← Chapters

အခန်း (၁၉)

Vol. 1 Ch. 19

အခန်း (၁၉)

Vol. 1 Ch. 19

နန်းအေးမြို့ကြီးဟာ တိတ်ဆိတ် ငြိမ်သက်နေတယ်။ ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ နယ်မြို့တွေရဲ့ ထုံးစံဟာ အဲ့အတိုင်း ပဲ ည ခုနှစ်နာရီလောက်ဆို အားလုံး အလျှိလျှို အိပ်မောကျနေကြပြီ။

လူသူရှင်းတဲ့ နန်းအေးမြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ စက်ဘီးတစ်စီးဟာ ခေါက်တုန့်ခေါက်ပြန် မောင်းနှင်နေတယ်။ အဲဒါ ဆန်းဝင်းနိုင်ရဲ့ စက်ဘီးပေါ့။

ဆန်းဝင်းနိုင် အခုတလော တစ်ယောက်ထဲ ဘက်ပဲ့နေတယ်လို့ ထင်မိတယ်။ ကျောင်းက လုပ်ပါတယ်ဆိုတဲ့ ပြဇာတ်အဖွဲ့မှာ ပါဝင်ဖို့ ဆရာဗိုလ်ဟိန်း နဲ့ ဆရာမင်းရောင်က သူ့ကို အကြိမ်ကြိမ် ပြောကြပေမဲ့ သူ ပြဇာတ် အဖွဲ့ထဲ မဝင်ချင်ဘူး။ တစ်ယောက်တည်းသော သူငယ်ချင်း အောင်ရဲကျော် ကလည်း ပြဇာတ်အဖွဲ့ထဲမှာ ရှိနေတာ။ ဒါပေမဲ့ တစ်ယောက်ထဲ နေရတယ်ဆိုတာ ဆန်းဝင်းနိုင် အတွက် ရိုးနေပြီ။ ဦးဇော်မွန် ပြောခဲ့သလို မဟုတ်လည်း ဆန်းဝင်းနိုင်က သင်္ချိုင်းထဲမှာကြီးခဲ့တာပဲ။ အထီးကျန်တယ်ဆိုတာ ဆန်းဝင်းနိုင်နဲ့ အမေ့သားအိမ်ထဲက ထွက်လာကတည်းက အနေသားကျနေပြီ။

“ကျွီ”

“ဟာ”

ဆန်းဝင်းနိုင် စက်ဘီးလဲသွားတယ်။ သူက စက်ဘီးနဲ့ ညာဘက်ကို ကွေ့လိုက်တုန်း ကားကလည်း ရုတ်တရက်ကြီး ဘွားခနဲ ပေါ်လာတယ်။ ကိုယ့်အတွေးနဲ့ ကိုယ်မလို့ ကားကို ရုတ်တရက် မြင်လိုက်ရတော့ ပလက်ဖောင်းကို အလန့်တကြား ဆွဲတက်လိုက်ရင်း ဆန်းဝင်းနိုင် စက်ဘီးရော လူရော လဲသွားတာပါ။ ကားသမားကလည်း သတိကောင်းပြီး ဘရိတ်အုပ် မြန်လို့မဟုတ်ရင် လူရော စက်ဘီးရော အကြိတ် ခံ နေရပြီ။

“ခွေးမသား ကားမမောင်းတတ်ရင်လည်း မမောင်းနဲ့ လိ လို မောင်းနေတာလား”

ကိုယ်အမှားလုပ်ထားတာဆိုပေမဲ့။ ယာဉ် တိုက်မှု့ ဖြစ်ပြီဆိုရင် ယာဉ်အငယ်က ဦးအောင်ဆဲ ကြတာ ထုံးစံပဲ ဘယ် အကြောခံ လို့ ဖြစ်မလဲ။

ကားပေါ်ကနေ လူတစ်ယောက် ဆင်းလာတယ်။ ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်းပဲ ယောပုဆိုး အနီ ကို ဝတ်ထားပြီး အင်္ကျီ အနက်ကို လက်မောင်းထိ ခေါက်တင်ထားတယ်။ နှင်းဆီပွင့်ပုံ တက်တူးတွေက လက်ဖျံမှာ မှင်အရောင်စုံစုံ နဲ့ သပ်ရပ်လှပနေတယ်။ ငါတော့ လူမှားပြီး ဖြဲ မိပြီဟေ့ လို့ ဆန်းဝင်းနိုင် တွေးမိသွားတယ်။

“ငါ့ညီ ရရဲ့လား အစ်ကို ဆေးခန်းတွေဘာတွေ ပို့ပေးရမလား”

“ရပါတယ်ခင်ဗျ ဘာမှ မဖြစ်ပါဘူး ကျနော်မှားတာပါ ဆဲမိတာ တောင်းပန်ပါတယ်”

“ဪ ရပါတယ် ညီလေး”

“’ဘာရပါတယ်လည်း သူ အနည်းဆုံးတော့ ပွန်းပဲ့ဒဏ်ရာတော့ ရမှာပါ။ ဆေးခန်း ပို့ပေးလိုက်ပါ ဝဏ္ဏရယ်”

အသံချိုချိုလေးက ကားထဲ ကနေ ထွက်လာတယ်။ လူကို မမြင်ရပေမဲ့ ဒီအသံလေးကို ဆန်းဝင်းနိုင် မှတ်မိနေတယ်။ ဈေးနေ့တုန်းက ပန်းသည် ကောင်မလေး နဲ့ ရန်ဖြစ်သွားတဲ့ ခြေသည်းပြာပြာ အကြောစိမ်းစိမ်းလေးတွေနဲ့ အစ်မကြီး။

“အေး ဟုတ်သား ငါ့ညီ သွေးထွက်နေတာပဲ ဆေးခန်းသွားလိုက်မလား”

ဝဏ္ဏဆိုတဲ့ အစ်ကိုကြီးက ညှာတာတဲ့ လေသံနဲ့ ပြောလိုက်တယ်။

“ရပါတယ်အစ်ကို ကျနော့်အိမ် ဒီနားလေးတင်ပါ ပြန်နိုင်ပါတယ်”

“ဟဲ့ ဝဏ္ဏ လိုက်ပို့ လိုက်လေ”

ဆန်းဝင်းနိုင် အနည်းငယ် ပျော်သွားတယ်။ အဲ့အစ်မကြီးကို ငါ မြင်ရတော့မယ်။ သူ့မျက်နှာလေးက ဘယ်လောက်တောင် ကျက်သရေရှိလိုက်မလဲကွာ တစ်ခါလောက် မြင်လိုက်ရရင်ကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ဆန်းဝင်းနိုင် သက်ပြင်းပဲ ချလိုက်တယ်။

“တော်ပါပြီကွာ မဖြစ်နိုင်မှန်း သိနေတာပဲ။ မျက်နှာ မြင်လိုက်ရတော့လည်း ပိုပြီး စွဲလမ်းစိတ်ကြီးလာပြီး ငါ့ကို ငါ ညှင်းဆဲသလို ပဲဖြစ်နေမှာ”

ဒါနဲ့ ဆန်းဝင်းနိုင်လည်း ဝဏ္ဏကို တောင်းပန်ပြီး စက်ဘီးလေးမကာ ထွက်လာလိုက်တယ်။ ကားရဲ့ ဘေးက ဖြတ်သွားတော့

“ဟေ့ ဟေ့ ဟေ့”

ကားမှန်ပြတင်းကနေ အစ်မကြီးက လှမ်းခေါ်တယ်။

‘ဘယ်လိုမှတော့ မထင်နဲ့ အိမ်ရောက်ရင် ဆေးလည်း ဘာလေး ထည့်လို့ရအောင်လို့”

ကားပြတင်း‌ပေါက်ကနေ ဖြူစင်ကျော့ရှင်းတဲ့ လက်တစ်စုံဟာ ပိုက်ဆံ ငါးထောင်တန် နှစ်ရွက် သူ့ကို ကမ်းပေးလိုက်တယ်။ ဆန်းဝင်းနိုင် ကလည်း ဖြတ်ခနဲ လှမ်းကြည့်လိုက်တယ်။

“ဟာ”

သူနဲ့ အစ်မကြီး မျက်လုံးချင်း ဆုံသွားတယ်။ လိမ္မော်ရောင် မျက်လုံးတွေနဲ့ မျက်ဝန်းနက်နက်တွေဟာ တစ်ယောက် မျက်ဝန်းကိုတစ်ယောက် စိုက်ကြည့်နေမိတယ်။

လိမ္မော်ရောင် မျက်လုံးတွေဟာ အစ်မကြီးကို တဒင်္ဂ မှင်သက်သွားစေတဲ့။ ဆန်းဝင်းနိုင် အတွက်ကလည်း ထိုနည်းလည်းကောင်း မျက်ဝန်းနက်နက်တွေဟာ ရေတွင်းတတွင်းရဲ့ မျက်နှာပြင်လိုပဲ တည်ငြိမ်ပျက်သားစွာ အရည်လဲ့နေတယ်။ မျက်ဝန်းနက်နက် လေးနဲ့အတူ သွားထိန်းတပ်ထားတဲ့ သွားဖြူဖြူလေးတွေကိုတွေ့ရတယ်။ နှုတ်ခမ်းအောက်က မှည့်လေးရော

ဒါပေမဲ့ ဆန်းဝင်းနိုင်ကပဲ ဦးစွာ မျက်နှာလွှဲပြီး ပိုက်ဆံ ၅၀၀၀ တန်နှစ်ရွက်ကို လှမ်းယူကာ ထွက်လာခဲ့ပါတယ်။

အစ်မကြီးကတော့ ဆန်းဝင်းနိုင်ရဲ့ စက်ဘီး တရွေ့ရွေ့ထွက်သွားတာကို ‌သေချာ လိုက်ကြည့်နေမိတယ်။

ဝဏ္ဏ ကလည်း ဒီအခြေအနေ ကို သိလိုက်ပါတယ်။

“လာနာ ကောင်လေးကို ဘာလို့ အဲ့လောက်ကြည့်နေတာလား ကြည့်ရတာ နင့်သား အရွယ်လေးပါဟာ”

“ဟယ် ငါက ဖွန်ကြောင်ဖို့ကြည့်တာ မဟုတ်ဘူး ဝဏ္ဏရဲ့။ နင် သူမျက်လုံးတွေကို သတိထားမိလားလိမ္မော်ရောင် တောက်တောက်လေးတွေ”

ဝဏ္ဏစိတ်ထဲ အခုမှတွေ့မိတဲ့ ချာတိတ်ကို အနည်းငယ် မနာလိုဖြစ်သွားတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့ ခရီးသွားဟန်လွှဲ တွေ့ခဲ့တာ နောက်တစ်ခေါက် ပြန်တွေ့ဖို့လည်း မလွယ်တာမို့ အေးဆေးပဲ စိတ်လျှော့လိုက်ပါတယ်။

“လာနာနော် နင် နန်းအိမ့်ခမ်း ဆိုတဲ့ကလေးမလေးရယ်၊ နောက် ကောင်မလေးတစ်ယောက်ရယ်နဲ့ ခဏခဏ တွေ့နေတယ်နော် မရိုးသားဘူး နင်ဇာတ်တူသား ပြောင်းစားမလို့လား”

“အယ် ဝိတ်ပေါ။ ငါ့ကို ဘယ်တုန်းကတည်းက စပိုင် လုပ်နေတာလဲ။ စကားပြောလိုက်ရင် တရားလွန်တွေ။ နင်သာ ဝိတ်တုံးတွေမတယ် မတယ်နဲ့ ခိုးဂေးနေတာမလား”

“ငါ ဂေးချင်ရင်တောင် နင်ရှိနေတာကြောင့် ငါဂေးမရတာ လာနာ”

“ဟမ်”

ဝဏ္ဏစကားကြောင့် လာနာ မျက်နှာလေးရဲသွားတယ်။ ဒီကောင် သူ့ကို သွယ်ဝိုက်တဲ့ နည်း နဲ့ ရည်းစား စကားပြောလိုက်တာပဲ။

“ငါ့ နင့်ကို ချစ်တယ် လာနာ”

“ဝဏ္ဏ ငါ‌လေ နင်နဲ့ သူငယ်ချင်းအဆင့်ကနေ မကျော်ချင်သေးတာ အမှန်ပဲ။ ဘာလို့ဆို ငါက နင့်ကို အခြားရည်းစားတွေလို အပျော်တွဲတွဲ ဖို့ စိတ်မကူးထားဘူး။ ဒါပေမဲ့ ငါ့နင့်ကို ဟိုလို အချစ်ကြီးနဲ့လည်း ချစ်ကြည့်လို့ မရသေးဘူး။ အခြားလူတွေလို နင့်ကို ငါတန်းတူတစ်ခုတည်း မထားချင်ဘူး။ ငါစဉ်းစားမယ်ဆိုတာ ငါနင့်ကို တချိန်ချိန်ကျ သူငယ်ချင်းတစ်ယောက် ငိုနေတတ်တဲ့ ဖက်တီးလေး တစ်ယောက်အဖြစ်ကနေ ကျော်ပြီး မြင်လာရင်း ချစ်မိလာမယ်လို့တော့ ထင်တာပဲ”

“ငါကတော့ နင့်ကို နှပ်ချေးတွဲလောင်းနဲ့ ကလေးမလေး အဖြစ်ကနေ ကျော်မြင်လာခဲ့တာ။ ဟိုးကလေးဘဝ ထဲက ပါပဲ ငါနင့်ကို အရမ်း force. မလုပ်ပါဘူး”

“အေးပါ တစ်နေ့ ငါနင်လို ချင်တဲ့ အဖြေကိုပေးနိုင်မှာပါ ဝိတ်ပေါရယ် “

“‌ဟုတ်ပါပြီ ကြွက်မလေးရယ်’’

.....

“စောဒေဝီ သခင်မကြီးဟာ နန်းကြာစော်ဘွားနဲ့ ဆက်သွယ်ကာ ရွှေနန်းရှင် အင်းဝဘုရင် ကို ပြန်ကန်ခြားနားကာ အဝေးကင်းတပ်ကိုပါ ဖျက်ဆီးတွန်းလှဲ ပြစ်နိုင်တာကြောင့် ငါကိုယ်တော် ဇေယျသူ ကိုယ်တိုင် တိုက်ယူ’’

“ဟေ့ကောင် စိုင်းရွက်ဟိန်း မင်း စကားပြောတာ passion လေး ဘာလေးထည့်ပါဦးဟ အခုက ပြဇာတ် နဲ့မတူဘူး။ ကလေးတွေ စာကျက်နေသလိုပဲ”

ဆရာဦးမင်းရောင်က ကျနော့်ကို ဟောက်တယ်။ ဆရာဗိုလ်ဟိန်း ကတော့ ပြုံးပြုံးပဲ

“ဆရာ ကျနော်ကလည်း သာဘာဝကျ အောင်လုပ်တာပဲဗျာ။ ဆရာ့ဇာတ်ကောင်လည်း ကြည့်ဦး ဒေါင်းစင်ဒရုန်းဖြစ်နေတဲ့ စစ်သူကြီးလေ “

“အေးပါကွာ ဒီပြဇာတ်ကြီး ဒေါ်မြပုလဲသွယ် ဘယ်ကများ ရှာတွေ့တာလဲ မသိဘူး။ ရှုပ်ခက်နေတာပဲ”

ဦးမင်းရောင်က ပြောလိုက်တယ်။

“ကဲ ကိုမင်းရောင် ခင်ဗျားက ကလေးတွေကိုသာ လိုက်ပြောနေတာ ခင်ဗျား သရုပ်ဆောင် ပြပါ့လား”

“ဟုတ်တယ် ဟုတ်တယ် ဆရာဦးမင်းရောင် သရုပ်ဆောင်ပြပါ”

“‌ဟုတ်တာပေါ့ ဆရာကြီး ဆရာကြီး ကိုယ်တိုင် သရုပ်ဆောင်ပြရင် ဒီက မောင်လေးတွေ အတွက်လည်း ပိုလွယ်မှာပေါ့”

အစ်မထွေးထွေးကလည်း ဝင်ပြောလိုက်တော့၊ဆရာဦးမင်းရောင် မျက်နှာကြီး ရဲလာတယ်။

ဦးမင်းရောင် ဒုန်း...ဒုန်း...ဒုန်း

ဝေလင်းဖြိုးက ပလက်စတစ်ရေဗူး နှစ်ဗူးကို တဗုံးဗုံး ရိုက်ရင်း ဆရာဦးမင်းရောင်ကို မြှောက်ပေးနေတယ်။ ဆရာဦးမင်းရောင် ကလည်း

“အေးပေါ့ကွာ ဆရာ မ ပြ နည်းမကျတဲ့’’

ဆရာကြီးဦးမင်းရောင်က ကျနော့်ကို စင်ပေါ်က ဆင်းခိုင်းကာ စင်ပေါ်ကို တက်လာတယ်။

ကျနော်တို့လည်း လက်ခေါက်တွေ တရွှီးရွှီးမှုတ် လက်ခုပ်တွေ တဖြောင်းဖြောင်း တီးရင်း ဆရာကြီးကို အားပေးလိုက်ပါတယ်

“ဟေ့ကောင်တွေ သိပ်မဆူ နဲ့ ခုနှစ်နာရီခွဲ နေပြီနော်။ ဘေးပတ်ဝန်းကျင် လည်း အားနာဦး”

ဆရာဗိုလ်ဟိန်းက ကျနော်တို့ကို ငြိမ်ငြိမ်လေး အားပေးဖို့ပြောတယ်။ ဆရာဦးမင်းရောင်က အင်္ကျီလက်ခေါက်ကို မတင်လိုက်ပြီး

“အို”

“ဟား ဟား ဟား”

“ဟေ့ကောင်တွေ ဘာရယ်တာလဲ။ အို ပဲ ရှိသေးတာ”

“စောဒေဝီ သခင်မကြီးဟာ နန်းကြာစော်ဘွား နဲ့ ဆက်သွယ်ပြီး အင်းဝရွှေနန်းရှင်ဘုရင် ကို ပုန်ကန် ဖို့ကြိုးစားသပေါ့ ဟုတ်စ ဟားဟားဟား”

ဆရာဦးမင်းရောင်က ဇော်ဝမ်းစတိုင်လ် နဲ့ ပြောနေတာဗျ။ လေသံကိုက မသိရင် ဦးဇော်ဝမ်း အသံ

“အဝေးကင်းတပ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာကြောင့် ငါ ဇေယျသူ ကိုယ်တိုင် တိုက်ယူရမယ်ကွဲ့”

“ဟား ဟား ဟား ဟား”

ကျောင်းသားတွေ အကုန်ထရယ်ကြတယ်။ ထွေးထွေးကတော့ ခေါင်းခါရင်း ဒီလိုမျိူးဆက်သွားနေရင် အရှက်ပဲ ကွဲတော့မယ်။

“အဆို အက အငို အပြော သင်ပေးနိုင် တဲ့ ဆရာမတစ်ယောက်ယောက်လောက် ရှာပြီး သင်ခိုင်းရမယ် ထင်တယ်နော် ဆရာ”

ဆရာဗိုလ်ဟိန်း က

“အင်း ဆရာလည်း အဲ့လို ထင်တယ်။ အခုဟာက အစီအစဉ်မကျဘူး။ ဒါနဲ့ နေစမ်းပါဦး သမီးရယ်။ အဒေါ် ဆရာမကြီးက အနုပညာ ကျောင်းဆင်း မဟုတ်လား။ သူ့ကိုယ်တိုင် သင်ရင်တော့ ပို ကောင်းမယ် မထင်ဘူးလား”

“အဲဒါကလေ ဆရာ သမီး အဒေါ်က အနုပညာအလုပ်တွေကို ဘယ်တော့မှ မလုပ်တော့ဘူး လို့ ဆုံးဖြတ်ထားတယ်လေ”

“ဘာကြောင့်လဲ ဆရာ သိလို့ရမလား”

“ကြာခဲ့ပါပြီ ဒါတွေပြန်ပြောချင်စိတ်လည်း မရှိပါဘူး။ ဆရာရယ်”

ဆက်ရန်

******

All Chapters