အခန်း (၂၄)
Vol. 1 Ch. 24
“အစ်မပြောတာ ကို ကျနော်လက်ခံချင်ပါတယ်ဗျ ဒါပေမဲ့ ကျနော်က”
ဆန်းဝင်းနိုင်က စကားအစကို ဖြတ်ထားရင် ဟမ်ဘာဂါ တလုံးကို ပလုပ်ပလောင်း နဲ့ အားရပါးရ စားနေသော လာနာ့ကို ကြည့်ရင်း ပြောရမဲ့ စကားတွေကိုပါ မေ့ကုန်တယ်။ သူ တော်တော်ဆာနေပုံပဲ။ တကယ် ဟန်မဆောင်နိုင်အောင်ကို ကြိတ်နေတာ တကယ်ချစ်စရာလေး ဟန်မဆောင်တတ်တဲ့အလှပဲ။
“ဆောရီးနော် နေ့လည်ကတည်းက ဘာမှ မစားရသေးတာ။ ဒါနဲ့ မောင်လေး က နာမည်က”
“ကျနော် ဆန်းဝင်းနိုင်လေ အစ်မ မှတ်မထားဘူးလား”
ဆန်းဝင်းနိုင် နည်းနည်း စိတ်လေသွားတယ်။ သူ့နာမည်ကို မိတ်ဆက်ထားတာ တစ်နာရီတောင် မပြည့်သေးဘူး မေ့နေပြီဆိုတော့။
လာနာ က သူ့ခေါင်းကို သူ့လက်သီးစုပ် လေးနဲ့ သူထုရင်း
“ဦးနှောက်က တကယ်ကြောင်နေတာပါဟယ်။ ဘာမှ ကို လုပ်မရဘူး ဟိုဟာမေ့ ဒါမေ့နဲ့”
“ရပါတယ်ဗျာ အစ်မရယ်။ ဒါဆို ကျနော်တို့က ဒီပြဇာတ်က ဘာလို့ ကျိန်စာသင့်နေတယ် ဆိုတာကို အဖြေရှာကြရမှာပေါ့”
“ဟုတ်တယ် မောင်လေး အစ်မ ရယ် နန်းအိမ့်ရယ် နှစ်ယောက်ထဲပဲ ကြိတ်ဖြေရှင်းနေတာ။ အခု မောင်လေးပါ သိသွားပြီ ဆိုတော့ သုံးယောက်ပေါ့”
“အစ်မ ကူညီခိုင်းလို့သာ ကူညီရမှာဗျ။ ကျနော်က သရဲတစ္ဆေ မယုံဘူး ကျနော်ကိုယ်တိုင် မန္တလေး ကြာနီကန်ရွာ မှာနေတာ သင်္ချိုင်းတွေ ဂူတွေ ဆိုတာ ကျနော် ငှက်ပစ်နေကြ နွားကျောင်းနေကြနေရာတွေ။ တစ်ခါမှ သရဲ အခြောက်မခံရဖူးဘူး။ အရင်ကဆို မျက်လုံးထဲတောင် ဟိုဟာ ထည့်ဖူးတယ်”
“ဘာထည့်တာလဲဟင်”
ဆန်းဝင်းနိုင်က ရှက်ကိုးရှက်ကန်း နဲ့
“ခွေးမျက်ချေးလေ။ အဲဒါ ထည့်ရင် သရဲမြင်ရတယ်ဆိုလို့”
“ခိ “
လာနာ ရယ်ချင်သွားပြီး ပါးစပ်ကို ပိတ်ထားတယ်။
“ရယ်လိုက်ပါ အစ်မ ရယ် တော်နေကြာ သီးသွားပါဉီးမယ်”
“ဟားဟားဟား”
“ရယ်ပါ ရယ်ပါ ရဲရဲရယ်”
လာနာက သူ့ရဲ့ သွားထိန်းတက်ထားတဲ့ သွားလေးတွေ ပေါ်လာတဲ့အထိ ကလေးတစ်ယောက်လို ဟက်ဟက် ပက်ပက် ရယ်တယ်။ ဆန်းဝင်းနိုင်လည်း လိုက်ရယ်တယ်။
“အဲ့မှာ သရဲမြင်ရရော လား ဟင်း ဟင်း”
“မမြင်ရတဲ့အပြင် ခွေးသန်းတွေတော့ အတော်ကိုက်ခံလိုက်ရတယ်”
“ဖြစ်မှဖြစ်ရလေ ဆန်းနိုင်မင်းရယ်”
“ဆန်းဝင်းနိုင်ပါဗျာ အစ်မကလည်း”
“အေးပါ ငါလည်း နင်တို့ကျောင်းလာတာ ရယ်ချင်တာကို ဟက်ဟက်ပက်ပက် မရယ် ရဲဘူး အသံကလည်း လေးလေးကြီး ဖြစ်အောင် ပြောရသေး။ ဒီကြားထဲ ကိုယ့်အဖေ အရွယ်ကြီးက ဖွန်ကြောင်တာလည်း ခံရသေး။ ငါ အူတက်လိုက်တာဆိုတာအေ မရယ်အောင် တစ်ခါတလေ ကိုယ့်နှုတ်ခမ်း ကိုယ် ကိုက်နေရတယ်”
“ဟုတ်ပြီ အစ်မ ဒါဆို ရင် ကျနော် လက်ခံလိုက်ပြီ။ ငြင်းမရတဲ့ အထောက်အထား ရှိတယ်ဆိုတော့လည်း”
“အင်းလေကွာ ဆရာဦးမင်းရောင် အပါအဝင် မင်းသူငယ်ချင်းတွေပါ ဆရာမဒေါ်မြပုလဲသွယ်ကြီး ပုံမှန်မဟုတ်တာ မြင်နေရတာပဲ”
“ကျနော်က အဲ့လူတွေပြောရင် ဘာပြောပြော မယုံတာ။ အခုယုံတာက မြပုလဲသွယ်ကြီး သရဲပူးတယ်ဆိုတာကြောင့် ယုံတာမဟုတ်သလို ဝင်းဦးနဲ့ဝေလင်း ပြောတဲ့ အောင်ရဲကျော် အတု ကိစ္စကြောင့် ယုံလိုက်တာလည်း မဟုတ်ဘူး’’
ဆန်းဝင်းနိုင် စကားကြောင့် လာနာ မျက်နှာပျက်သွားတယ်။ဒီကောင် ဘာတုန်း သူ့သူငယ်ချင်းတွေ ဆရာကပါ သရဲသရဲနဲ့ ကြောက်ဒူးတုန်နေကြတာ။ ပြီးတော့ အကုန်မြင်လိုက်တာကို။
“ဘာကို ဆိုလိုချင်တာလဲ သူတို့ပြောတာ မဖြစ်နိုင်ဘူးဆိုတာ”
“ဝေလင်းဖြိုးနဲ့ ဝင်းမင်းဦးက အပြစ်လွတ်ဖို့ ရှာကြံပြောတဲ့ကောင်တွေဗျာ။ အဲတော့ အောင်ရဲကျော် ကလုန်း ဆိုတဲ့ကိစ္စက ၁၀၀ မှာ ၂၅ ရာခိုင်နှုန်းဖြစ်နိုင်တယ်။ အတိအကျ မဖြစ်နိုင်ဘူးလို့ မပြောဘူးနော်”
ဝေလင်းဖြိုးစကားကြောင့် လာနာလို နှဖူးတွေ့ဒူးတွေ့သမားတောင် တွေဝေသွားပါတယ်။
“နောက် ဆရာမဒေါ်မြပုလဲသွယ်ရဲ့ အကြောင်းကို ကျနော်ကြားဖူးတာ။ သူက စိတ်မမှန်ဘူး။ သူ့ အမှိုက်ပုံးထဲမှာ ဆေးဗူးအခွံတွေ တွေ့တယ်တဲ့။ ဆရာမ ခိုင်ဦး ပြောတာ။ ဆရာမခိုင်ဦးက စိတ်ပညာနဲ့ဘွဲ့ရပြီး ဒီမှာ ပထဝီ လာသင်နေတာ”
“ဟင် ဘာမှလည်း မဆိုင်ဘူး စိတ်ပညာ နဲ့ ပထဝီ”
“အစ်မကလည်း အလယ်တန်းပြဆရာမ ဆိုတာ ဘက်စုံကျွမ်းကျင် နေရတယ်? ဒါ အစိုးရကျောင်းတွေ ရဲ့ အထာပဲ”
“ဪ အေးပါ ဆက်ပါ”
“အဲ့တော့ သူက ကြောင်ပြီး စိတ်လွတ်နေတာ မဖြစ်နိုင်ဘူးလားဗျာ။ နောက်တင်နိုင်စိုး အဲ့ဘဲက မျက်ကန်းဗျ။ ဆယ်တန်းတစ်နှစ်လုံး ပုလင်းဖင်လောက်ရှိတဲ့ မျက်မှန် တပ်ထားတာ။ အခုတောင် လေဆာပစ်ထားတာ မျက်လုံးက ဒါတောင် မှောင်နေတဲ့အချိန်ဆို ကောင်းကောင်း မမြင်ရဘူး။ ဒါကြောင့် ဒေါ်မြပုလဲသွယ်ကို မမြင်ရတာ။ နောက်တစ်ခု ဒီကောင် ဒုတိယထပ်မှာရှိနေတုန်း ဒေါ်မြပုလဲသွယ်က တတိယထပ်ကို တက်သွားပြီး သူ မမြင်လိုက်ရတာဗျာ။ ရှင်းလား အကျိုးသင့် အကြောင်းသင့်ဆိုတာရှိပါတယ် “
“ ဒါပေမဲ့ အဲဒါက ဖြစ်နိုင်ခြေလေ”
“ဒါပေမဲ့ သရဲ ဆိုတာထက်စာရင် ဒါက သိပ္ပံနည်းပိုကျတယ်လေ။ ကျနော်ပြောတာ ဒါက မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် ပြောတာမဟုတ်ဘူး။ ဒေါ်မြပုလဲသွယ်ကြီး သရဲပူးပြီး အစ်မတို့ကို မျက်ခွက်ကြီး ဖြီးပြပြီး ဖြတ်ခနဲ ပျောက်သွားတယ်ဆိုတာကိုလည်း ၂၅ ရာခိုင်နှုန်းပဲ ထားပါဦး ဒါဆိုရင် ၂၅+၂၅=၅၀ ပေါ့”
“ဒါဆို ၅၀ ၅၀ပေါ့ မောင်လေးက”
“အဲ့လောက် မရိုးရှင်းဘူး သရဲတစ္ဆေ ကိုယ်တွေ့လို့ ပြောတဲ့လူတွေ ရဲ့ စံနှုန်း နဲ့ ချိန်ထိုးကြည့်မယ်။ သရဲပူးတယ် ဆိုတာက ကံနိမ့်တဲ့သူတွေကို ပူးကပ်တတ်ကြတယ်။ ပူးတယ်ဆိုတာ ဘုန်းခနဲပူးတာ မဟုတ်ဘူး။ ပထမ ဇက်တွေလေးရတယ်၊ အပူးခံရမဲ့ လက်ခံကောင်ဟာ ထိတ်ခနဲ ဖြစ်သွားရတယ်ဗျ၊ စိတ်က ပုံမှန် မဟုတ်တော့ဘူး၊ ခြေတွေ လက်တွေ တုန်လာတယ်။ ဒါက တတိယအဆင့် မျက်ထောက်နီမယ် မျက်နှာထားမာလာမယ် အစ်မ သေချာမှတ်နော် မျက်နှာထား မာလာရတယ်။ ဟီးဟီးဟီး ဆိုပြီးဒေါ်မြပုလဲသွယ်ကြီးက ရယ်ပြတယ်လို့ အစ်မပြောတယ်နော်။ မကျွတ်မလွတ် လို့ ပြိတ္တာ ဖြစ်နေပါတယ်ဆို ရယ်ပြနေတဲ့ သရဲ ရှိမလား”
လာနာလည်း သူ့ခေါင်းလေးသူပွတ်ပြီး လူရွှင်တော် မော့စ် လို
“ငါများမှားသွားလား ဒါမှမဟုတ် သူပြောသလို ငါက စိတ်ရောဂါ များ ရနေတာလား”
လို့ တွေးနေမိတယ်။
“ပဏ္ဍိတဝေဒနိယ ကျမ်းမှာ သရဲဟာ လူကို ပထမဆုံး နှလုံးသွေးပိတ်တာတို့ သွေးလေ ခြောက်ခြားအောင် လုပ်တာတို့လုပ်တယ်။ ပြီးမှ သူ့ခန္ဓာကိုယ်ကို သိမ်မွေ့သထက် သိမ်မွေ့အောင် လုပ်ပြီးမှ စိမ့်ဝင် ပျံ့နှံ့စေသောနည်း တဲ့။ ဒါတောင် သရဲဟာ လူ့ခန္ဓာကိုယ် အပြည့်အဝ မထိန်းနိုင်ဘူး ထိုင်နေတာတို့ ယိုင်နေတာတို့ ဖြစ်တယ်။ ကားကားကြီးရပ်ပြီး တဟီးဟီး လုပ်ပြဖို့ ဝေးရော ဒါကြောင့် ခုန က ငါးဆယ် ထဲက နှစ်ဆယ်ကို နှုတ်ပါ့ရစေ သုံးဆယ်ကျန်တယ်ဗျာ ကဲ”
“တော်ပါပြီ မောင်မင်းကြီးသားလေး ရှင် ကျုပ်ပြောတာကို ယုံမယုံဘဲပြောပါ ရာခိုင်နှုန်းတွေ မပြောနဲ့”
‘’ကျနော်ယုံပါတယ် ရာနှုန်းပြည့် လက်ခံရမဲ့ အကြောင်းအရင်းရှိတယ်”
“ဘယ်လို ခိုင်မာတဲ့ အကြောင်းအရင်းလဲမောင်လေး”
ဆန်းဝင်းနိုင်က လာနာ့ကို ကြည့်ရင်း
“အစ်မကြောင့်ပေါ့”
“ဟမ် ဘာကြီး”
“ဘာမှမဟုတ်ဘူး အစ်မကတော့ မလိမ်လောက်ပါဘူးလို့ ကျနော်တွေးမိ ရုံပဲ”
“အို”
လာနာ ဆန်းနိုင်ဝင်း ဆိုတဲ့ ဘဲလေးကို အကဲခတ်ကြည့်မိတယ် အသက်က အလွန်ဆုံးရှိမှ ၁၆ နှစ်ပေါ့။ ရုပ်ကလေးကတော့ အချောကြီးထဲ မပါဘူးပြောရမယ်။ မျက်လုံးတွေက လှလိုက်တာ။ အဲ့လို မျက်လုံးအရောင်က မျက်ကပ်မှန်ဆိုင်တွေ မှာတောင် ရှာလို့မရဘူး။နောက်ပြီး သူက သံသယ ကြီးတယ်။ ဘယ်သူ့ကိုမှ မယုံဘူး။ သူငယ်ချင်းတွေနဲ့ ဆရာသမား ကိုတောင် မယုံတတ်ဘူး။ဒါပေမဲ့ သူမကို ယုံသတဲ့လေ။
ငါ သူ့ကို ငါ့ရဲ့ နာမ်လောက သားတွေ နဲ့ အဆက်အသွယ်ရခဲ့တဲ့ အမြင်တွေကို ထုတ်ပြောလို့ မဖြစ်ဘူး။ တော်နေကြာ ငါ့ကိုပါ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြဖို့ ဇွတ်အတင်း ခေါ်သွားဦးမယ်။
“ဒါဆို ကူညီမယ်ပေါ့”
“အင်း ဟုတ်ပြီ ကျနော်တို့ အဲ့ပြဇာတ်နဲ့ ပတ်သက်ပြီး သူတို့ စိတ်ကုန်ပြီ။ မက ဖြစ်ကြတော့အောင် လုပ်ကြတာပေါ့။ ဒါနဲ့ အစ်မက ဘာ အလုပ်လုပ်”
“Beauty Blogger ပါ’’
လာနာ လိမ်လိုက်တယ်။သံသယတွေ များလွန်းတဲ့ ဆန်းဝင်းနိုင် နဲ့ ပတ်သက်မယ်ဆိုရင် အရာအားလုံးကို အမှန်အတိုင်း ပြောနေရင် အဆင်မပြေနိုင်ဘူး လိမ်မှရမယ်။ အကယ်လို့ ကျမက YIS ကျောင်းက ဆရာမ ပါလို့ပြောရင်
‘ဟင် ခင်ဗျားက ခင်ဗျားကျောင်းရဲ့ပြဇာတ်ကို ယှဉ်နိုင်မဲ့ ကျနော်တို့ရဲ့ ပြဇာတ်ဇာတ်လမ်းကို သေချာမကဖြစ်အောင် လာဖျက်ဆီးတာမလား’
လို့ သူမေးမှာ အသေအချာပဲ။လာနာ့ရဲ့ ရည်ရွယ်ချက်ကလည်း နန်းအေးတစ်မြို့လုံးဒီ ဘေးဆိုးက တသက်လုံး ဝေးကွာ သွားဖို့ပါပဲ။
“ဘာ ရှင်တို့ ဘာတွေ ပြောနေတာလဲ ကျွန်မ နေမကောင်းလို့ ဆေးသောက်ပြီး တစ်နေကုန် အိပ်နေတာပါ”
“ဒါ ပူးကပ်ခံရတယ်လို့ ခေါ်ပါတယ်။ ဆရာမကြီး ဆရာမကြီးကို ပူးကပ်တယ်ဆိုတာပဲ”
‘’အိုရှင် ကဲပါ ဆရာ ဆရာပြောသလို အပူးခံရပြီး အပေါ်တက်သွားတယ်ဆိုရင် ကျွန်မက အင်္သချေခန်းမနဲ့ဟိုးပဝေသဏီမှာ ရှိတဲ့ ကျွန်မက ဘယ်လိုရောက်သွားတာလဲ ပြော”
“သ သ သ ရဲ ရဲ က ချီပြီး ပြန်ပို့တာ ဖြစ် ဖြစ်မှာပေါ့ဗျာ”
ဆရာဦးမင်းရောင်က စကားတွေ ပါထစ်နေပြီ။ ဆရာမ ဒေါ်မြပုလဲသွယ်ကတော့ ဦးမင်းရောင်ကို ကြည့်ရင်း ရယ်ချင်လာတယ်။
“သရဲ ဟုတ်ပါ့မလား ကိုမင်းရောင် ရယ်”
“ဟာ ဟာ ကိုဗိုလ်ဟိန်း လူတွေ အုပ်လိုက်ကြီး အ အ မြင် မှားတာ ဖြစ် ဖြစ် နိုင့်ပါ့မလား သသရဲမမကြီးလေဗျာ “
ဦးမင်းရောင်က ဒေါ်မြပုလဲသွယ်ကို လက်ညှိုးထိုးပြီး ပြောနေတာမလို့ ဒေါ်မြပုလဲသွယ်က
“ဘာ သရဲမကြီးလဲ။ ရှင့်လက်ညှိုးက ဘယ်သူ့ ထိုးနေတာလဲ”
“သသသရဲမ က ဆရာမနဲ့ တပုံစံတည်း မို့လေ”
“ကျွန်မ သေလည်း မသေဘူး။ သရဲလည်း အပူးမခံရဘူးနော်။ ဆရာဦးမင်းရောင် ကြောက်နေရင်လည်း မနက်ခင်းပြီးရင် ပြန်ပါတော့။ ညဘက် မအိပ်ပါနဲ့။ အခု ပြဇာတ်ကမဲ့ ကျောင်းသား အယောက် ၂၀ ရှိတယ်။ သူတို့က ဒီတပတ်လုံး ဒီမှာ အိပ်ကြမှာဆိုတော့ ဆရာဗိုလ်ဟိန်း တစ်ယောက်ထဲ နိုင်ပါ့မလား”
“ကျနော်က ရတယ်ဗျ။ ဆရာကြီးဦးတင်ထွေးကလည်း လာအိပ်ပေးမယ်တဲ့”
“ဒါဆို အိုကေတာပေါ့”
“ဆရာကြီးက ကိုမင်းရောင် သရဲခြောက်ခံရလို့ စကားထစ် ကုန်တယ် ပြောတော့ ရယ်လိုက်တာဗျာ ဟက်ဟက်ပက်ပက်ပဲ”
ဆရာဗိုလ်ဟိန်းစကားကြောင့် ဆရာဦးမင်းရောင် မျက်နှာမာသွားကာ
“အဲ့ အဲ့ အဲ့ အဘိုးကြီးက အဲ့ အတိုင်းပဲ သူ့ကလည်ကျ မှ သရဲမက လည်မျိုထညှစ်ရမှာ”
“ဟယ် ဆရာဦးမင်းရောင် လက်ညှိုး ကျွန်မ ဘက်ကို မထိုးပါနဲ့ဆို”
“သ သ သဘော ပြောပြတာပါဗျာ”
ဆရာမင်းရောင်ရဲ့ စကားကြောင့် ဒေါ်မြပုလဲသွယ်ရော ဆရာဗိုလ်ဟိန်းပါ ဟက်ဟက်ပက်ပက် ရယ်မိကြသည်။
အကယ်၍ သူတို့ သုံးယောက်သာ နံရံကို သတိထားကြည့်မိပါက ဒေါ်မြပုလဲသွယ်၏ အနောက်တွင် အရိပ်တစ်ခု ထီးထီးမားမားကြီး ပိုနေသည်ကို သတိထား မိကြပေလိမ့်မည်။
ဆက်ရန်
******