ်ခနဲဖြစ်သွားကာ

“ဟင် ဘာဖြစ်တာလဲ ဗုံးကြဲတာလား”

“ဝဏ္ဏတိုးလေ ရွှေသိုက်ဂရု ရဲ့ ဒုတိယဒါရိုက်တာလေး ဝဏ္ဏတိုး။ သူ့ကို ကလေးမလေး တွေ သိပ်ကြိုက်ကြတာ အစ်မရဲ့”

ကုမ္မာရီ အမျိုးသမီးကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရီ က ပြောလိုက်တယ်။

“ကြိုက်တယ်ဆိုလည်း ခင်ဗျားကလေးမတွေ ထိန်းလိုက်ပါဦးလားဗျာ။ တော်နေကြာ မောင်ဝဏ္ဏတိုး တစ်စစီ ဖြစ်သွားပါဦးမယ်”

“အယ် ဟုတ်သားပဲ”

..

ဒေါ်ခင်ရီ အပြင်ဘက်ထွက်သွားပြီး ထိန်းလိုက်မှ ကောင်မလေးတွေ ငြိမ်သွားပြီး ဝဏ္ဏတိုးလည်း အစည်းအဝေးခန်းမထဲကို ဝင်လာသည်။

ဝဏ္ဏတိုး မျက်နှာပေါ်တွင်တော့ နှုတ်ခမ်းနီရာကြီး ထင်းလို့

“ရပါတယ် ဆရာမ ကလေးတွေကို ရိုက်မနေပါနဲ့။ ပျော်ကြပါ့စေ”

“အိုပါးဆာရားငယ်”

ဒေါ်ခင်ရီလည်း အစည်းအဝေးခန်းမ တံခါးကို ဂျိုင်းခနဲ ပိတ်လိုက်ရသည်။ ဒါတောင် ပြတင်းပေါက်တွေမှာ အုံခဲနေသည်။ အစည်းအဝေးခန်းမထဲရှိ ရွေးချယ်ခံ ကျောင်းသူတွေကလည်း ဖုန်းလေးတွေထုတ်ပြီး အားရပါးရရိုက်ကြသည်။ ဆရာမ‌တွေကလည်း ဝဏ္ဏတိုး လာတော့ live တွေပါ ထလွှင့်သည်။ ခုနက ပညာရေးမှူးတစ်ယောက် တစ်နာရီနီးပါး ရေမသောက်ဘဲ non stop ဟောပြောနေတာကျ တစ်ယောက်မှ ဓာတ်ပုံရိုက်ဖို့ ဝေးစွ အဖတ်ပင် မလုပ်။ ဝဏ္ဏတိုးက မိုက်ကရိုဖုန်းကို ကိုင်ရင်း

“ညိုကီတို့ ချစ်ညီမလေးတို့ မင်္ဂလာပါ”

“မင်္ဂလာပါ”

မိန်းကလေးများအားရပါးရ အော်လိုက်သော အသံကြီးက ဟိန်းလို့

“မအေဘေးက သူ့ကိုယ်သူ rocker များ မှတ်နေတာလားမသိဘူး”

စိုင်းရွက်ဟိန်းက မနာလိုစိတ် တခွဲသားနဲ့ပြောသည်။ ထက်မြတ်မင်းထွေးကတော့ ရယ်လို့

“ညီမလေးတို့အားလုံးကို ချစ်ပါတယ်နော်”

“ဟေး”

“ဪ စောက်ရေးမပါတာကွာ ပြောစရာရှိတာ မပြောဘူး။ ချစ်လား ချစ်ရင် ထောင်ထဲသွားလိုက်ပါ့လား pedo ကောင် ရ”

“အားလုံး ဒီပြဇာတ် ပြိုင်ပွဲမှာ အားလုံးပါဝင်ကြမယ်မှတ်လား။ ဘာမှ ရှက်စရာ ကြောက်စရာ မလိုဘူးနော်။ အကိုကြီး ကလည်း လာပြီး အားပေးမှာပါ “

“ဟုတ်ကဲ့ပါ”

(မိန်းကလေးထု အသံ)

“အစ်ကိုတို့တုန်းက လည်း ပြဇာတ်ကခဲ့တာပဲ။ အဲ့တုန်းက ရိုမီယို နဲ့ ဂျူးလိယက် ကကြတာ။ တကယ်ပျော်ဖို့ကောင်းတယ်။ အစ်ကိုက ရိုမီယို နေရာက ကခဲ့တာပေါ့”

“ဝိုး “

“ကျက်သရေ တုံးလိုက်တာကွာ”

စိုင်းရွက်ဟိန်းက ပြောလိုက်တယ်။

“ဟုတ်ပါ့ဗျာ”

စိုင်းရွက်ဟိန်း စကားကို အောင်ပန်းဆွက်ကျောင်းက ပါလာတဲ့ ကျောင်းသားတွေကပါ ထောက်ခံကြတယ်။ ကျောင်းချင်းမတူပေမဲ့ ဝဏ္ဏတိုးကို မုန်းတာခြင်းတူကြသည်ပေါ့။

ဒေါ်မြပုလဲသွယ်ကတော့ ပြဇာတ်ကို ဘာပြဇာတ်ကရမလဲပဲ တွေးနေမိသည်။

“ရာမယဏလား မဖြစ်သေးပါဘူး။ ဖွားတော်မူခန်းမဖြစ်သေးဘူး။ ဘာသာရေး နဲ့ နွယ်လွန်းနေတယ်သမိုင်းကြောင်းလည်း ပါရမယ်။ အချစ်နဲ့ စိတ်ဝင်စားစရာလည်း ကောင်းမဲ့ဟာမျိုး ရှာရမယ်”

ဆက်ရန်

******

All Chapters