အခန်း (၁၇)
Vol. 1 Ch. 17
ဖေဖော်ဝါရီ ၁၃
ဗယ်လင်တိုင်းဒေး ရောက်ဖို့ တစ်ရက်အလိုပေါ့။ ကျနော် ထူးထူးထွေထွေ ဘာမှလုပ်စရာမရှိဘူး။ အိမ်မှာ အိပ်လိုက်စားလိုက်ပဲ။ ကျောင်းစာမေးပွဲပြီးကတည်းက အပြင်ကိုမထွက်ဘူး။ အဓိက က ဆရာဗိုလ်ဟိန်းကိုရော ဟိုကောင်တွေကိုရော မမြင်ချင်ဘူး။ ဆရာဦးမင်းရောင်ကတော့ နွေရာသီအကြို သင်တန်း သင်္ကြန်ပြီးရင် စတော့မယ် လာတက်ပါ့လားလို့ ကျနော့်ဆီ ဖုန်းဆက်တယ်။
“တော်ပြီဆရာ။ ကျနော် ဘန်းယဉ်က ကျောင်းမှာပဲ တက်ဖြစ်တော့မှာ အဲဒါကြောင့်ပါ”
ဖုန်းရဲ့တစ်ဖက်က တိတ်ဆိတ်သွားတယ်။ ဦးမင်းရောင်က ကျနော် ကျောင်းထွက်တော့မဲ့ အကြောင်းကို တစ်ယောက်ယောက်ကို လှမ်းပြောနေပုံပဲ
“ဘာဖြစ်လို့လဲသား”
“မဟုတ်ဘူး မိဘတွေကိုလည်း ကျနော် ပြောပြီးပါပြီဗျ။ ဘန်းယဉ် ကျောင်းမှာပဲ ကျနော်တက်တော့မယ်”
“အေးပေါ့ကွာ ကျောင်းသား ဆိုတာ ဘယ်ကျောင်း တက်တက်ပါ။ တကယ်က စာကြိုးစားဖို့ အဓိက ပါပဲစာကြိုးစားကြကွာ။ အပျော်အပါးလျှော့ ရည်းစားတွေလည်း ထားမနေနဲ့။ တက္ကသိုလ်ရောက်မှထား ဆရာတောင် တက္ကသိုလ် ရောက်မှ ရည်းစားနှစ်ယောက် ပြိုင်တူးထားတာ ဟဲဟဲ”
ဦးမင်းရောင်က ထုံးစံအတိုင်း ဟာသ လုပ်ပြီးပြောတယ်။ ဒါပေမဲ့ သူ့အသံက လှိုက်လှိုက်လှဲလှဲ မရှိလှဘူး။ ကျနော်လည်း မျက်ရည်ဝဲမိပါတယ်။ တကယ်က ကျနော့်ဆရာတွေကို ကျနော် ချစ်တာပေါ့။ ဒါပေမဲ့ အဲ့နေ့က ကျနော့်မှာ လက်တဆစ်တောင် အပြစ်မရှိဘူး။
ကျနော် ပြောတာကိုတော့ နားထောင်သင့်တယ်မဟုတ်ဘူးလား။ ဒါပေမဲ့ ကျနော် အနေသား ကျနေပါပြီ။ နန်းအေးမြို့မကျောင်းကို ကျနော် အခြေမချချင်ဘူး။ ချစ်စမ်းအောင်ကိုလည်း ရင်မဆိုင်ရဲဘူး။ ဒီကောင် ဆေးရုံက ပြန်ဆင်းလာကတည်းက ကျနော်တို့ကို စကားမပြောတော့ဘူး။
“ငါ့ကိုမှ လုပ်ရက်လေခြင်းကွာ”တဲ့
သူ ထက်မြတ်မင်းထွေးကို အဲ့စကားတစ်ခွန်း ပြောခဲ့တယ်တဲ့။ ကျနော့်သူငယ်ချင်း ဘယ်လောက်ကောင်းတယ် ဆိုတာ ကျနော်အသိဆုံး။ ဒီခံစားချက်ကြီးက အီလည်လည်ကြီးပါ။ မိဘတွေကလည်း ကျနော့်ကို ဘန်းယဉ်ကို ပြန်ခေါ်မယ်တဲ့ သင်္ကြန်ပြီးရင်ပေါ့။
ဖုန်းလည်း မကိုင်ဖြစ်ဘူး။ ဘာမှ မလုပ်ဖြစ်ဘူး။ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး။ အခန်းထဲမှာပဲ လှဲနေမိတယ်။
“သား သားသူငယ်ချင်း ရောက်နေတယ် ဝင်းမင်းဦးတဲ့”
အဒေါ်က အခန်းထဲထိ လာပြီးပြောတယ်။
“ကျနော် အိပ်နေတယ်သာ ပြောလိုက်ဗျာ”
“ဟယ် ကောင်းပါ့မလား”
“ပြောလိုက်ပါဗျာ”
ဒီလိုနဲ့ နောက်ရက် ဖေဖော်ဝါရီ ၁၄
အဒေါ်ကျနော့်အခန်းထဲကို ဝင်လာပြန်တယ်
“စိုင်းရွက် သား သူငယ်ချင်း ရောက်နေတယ်”
“မတွေ့ချင်ဘူးဗျာ”
“ဟယ် ကောင်မလေးနော် ထွေးထွေးချစ် တဲ့”
“ဟမ်”
ကျနော်က မန်းကတမ်း ကောက်ထလိုက်တယ်။ ထွေးထွေးချစ် ဆိုတာ ဆရာမ ဒေါ်မြပုလဲသွယ် ရဲ့ တူမ ဟိုအစ်မကြီးလေ။
ကျနော် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင်ဖီးလိုက်တယ်။ နှစ်ရက်လောက် ဝတ်ထားတဲ့ ပုဆိုးကို ချွတ်ချပြီး မီးကြွေ ကော့ပြန်အောင် တိုက်ထားတဲ့ ပုဆိုး ကို ယူဝတ်လိုက်တယ်။
အဒေါ်ကတော့ ကျနော့်ကို ကြည့်ရင်း
“အံမယ်အခုကျ တက်ကြွတဲ့ ကြက်ဖ မနေ့ကကျ တော့ ကြက်ကြီး လည်လိမ်ထားသလိုပါပဲ။ ဒီ ကြက်ဖတော့ ဘူးသီးနဲ့ ရောချက် လိုက်မှ တော်ကာကျမယ်”
တဲ့ လှမ်းစလိုက်သေးတယ်။
“အစ်မက ကျနော့်ဆီကို တကူးတကကြီး ဘာလာလုပ်တာလဲဗျ”
“အဲဒါ ကျွန်မ က မေးရမှာပါ။ ကိုစိုင်းရွက်ရေ ရှင် ရုတ်တရက်ကြီး ဘယ်လိုတွေဖြစ်တာလဲ တဲ့ တီတီ က မေးခိုင်းလိုက်တယ်”
မထွေးထွေးက ကျနော့်ကို တွေ့ချင်လို့လာတာမဟုတ်ဘဲ ဒေါ်မြပုလဲသွယ် လွှတ်လို့ လာရတာလား ကျနော် နည်းနည်း ဒေါသထွက်သွားတယ်။
“ဒီလိုပါပဲ ကျနော်အဲ့ ကျောင်းအစုတ်မှာ မတက်ချင်တော့ဘူးဗျာ။ အောင်ချက်တွေ ဒီလောက် ဆိုးရွားပြီး ထိုးကျနေတာကိုး”
“ဟုတ်ရဲ့လား မောင်လေး နင်ငါ့ကို မလိမ်စမ်းပါနဲ့ အခြားကိစ္စတစ်ခုခု ရှိတယ်မဟုတ်လား ဟိုကိစ္စလေ”
“ကျောင်းသား တစ်ယောက်ကို ပါးရိုက်ပြီး ဆုံးမတတ်တဲ့ ဆရာက ဘယ်လိုဆရာ မျိုးလဲဗျ။ အနည်းဆုံးတော့ နားထောင်ပေးသင့်တယ် မထင်ဘူးလား”
“ဆရာဗိုလ်ဟိန်းလား သူ အဲဒီနောက်ပိုင်း တော်တော်ခံစားသွားရတယ်ထင်တယ်။ အမြဲ မှိုင်ထွေနေတာဆံပင်တွေတောင် ညှပ်လိုက်သေးတယ်”
ဆရာဗိုလ်ဟိန်း ဆံပင်ညှပ်တယ်ကြားတော့ ကျနော်ပြုံးမိသွားတယ်။ ဆံပင် အတိုနဲ့ ဆရာဗိုလ်ဟိန်းကို မြင်ချင်တာတော့ အမှန်ပဲ။
“ဒါနဲ့ ငါတို့ပြဇာတ်က ကြတော့မှာ ပြဇာတ်လည်း တိုက်နေပြီ။ ဇာတ်ကောင်တွေ တောင်ခွဲနေကြပြီတီတီ က အဲ့ပွဲထဲမှာ မင်းကိုလည်း ပါစေချင်တယ်တဲ့”
“ကျနော်မှ ကျောင်းမနေတော့တာဘဲ ဧပြီ သင်္ကြန်ပြီးရင် ကျနော် ပြန်မှာ”
“ရပါတယ် ဧပြီမှ မှတ်လား ပွဲက မတ်လထဲမှာလေ ရပါတယ် ဆရာမ က အဆောင် နေ ကျောင်းသားခြောက်ယောက်လုံးကို ပါစေချင်တာ။ အခု လေးယောက်ကတော့ ပြန်ရောက်နေပြီ။ မင်းရယ် ဆန်းဝင်းနိုင်ရယ်ပဲ ကျန်တော့တာ”
ကျနော် တွေဝေသွားတယ်။ ကျန်တဲ့လေးယောက်လုံးရောက်နေပြီတဲ့။ ဝေလင်းဖြိုး နဲ့ အောင်ရဲကျော်က တည့်သွားပြီလား နောက်ပြီး ချစ်ပု ကရော အားလုံးကို မေ့ပစ်နိုင်ပြီလား။
ဒီမှာ မင်း အတွက် သူတို့ video တောင် ရိုက်ပေးလိုက်တယ်။ အစ်မ ထွေးထွေးက သူ့ရဲ့ ဟာဝေးဖုန်းကို ထုတ်ပြီး ဗီဒီယို တစ်ပုဒ်ပြတယ်။
ဗီဒီယို စတာ နဲ့ ကျွဲကြီး ရဲ့ ပုံက စပေါ်လာတယ်။
“ယို စိုင်းရွက် သားကြီး ဘာတွေလုပ်နေတာလဲ။ အိမ်တွင်းပုန်း ရအောင် မင်းက ကုလားမလေးလည်း မဟုတ်ဘူး။ အေး အခုလည်း ငါတို့ ကုလားဇာတ် နဲ့ တိုင်ပတ်နေတာ။ ဟိုကောင်တွေ သောက်တလွဲတွေချည်း လုပ်နေတာ ရယ်နေရတာကွာ လာခဲ့ဦးဟ”
ကျွဲကြီးပြီးတော့ အောင်ရဲကျော်နဲ့ ဝင်းမင်းဉီးစီကို ကင်မရာ ရောက်လာတယ်။ ဒီကောင် နှစ်ကောင်က ဆေးပန်းချီ တစ်ခုရှေ့မှာ ထိုင်ရင်း ပိုကာဆွဲနေကြတယ်။
“ဟယ် နင်တို့ ဖဲရိုက်နေကြတာလား”
“မဟုတ်ပါဘူး အပွင့်လေးတွေ လှလို့ ရေတွက်နေတာ”
ဝင်းမင်းဦး က သွားအဖြီးသားနဲ့ ပြောတယ်။ အောင်ရဲကျော် ကတော့
“ဖဲပွင့်က အနီ အနက် နှစ်ခုရှိတာ ဘယ်လိုလှတာလဲလဒူရ”
ကျနော် ရယ်မိသွားတယ်။ မထွေးထွေးကလည်း ရယ်ရင်း
“အဲ့နှစ်ကောင်က တကယ်ဟာသ နော် ကလေးကြီးတွေကျလို့”
“အင်းဟုတ်တယ်ဗျ တကယ့်ကောင်တွေ”
“ဟဲ့အပေါ်က နှစ်ကောင် ဆေးချယ်လို့ပြီးပြီလား”
“ဝေလင်းဖြိုး နဲ့ ချစ်စမ်းအောင်က ဆေးပုံးနှစ်ပုံး နဲ့ ဆေးချယ်နေတာ ပေပွလို့”
“နင်တို့သူငယ်ချင်းဆီသွားရမှာ တစ်ခုခု ပြောလိုက်လေ”
“ဝေးသွားလည်း ငါ့ကိုချစ်ရင် မျက်ရည်မကျပါနဲ့ ဝေးသွားလည်း ငါချစ်နေဆဲပါပဲ ဒါကို ယုံထားမင်းမမေးလိုက်ပါနဲ့ ငါတို့ဝေးသွားလည်း ဟုတ်ပြီလား”
ဝေလင်းဖြိုးက ကျားပေါက်သီချင်း ဆိုပြတယ်။ ချစ်စမ်းအောင်ကတော့ ကင်မရာကို ကြည့်ရင်း
“ဟေ့ကောင် မင်းလာခဲ့ သုံးထောင် ချေးထားတာ ပြန်လာပေး။ ပြီးမှ သွားချင်ရာသွား ငါက တော့ တစ်ရက်ကို ငါးဆယ်တိုးပဲနော် အတိုးယူမှာဗျ”
“ဘိုင်ဘိုင့်”
“ကျနော့်ကို ဘာလုပ်စေချင်တာလဲ။ မထွေးထွေး ကျနော် ဒီပြဇာတ်ကို ကမှဖြစ်မှာလား”
“အင်း မင်းစဉ်းစားပေါ့။ ငါကတော့ မင်းကို အက်တီဗစ် တစ်ခုလောက် လုပ်စေချင်တယ်။ ဆယ်တန်းဆိုတာ ခက်ခဲမယ်။ ပျော်ချင်တိုင်းပျော်ရမှာ မဟုတ်ဘူး။ ဒီတစ်လခွဲလောက်ကတော့ မင်း အခန်းအောင်းနေမဲ့ အစား ပျော်နေသင့်တယ်လို့ ထင်တယ်”
“အေး အဲဒါတော့ အန်တီလည်း ထောက်ခံတယ် သမီးရယ်။ ဆယ်တန်းဆိုတာ တကယ် ပျော်စရာနည်းတယ် နောက်ပြီးဟဲ့ ပြဇာတ်မှာ နိုင်ရင်လည်း ပိုက်ဆံရဦးမှာ။ နင် သင်္ကြန်မှာ အေးဆေးလည်လို့ရတယ်”
“သင်္ကြန်မှာ အစ်မထွေးထွေးနဲ့ တူတူလည်လို့ရရင်ကောင်းမှာ”
“အို”
“ဟယ်”
ကျနော် ကျနော့်ပါးစပ်ကနေ အဲ့စကား ဘာလို့ထွက်သွားလည်း ယနေ့ အချိန်ထိ စဉ်းစားလို့မရဘူး။ အတွင်းစိတ်ထဲက ကိုယ်စောင့်နတ်ကပဲ လျှာကို မောင်ပိုင်စီးပြီး ပြောချလိုက်သလားမသိဘူး။ ပြောပြီးမှ ကိုယ့်ဟာကို ခွေးအကြီး လှည်းနင်းပြီး ဘာမှ ဆက်မပြောနိုင်တော့ဘူး။
“အင်းဟုတ်ပြီ တူတူလည်ကြတာပေါ့။ ဒါပေမဲ့အခု ပြဇာတ် ကိစ္စ က”
“အင်းဗျာ လိုက်ခဲ့မယ်”
“ငါ တကယ်မေးတာကွာ အောင်ရဲကျော် မင်း အဲဒီနေ့က တကယ်မရှိဘူးလား”
“ငါကလည်းမေးချင်တာ ဝေလင်းဖြိုး မင်းတို့ မနောက်နဲ့ ငါစောက်ရမ်းတွေ ကြောက်လာပြီ မင်းတို့ အဲဒါ အတည်ကြီးလား”
အောင်ရဲကျော်က သူ့ဂုတ်ကို သူပွတ်နေတယ်။
“မင်းပဲကွာ ဒါပေမဲ့ ငါတို့ကို ဘာမှတော့ ပြန်မပြောဘူး။ မျက်နှာသေကြီးနဲ့ ခေါင်းပဲ ညိတ်ပြတယ်”
“ငါက အစက မင်းတို့ငါ့ကို ချောက်တွန်းတယ်ထင်နေတာ”
“ဟာ ဘုရားပေးပေး ကျမ်းပေးပေး ပါကွာ မင်းမှ မင်းအစစ် စောက်အသားမည်းတာရော ဆံပင်တွေ မိုးကြိုးပစ်သလို ထောင်နေတာက အစ တူတာ”
ဝင်းမင်းဦး စကား ကြောင့် အောင်ရဲကျော် တင်းသွားကာ
“မင်းကလည်းကွာ အဲဒါတွေ မပါလည်း ရပါတယ်”
“မဟုတ်ပါဘူး မြင်သာအောင် ပြောပြတာ”
“ဒါဆို အဲဒါသရဲလား “
“Skin Walkerပေါ့ကွ ဒါဆို”
ပဲခူးဆား ဖြိုးထက်အောင် ဆိုတဲ့ ပါလေရာ ငါးပိချက်လေးက ပြောတယ်။
“စကင်ဝေါ့ကာ ဆိုတာ ဘာလဲ အလမ်းဝေါ်ကာလို ဒီဂျေ တီးတဲ့ ကောင်လား”
“မဟုတ်ဘူး လူ အသွင်ဖမ်းတဲ့ သတ္တဝါ တွေကို ပြောတာ သောက်ပိန်းရ လူ့အရေပြား ခြုံထားတာကွ။ ဥပမာ လူတစ်ယောက်ကို သတ်ပြီး သူ့အရေခွံကို ခြုံထားပြီး ပတ်သွားနေတာမျိုး စကင်ဝေါ်ကာ တွေက ငါတို့ရဲ့ နေရာ အနှံ့မှာ ရှိနေနိုင်တယ် သတိထားကြပါဗျာ”
ဖြိုးထက်အောင်က pop ent က ခွန်ဇော်ရဲမောင် အသံနဲ့ ပြောလိုက်တော့ နားထောင်နေတဲ့ ကောင်တွေ ကျောချမ်းသွားတယ်။ ဝေလင်းဖြိုးက အောင်ရဲကျော် ကို သေချာကြည့်တယ်။ အဲ့ဒီနောက် သူ့မျက်လုံးတွေလက်လာပြီး အောင်ရဲကျော်နားကို ကပ်သွားကာ
“မိပြီ စကင်ဝေါကာ”
“ဟာဟေ့ကောင် ဘာလုပ်တာလဲ ငါ့နှာခေါင်းကြီးဟ”
ဝေလင်းဖြိုးက အောင်ရဲကျော်ရဲ့ နှာခေါင်းကို အားရပါးရ ဆွဲထားတယ်။
“ဟေ့ကောင် ဒါ စကင်ဝေါ်ကာပဲကွ ငါ့သူငယ်ချင်း နှာခေါင်း အဲ့လောက်မကြီးဘူး”
“ဟေ့ကောင် လွှတ်စမ်းပါဟ”
“သရဲကြောင်းပြောကြရအောင်ကွာ ပျင်းလို့”
ကျွဲကြီး က ပြောလိုက်တယ်။
“ဟာ သရဲ အကြောင်းဆိုတာ အပျင်းပြေ ပြောရတာများ မှတ်နေလား မပြောစမ်းပါနဲ့”
ချစ်စမ်းအောင်က အသည်းအသန် ဝင်ငြင်းတယ်။
“မင်းကြောက်လို့လား သူငယ်ချင်း အေး မင်းကြောက်သင့်တယ်။ စကင်ဝေါ်ကာက အရမ်းဖြူစင်တဲ့ ကလေးတွေကို ပစ်မှတ်ထားတယ်တဲ့”
ဝင်းမင်းဦးက ရုပ်တည်ကြီးနဲ့ပြောတယ်။
“လိပ်ပြာလှတဲ့လူ အသည်းငယ်တဲ့ လူကို သရဲကစီးတာ”
“ငါတို့ လိပ်ပြာကတော့ မလှဘူးမောင် ဆေးသမား လိပ်ပြာကြီး”
ကျွဲကြီးက ပြောလိုက်တယ်။ အဲ့အချိန် တင်နိုင်စိုးဆိုတဲ့ မနှစ်က ဆယ်တန်းအောင်သွားတဲ့ ကျောင်းသားကြီးက
“လိပ်ပြာဆိုတာ စော်တွေ မှာ ပါတဲ့ ဟာလား အဲဒါအကြောင်းဆို အစ်ကို ရှင်းပြမယ်”
“တော်ပါပြီဗျာ အစ်ကိုတင်ကြီးရယ်။ အစ်ကို မိန်းမကျမ်းကြေတာ သိပါတယ်ဗျာ ဝင်မပြောပါနဲ့တော့”
“မဟုတ်ဘူး သိချင်တာရှိရင်မေး အစ်ကိုက ဗဟုသုတတွေ ဝေမျှချင်တာ”
“မသိချင်ဘူး ကျနော်တို့ သိချင်တာ ပါးစပ်ပိတ်ပြီး တစ်ပတ်လောက် နေနည်းပဲ။ အစ်ကိုက ဘက်စုံထူးချွန်တော့ အဲ့နည်းလည်း သိမှာပေါ့။ ပါးစပ်ကလေး ပိတ်ပြီး နမူနာလေး နေပေးပါ့လား”
“အေးပါကွာ မင်းတို့ကလည်း”
တင်နိုင်စိုးက နန်းအေးမြို့မ ကျောင်းထွက် မနှစ်က ဘာသာစုံကို လေးဆယ် ပတ်လည်နဲ့ အောင်သွားတဲ့ဘဲ။ နောက်ပြီး ဆရာတွေကလည်း အရမ်းအားကိုးလို့ ဒီနှစ်ပြဇာတ်တိုက်တဲ့ နေရာမှာ အကူအညီပေးဖို့ ခေါ်ထားတာ။ ဘိုးတော်က တကယ့်ဗရုတ်အကြီးစား။
“စကင်ဝေါ်ကာက ချစ်ပု ကိုတော့ မကပ်နိုင်ဘူး ဒီကောင်က”
“ဘုရားတရား လုပ်တယ်လေ ဟုတ်တယ်မလား”
“မဟုတ်ဘူး မင်းနဲ့ သူနဲ့ တော်မှာမဟုတ်ဘူး။ သူက မင်းအရေခွံကို ဝတ်မယ်ဆို ကလေးဂါဝန်ကြီး ယူဝတ်သလို ဖြစ်နေမှာ ဟားဟားဟား”
“ဝေလင်းဖြိုး ခွေးသား မင်းသေပေတော့”
“ဟားဟားဟား”
တစ်ဖွဲ့လုံး ရယ်မိနေကြသည်။ တစ်ယောက်ထဲ စာဖတ်နေတဲ့ ထက်မြတ်မင်းထွေးကတော့ လိုက်မရယ်ဘဲ ပြတင်းပေါက်ကနေ ခန်းမကြီး ရဲ့ အပြင်ဘက် ကို ကြည့်နေမိတယ်
“ဟင်”
ခန်းမရဲ့ မျက်နှာချင်းဆိုင်မှာ နှစ်ထပ်ဆောင်တစ်ဆောင် ရှိတယ်။ အဲ့နှစ်ထပ်ဆောင်ရဲ့ အပေါ်ထပ် ကော်ရစ်ဒါမှာ အရိပ်ဖြူဖြူတစ်ခု သူတို့ကို စိုက်ကြည့်နေသလိုလို
ထက်မြတ်မင်းထွေးလည်း သေချာပြန်ကြည့်နေတုန်း အဲ့အရိပ်ဟာ ညာဘက်ကို ကွေ့ကာ အောက်ကို ဆင်းသွားတာကို တွေ့လိုက်ရသည်။
“တစ်ခုခုပဲ”
ဆက်ရန်
******