အခန်း (၁၆)
Vol. 1 Ch. 16
..
“ဟို YIS က စော်တော်တော် ချောတာနော် သားကြီး”
“ဝေလင်းဖြိုးက ပြောလိုက်တယ်။ ဝင်းမင်းဦးက သူ့နှာခေါင်းကိုဖိရင်း”
“ကောင်းကောင်းတောင် နှာဗူးမထ လိုက်ရဘူးကွာ။ နှာခေါင်းရိုး ကျိုးနေတာ နဲ့ပဲ”
ဝင်းမင်းဉီးဆိုတဲ့ ကောင်က ဘယ်အချိန် ရောက်ရောက် ဟာသ လုပ်နေတာပဲ အခုတောင် ဒီကောင့်နှာခေါင်းထဲ ဂွမ်းစကြီး ထိုးထည့်ပြီး သွေးတိတ်အောင် လုပ်ထားရတာတောင် မျက်ခွက် ပြောင်နိုင်သေးတယ်။
အေး ချစ်စရာလေးကွာ ကုမ္မာရီကျောင်းက ဟာတွေလည်း ချောပါတယ်ဟ။
“ဟာ မင်းက ချောတာနဲ့ ချစ်စရာ ကောင်းတာကို မကွဲဘူး ဖြစ်နေတာ။ စိုင်းရွက်ရဲ့ ချစ်စရာကောင်းတယ်ဆိုတာ အသည်းယား အူယားစရာကောင်းတာမျိုးလေး cute တာပေါ့ကွာ။ ချစ်စရာကောင်းတာက တစ်ယောက် နဲ့ တစ်ယောက်မတူဘူး။ သူများအမြင်မှာ စောက်ရမ်း ရုပ်ဆိုးတဲ့ ဟာက မင်းမျက်စိထဲမှာ ချစ်စရာ ကောင်းချင်ကောင်းနေတာ။ ပဂ် ဆိုတဲ့ ခွေးအမျိုးအစားပဲကြည့်ကွာ အဲ့သောက်ခွက်က လှလား မလှဘူး ဒါပေမဲ့ စော်မျက်လုံးထဲမှာ ချစ်စရာကောင်းနေတယ်။ မင်းမျက်စိထဲမှာ ချစ်စရာကောင်းပေမဲ့ သူများအမြင်မှာ ရုပ်ဆိုးနေတာမျိုးလည်း ရှိတယ်”
ဝင်းမင်းဦးက မောသွားဟန် နဲ့ လိမ္မော် ဖျော်ရည်ကို အားရပါးရ မော့သောက်တယ်။
“ဟေ့ကောင် ဝင်းဦး အေးဆေးသောက်။ တော်နေကြာ မင်း နှာခေါင်းက ရာသီ ထပ်လာနေလို့ လိမ္မော်ဖျော်ရည်ကနေ ဇီးဖျော်ရည် ဖြစ်သွားဦးမယ်”
ဝေလင်းဖြိုးက ပြောလိုက်တယ်။ တကယ်အားမနာဘူး စောက်ရမ်းတွေ နှိုင်းချပစ်လိုက်တာ။ ဒါကို ဝင်းမင်းဦးက စိတ်မဆိုးဘူး
“ချောတာက မင်း မကြိုက်လည်း လက်မခံလို့မရဘူး။ ချောတာက universal truth ဖြစ်သွားပြီ။ မင်းက ချောတယ်မြင်နေတာ မဟုတ် အကုန်လုံးက ချောတယ် လှတယ် လို့ သတ်မှတ်ထားတာ။ ဒါကြောင့် ချောတာ နဲ့ ချစ်စရာကောင်းတာ မတူဘူး တပည့်ကြီး”
“ကဲ အချစ်ဆရာကြီးတွေ အချောဆရာကြီးတွေ သောက်လို့ပြီးရင်လည်း ပြန်ကြပါစို့ ညနေဘက်တောင် ရောက်နေပြီ။ မနက်ဖြန်လည်း အစောကြီးထရမယ်။ စာလည်း လုပ်ရမယ် မဟုတ်လား”
“ဟုတ်ကဲ့ဆရာမ”
ကျနော်တို့လည်း ဖျော်ရည်ကို ကမန်းကတမ်းသောက်ပြီး အအေးဆိုင်က ထွက်လာခဲ့ကြပါတယ်။ ဝင်းမင်းဦး နှာခေါင်း ကျိုးသွားတာကြောင့် ကျနော်တို့ အခမ်းအနားပြီးအောင်တောင် မနေရဘဲ ဆေးရုံ ပြေးပြီး ကုပေးရသေးတယ်။ တကယ်ရှုပ်တဲ့ကောင် စော် ဒူးခေါင်း နဲ့ မှ တိုက်ခံရတယ်လို့။ ဒါနဲ့ ဒီကောင်ကြီး ဆေးကုပေးပြီး ဆရာမက ကျနော်တို့လေးယောက်ကို ဖျော်ရည်ဝင်တိုက်တာနဲ့ ဝင်သောက်နေကြတာပါ။ အခု ငါးနာရီတောင် ကျော်နေပြီ။
..
ညခုနှစ်နာရီ အထိ ကျနော်တို့ စာသင်နေကြတယ်။ အံ့ဩစရာကောင်းတာက ချစ်ပုကို လုံးဝမတွေ့။
“ဟေ့ကောင် မျောက်နှစ်ကောင် မင်းတို့ချစ်ပု ကို ဘာလုပ်လိုက်တာတုန်း”
“ဟာ ဘာမှမလုပ်ပါဘူး ငါတို့ကို စိတ်ကောက်နေတာနေမှာ”
“ဘာလို့ စိတ်ကောက်မှာလဲ”
“ဒီမနက်ကွာ ငါတို့နှစ်ကောင် က အစည်းအဝေး ငါတို့လိုက်မယ် မင်းနေခဲ့ဆိုတာ ကို ချစ်ပု ဆိုတဲ့ကောင်က မရဘူး ငါပဲ သွားမှာ ဘာညာလုပ်နေလို့ ငါတို့နှစ်ကောင် ဒီကောင့်ကို ချိုင်းက မပြီး လေးတန်းဆောင်ဘက်က အိမ်သာထဲ ထည့်ပြီး ဂျက်ချထားခဲ့တာ”
ဝေလင်းဖြိုးက ပြောလိုက်တယ်။ ကျနော် ထောင်းကနဲ ဒေါသထွက်သွားတယ်။
ဟေ့ကောင်တွေရာ မင်းတို့ ရက်စက်လိုက်တာကွာ အခု ဒီကောင် အိမ်သာထဲမှာ အခုထိ ပိတ်မိနေပြီ။
“ဟားဟားဟား”
ဝေလင်းဖြိုး နဲ့ ဝင်းမင်းဦး က အားရပါးရ ရယ်တယ်။
“စိုင်းရွက်ရာ ငါတို့ အဲ့လောက် ရက်စက်ပါ့မလားဟ။ နေ့လည်ကပဲ အောင်ရဲကျော်နဲ့ အိပ်ခန်းထဲမှာ တွေ့တော့ ဟေ့ကောင် အောင်ရဲကျော် ငါတို့သွားရင် ချစ်ပု ကို အိမ်သာထဲက သွားထုတ်ပေးလိုက်ပါကွာ။ ဒီကောင် မီသိန်းငွေ့တွေရှုပြီး မေ့လဲသွားဦးမယ်လို့ ပြောခဲ့ပါတယ်ကွာ”
ကျနော် မျက်လုံး ပြူးသွားပြီး၊ ခေါင်းတွေကို တဆက်ဆက် ခါလိုက်တယ်။ ကျနော်တင်မကဘူး။ ဆန်းဝင်းနိုင်ကပါ မျက်မှောင် ကျုံ့သွားပြီး
“ဝုန်း”
ခနဲ ထပြီးပြေးထွက်သွားတယ်။
“ဟေ့ကောင် မင်းတို့ နှစ်ကောင် ဘာဖြစ်တာလဲ”
“နွားမသားတွေရေ အဲဒါ အောင်ရဲကျော် မဟုတ်ဘူး ဟ”
“ဘာ”
အောင်ရဲကျော်ရော ဆန်းဝင်းနိုင်ရော ဒီတမနက်လုံး ကျောင်းလစ်မယ်ဆိုပြီး ထွက်သွားကြတာဟေ့
“ဟမ်”
အဲ့ဒီအချိန်ကျမှ ကျနော်တို့သုံးယောက်လည်း ဆန်းဝင်းနိုင် အနောက်ကို ပြေးလိုက်ကြတယ်။ ဆန်းဝင်းနိုင်က ခြေလှမ်းကျဲကြီးတွေ နဲ့ အလျင်အမြန် ခုန်ပြေးတယ်။ ပတ်ဝန်းကျင်က မှောင်နေပြီ။
ဂျက်ချထားတဲ့ တံခါးကို ဆွဲဖွင့်လိုက်တော့ အိမ်သာထဲမှာ ခွေခွေ လေးလှဲ နေတဲ့ ချစ်ပု
ဆန်းဝင်းနိုင် က ချစ်ပု ကို သယ်ထုတ်လာသည်။ ဒီကောင့်မျက်နှာ မှာ ပဟေဠိ တွေ ပြည့်နေတယ်။ ချစ်ပုကတော့ ပကတိ ငြိမ်သက်လို့ ဆရာဗိုလ်ဟိန်းကလည်း အနောက်က ရောက်လာတယ်။
“ဟေ့ကောင်တွေ ဘာဖြစ်နေတာလဲ။ ချစ်စမ်းအောင် ဘာဖြစ်တာလဲ”
“ငါနဲ့ အောင်ရဲကျော် ညနေ ၃နာရီ အထိ တူတူရှိနေတာ။ မင်းတို့နဲ့ အောင်ရဲကျော် ဘယ်အချိန်တွေ့တာလဲ”
“ဆယ့်နှစ်နာရီ လောက်ပဲ”
“မဖြစ်နိုင်တာ အဲ့အချိန် ငါနဲ့ဒီကောင် ရုပ်ရှင်ရုံထဲမှာကွ”
“ဟေ”
..
ကျနော်တို့ ညတွင်းချင်း ချစ်စမ်းအောင်ကို ဆေးရုံတင်ရတယ်။ ဒီကောင်တွေ ချစ်ပုကို သွားထည့်ထားတဲ့ အိမ်သာက လေးတန်းဆောင်ဘက်က အိမ်သာ ဇန်နဝါရီမှာ မူလတန်းတွေ စာမေးပွဲပြီးပြီဆိုတော့ အိမ်သာ မှာ လူမရှိဘူး။ ချစ်ပုက အားရပါးရ အော်ပြီး ထုရိုက်နေရင်တောင် မကြားနိုင်ဘူး။ မနက် ၁၁ နာရီ ကနေ ညခုနှစ်နာရီထိ ရှစ်နာရီတိတိ အိမ်သာထဲမှာ ပိတ်နေတော့ မွန်းပြီး မေ့သွားတာတဲ့။ တော်သေးတယ် အသက် မပါသွားတာ။
ကျနော်တို့ သုံးယောက် ပါးအရိုက်ခံရပါတယ်။ ချစ်ပုရဲ့ မိဘတွေရှေ့တင် ဆရာဗိုလ်ဟိန်းက ကျနော်တို့ သုံးယောက်ကို ပါးချတာပါ။ ဆရာဝန်တွေ သူနာပြုတွေရော လူနာတွေ ရော တားယူရပါတယ်။
“ဒါအသက်တစ်ချောင်းကွ။ နောက်ပြီး ဘက်စုံထူးချွန်တဲ့ကလေး။ မင်းတို့လည်း ရေဘူးပေါက်တွေများ မှတ်နေသလားကွ ကြာပါတယ် ကိုမင်းရောင် ဒီကောင် သုံးကောင် ကလေးထောင်သာ ပို့လိုက်”
ကျနော်လည်း ရှက်ပြီး ခေါင်းကြီး ငုံ့ထားမိတယ်။ ကျနော်က အဂတိ လိုက်စားလို့၊ ဟိုနှစ်ကောင်ကတော့ အပြစ်လုပ်လို့။ ဝင်းမင်းဦးက သနားစရာအကောင်းဆုံး မနက်ကမှ နှာခေါင်းရိုး ကျိုးလို့ ဆေးခန်းသွား ရပါတယ်ဆို ညကျ ပါးအချခံရသေး။ ဝေလင်းဖြိုးကတော့ မျက်နှာကြီး နီရဲပြီး ဆရာဗိုလ်ဟိန်းကို ဂျိုတွေ ပြန်ပေးတယ်။ မျက်စောင်းတွေ ထိုးတာပေါ့။ မျက်ရည်တွေလည်း တောက်တောက် တောက် ကျနေတယ်။
လူအများကြီးရှေ့မှာ စောက်ရှက် အခွဲခံရတာကိုးဗျ။ လူတွေက ဝိုင်းကြည့်နေတာ အဲ့အချိန် ကိုယ့်ကိုကိုယ် မီးလောင် ပြီး တစစီ ဖြစ်သွားချင်မိတာပဲ။
“ကျနော် တစ်ခုပြောပါရစေ။ ကျနော်တို့ အောင်ရဲကျော်နဲ့ တကယ်တွေ့ခဲ့ပါတယ် သူ့ကိုလည်း တံခါးဖွင့်ပေးဖို့ မှာခဲ့ပါတယ်။ ဒီကိစ္စမှာ အောင်ရဲကျော်လည်း အပြစ်ရှိပါတယ်”
အောင်ရဲကျော်က မျက်လုံးပြူးပြီး
“ခွေးမသား ဝေလင်းဖြိုး မင်း စကားကြည့်ပြောကွ။ ငါမင်းတို့နဲ့ မတွေ့ဘူး။ ငါ ဆန်းဝင်းနိုင်နဲ့ တစ်နေကုန် ရှိတယ်လို့ ပြောပြီးပြီ”
“ဒါကတော့ မင်းတို့နှစ်ကောင် ပေါင်းပြီး လိမ်တာလည်း ဖြစ်နိုင်တာပဲ၊ မင်းတို့မဟုတ်လည်း လိမ်နေကြ”
“ဟိုကောင် မင်း ဘာစကားပြောတာလဲ၊ ငါတို့ကို မင်းလိုကောင်များ မှတ်နေတာလား။ အားတိုင်းယားတိုင်း တဏှာရူးဖို့ နဲ့ လူတစ်ဖက်သားကို ဒုက္ခရောက်အောင် တွေးတတ်တဲ့ အထဲ ငါတို့ မပါဘူး။ မင်းတို့ အုပ်စုနဲ့ ငါရောလည်း မရောဘူး။ မရောချင်လို့ ငါအေးဆေး သီးသန့်နေတာ။ ဒါကို ငါ့ကို ဘလိုင်းကြီး လာမလုပ်နဲ့ကွ”
“တော်ကြတော့ မင်းတို့ကောင်တွေက လူမိုက်တွေလား။ ကဲ ထိုးကြမှာလား နွားတွေ”
ဦးမင်းရောင်က ဆန်းဝင်းနိုင်ရဲ့ ဝေလင်းဖြိုးကို ခေါင်းချင်ဆိုင်ပြီး တိုက်ပေးလိုက်တယ်။
“မင်းတို့သုံးကောင် သွားတော့ မဟုတ်ရင် ငါ လူသတ်မိလိမ့်မယ်”
ဆရာဗိုလ်ဟိန်း က ကြိမ်းဝါးတာကြောင့် ကျနော်တို့ သုံးယောက်သား ဆေးရုံ ကော်ရစ်ဒါမှာ ထိုင်နေရတယ်။ အဲ့ဒီအခါကျမှ ဆေးရုံအုပ်ကြီးနဲ့ စကားပြောရင်း ဒေါ်မြပုလဲသွယ် ကျနော်တို့နားကို ရောက်လာတယ်။
“ဘယ်လိုဖြစ်ကြတာလဲကွယ် “
ဆရာမက ကျနော့် ခေါင်းကို ပွတ်ရင်းမေးလိုက်တော့ ကျနော်လည်း ဟီးခနဲ ငိုချလိုက်တယ်။ ဝင်းမင်းဦးကလည်း ငိုတာပဲ။ ဝေလင်းဖြိုး တစ်ယောက်ထဲသာ အံကြီးကြိတ်ထားတယ်။
“ကျနော် ဟင့်ဟင့် မသိပါဘူးဗျာ ဟင့်ဟင့်”
ကျနော်စကားတခွန်းပြောဖို့ကြိုးစားတိုင်း ပါးစပ်က အသံမထွက်နိုင်ဘဲ ဟင့်ဟင့် နဲ့ ငိုတဲ့ အသံပဲထွက်လာတယ်။ ဒီလို အားရပါးရ အသံမထွက်တဲ့အထိ မငိုခဲ့တာကြာပါပြီ။
ဆရာမက ကျနော့်ပါးပေါ်က လက်ဝါးရာ ကို ကြည့်ရင်း
“ဟယ် ဒါ ဘယ်သူလုပ်တာလဲ ချစ်စမ်းအောင်ရဲ့မိဘတွေက ရိုက်လိုက်တာလား”
“မဟုတ်ဘူး ဦး ဟိန်းထက်ဗိုလ် ရိုက်တာ”
“အို ဒီလို လုပ်ဖို့ လိုသလားဟယ်။ ကျောင်းသားတွေရဲ့ပါးဆိုတာ သူ့မိဘတွေတောင် မထိရက် မကိုင်ရက် ထားရတာ။ ဘာလို့ ရိုက်ရတာလည်း အများဆုံး ကြိမ်နဲ့ ရိုက်ဦးတော့ ရနေတာပဲ။ မဟုတ်သေးပါဘူး မင်းတို့ဆရာ”
ဒေါ်မြပုလဲသွယ် က ပြောပြောဆိုဆို နဲ့ ဆရာဗိုလ်ဟိန်း ရှိတဲ့ အခန်းထဲ ဝင်သွားပြီး အငြင်းအခုံဖြစ်ကြတော့တာပဲ။
သူတို့အငြင်းအခုန် တွေ ကို ကျနော် သိပ်မမှတ်မိပေမဲ့
ဆရာဗိုလ်ဟိန်းက
“ခင်ဗျား ဘယ်လိုကိုင်တွယ်ရမယ် မသိတဲ့ ကျောင်းကို အစကတည်းက ကိုင်တွယ် နိုင်ပါတယ်လို့ အာမချောင်သင့်ဘူး”
လို့ ပြောချလိုက်တယ်။ ဒေါ်မြပုလဲသွယ်ကလည်း ကတ်ကတ်လန်အောင် ပြန်ပြောတယ်ဗျာ။
နောက်ဆုံး ဆရာဦးမင်းရောင်ရော ချစ်စမ်းအောင် ရဲ့ မိဘတွေကပါ ဝင်ဖြန်ဖြေပေးရတယ်။
“ငါပြောတာ မင်းယုံပါ ငစိုင်း”
‘ငါတို့ အောင်ရဲကျော်နဲ့ တကယ် ဘုရားစူး တွေ့ခဲ့တာပါကွာ။ တကယ်ပါကွာ ငါတို့က လုပ်ပါ့မလား အဲ့လို”
ကျနော် ဒီကောင် နှစ်ကောင်နဲ့ စကားမပြောချင်ဘူး နန်းအေးမြို့မကျောင်းမှာ ကျောင်းသားဖြစ်ရတာကိုက စောက်ရမ်း ကံဆိုးခြင်းပဲ။ ကျနော်က ရှက်တယ်။ ဝင်းမင်းဦးက ဝမ်းနည်းတယ်။ ဝေလင်းဖြိုးက ဒေါသထွက်တယ်။ ကျနော်တို့ ငိုနေပေမဲ့ မျက်ရည်တွေဟာ ရည်ရွယ်ချက် မတူခဲ့ကြဘူး။
ဒါပေမဲ့ ဒီကောင်တွေ ပြောသလို အဲ့နေ့က သူတို့နဲ့တွေ့ခဲ့တာ အောင်ရဲကျော် လား ဒါဆို ဆန်းဝင်းနိုင်က သူ့လူဘက်က ကာပေးနေတာလား။ ဆန်းဝင်းနိုင်နဲ့ ဒီကောင် မနက်ကတည်းက ကျောင်းလစ်သွားတာတော့ အမှန်တရား
ဆရာဦးတင်ထွေး ပြောသလို အောင်ရဲကျော်ဟာ အခုတလော တော်တော်ကြီးကို ထူဆန်းလာတာပဲ
ဆက်ရန်
******