အခန်း (၂၂)
Vol. 1 Ch. 22
စပ်နောင်ရှင် မင်းသား ရဲ့ တပ်တွေကို ဗလရောင် သွားခေါ်နေတယ်။ သူ့စိတ်ထဲမှာ တော့ ဒီသတင်းကို အမြန်ပေးနိုင်ရင် အားလုံး အတွက် စိတ်အေးရမယ်။ ဇေယျသူမင်းသားရဲ့ တပ်တွေလည်း နန်းကြာမြို့ကြီးကို တိုက်မဲ့ အကြံဉာဏ်ပျက်သွားမယ်။ တတိယသားတော် လည်း နန်းကြာ လက်အောက်မှာ ထာဝရ နေထိုင်သွားရမယ်။ သူ့အတွက်လည်း ရန်သူ နှစ်ယောက် လုံး ရှင်းသွားသလို ဖြစ်သွားမယ်။
ဗလရောင်က သူ့ခန္ဓာကိုယ်ကိုလေ အဟုန်မှာ လှစ်ခနဲ ပျံသွားလိုက်တယ်။ ဒါပေမဲ့ သူ မသိလိုက်တာက ဇေယျသူ မင်းသား ဟာ အစကတည်းက သူတို့ အိမ်လေး နားမှာ အစောင့်ချထားတယ်ဆိုတာပဲ။
ဗလရောင် မရှိတော့ဘူးဆိုတာ သေချာတာနဲ့ ဇေယျသူ မင်းသားဟာ သူရဲ့ ကိုယ်ရံတော် တပ်မှူး ငါးယောက်နဲ့အတူ တဲအိမ်လေးကို ဝိုင်းပါတော့တယ်။
“အို ရှင်တို့ အဝေးကိုသွားကြပါ မောင်ကြီးဗလရောင် နှမတော်ကို ကယ်ပါဦး”
ဇေယျသူ မင်းသားဟာ အဆီတဝင်းဝင်း ထနေတဲ့မျက်နှာကြီးနဲ့အဒြိကာမင်းသမီးကို လိုက်ဖမ်းနေတယ် သူ့မျက်လုံးတွေဟာ တစ်နေရာရာကို သေချာ မစိုက်ကြည့်နိုင်ဘဲ လည်နေတယ်။ ပါးစပ်ကလည်း လျှာကို တစ်လစ် တစ်လစ် လုပ်နေတယ်။
“အိုမောင်တော် ဒီတဏှာရူး လက်က နှမကို ကယ်ပါ”
“အား လွှတ်လွှတ်”
ဇေယျသူမင်းသားက အဒြိကာကို ဖမ်းမိသွားပြီး အတင်းညှစ်ထားတယ်။
“မသွားပါနဲ့ အဒြိကာလေးရယ်… ကိုကိုဇေယျက အဒြိကာလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ သိနေတာကို အဒြိကာလေး ဆယ်နှစ်သမီးကတည်းက ကိုကိုဇေယျသူ က ချစ်နေရတာကွယ်”
“အို လွှတ် လွှတ် လွှတ်”
..
“နေဦး နေဦး ချစ်ပု မင်း စာဖတ်တာ ခန ရပ်”
စိုင်းရွက်ဟိန်း ရဲ့ စကားကြောင့် ချစ်စမ်းအောင် စာဖတ်တာကို ရပ်လိုက်ကာ
“ဘာလဲ စိုင်းရွက်”
“မင်းဟာကြီးက ငါက ဘာမှ မကောင်းတဲ့ကောင်ကြီးဖြစ်နေပြီဟ။ လခွမ်း မုဒိန်းလည်း ကျင့်ပြရဦးမယ်။ နောက်ပြီး ကလေးဘဝကတည်းက ကြိုက်တာဆိုတော့ ပီဒိုကြီး(ကလေးသူငယ်များအပေါ် လိင်စိတ်တိမ်းညွှတ်သူ) ဖြစ်နေပြီ လိမှ သရုပ်မဆောင်ဘူးကွာ။ မင်းတို့ကျ လူကောင်း ငါတစ်ကောင်ထဲ ကွက်ပုပ်နေတာ”
စိုင်းရွက်ဟိန်း ဆိုတဲ့ ကောင်လေး ဒေါသထွက်နေတာကိုကြည့်ပြီး လာနာ တစ်ဖြစ်ဘဲ ချစ်နန္ဒာရွှေ ကြိတ်ခွီနေမိသည်။ ဒီကောင်လေး တော်တော် ကြေကွဲနေတာပဲ။ ကြေကွဲတာပဲ ကောင်းပါတယ်။
“ဆရာမ ကျနော် မုဒိန်းခန်း နဲ့ အဲ့စကားကြီး ဖြုတ်ပေးဗျာ။ မဟုတ်ရင် မကဘူး”
“အယ် ဖြုတ်ချင်တိုင်းဖြုတ် တပ်ချင်တိုင်း တပ်လို့ရတယ် ထင်နေတာလားကွဲ့,။ မင်းတို့ဘဲ ကချင်လှပါပြီရဲ့ဆို”
“ဟာဗျာ”
“ဟာဗျာ မလုပ်နေနဲ့ကွဲ့”
စိုင်းရွက်ဟိန်း က ခေါင်းတဗြင်းဗြင်း ကုတ်ရင်း
“အဲ့လောက်ရုပ်တဲ့ ဇာတ်ကောင်ကို ဘာလို့ ထည့်ရေးရတာလဲ အလွန်ကြီးတွေပြော”
။
လာနာ လည်း တက်သည့် ပညာ မနေသာတော့ဘဲ
“ပြဇာတ်ဆိုတာ မင်းတို့ ကြည့်တဲ့ ရုပ်ရှင် နဲ့မတူဘူး လူဟာ ရုပ်ရှင် ဒါမှ မဟုတ် ပြဇာတ်ကို ခံစားမိတယ်ဆိုတာ အဲ့ရုပ်ရှင် ပြဇာတ်ဟာ လူတွေ သရုပ်ဆောင်နေတဲ့ အတုတွေ ဆိုတာ မေ့ပြီး သူတို့ကိုယ်တိုင် တသားတည်း ဖြစ်သွားတာမျိုး ဥပမာ မင်းတို့ တိုက်တန်းနစ် မှာ လီယိုနာဒိုသေတဲ့ အခန်း ငိုကြမှာပဲ အမှန်တကယ် ဒါက လီယိုနာဒို သရုပ်ဆောင် နေတာမှန်း မင်းတို့သိတယ်လေ။ တကယ်မသေဘူးဆိုတာလည်း သိတာပဲ.။ ဒါပေမဲ့ ငိုကြတယ် သနားကြတယ်ဆိုတာက မင်းတို့ကိုယ်တိုင်က ရုပ်ရှင်ကို တကယ့်အဖြစ်အပျက်လို့ မြင်သွားကြလို့။ပဲ အဲဒါကသာ အနုပညာရဲ့ မိန်းပွိုင့်လို့ ခေါ်တယ်ကွ”
ကျောင်းသားတွေက လာနာ့စကားကို တိတ်ပြီး နားထောင်နေကြတယ်။
“ဒီတော့ ဆရာမ ပြောပြမယ် ရုပ်ရှင် ဟာတလွှာခြားတယ် မင်းတို့ကို အစစ် လို့ခံစားရမှု့ပိုပေးတယ် ရုပ်ရှင် ဟာ ကင်မရာလှည့်စားတာတွေ တီးလုံးတွေ အထူးပြုလုပ်ချက်တွေ နဲ့ လှလှပပ တကယ်ဖြစ်နေသယောင်ပြတယ်ကွာ နောက်ပြီး မင်းတို့ မကြိုက်တဲ့ အခါကျရင်လည်း ဘာမှလှမ်းပြောလို့ မရဘူးမလား ပြဇာတ်ဟာ သူ့မှာ ဆက်တင်ပြစရာ မရှိဘူး။ ပြဇာတ်ထဲကလူတွေဟာ သရုပ်ဆောင်နေမှန်း မင်းတို့ သတိရနေတယ်။ မြင်နေရတာကိုး အဲဒါကြောင့် ပြဇာတ်ထဲမှာ ဗီလိန် မင်းသားဟာ သူလိုကိုယ်လို သာဘာဝအရမ်းကျ သဘာဝ အိုက်တင်တွေ လုပ်နေရင် အောက်က ပရိသတ်က ပြောင်းဖူးနဲ့ ထုလိမ့်မယ်”
“ဟဲဟဲဟဲ”
ကျောင်းသားတွေက ကျေနပ်ဟန်ဖြင့် ရယ်လိုက်ကြတယ်။
“အဲတော့ ပရိသတ်က ဇာတ်စင်ပေါ်က တိုက်ရိုက်မြင်နေရတဲ့ အရုပ်တွေဟာ သူတို့ရှေ့မှာ တကယ်ဖြစ်နေသယောင်ယောင် ထင်ရအောင်အထိပဲ။ ဆရာမ ငယ်ငယ်ကဆို အောက်က လူတွေက ဗီလိန်ကို ခဲနဲ့ထုတာ။ ဟီးရိုးအတွက် ရှိုက်ကြီးတငင် ငိုနေကြတာကို တွေ့ဖူးတယ်။ ဒါဟာ သူတို့ဟာ ပွဲခင်းထဲက အတုအယောင်ကို အစစ်အမှန်လို့ ခံစားရလောက်တဲ့အထိ ဆွဲဆောင်ခံလိုက်ရလို့ပဲ။ အဲဒါ ပြဇာတ်တွေမှ မဟုတ်ဘူးနော်။ ဧယဉ်ကျူးတာတို့ နောက်ဆုံး ရုပ်သေးပွဲတွေမှာတောင် လူတွေက အရုပ်ကြီးမှန်း သိပါလျက် သူဌေးရုပ်ကို ခဲနဲ့ထု ဖိနပ် နဲ့ ကောက်ပေါက်ကြတယ်လေ ဒါက အနုပညာပဲ ဖန်တီးနိုင်စွမ်းတွေပေါ့”
“အဲ့လို ပြဇာတ်တွေကို ရေးတဲ့ စီစဉ်ကပြတဲ့ ဇာတ်ဆရာဟာ တော်တော် တော်လို့ပဲ ဖြစ်မယ်နော် ဆရာမ”
လာနာ ရုတ်တရက် တိတ်ဆိတ်သွားတယ်။
“ဒါပေါ့ တစ်ချိန်က အရမ်းတော်ပြီး ထက်မြတ်တဲ့ ပြဇာတ်ရေးဆရာကြီး ရှိခဲ့ဖူးတယ်။ သူရယ် သူ့ဇနီးရယ် သူ့သမီးလေးရယ် သူ့အတွက် လက်ခုပ်သံတွေ ငိုကျွေးသံတွေ ချီးကျူးသံတွေ နဲ့ ပေါ့လေ”
လာနာရဲ့အသံဟာ တဖြည်းဖြည်းနဲ့ တိမ်ဝင်သွားတယ်။ မျက်လုံးမှာလည်း မျက်ရည်တွေ စိုလာတယ်။ ဆရာဦးမင်းရောင်က လာနာ ခေါ် ဆရာမချစ်နန္ဒာရွှေ ရဲ့ မျက်နှာကလေးကို ကြည့်ရင်း
“ကျနော်ဒီစကားတွေကို အနုပညာရူး နှစ်ယောက် စီကနေ ကြားခဲ့ဖူးတယ်ဗျ။ ကျနော်က တော့ အနုပညာ ဆိုတာ မခံစားတတ်ပါဘူးဗျာ ဖန်တီးနိုင်တဲ့နှလုံးသားမရှိဘူး ပြောရမယ် မိုးရွာရင် မိုးပေါက်တွေကျလာတာပဲ မြင်တယ် နှာစေးချောင်းဆိုးကို ကြောက်တယ်။ အနွေးထည်ထူထူဝတ်ပြီး ဝင်ကွေးချင်တယ်။ သူတိူ့နှစ်ယောက်ကတော့ မိုးရေစက်တွေ အကြောင်း နာရီပေါင်းများစွာကြာအောင် ပြောနေတတ်တယ်၊ ကျနော်က နတ်သျှင်နောင် ရဲ့ တိုက်ပွဲတွေ အကြောင်း အားရပါးရပြောရင် သူတို့က နတ်သျှင်နောင် ရဲ့ နူးညံ့ တဲ့ကဗျာတွေ အကြောင်းပြောကြတယ်။ တစ်ယောက်က ကျနော့်ရဲ့ အချစ်ဆုံး သူငယ်ချင်း နောက်တစ်ယောက်ကတော့ ကျနော့်ရဲ့ အချစ်ဆုံး မိန်းကလေးပေါ့”
ဆရာမချစ်နန္ဒာရွှေရော ကျောင်းသားတွေရော ဆရာဦးမင်းရောင် ပြောတာကို နားထောင်နေမိတယ်။
“ကျနော်က တဖြည်းဖြည်း ဝေးသွားတယ်။ ကျနော် သူ့ကို မေတ္တာရှိကြောင်းလေးတောင် မပြောလိုက်ရပါဘူးဗျာ။ သူတို့နှစ်ယောက် ညားသွားတယ်ကွာ။ အဲ့နေ့က ငါလည်း ဝမ်းနည်းတာနဲ့ အုန်းနို့ခေါက်ဆွဲ ခြောက်ပွဲတိတိစားခဲ့တာကွ အိမ်ပြန်ရောက်တော့ မူးလဲရော အဲ့ဒီမှာ သွေးတိုးရောဂါ စရခဲ့တာပဲ တပည့်တို့ ဟဲဟဲဟဲ ဟာသကြီးပါကွာ”
ဆရာဦးမင်းရောင် က တဟဲဟဲ ရယ်ပြနေပေမဲ့ဘယ်သူမှ လိုက်မရယ်ကြပေ။ ဒေါ်ချစ်နန္ဒာရွှေ ကိုယ်တိုင်တောင် စိတ်မကောင်းဖြစ်သွားတယ်။ ဘာလို့ဆို အဲ့ အနုပညာရူးနှစ်ယောက်ဟာ သူမရဲ့မိဘတွေဖြစ်ပြီး ဦးမင်းရောင်ရဲ့အချစ်ဆုံး မိန်းကလေးဟာ သူမရဲ့မေမေ ဒေါ်နှင်းခိုင်ပါလေ။
ဒါကြောင့် ဦးမင်းရောင်က သူမ ကို တွေ့တွေ့ချင်း
နှင်းခိုင် နှင်းခိုင် မဟုတ်လား လို့ မေးနေခဲ့တာပေါ့။
“ဆရာမကြီးပါလား ပြဇာတ်တိုက်တာ လာကြည့်တာလား ခင်ဗျ”
ဦးမင်းရောင်က အနောက်ဘက်ကိုကြည့်ပြီးပြောလိုက်တယ်။
“ဟာ လန့်တာ”
“ဘယ်လိုကြီးလဲ”
ဒေါ်မြပုလဲသွယ် သူတို့အားလုံးရဲ့ နောက်မှာရပ်နေတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကြီးက ကားကားကြီး လုပ်ပြီး ရပ်နေတာ။ ဆရာမတစ်ယောက်ရဲ့ အိန္ဒြေနဲ့ ဘာမှ မဆိုင်သလိုလို မျက်နှာကလည်း ဖုန်လိုလို ဟာတွေ ပေနေသေးတယ်။ သူ့မျက်လုံးတွေက နီရဲ နေတယ်။ ဆံပင်ကို ဖားလျားချထားတယ်။ မျက်လုံးတွေက ချစ်နန္ဒာရွှေကို စိုက်ကြည့်နေတယ်။ ထို့နောက် ပါးစပ်ကြီးဟာ အစမတန်ပြဲပြီး ပြုံးလိုက်ကာ
“ဟီးဟီးဟီး”
ဆိုပြီး ထရယ်တယ်။ အသံကြီးက တော်တော်ကျောချမ်းစရာ ကောင်းတာမို့ ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်သွားကြပြီး ဦးမင်းရောင် ကိုယ်တိုင် ကြက်သီး ဖြန်းခနဲ ထသွားတယ်။
ဒေါ်မြပုလဲသွယ်ကတော့ ခြေသလုံးပေါ်အောင်ထိ တိုတိုဝတ်ထားတဲ့ ထဘီကြီးကို မကာ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားရင်း ဒုတိယထပ်ကို တက်တဲ့ လှေကားကတစ်ဆင့် တက်သွားပါတယ်။
“ဟေ့ကောင် တွေ ဒါသူစိတ်ဖောက်နေတာလား။ အပမှီနေတာလား ဟင်”
“ဟာ မဟုတ်နိုင်ပါဘူးဟ နေစမ်းပါဦး တင်နိုင်စိုး အဲ့ကောင် ဘယ်မှာလဲ”
ဆရာကြီးပဲ အပေါ်ထပ် အနုပညာခန်းထဲက အင်္ကျီပုံး သွားယူခိုင်းလိုက်ပြီးတော့
“ဟာ အဲဒါဆို အပေါ်မှာ အရူးမကြီးနဲ့ သူနဲ့ နှစ်ယောက်ထဲ”
“ကျွန်မကတော့ သူ့နောက်ကို လိုက်တာ ကောင်းမယ်ထင်တာပဲ”
ထိုစဉ် လှေကားပေါ်မှ တဒုန်းဒုန်း ပြေဆင်းလာသံကိုကြားလိုက်ရပြီး တင်နိုင်စိုး အောက်ကို ဆင်းလာသည်။
“ဟေ့ကောင် တင်နိုင်စိုး လာ လာ မြန်မြန်လာ”
“ဘာဖြစ်လို့လဲ ဆရာ ဆရာ ရှာခိုင်းတဲ့ဟာက ရှိတယ်။ လေးလို့ သယ်မလာတာ။ လာ ကျွဲကြီး မင်းနဲ့ ငါသွားယူမယ်”
“ဟာ မယူပါဘူး လွဲပါစေ့ ဖယ်ပါစေ့ ထပ်သရီး”
ကျွဲကြီးက အကြောက်အကန် ငြင်းနေတာကြောင့် တင်နိုင်စိုး က မျက်ခုံးပင့်ရင်း
“ဘာလဲဗျ”
“တင်နိုင်စိုး မင်းအခု ဆင်းလာတာ လှေကားမှာ ဘယ်သူနဲ့ တွေ့ခဲ့သေးလဲ”
“ဘယ်သူနဲ့ မှ မတွေ့ဘူး ဆရာကြီး။ ဒါပေမဲ့ ကြွက်သေနေတယ်ထင်တယ်။ အပုပ်နံ့တွေတော့ လှေကား တလျှောက်ပဲ”
ဦးမင်းရောင် ခေါင်းကြောတွေပါ ထောင်သွားတယ်။
“ငါလခွမ်း သောက်ကျိုးနည်း ယီး”
“ဟာ ဆရာ ကလေးတွေ ရှေ့ဘာလို့ ဆဲနေတာလဲ။ မင်းတို့ကလည်း မသိရင် သရဲခြောက်ခံ ရတာလိုလိုဘာလိုလို နဲ့”
“အေးဟုတ်တယ်။ သရဲဟေ့ မင်းကြီးတော်ကြီးက အဲ့အပေါ်တက်သွားတာ။ မင်းဘေးကတောင် ဖြတ်သွားလောက်တယ်။ အဲဒါကြောင့် မင်း အပုပ်နံ့တွေ ရနေတာ”
“အမ်မယ်လေးဗျာ မေမေရေ”
ကိုတင်အောင်စိုးက ကြောက်ကြောက်လန့်လန့်နဲ့ ဆရာကြီး ဦးမင်းရောင်ကို ပြေးဖက်တယ်။
“အရေးရယ် အကြောင်းရယ်ဆို ဆရာဗိုလ်ဟိန်း ဆိုတဲ့ လူက ဘယ်ရောက်လို့ ဘယ်ပေါက် နေမှန်းကို မသိတာ”
စိုင်းရွက်ဟိန်း က
“ဆရာရယ် ဒါဆို မမထွေး နဲ့ ဆရာမကြီးကို ဖုန်းဆက်လိုက်”
“ဟေ့ကောင် နလပိန်းတုံးရ မင်းမိထွေးကြီးက သရဲမဟ အပေါ်ကို တက်သွားတာ။ သူ့ဖုန်းခေါ်ပြီး ဟယ်လို ဆရာမကြီး ကျနော်တို့ကို နောက်တစ်ခါ လာခြောက်ပါလို့ ပြောရမှာလား”
ဝေလင်းဖြိုးက ထဆဲလိုက်တယ်။
“ဆရာတို့ စိုင်းရွက်ဟိန်း ပြောတာကို နားထောင်ကြည့်သင့်တယ်ဗျာ။ အရမ်းကြီး မတွေးနဲ့ ဖြည်းဖြည်းတွေး”
ထက်မြတ်မင်းထွေးက အားလုံးကို ငေါက်လိုက်တယ်။
“ဆရာလည်းတွေးကြည့် သရဲဆိုတာ လူသေမှ သရဲ ဖြစ်တာလေ။ ဒေါ်မြပုလဲသွယ်ကြီးက သေမှ မသေသေးတာ ဘယ်လိုလုပ် သရဲ ဖြစ်မှာလဲဗျ”
ထက်မြတ်မင်းထွေး စကားကြောင့် ဆရာဦးမင်းရောင် တွေ ဝေသွားကာ
“အဲဒါဆို အဲဒါက”
“ရှင်းပါတယ်။ အကောင်တစ်ကောင်က ဆရာမကြီး အသွင် ကို ယူထားတာ ပဲ”
“ဘာကောင်လဲ ထက်မြတ်”
“အဲဒါကျနော် ဘယ်သိမလဲဗျ”
ထိုစဉ် ဆရာမချစ်နန္ဒာရွှေက ဂီးခနဲ အသံထွက်လာကာ မြေပြင်ပေါ်လဲကျသွားသည်။
Pradise Lost ပြီ ။ သူမ ပါးစပ်မှာ အမြှုပ်များ ထွက်လာသည်။
ဟာ လာကြပါဉီး
“ဆရာမ ဆရာမ”
“ဟေ့ကောင်တွေ ရေခပ် ရေခပ်”
ချစ်နန္ဒာရွှေ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်လို့။ သူမ ဟောခန်းထဲမှာပဲ ရှိနေသေးသည်။ ဘေးဘတ်ဝဲယာကိုကြည့်တော့ ဉီးမင်းရောင်နဲ့ ကျောင်းသားတွေ သူ့ကို ပွေ့ထားလျက်သား။ ဒါပေမဲ့ တစ်ယောက်မှ မလှုပ်မယှက်။
ချစ်နန္ဒာရွှေ သူတို့ကို တစ်ယောက်ချင်း လိုက်ကြည့်နေမိသည်။ သူတို့ထဲက တစ်ယောက်ယောက်ကတော့ ထူးခြားတယ်။
ဦးမင်းရောင်၊ထက်မြတ်မင်းထွေး၊စိုင်းရွက်ဟိန်း အားလုံး ငြိမ်သက်နေတယ်။ မလှုပ်မယှက် ဖယောင်း ရုပ်ထုများပမာ။
ချစ်စမ်းအောင်၊ဝင်းမင်းဦး၊ကျွဲကြီး၊ အောင်ရဲကျော်..
“ ဟင် “
ချစ်နန္ဒာရွှေကို အောင်ရဲကျော်က သေချာပြန်ကြည့်သည်။ အားလုံး မလှုပ်မယှက်ဖြစ်နေပေမဲ့ အောင်ရဲကျော် တစ်ယောက်ထဲ လှုပ်ရှားလာကာ အရှေ့ကို ထွက်လာသည်။ ထို့နောက် ချစ်နန္ဒာရွှေ ဘေးမှ ဘာကိုမှ ဂရုမစိုက်ဘဲ ခေါင်းငိုက်စိုက်ကြီး လျှောက်သွားကာ လှေကားပေါ်ကို တက်သွားသည်။
ချစ်နန္ဒာရွှေလည်း နိမိတ်တစ်ခု အဖြစ်ယူဆကာ အောင်ရဲကျော်ရဲ့ အနောက်ကို ဖြေးဖြေးချင်း လိုက်သွားမိသည်။
ဆက်ရန်
******