အခန်း (၁၈)
Vol. 1 Ch. 18
ကျနော်ရောက်လာတော့ သူတို့ တခဲနက်ကြိုဆိုကြတယ်။ ဝေလင်းဖြိုးဆို အိုဗာတွေတင်းပြီး ပြေးဖက်တယ်။
“ချောလာလိုက်တာ ကိုစိုင်းရယ် တို့ကို လက်ထပ်ပါ့လားဟင်”
“ဟာ ဟေ့ကောင် ငါ ထပြန်သွားမှာနော် မျက်ခွက်မပြောင်နဲ့”
“ကိုစိုင်း ဘယ်လိုလဲ နေကောင်းတယ်မလားဗျ”
“အေး ကောင်းပါတယ် ဟာ ထက်မြတ်မင်းထွေး မင်းကလည်း ပြဇာတ်ဝင်ကမှာလား “
“ဟုတ်တယ်ဗျ”
ထက်မြတ်မင်းထွေး ဆိုတဲ့ကောင်က အရင်က စာကလွဲပြီး ဘာမှ ဂရုမစိုက်တဲ့ကောင်။ အခုကျမှ ရုတ်တရက်ကြီး ပြဇာတ်ထကမယ် ဆိုတော့ ကျနော် အံ့ဩနေမိတယ်။
“ကမှာပေါ့ မင်းကလည်း ရမဲ့ ဆုကြေးက နည်းတာမှ မဟုတ်တာ”
ဝေလင်းဖြိုးက ဝင်ဖောက်တယ်။ ထက်မြတ်မင်းထွေး က ရယ်ရင်း
‘အဲ့လို ရယ်လည်း မဟုတ်ပါဘူး ကျနော်က အားနေလို့လည်း မဟုတ်ဘူး ဆရာကြီးဦးမင်းရောင်က လူငယ်ချင်း လုပ်ဆောင်ရတဲ့ အဖွဲ့အစည်းလုပ်ငန်းတွေမှာ အားနည်းမှာဆိုးလိုး ကျနော့်ကို ဝင်ခိုင်းလို့ ဝင်ရတာပါ”
“ကို coward မင်း အဲလေ ကိုထက်မြတ်မင်းထွေး ကျနော်တို့ အနုတ်သုတ်ဂုတ်စုတ် အဖွဲ့တွေကို ဂျွိုင်းပေးလို့ ကျေးဇူးကမ္ဘာပါပဲဗျနော့်”
မထွေးထွေးက အခြေအနေကို သဘောပေါက်နေတော့
“ကဲကဲ ဆရာတွေနဲ့ ဆရာမတွေ မလာခင် နင်တို့ ပေါင်မုန့်တစ်လုံးစီ စားထားလိုက် “
“ဟုတ်ကဲ့ပါ မမ”
အသံတွေက ပြိုင်တူတွေ ထွက်လာတယ်။ ခွေးသားတွေ ဒါမျိုးကြ ညီချက်
“ငါလဂိုး စိုင်းရွက်ရာ ကြည့်စမ်းပါဦးကွာ။ မထွေးထွေးက ယမင်းရုပ် ကလေးကျနေတာပဲ ဂျောက ရှယ်ကြီးနော်”
အောင်ရဲကျော်က တဏှာထပြီး ပြောတယ်။
“မင်း သူနဲ့ လိုက်လာတာမှတ်လား ငစိုင်း ကားနဲ့ လာခေါ်တာလား”
“ဆိုင်ကယ်နဲ့”
“ဝိုး”
“မင်းအနောက် ထိုင်လိုက်တာလား သားကြီး။ အထိအတွေ့က ဘယ်လိုနေလဲ”
ဝင်းမင်းဦးက ဂျပန်မျက်နှာထားလုပ်ပြရင်း ပြောတယ်။
“ဟာ နွားတွေ မင်းတို့က အတွေးအခေါ်က အပြာရောင် နယ်နမိတ်ထဲကကို တက်မလာဘူး။ ငါက အနောက်က ထိုင်ပါ့မလားဟ။ ငါက မောင်းတာပေါ့။ သူက အနောက်က ထိုင်တာ သူ့လက်ကလေး က ငါ့ခါ ကို ဖက်ပြီး လိုက်တာ “
“အံမယ်လေးကွာ စကားနဲ့တင် ခရီးဆုံးပါတယ် တန်လိုက်တာ။ အဲဒါမှန်း သိရင် ငါတို့လည်း အိမ်တွင်း ပုန်းပါတယ်ကွာ”
“ဒါက မတူဘူးလေ ဝင်းမင်းဉီး ရ မင်း အိမ်တွင်းပုန်းတော့လည်း သူက လာခေါ်ချင်မှ ခေါ်မှာ ငါဖြစ်နေလို့ကို လာခေါ်တာ”
“လာခေါ်ရမှပေါ့ မင်းက ဒီဇာတ်လမ်းမှာ ဗီလိန် လေ”
“ဘာ ငါက ဗီလိန်”
ကျနော် နည်းနည်းအသံ နည်းနည်းကျယ်သွားတယ်။ ဒီကောင်တွေက ကျနော့်ဆန္ဒကိုတောင် မမေးဘဲ နဲ့ ကျနော့်ကို ဗီလိန်ဆွတ်ထားကြတာပဲ။
“ဪ မင်းတို့က ငါ့ကို ပျားရည် နဲ့ ဝမ်းချပြီး ခေါ်တာပေါ့။ ဟေ့ကောင် ပေါက်ပန်းလေးဆယ် ဗီလိန် ဆို ငါမလုပ်ဘူးနော်”
“မင်းက ဇေယျသူမင်းသား ကြီးလုပ်ရမှာ။ အခု ငါတို့ကမှာ က အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ ကွ”
“အချစ်တစ်ပွဲစစ်ပွဲတစ်ရာ ဆိုတာ ဂျွန်ဝင်းမောင် ဆိုတဲ့ ဘဲရဲ့ စာအုပ်မလား အောင်ရဲကျော် မင်း အဲ့ စာအုပ် ကို အခုထိ သွားပြန် မအပ်ရသေးဘူးလား”
အောင်ရဲကျော်က မျက်နှာပျက်နေတယ်
“အေးလေ မဟုတ်လည်း ဘယ်သူမှ မဖတ်တဲ့ အတူတူ ပြန်မအပ်တော့တာ ပါကွာ”
ဒီကောင့် မျက်လုံးထဲမှာ တစ်ခုခုကို လှို့ဝှက်ထားတဲ့ အရိပ်အယောင်ကတော့ ပေါ်နေတယ်။
“အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ ဆိုတာ ဘာလဲ။ နန်းအေးမြို့ရဲ့ သမိုင်းကြောင်းလား။ စစ်ပွဲတစ်ရာစစ်ဆိုတာတော့ကြားဖူးတယ် အချစ်တစ်ပွဲ ဆိုတာဘာလဲ”
အကိုတင်နိုင်စိုးက ဝင်မေးတယ်။ ဒီလူ့ပါးစပ်က စီးကရက် စော်တွေကို နံထောင်းနေတာပဲ။
“စစ်ပွဲတစ်ရာဆိုတာတော့ ငါတို့ နန်းအေးမြို့သားတွေ သိကြတယ်။ မြို့ခံ မဟုတ်တဲ့ စိုင်းရွက်ဟိန်း တို့ချစ်စမ်းအောင် တို့ က သိမှာ မဟုတ်ဘူး သမိုင်း ပြောရရင်”
“တော်ပြီ သမိုင်းမချီပါနဲ့။ ငါက သမိုင်းဆိုရင် ငါးတန်း မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာဒေသအကြောင်းစသင်ကတည်းက ငိုက်လာတာ အခု မင်းက သမိုင်းပြောမယ် ဆိုတော့ ငါခေါင်းအုံး ယူပြီး အိပ်ပြီ”
ဝင်းမင်းဦး က ပြောပြောဆိုဆို ပန်ကာဖွင့်ထားတဲ့ အောက်ကို သွားထိုင်ရင်း အိပ်ပြလိုက်တယ်။
ကျနော်တို့ ခန်းမ အဆောင်က တော်တော်ကျယ်တယ်။ အရင်ကတော့ စုံညီပွဲတော်ရှိတာတို့ လူကြီးတွေလာတဲ့ အခါတို့မှ ဒီခန်းမအဆောင်ကို ဖွင့်တယ်။ ကျောင်းရဲ့ အလက်ထရောနစ်ပစ္စည်း ကိုးဆယ် ရာခိုင်နှုန်းလောက်က ဒီ အဆောင်မှာရှိတယ်ဗျ။
အင်္သချေခန်းမဆောင်ကြီးမှာ အောက်ထပ် Hall ခန်းတင် ပန်ကာ အလုံးနှစ်ဆယ်လောက် ရှိတယ်။ အားလုံးက မျက်နှာကျက်ကနေ တွဲလောင်းကျနေ တဲ့ ဟာတွေချည်းပဲ။
“ကဲ ပြောပါ မောင်လေး အစ်မလည်း နားထောင်နေတယ်”
“ဟဲဟဲ အစ်မ နားထောင်နေတော့ ကျနော် ရှင်းပြရမှာပေါ့”
အောင်ရဲကျော်က အစ်မထွေးထွေး နားထောင်နေတော့ သူ့လည်ချောင်းကို တောင်ရှင်းလိုက်ပြီး
“သမိုင်းကတော့ဗျာ နန်းအေးမြို့ကြီး မဖြစ်ခင် အဝေးကင်းတပ်မြို့ နဲ့ ရွာကြီးလေးရွာ ဆိုပြီး ကွဲနေတဲ့ အကြောင်းက စပြောရမယ်။ အဝေးကင်းတပ်ကို အုပ်ချုပ်တဲ့လူက ဇေယျသူမင်းသား တဲ့။ သူက အင်းဝဘုရင်ရဲ့အစ်ကို ငယ်ငယ်ကတည်းက သူကကွာ သိုက်က လာတာတဲ့။ သိုက်ကလာတယ်ဆိုတာ အဲ့ဒီခေတ်က ဒေါင်းဆင်ဒရုန်း ဖြစ်တာကို ပြောတာ။ လူတွေက နားမလည်ကြတော့ ဒေါင်းဆင်ဒရုန်း ဖြစ်တဲ့ကလေးတွေကို မန်ကျည်းကိုးပင် သိုက်က လာတယ်ဆိုပြီး ပြောကြတာ”
ကျနော့်ဘဝကလည်း ဆိုးပါတယ်။ ပြဇာတ်လေး ကမိပါတယ်။ ဗီလိန်တဲ့ ဪ ဗီလိန် ဆိုလည်း မဆိုးပါဘူးဆိုမှ ဒေါင်းဆင်ဒရုန်း ဖြစ်နေတဲ့ ဗီလိန်တဲ့ ဪ သူ့ထပ် ဇာတ်နာတာတောင် သူ့လောက် မနာဘူးရယ်
“သူက အဲ့ရောဂါဖြစ်နေပေမဲ့ စစ်တိုက်တဲ့နေရာမှာ ထူးချွန်တယ်။ လုပ်ရည်ကြံရည်ရှိတယ် ဒါပေမဲ့ ဦးနှောက်က ဘယ်သူ့ကိုမှ မယုံသလို ကောင်းကောင်းလည်း မဖွံ့ဖြိုးလာဘူး ။ဒါကြောင့် သူဘုရင်မဖြစ်ဘဲ သူ့ညီက အင်းဝရဲ့ဘုရင် ဖြစ်သွားတာ။ ညီလုပ်သူကလည်း သူ့အစ်ကို သူ့ကို ပလ္လင်လု မှာစိုးပြီး တောင်တန်းနဲ့ မြေပြန့်နယ်စပ်က နေရာမှာ အဝေးကင်းတပ်တည် ပေးပြီး သူ့အစ်ကိုကို ပို့ထားတယ်။ တစ်ရန် အေးတာပေါ့။ အခု ငါတို့က နန်းအေးမြို့ရဲ့ အောက် ပိုင်းမှာနေတာ။ ငါတို့က အဝေးကင်းတပ်မြို့ အပေါ်ပိုင်းက ကောင်းတွေက ရွာလေးရွာ နေရာမှာနေတာ သဘောပေါက်လား”
အောင်ရဲကျော် ပြောမှ ကျနော် နန်းအေးမြို့ရဲ့ အနေအထားကို ပြန်သုံးသပ်မိတယ်။ တကယ်လည်း အဲ့အတိုင်းပဲကိုး။
“သမိုင်းမှာတော့ ရွာလေးရွာ ကို ရဖို့ ရွာစားတွေ စစ်ဖြစ်ကြတာ စစ်ပွဲငယ်လေးတွေ ခဏခဏ ပဲတဲ့ ဇေယျသူ ကလည်း ဝင်တိုက်ရင်း စစ်ပွဲတွေဖြစ်တယ်။ စစ်ပွဲ ဘယ်နှစ်ပွဲ ဖြစ်လည်း မမှတ်မိတော့တဲ့လူထုက စစ်ပွဲတစ်ရာနှစ်တွေလိုပဲ။ အဲ့ကာလတွေကို သတ်မှတ်ကြတော့တာ။ သမိုင်းက ဒါလေးပဲဒါပေမဲ့ကွာ ဒီပြဇာတ်က ကျတော့ သမိုင်းနဲ့ မတူဘဲ ဘာ ထူးခြားတာလဲဆိုတော့ “
“အား အား အား”
အသံနက်ကြီးနဲ့ ထအော်လိုက်တာက ဝင်းမင်းဦး။
“ဟေ့ကောင် ဝင်းဦး ဘာစောက်ရူးထ တာလဲ ငါလိုး လန့်သွားတာပဲ”
ဝင်းမင်းဦး က မျက်စိမျက်နှာ တွေ ပျက်နေတယ်။
“ဘာမှမဟုတ်ဘူးကွာ”
“မင်းကွာ စိန်ကောင်း ကျောက်ကောင်း ရောင်းနေတာ ဆေးရိုးသည် ကန့်လန့် ကန့်လန့်”
“တော်ပြီ ဖီးလ် ကွေးတယ်။ မပြောတော့ဘူး”
ဝင်းမင်းဦးက ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း မျက်နှာကျက်ကို ခဏခဏ မော့ကြည့် နေတယ်။ ထို့နောက် ပလွေ မှုတ်နေတဲ့ ကိုတင်နိုင်စိုးဘေးမှာ သွားထိုင်နေတယ်။ ကျနော်လည်း ထိုင်ဝိုင်း ကနေထပြီး ဝင်းမင်းဦးဆီ သွားပြီး
“ဝင်းဦး မင်း ဘာဖြစ်တာလဲ”
“ငါ ဂယောင် ဖြစ်နေတာဟေ့ မြင်ချင်တာတွေ လျှောက်မြင်နေတယ်”
“သားကြီး မင်းဘာမြင်လိုက်တာလဲ”
ကိုတင်နိုင်စိုးက မေးတယ်။
“မိန်းမကြီးတစ်ယောက်ကွ”
“အိပ်မက်ထဲမှာ မြင်လိုက်တာလား”
“ဘယ်ကလာ အဲ့ မျက်နှာကျက် မှာ ကပ်နေတာ”
ဝင်းမင်းဦး စကားကြောင့် ကျနော် ကြက်သီးပါထမိသွားတယ်။
“ခွေးစကားတွေ မပြောနဲ့ ဟေ့ကောင် ငါက ညအိမ် တစ်ယောက်ထဲ ဆိုင်ကယ်နဲ့ ပြန်ရမှာ။ မင်းတို့က ဒီမှာ ညအိပ်လို့ရသေးတယ်။ မရီရဘူး”
ကိုတင်နိုင်စိုးက တော်တော်လန့်နေပုံပဲ။
“ငါကွာ အိပ်မပျော်လို့ ပန်ကာတွေကို လိုက်ကြည့်နေတာ ပန်ကာတွေမှာရေးထားတဲ့ အလှူရှင် နာမည်တွေ လိုက်ဖတ်နေတာ”
မောင်းကောင်းမြတ်ထွန်း သူငယ်တန်း(က) မှလှူဒါန်းပါသည်။ မောင်စိုင်းဘုန်းနိုင် ပထမတန်း(ဂ) ကျောင်းက ပန်ကာတွေက အလှူရှင်တွေ လှူထားတာ။ အလှူရှင်တွေကလည်း သူတို့နာမည်တွေကို ပန်ကာ အရွက်တွေမှာ ရေးထားကြတာ ဒါမှ ဖတ်မိအောင်လို့
“ငါအဲ့ဒီ စာတွေ လိုက်ဖတ်ရင်း ငိုက်လာတာ အဲ့လို ငိုက်တော့မဲ့အချိန် ပန်ကာတွေ ကြားထဲမှာ မိန်းမကြီးတစ်ယောက်။ ငါက မျက်စိများ မှားတာလားလို့ လိ တကယ်မိန်းမကြီး ဆံပင်တွေ အရှည်ကြီးပဲ မျက်နှာကျက်မှာ ဆံပင်တွေကလည်း ကပ်လျက်ကြီး ငါ့ကို စိုက်ကြည့်နေတာ အဲ့မှာ ငါလည်း လန့်ပြီး ထအော်တာ”
ဝင်းမင်းဦး လိမ်နေတာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဘာလို့ဆို ဒီကောင် လိမ်ရင် အဲ့ လို မဟုတ်ဘူး လေသံကအစ ပြောင်းတယ်။
အခုက ဒီကောင်မျက်စိမှား တာ အိပ်မက်မက် တာ နှစ်ခုထဲက တစ်ခုခုပဲ မဟုတ်ရင် တကယ်ပဲ နန်းအေးကျောင်း သရဲကပ်နေပြီလား။
ဆက်ရန်
******