← Chapters

အခန်း (၂၁)

Vol. 1 Ch. 21

အခန်း (၂၁)

Vol. 1 Ch. 21

“မင်းတို့ရဲ့ ပြဇာတ်က ဇာတ်လမ်းက ကောင်းပါရဲ့ကွယ်။ ဒါပေမဲ့ မင်းတို့က နိုင်မယ် မထင်ဘူး။ ဇာတ်အိမ် ကြီးလွန်းတယ် “

ဒေါ်ချစ်နန္ဒာရွှေဆိုတဲ့အမျိုးသမီး ဒီကို ရောက်လာတာ နှစ်ရက်ရှိပြီ။ နှစ်ရက်လုံး ဘာမှ ဟုတ်တိပတ်တိ မသင်သေးဘူး။ သူလုပ်တာက ဆရာဦးမင်းရောင်နဲ့ အလာပသလာပ ပြောတာရယ် ပြဇာတ်ကို အထပ်ထပ် ဖတ်ပြပြီး ဂျွန်ဝင်းမောင်ရဲ့ အရေးအသား ဘယ်လောက် စုတ်ကြောင်း၊ဒီ ပြဇာတ်ဟာ သူတွေ့ဖူးသမျှထဲ ယုတ္တိမတန်ဆုံး ပြဇာတ်ဖြစ်ကြောင်း သူက ပြောတယ်။

“ငါ ပြောချင်တာကကွယ်။ ငါ့မှာ ပြဇာတ်ရေးပြီးသားတွေ ရှိတယ်။ ဒီအစုတ်အပြတ် ထက်တော့ သာပါတယ်ဟဲ့။ နင်တို့ကို ငါ ငါးထောင်နဲ့ပဲ ရောင်းမယ်။ အဲဒါလေး ကကြပါ့လား”

“ဪ မချစ်နန္ဒာရွှေ က ပြဇာတ်တွေလည်းရေးတာလား တော်တေယ် ထူးချွန်တာပဲနော် ဘက်စုံ ပြည့်စုံနေတာပဲ ဟီးဟီး”

ဆရာဦးမင်းရောင် ကလည်း တကယ် ဆရာသိက္ခာကိုယ်ကို မထိန်းနိုင်တော့ပါဘူး။

“မဟုတ်ဘူးဆရာမ ကျနော်တို့ ပြဇာတ်ကကြတော့ဗျာ မြေသျှိုးမိုးပျံတာတွေနဲ့ အချစ်ကိစ္စတွေလည်း ပါတော့ ပိုပြီး ရုပ်လုံးကြွသလားလို့ဗျ”

“အယ် နင်တို့ မိုးပေါ်ပျံတာတွေ စစ်တိုက်တာတွေ ဖတ်ချင်ရင် ငါ့ဆီ မင်းကျန်စစ်သစ္စာ ဆိုတဲ့ ပြဇာတ်ရှိတယ်။ အဲဒါ ကမလား ငါ သုံးထောင် နဲ့ ရောင်းပေးမယ် လျော့ဈေးနော် ဟင်းဟင်း”

ကျနော် သည်းမခံနိုင်‌တော့ဘူး။ ကျနော်တင်ပဲလားဆိုတော့ ဝင်းမင်းဦး၊ကျွဲကြီးနဲ့ လာကူပေးတဲ့ ကိုတင်နိုင်စိုးပါ ဒေါ်ချစ်နန္ဒာရွှေကို ကြည့်မရတော့ဘူး

“ဘာလဲဟ သူက ငါတို့ကို လာသင်ပေးတာလား သူ့ပြဇာတ်တွေ လာရောင်းတာလား မသိဘူး”

ဝင်းမင်းဦးက ပြောတယ်။

“ငါလည်း အဲ့လိုထင်တာပဲ ဝင်းမင်းဦး ငါးထောင်၊ တစ်သောင်းနဲ့ ရောင်းနေပုံထောက်ရင် ပေါပေါပဲပဲ တွေ နေမှာပါ”

“ဆရာမ ပြောမယ်။ မင်းတို့ရဲ့ ပြဇာတ်ကြီးက လေးအီနေတာ။ နောက်ပြီး မိန်းကလေးဇာတ်ကောင် နှစ်ကောင်ပါသေးတယ်။ မယ်တော်စောဒေဝီ နဲ့ အဒြိကာ မင်းတို့က ယောင်္ကျားလေးတွေ လေကွယ်”

“အဲဒါက ကျနော်တို့ လုပ်နေကျပါ ဆရာမကြီး ယောကျာ်းလေးတွေက မိန်းမလို ဝတ်ကကြမှာပါ၊ မောင်ဖြိုးထက်အောင်က အဒြိကာဒေဝီ မောင်ဝေလင်းဖြိုးက စောဒေဝီသခင်မ အဖြစ်ပေါ့”

ဆရာဗိုလ်ဟိန်း က ပြောလိုက်တယ်။ ဒီစကားကြားတော့ ဒေါ်ချစ်နန္ဒာရွှေ က ဟက်ဟက်ပက်ပက် ရယ်ရင်း

“ဂျွန်ဝင်းမောင် ရဲ့ စာအုပ်ထဲက အဒြိကာဆိုတဲ့ မိန်းကလေးက သတ္တိကောင်း ရုပ်ရည်ဟာ မြင်လိုက်ရတဲ့သူတိုင်း နှစ်ခါပြန် မကြည့်ရရင် မနေနိုင်တဲ့ ရုပ်တဲ့ ဖြိုး‌ထက်အောင် ဆိုတဲ့ ကလေးက အဟမ်း နည်းနည်း ရုပ်ဆိုးတယ်”

ဖြိုးထက်အောင် မျက်နှာပျက်သွားပြီး ခပ်တိုးတိုး နဲ့

“မသာမကြီး ငါ့များ ရုပ်ဆိုးသလေး ဘာလေးနဲ့ ငါ့ အမေတောင် ငါ့ကို ရုပ်ဆိုးတယ် မပြောဘူး”

“ဟာ မင်းအမေ က မင်းကို ရုပ်ဆိုးတယ် ပြောပါ့မလား သူ့စက်ရုံက ထုတ်တာလေ မင်းကို”

“မဟုတ်ဘူး ဝင်းဦးရ သူက ပြဇာတ်မင်းသမီး လုပ်ခဲ့တယ်တဲ့ ခန္ဓာကိုယ်နဲ့ ခြေထောက်ကြီး ကြည့်တော့ မန်ဒါလီမကြီး ကြနေတာပဲ”

“အဟက် ဟက်”

..

“ဟုတ်တယ် ဆရာမချစ် ပြောတာ ဆရာလည်း ထောက်ခံတယ်။ ဒီပြဇာတ်ကြီးက မဖြစ်နိုင်ပါဘူး ငါတို့ အခြားပြဇာတ်တွေ ကကြမလား”

ဆရာဦးမင်းရောင်က ဆရာမချစ်နန္ဒာရွှေဘက်က နေလိုက်ပြီး ဇွတ်အတွင်းထိုးပြောနေတယ်။

“မဟုတ်သေးပါဘူး။ ဆရာမနဲ့ဆရာ ကျနော်တို့ ဒီပြဇာတ်နဲ့ ပတ်သက်ပြီး ဇာတ်ကောင်သုံးကောင်ပဲ ရွေးရသေးတယ်လေ။ ဘာ plot ဘာ အစီအစဉ် မှ မချရသေးပါဘဲနဲ့ မဖြစ်နိုင်ပါဘူးလို့ ပြောနေတာက သိပ်မဟုတ်ဘူးဗျ ဆရာမ မလုပ်ပေးနိုင်ရင် ကျနော်တို့ အခြားတစ်ယောက်ကို ဌားပါ့ရစေ”

ဆရာဗိုလ်ဟိန်း ပြောလိုက်တော့ ဆရာမချစ် အသံ နည်းနည်းတိတ်သွားတယ်။ ဘွားတော် တော့ အရှိုက်ထိသွားပြီဗျ။ ဆရာမင်းရောင်ကတော့ ပြာပြာသဲသဲ နဲ့

“မဟုတ်ဘူးလေ ဆရာရယ် ဒီကိစ္စက”

“နေဦး ကိုမင်းရောင် မနှစ်က အထက၅ က လူအယောက် ၂၀ ပါ တဲ့ ပါတော်မူခန်းပြဇာတ်ကို ကသွားတာ။ လူအယောက် ၂၀ ထဲနော်။ အင်္ဂလိပ်ဗိုလ်က လေးယောက် မြန်မာစစ်သည် လေးယောက် အပျိုတော် သုံးယောက်ထဲနဲ့ ရတနာပုံခေတ် နန်းတွင်းကို လုပ်ပြသွားတာ၊ ကျနော် အဲ့ ပြဇာတ်ကို ဖတ်ရသလောက် ပြဇာတ်က တရားလွန်တရားမင်း ယုတ္တိမရှိ ဘူးဆိုပေမဲ့ အဓိက ဇာတ်ကောင်ဟာ စောဒေဝီ နဲ့ သားငါးယောက် ၊ အဒြိကာ၊ဇေယျသူ၊စပ်နောင်ရှင် နဲ့ ဗလရောင်”

“ဖျက် ဖျက် ဖျက်”

ဗလရောင် ဆိုတဲ့ နာမည် အရောက်မှာ ဟောခန်းထဲထွန်းထားတဲ့မီးက တဖျက်ဖျက် နဲ့ မှိတ်တုတ် မှိတ်တုတ် ဖြစ်သွားတယ်။

“တင်နိုင်စိုး မီးချောင်း ကြောင်နေတာလား မသိဘူး တက်လှည့်စမ်း”

ဆရာဗိုလ်ဟိန်းက စကားအစ ဖြတ်ပြီး ကိုတင်နိုင်စိုးကို မီးချောင်း တက်လှည့်ခိုင်းလိုက်မှ မီးက ပုံမှန် ပြန်ဖြစ်သွားတယ်။

“အဲ့မှာ ဇာတ်ကောင် ၁၀ ကောင် စာပဲ ရှိတာ။ နောက် အင်္ကျီအဝတ်အစားက မင်းသမီး အတွက် အနီရောင် အင်္ကျီ ဝယ်ရတာလောက် ကုန်မှာပါဗျ မင်းသား ဆိုတာကလည်း ခေါင်းပေါင်း နဲ့ အင်္ကျီ အဖြူ ဝမ်းဆက်ရယ်၊ ကျန်တဲ့ဟာတွေကတော့ရတယ် နန်းတွင်း အဝတ်အစားလောက်က နန်းကြာမြို့ပေါ် တက်ဌားတောင်ရတယ်”

“နောက်ခံတွေအတွက်ကကျတော့ရော ပန်းချီကားတွေအတွက်”

ဒေါ်ချစ်နန္ဒာရွှေက မျက်နှာကြီး ရှုံ့ပြီးပြောတယ်။ ဆရာဗိုလ်ဟိန်း အဟက် ခနဲ ထရယ်လိုက်ပြီး

“ကျနော်က အရင်က ရုပ်ရှင်ရုံတွေ မှာ ပိုစတာကားတွေ ဆေးရောင်စုံ နဲ့ ချယ်ဖူးတယ်။ နောက်ခံ ပန်းချီ အကား ၂၀ လောက်ကတော့ တစ်ပတ်အတွင်း အပြီးဆွဲ ပေးလို့ရတယ်။ ဆရာမသာ ဘယ်လိုပုံစံလိုချင်လည်းပြော”

“ဟေ့ကောင် တွေ ဗိုလ်ဟိန်းကြီးက လူရော ဟုတ်ရဲ့လား မသိဘူး သူမလုပ်ဖူးတာ ဘာမှ ကို မရှိတာဟေ့”

ကျနော်က ဆရာဗိုလ်ဟိန်းရဲ့စရိုက်စုံ ဘဝကြီးကို ချီးကျူးမိနေတုန်း ဝေလင်းဖြိုးက

“အေးလေ လူယုတ်မာလည်း လုပ်ဖူးတယ်။ သေချာ အစစ်အဆေး အမေးအမြန်း မရှိဘဲ လူသုံးယောက်ကို ပါးချဖူးတယ်လေ။ မင်းမေ့သွားပြီလား စိုင်းရွက် ငါကတော့ မမေ့ဘူးကွ တစ်နေ့ ဒီဘဲ ငါ့ အကွက်ထဲ ဝင်လာဦးမှာပါ”

ကျနော် အံ့ဩမိတယ်။ ကျနော်နဲ့ဝင်းမင်းဦး ဒီကိစ္စ ကို လွယ်လွယ်ပဲ မေ့ပြစ်သလို ဝေလင်းဖြိုးကလည်း မေ့နိုင်မယ်လို့ ကျနော် ထင်ခဲ့တာ။ ဒီကောင် ဒီကိစ္စကို အခဲမကျေသေးဘူးဘဲ။ တကယ်တမ်း အဲ့နေ့မှာ ကျနော်က ချစ်ပုကို ကိုယ်တိုင်လည်း အိမ်သာထဲ မပိတ်ရ။ အကြံလည်း မပေးရဘဲနဲ့ အချောင်ပါးရိုက်ခံရတာ နာခြင်း နာ သူတို့ထက် ကျနော်က ပိုနာရမယ်လေ။

ဆရာမဒေါ်ချစ်နန္ဒာရွှေ က ခေါင်းခါရင်း

“ကဲပါလေ ဒီနေ့ ကျမ လူရွေးပေးပါ့မယ်”

အဲ့သလိုနဲ့ ငါးနာရီလောက် အရောက်မှာ လူရွေးခြင်းပြီးဆုံးပြီး ကျနော်တို့ အသီးသီး ကာရိုက်တာတွေ ရလာတယ်။

ဖြိုးထက်အောင်က အဒြိကာ‌၊ ဝင်းမင်းဦးက ပထမသားတော်၊ ဝေလင်းဖြိုးက စောဒေဝီအရှင်မ၊ အောင်ရဲကျော်က ဒုတိယသားတော်၊ ထက်မြတ်မင်းထွေးက တတိယသားတော်ကျနော်က ဇေယျသူမင်းသားကြီး၊ ကျွဲကြီးက စတုတ္ထသားတော်ချစ်ပုက ပဉ္စမသားတော် ကိုတင်နိုင်စိုးက စပ်နောင်ရှင်စော်ဘွား

အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ ဆရာမချစ်နန္ဒာရွှေဟာ ဗလရောင် မင်းသားဆိုတဲ့ ကာရိုက်တာကို ဘယ်သူ့ကိုမှ မရွေးပေးသေးဘဲ အင်တင်တင် လုပ်နေပါတယ်။ ကျနော်တို့အားလုံးကလည်း အဓိကဇာတ်ဆောင် ဖြစ်တဲ့ ဗလရောင်နေရာကို သရုပ်ဆောင်ချင်ပေမဲ့ ဆရာမချစ်နန္ဒာရွှေက

“နင်တို့ရုပ်တွေနဲ့ လိုက်တဲ့ဟာ ရွေးပေးထားတာ။ အဓိက ဇာတ်ဆောင်က ခန့်ညားချောမောနေမှ ဖြစ်မှာပေါ့”

တဲ့။ ဆရာဗိုလ်ဟိန်း နဲ့ ဆရာဦးမင်းရောင် ကလည်း ထောက်ခံတယ်ဗျ။

“နေဦး ဆရာဗိုလ်ဟိန်း အဲဒီနေရာ နဲ့ အလိုက်ဆုံးလူ ကျနော် သိတယ်ဗျ”

“ကျနော်လား ဆရာ “

“ကျနော်လားဆရာ”

ကျနော်တို့လည်း ကျနော်တို့ထဲက တစ်ယောက်ယောက် ကို ပြောတယ် ထင်ပြီး အားရပါးရ ရင်ဘက် တွေ ပုတ် ခေါင်းတွေလှုပ် လက်တွေမြှောက် လုပ်ပြကြတယ်။

“သားကို ရွေး”

“သားကိုရွေး”

“တော်စမ်းပါကွာ ငါအတည်ပြောမလို့ ပါးစပ် ပိတ်ကြစမ်း”

ဆရာဦးမင်းရောင်က အသံအာခေါင် ခြစ်အော်တယ်။ ဆရာဦးမင်းရောင့် အသံကြောင့် ကျနော်တို့အားလုံး ပါးစပ်လေးတွေ ပိတ်သွားရတယ်။

ဦးမင်းရောင် ဒေါသထွက်လို့ အော်ပြီဟေ့ဆိုရင် ဆရာမတွေ အသံပြဲတာ ထက်တောင် အသံပြဲပါသေးတယ်။

“ကဲပါ ကိုမင်းရောင် ခင်ဗျားပြောချင်တာက”

“ဆန်းဝင်းနိုင် လေဗျာ”

“ဟာဗျာ”

ကျနော်တို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြတယ်။ တကယ်က လူတိုင်းက ဗလရောင် ဖြစ်ချင်နေကြတာကိုးဗျ။ တကယ်တွေးကြည့်တော့ ဆန်းဝင်းနိုင်ကလည်း တကယ် ဗလရောင် ဇာတ်ရုပ်နဲ့ လိုက်ပါတယ်။ ဂျွန်ဝင်းမောင် ရဲ့ ပြဇာတ်ထဲမှာလည်း ‌ဗလရောင် ဆိုတဲ့ ပုဂ္ဂိလ်က

အိန္ဒိယကနေ ရှမ်းပြည် အထိ နေ့ခြင်းပြန် ပြေးနိုင်တယ်တဲ့။ ကြွက်တွေလို မြွေကြီးထဲကို လည်း သျှိုးပြီးသွားနိုင်တဲ့။ အဒြိကာ ဒေဝီ ကို ဖမ်းထားတဲ့မြေအောက်အခန်းထိ ဖောက်ဝင်ပြီး ရည်းစားစကားဝင်ပြောတဲ့အပြင် အဒြိကာဒေဝီကို မတရားသိမ်းပိုက်ထားတဲ့ တတိယသားတော် အိပ်နေတဲ့အချိန် နှာခေါင်းမွှေးကို တဖက်ပဲ ချန်ပြီး ရိတ်သွားတာတို့ ညီလာခံမှာ တတိယသားတော်ကို ပလ္လင်ပေါ်က တွန်းချတာတို့လို ဟာသ ပြကွက်တွေလည်း ပါတယ်။ ဂျွန်ဝင်းမောင် က သူ့ရဲ့ ထုံးစံအတိုင်းတတိယသားတော်ကို ဟာသဇာတ်ရုပ်သပ်သပ်လို ရေးထားတာ သူ့ရဲ့ စတိုင်လ်က မြန်မာကားတွေထဲက မင်းသမီးနဲ့ စေ့စပ်ထားတယ်။ လူကြီးချင်း စေ့စပ်ထားပါတယ်ဆိုတဲ့ ပေါကြောင်ကြောင် ကောင်တွေရဲ့ ကာရိုက်တာမျိုးပဲ

ကျနော့်ရဲ့ ဇေယျသူမင်းသားကတော့ ဗီလိန်နည်းနည်းဆန်တဲ့ ဇာတ်ကောင်ပါ။ အလို ရမ္မက်ကြီးတယ်။ ကမ္ဘောဇ တစ်ခုလုံးကို သိမ်းပြီး အင်းဝကို ပြန်ပြီး အာဏာသိမ်းချင်နေတဲ့လူ။ သူက အဒြိကာမင်းသမီးလေးကို အတင်းအဓမ္မ လက်ထပ်ချင်နေတာကို စောဒေဝီ အရှင်မ ရဲ့ ပထမသားတော်ကြီးက မင်္ဂလာပွဲက နေ အဒြိကာ ကို ခိုးလာပေးတယ်။ နောက်ပြီး ဇေယျသူ ရဲ့ အကြံအစည်တွေကို အင်းဝ ကို ပြန်တိုင်လိုက်လို့ ဇေယျသူ နဲ့ သူ့တပ်ဟာ ပုန်းနေရပြီး နောက်ပိုင်း ညီအစ်ကို တွေကြား စစ်ဖြစ်ရအောင် သွေးထိုးပါတယ်ပေါ့၊ ဘက်လိုက်တဲ့ အရေးအသားလို့ ထင်ရပါတယ်။ ဒါပဲလေ ဂျွန်ဝင်းမောင်က ကျန်စစ်သားမင်းကိုတောင် စလေ‌ငခွေး နဲ့ သီပေါမင်းထက် ညံ့တဲ့ဘုရင်ဖြစ်အောင် ကြံဖန် ရေးတတ်သေးတာပဲ။ လူမသိသူမသိ ဒုက္ခိတမင်းသားကို ဖဲ့ချိုးပြီး ရေးတာ ဘာမှ ပြောစရာမရှိဘူးလေ။

အဲ့ဒီနောက် ကျနော်တို့ ဆန်းဝင်းနိုင် ရှိရာကို သွားပြီး ကိုယ်တော်ချော ကို ခယပြီး ခေါ်ရပါတယ်။ ဒါတောင် မလိုက်ချင်ဘူး လုပ်နေလို့

ပြဇာတ်ပြီးလို့ ဆုရရင် မင်းဆု အများဆုံးရမှာလို့မက်လုံးလေးပေးတော့မှ သွားလေးဖြီးပြပြီး

“မနက်ဖြန်လာခဲ့မယ် ငါစားဖို့ ပလာတာလိပ်ခုတ် ဝယ်ထားပေးတဲ့”

ဆက်ရန်

******

All Chapters