← Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

“လာနာရေ သမီး ဆရာတို့YIS ကျောင်းကရော ဘာပြဇာတ်တင်ပြမယ် စိတ်ကူးထားလဲ”

“ရှင်”

ဦးဧရာရဲ့ ရုတ်တရက်အမေးကြောင့် လာနာ အနည်းငယ် ကြောင်သွားတယ်။ ဒီကိစ္စကို သူ့ထက် တီချယ်အကြီးတွေနဲ့ တိုင်ပင်သင့်တယ် မဟုတ်ဘူးလား။ အခုတောင် YIS ကျောင်း အနေနဲ့ မျက်နှာစုံညီ အစည်းအဝေးပွဲကို ကျောင်းသူနှစ်ယောက် ကျောင်းသားနှစ်ယောက် ခြံရံပြီး လာနေတယ်။ သူတို့ကတော့ တော်တော် နောက်ကျနေပြီ။ အခြားကျောင်းတွေက ရောက်တောင် ရောက်နေလောက်ပြီ။

“အေး ငါကတော့ အခုနှစ်မှာ လူငယ်တွေကို ဦးဆောင်စေချင်တယ်။ အထူးသဖြင့် သမီးလိုပေါ့။ မနှစ်က ဆရာတို့ ကပြခဲ့တဲ့ Othello ပြဇာတ်ဆိုရင် ဆရာမကြီးက အင်္ဂလိပ် လိုတွေ ကခိုင်းတော့ ခမ်းခမ်းနားနားတော့ ဖြစ်ပါရဲ့။ ပရိသတ်က နားမလည်ဘူး။ ဖြစ်နေတယ်။ ဒါကြောင့် မနှစ်က ဆရာတို့ ဒုတိယဆုပဲ ရလိုက်တယ်ကွာ။ ဒီနှစ်ပြဇာတ်ကို မြန်မာလို ကစေချင်တာ။ ဇာတ်‌လမ်းကောင်းကောင်းလေးပေါ့”

“ဟို အဲဒါကလေ သမီးကကျ အဲ့ဘက်မှာ နည်းနည်း အားနည်းတော့လေ။ တာဝန်ကြီး ယူရသလို ဖြစ်နေမှာ”

“အချိန်ရှိပါတယ်ကွာ လူငယ်တွေပဲ ကြိုးစားလိုက်စမ်းပါ “

ဆရာကြီးဦးဧရာက လိုချင်တာဆို ရရမှ။ အပြောကကောင်းသူမို့ လာနာ မလုပ်ချင်ဘူးဆိုရင်တောင် ရအောင် ဆွယ်မဲ့သူ။ သူ့အနေနဲ့ မနှစ်က ပြဇာတ်အတွက် ပိုက်ဆံတွေ သုံးရပြီး အောင်ပန်းဆွက် ကျောင်းရဲ့ ဟာသပြဇာတ် ကို ရှုံးသွားတယ်လေ။ ဦးဧရာက မခံမရပ်နိုင်ဖြစ်ပြီး social media မှာ

We got robbed

ဆိုပြီး တင်ခဲ့တာကြောင့် ပြဿနာ အနည်းငယ်တက်သွားခဲ့တယ်။

ဦးဧရာထွန်းက သူ့ဘဝမှာ အမြဲတမ်း အနိုင် ရချင်တယ်။ YIS ဟာ နန်းအေးမှာရှိတဲ့ ကျောင်းအားလုံးထက် သာရမယ်။ သူက သူ့ကျောင်းအကြောင်းတင် မကဘူး။ ပြိုင်ဘက်တွေဖြစ်တဲ့ အောင်ပန်းဆွက်၊Zaw၊အထက ၅၊ ကုမ္မာရီတို့ရဲ့ ကျဆုံးတာ အောင်မြင်တာတွေကို fileတွဲတွေ ခွဲပြီးတော့ကို လေ့လာတာ။ နန်းအေးမြို့မကျောင်း ကတော့ မပါဘူး။ အဲ့ကျောင်း ဖွင့်နေသေးတာ ဘာကြောင့်လဲဆို‌တာတောင် ဦးဧရာထွန်း နားမလည်ပေ။

ကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဆန်ဒီကတော့ သူ့ရဲ့ မျက်နှာကို ဖုန်းကင်မရာနဲ့ တဖြတ်ဖြတ် ဓာတ်ပုံ ရိုက်နေတယ်။ အနောက်က ယောကျာ်းလေးနှစ်ကောင်ကတော့ ဆန်ဒီ့ ကင်မရာထဲ ပါလို့ပါညား လက်နှစ်ချောင်း ထောင်နေကြတယ်။

“ရတယ် နင်တို့ လက်ချောင်း ကြိုက်သလောက် ထောင်စမ်း။ ငါက Blur ပြီး နင်တို့ပုံတွေ ဖျက်ပြီး တင်မှာ ဘယ်ရမလဲ”

ဆန်ဒီက သူ့အတွေးနဲ့ သူရယ်နေတယ်။

သူ့အရှေ့မှာ ထိုင်နေတာက နန်းအိမ့်ခမ်း သူ့စိတ်ကတော့ ထုံးစံအတိုင်း လေလွင့်နေတယ်။ ပြီးခဲ့တဲ့ အပတ်က သူ ကြုံတွေ့ခဲ့ရတဲ့ ညအိပ်မက်ဆိုးတွေ အသံနက်ကြီး နဲ့ အော်ခေါ်သံတွေ။

အဲဒီနေ့က သူစာကြည့်တိုက်က ဌားခဲ့တဲ့ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ ဆိုတဲ့ စာအုပ်ထဲက အဓိက ဇာတ်ဆောင်ရဲ့ နာမည်က ဗလရောင် ဆိုတာပေါ့။ ဒီစာအုပ်က လိုင်းပေါ်မှာ မထင်မရှားနာမည်ကြီးနေတာ ကြာပြီ။ ဒီစာအုပ်ကို သူသိခဲ့ တာက ဝမ်းကွဲ မောင်လေး Rupert ရူးပတ် ကြောင့်ပေါ့။

Rupert ရူးပတ် ဆိုတဲ့ ကောင်လေးက အသက် ၁၃ နှစ်ပဲရှိသေးပေမဲ့ Youtube မှာ follower 2M ရှိနေပြီ။ Story by Rupert channel ထောင်ထားတယ်။ အစက သူလည်း ကျောင်းသွားတဲ့ vlog တွေ ရိုက်ပြီးတင်တယ်။ နောက်ပိုင်း horror movie reviews တွေ လုပ်ရင်းကနေ သရဲ ဖြစ်ရပ်မှန် တွေ သရဲပူးကပ်မှု့တွေ အကြောင်း videoတွေ လုပ်ပါတယ်။

နန်းအိမ့်ခမ်း ကတော့ သူ့ video တွေကို ဒိုင်ခံ edit ပေးရတဲ့ နောက်ကွယ်က တင်ဆက်သူ။ နန်းအိမ့်ခမ်းက လူတွေ နဲ့ စကားပြောရတာ ခက်ခဲတဲ့လူဆိုတော့ သူကိုယ်တိုင်တော့ ကင်မရာရှေ့ မထွက်ဖြစ်ပေမဲ့ ရူးပတ်ကိုတော့ စိတ်လိုလက်ရ ကူညီဖြစ်ပါတယ်။ ဒါပေမဲ့ ရူးပတ်က နောက်ပိုင်း သရဲတစ္ဆေ ခေါ်တာတွေ Bloody Mary ခေါ်တာစတဲ့ ဗီဒီယို တွေကိုပါ ရိုက်လာပါတယ်။ နန်းအိမ့်ခမ်းက တားပေမဲ့ ရူးပတ်က သူ့ဘော်ဒါတွေနဲ့ အဖွဲ့ကျနေသလို video editor အသစ်တစ်ယောက်ပါ ခန့်ပြီး လုပ်ချင်ရာ စွတ်လုပ်ပါတော့တယ်။

တစ်နေ့ သူတို့ရဲ့ comment မှာ လူတစ်ယောက်က

“ရူးပတ်ဆိုတဲ့ချာတိတ် မင်း နန်းအေး မှာနေတာမလား။ နန်းအေးမှာ ကျိန်စာသင့် စာအုပ် ရှိတယ်ကွ။ လယ်သာအနက်နဲ့ စာအုပ်တွေ စာရေးဆရာ နာမည်က ဂျွန်ဝင်းမောင် အဲ့စာအုပ်က ည ဖတ်လို့မရဘူးကွ။ ဖတ်ရင် အဲ့စာအုပ်ထဲမှာ ပါတဲ့ သရဲက အိပ်မက်ထဲထိ လိုက်ခြောက်တာလို့ ဦးလေးတွေ ဆီက ကြားဖူးတယ်”

ထိုလူရဲ့ commentဟာ like တွေ အများကြီးရခဲ့ပြီး အသက်ကြီးကြီး လူတချို့ကလည်း ထောက်ခံကြတယ်။

“အေး အဲဒါကြားဖူးတယ်။ ဒါပေမဲ့ ကလေးကို မလုပ်ခိုင်းပါနဲ့ကွာ။ အန္တရာယ်များပါတယ်”

“ဟာ ဒီကောင်က Bloody Maryတို့ မှန်သရဲမတို့တောင် စမ်းသပ်ပြီး ခေါ်ပြထားတာ ဒါလောက်ကတော့ လုပ်ပြရမှာပေါ့”

“သားလေးရေ အန်တီက တူလေးလို ချစ်လို့ပြောတာ ခိုင်းတိုင်း မလုပ်ပါနဲ့ကွယ်”

“ဟေ့ကောင် ရူးပတ် မင်း ဇ မရှိဘူးလား။ အဲ့သရဲ က မင်းနဲ့ တစ်မြို့ထဲ နေတာလေ Bloody Mary ကမှ အင်္ဂလန်ကလာဖို့ လေယာဉ်ပျံစီးနေလို့ ကြာနေဦးမှာကွ”

Comment တွေက အမျိုးမျိုးပဲ။ နန်းအိမ့်ခမ်းလည်းတားပေမဲ့ ရူးပတ်က ဘော်ဒါ အားကိုးနဲ့

“အစ်မ နင် ပေးမလုပ်လည်း အစ်ကိုကြီးတေဇ တို့နဲ့ လုပ်မယ်ဟာ။ ဒါက subscriber ထောင်ချီ ရလာမှာဟ နင်က ဘာလည်း မနာလိုတာလား”

နန်းအိမ့်ခမ်းလည်း အစက ကိုယ်ကပဲ အပင်ပန်းခံပြီး လုပ်ပေးခဲ့ရပေမဲ့ အခုလို ကျေးဇူးကန်းငါးမန်း လုပ်နေတော့ နင့်ထိုက်နဲ့ နင့်ကံ ဆိုပြီး လွှတ်ထားပေးမိတယ်။

ရူးပတ်ကလည်း သေချာရှာပြီး အဲ့စာအုပ်ကို ဌားဖတ်တော့တာပေါ့။ သူက ပြောတောင် ပြောပြသေးတယ်

“ပိန်းတိန်းတိန်းကြီးပါ မမရာ ဘာကြီးမှန်းမသိဘူး။ ဖွားဖွားပြောပြတဲ့ မောင်ပေါက်ကျိုင်း ပုံပြင်လို ပုံပြင်ကြီးပါပဲ။ ကျနော်ထင်တယ် ရိုမီယိုနဲ့ ဂျူးလီယက် ကိုတောင် ခိုးချထားသေးတယ်။ ဒါပေမဲ့ ဒီရိုမီယိုက မိုးပေါ်ပျံနိုင်တယ်တဲ့။ စူပါမင်းရိုမီယို ပေါ့ဘာမှ စိတ်မပူနေနဲ့ တစ်ယောက်ယောက် ဂျင်းထည့်တာဖြစ်မယ်။ viewer တွေ တက်လာအောင် ပွဲရှာ လိုက်ဦးမယ်”

ရူးပတ် က အဲ့ညမှာပဲ့ အဲ့စာအုပ်ကို live လွှင့်ပြီး ဖတ်ပြခဲ့တယ်။ အဲ့နောက်ပိုင်း သူ channel တောင် ဆက်မလုပ်နိုင်အောင် စိတ်ထိခိုက်သွားတယ်။ သူ့ သူငယ်ချင်းထဲက တစ်ယောက်ဆို စိတ်ရောဂါကုနဲ့ပါ ပြလိုက်ရတဲ့အထိ။ ရူးပတ်တစ်ယောက် ရုတ်တရက် မှိုင်ကျ သွားလောက်အောင် ဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ liveကို ပြန်ကြည့်ချင်လို့ ရှာတာလည်း ရှာမရ သူတို့က ည တစ်နာရီ လူတော်တော်များများ အိပ်နေတဲ့အချိန် လွှင့်တာဆိုတော့ viewer တောင် ဆယ့်ရှစ်ယောက်ပဲ ရှိတယ်တဲ့။

အဲ့နေ့က စာအုပ်ဖတ်ပြရင်း ဖြစ်သွားတာကို ရူးပတ်ကို ပြန်မေးလို့လည်းမရ။ ဒီကိစ္စတွေကို သူတို့သူငယ်ချင်းသုံးယောက်ရယ် အဲ့နေ့က live ကြည့်မိတဲ့ လူ ဆယ့်ရှစ်ယောက် ကလွဲလို့ ဘယ်သူမှ မသိလိုက်ရဘူး။

အဲဒီမှာ သူမ ဒီစာအုပ်ကို ရှာခဲ့တယ်။ ရူးပတ်က ဒီစာအုပ်ကို စာကြည့်တိုက်ထဲက ဘယ်သူမှ မမြင်နိုင်တဲ့နေရာမှာ ထားခဲ့တာဆိုပဲ။ ဒါကြောင့် သူမ ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့ အဲ့စာအုပ်ကို စာကြည့်တိုက်ရဲ့ စာအုပ်စင်ပေါ်မှာ အခန့်သား တွေ့လိုက်ရတာပဲ။

သိရသလောက်က‌ စာရေးဆရာ ဂျွန်ဝင်းမောင် စာအုပ်တွေကို သဲကြီးမဲကြီးရှာနေတဲ့ လူငယ်တစ်ယောက်က အဲ့စာအုပ်ကို ရှာတွေ့ပြီး ဌားမယ်ဆိုပြီး လုပ်ခဲ့ပေမဲ့ စာကြည့်တိုက်ကတ် မရှိလို့ အခြားတစ်အုပ်ပဲ ဌားသွားရတယ်တဲ့။ နန်းအိမ့်ခမ်း ကတော့ အဲ့စာအုပ်ကို သူ့ထက် ဦးအောင်ဌားယူပြီး ဖတ်ကြည့်ခဲ့တာပဲ။

အဲ့ဒီအခါကျမှ ဒီစာအုပ်ဟာ ကျိန်စာသင့် နေမှန်း သူသိလာခဲ့ရတယ်။ သိသိချင်းပဲ စာအုပ်ကို ပြန်အပ်ခဲ့တယ်။ အပ်တဲ့ နေ့ပဲ အဲ့စာအုပ်ကို တကူးတက ရှာထားရတဲ့ လူက ဌားသွားပြန်သတဲ့။ သူ အဲ့အကြောင်း တီချယ်လာနာကို‌ ပြောပြဖြစ်တော့

“ဘာကြောင့် ပြန်အပ်လိုက်ရတာလဲ နန်းရယ် အမှန်တကယ်က ဖျက်စီးပစ်ရမှာလေ”

“ဒါပေမဲ့ သမီးအဲ့အချိန်က အရမ်းကြောက်နေတယ်။ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေခဲ့တာကိုး”

“ဒါဆို ငှားသွားတဲ့ လူက ဘယ်သူတဲ့ “

“စာကြည့်တိုက်မှူး‌‌ ပြောတာက နန်းအေးမြို့မကျောင်းက အောင်ရဲကျော် ဆိုပဲ”

..

နန်းအိမ့်ခမ်းလည်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးနေမိရာက သူ့ဘေးက ဆန်ဒီမရဲ့ အဟမ်း အဟမ်း ဆိုတဲ့ အသံကြောင့် အတွေးအမျှင် ပြတ်သွားသည်။

“ငါတို့ ရောက်ပြီလား”

“အင်း”

အခြားကျောင်းတွေက ကားသေးသေးလေးတွေ ခွေးဘီလူးကား လေး တွေ နဲ့လာကြပေမဲ့ YIS ကတော့ mini bus ကားနဲ့ ဝင်လာတာပဲ။

“ကြည့်ရတာ ခင်ကြီးကျယ်တွေ ရောက်လာပြီထင်တယ်ဟေ့”

ကျောင်းသူတစ်ယောက်က ပြောလိုက်တယ်။

“အေး သူတို့များကြတော့ သားနားလိုက်တာဟယ်”

“သားနားမှာပေါ့ဟယ် တစ်လ ဆယ့်ရှစ်သိန်းလေ ဆယ့်ရှစ်သိန်း”

ဆရာကြီး ဦးဧရာထွန်းက စိမ်းနုရောင် တိုက်ပုံအင်္ကျီ နေကာ မျက်မှန် အညို ရောင် နွားသားရေ ကတ္တီပါ ဖိနပ် အကောင်းစားနဲ့ ကားပေါ်က ဆင်းလာတယ်။ နောက် ယောကျာ်းလေးနှစ်ယောက်။

ခပ်ချောချောလေးတွေမို့ ဝဏ္ဏတိုး ကိ ငေးနေတဲ့ အုပ်စုကတောင် ဝိုးခနဲ ဖြစ်သွားတယ်။

ထို့နောက် နန်းအိမ့်ခမ်း နဲ့ တီချယ်လာနာတို့ ထွက်လာကြတယ်။

ရွှေအိုရောင် ဆံပင် ကောက်ကောက် နဲ့ ဆန်ဒီ ဆင်းလာတော့

“ဟာ “

သူတို့တွေ ဟာ တစ်လုံးပဲ ပြောနိုင်ကြတော့တယ်။ တကယ် အပျံစား on လာတာ။ လက်သည်းတွေအစ nail artist နဲ့ ဖော်ထားတာ ဆယ်ကျော်သက် ကောင်မလေးဆိုတာ သူ့ရဲ့ နုဖက်ဖက် မျက်နှာလေးကြောင့်သာ ယုံလိုက်ကြတာ။ တကယ့် ရင့်ကျက်တည်ငြိမ်သော ကောင်မလေး။

“ဟယ် လှလိုက်တာဟယ် “

“သူတို့ကျောင်းက လွတ်လပ်တယ်ဟ လှလှပပ ဝတ်လို့ရတယ်။ ငါတို့ ဆရာမ ဒေါ်ခင်ရီ ကတော့ ဆံပင်လေး အရောင်ဆိုးမိရင်တောင် ရိုက်တယ်ဟ”

ကုမ္မာရီ ကျောင်းသူလေးတွေက YIS ကို အားကျစွာပြောနေကြတဲ့ စကားတွေကို ကြားရတော့ ဦးဧရာထွန်းရော ဆန်ဒီပါ အပျော်ကြီး ပျော်နေမိသည်။

“YIS ဆိုတာ ဒါမျိုးပဲ ဖြစ်နေရမှာပေါ့ ဟဲဟဲ”

ဆက်ရန်

******

All Chapters