အခန်း (၂၅)
Vol. 1 Ch. 25
ဒီညလည်း ကျောင်းမှာ အိပ်ရဦးမယ်။ ဆရာဦးမင်းရောင်ကတော့ ညနေ လေးနာရီ ထိုးတာနဲ့ စူပါကတ်လေး ဖင်ကြားညှပ်ပြီး ပြန်ပါတော့သည်။ဆရာကြီးဦးတင်ထွေးက ပလက်စတစ် အိတ်အမဲကြီး နှစ်လုံးဆွဲလာတယ်။ အဝတ်အိတ်တွေ ဘာတွေ နဲ့ လာတာ မဟုတ်ဘူး။ ပလက်စတစ် ကြွပ်ကြွပ်အိတ် အမဲကြီးထဲ သူ့ အဝတ်တွေ တစ်ကိုယ်ရေတကာယ ပစ္စည်းတွေထည့်ပြီး လာတာ။
“ဟေ့ မောင်မင်းရောင် ပြန်တော့မလားကွ။ နေပါဦးလား အခုမှ လေးနာရီ ရှိသေးတယ်လေကွာ”
ဆရာဦးမင်းရောင်ကလည်း ဆရာဦးတင်ထွေး သူ့ကို ဘက်တိုက်နေမှန်း သိလို့
“မဟုတ်ပါဘူး ဆရာကြီး ကျနော် အိမ်မှာ အလုပ်ကလေး ရှိလို့ပါဗျာ”
“အလုပ်ရှိလည်း ဘာအရေးလည်းကွာ။ မင်းမှာ စောင့်ရှောက်ရမဲ့ ဇနီးသားသမီးလည်း ရှိတာမဟုတ်ဘဲနဲ့ကွာ။ ငါလို လူအိုတောင် ကျောင်းမှာ ညအိပ်တယ်။ မင်း လူပျိုေလကွာ”
ဆရာဦးတင်ထွေး က ဆရာဗိုလ်ဟိန်းကို ဆရာလို့ နာမည်တပ်ခေါ်ပေမဲ့၊ ဆရာဦးမင်းရောင်ကို မောင်မင်းရောင်လို့ပဲ ခေါ်တတ်တယ်။ဒါတောင် ဆရာဦးမင်းရောင်က ဆရာဗိုလ်ဟိန်းထက် ငါးနှစ်တောင် ကြီးပါတယ်။ဆရာဦးမင်းရောင် တစ်ယောက် ဆရာဦးတင်ထွေး ရှေ့မှာ သူ့သိက္ခာမကျ အောင် ထိန်းသိမ်း နေရတာက တကယ်ရယ်စရာ။
“တချို့က ပြောကြတယ်။ မင်းက သရဲကြောက်လို့ ပြန်တာဆို တို့တော့ မယုံပေါင်ကွာ။ မင်း ခန္ဓာကိုယ်ကြီးက ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကြီး မလား”
“ဟုတ်ပါတယ်ဗျ၊ သရဲကြောက်တာပေါ့။ အခြောက်မခံရဘူးတဲ့ လူတွေသာ မကြောက်တာ ဘယ်သူတွေ ဘာဖြစ်ပြီး ဘယ်သူတွေ ဘယ်လိုပြေးကြမလဲကတော့ ငွေရောင်ပိတ်သားပေါ် ဆက်ကြည့်ရမှာပဲခင်ဗျာ၊ မင်္ဂလာပါဆရာကြီး သွားခွင့်ပြုပါဦး”
ဆရာဦးတင်ထွေးက ဘုဆက်ဆက် ပြောပြီး ဆိုင်ကယ် မောင်းထွက်သွားတဲ့ ဆရာမင်းရောင်ကို ကြည့်ရင်း အသံထွက်အောင် ရယ်ရင်း
“တွေ့လား ဆရာဗိုလ်ဟိန်း ခင်ဗျားလူ ဘယ်လောက်ကြောက်တတ်လဲဆိုတာ ဘယ့်နှယ့် ကျနော် ဒီကျောင်းမှာ ပညာရေးကောလိပ် ကဆင်းကတည်းက အလုပ်လုပ်လာတာ ဘာသရဲမှမရှိပါဘူး။ တန်တော့ ကျောင်းအုပ်ဆရာမကြီးအသစ် ဒေါ်မြပုလဲသွယ်ဟာ စိတ်ဝေဒနာ တစ်ခုခု စွဲကပ်နေနိုင်တယ်ဗျ စိတ်နှစ်ခွ ပေါ့ဗျာ”
“ကျနော်လည်း မပြောတတ်ပါဘူး ဆရာကြီးရယ်။ အခုက ကလေးတွေ မလန့်အောင်နဲ့ မတ်လမှာ လုပ်မဲ့ ပြဇာတ်ချောချောချူချူပြီးသွားဖို့ မျှော်လင့်ရတာပဲ “
“ကျနော် ကြားတာ ဒီပြဇာတ်ကို အစက ဆရာက ကဖို့ အစီအစဉ် ကို ကန့်ကွက်တယ်ဆို”
“ဒါက ဒီလိုရှိပါတယ် ဆရာကြီး ကျနော်တို့က ကျောင်းသားတွေကို ဒီလိုမျိုး တော်တော်ကြာအောင် အပျော်အပါးထဲ မနစ်နေစေချင်တာပါ။ ဒါပေမဲ့ ကျနော် လက်လွန်ပြီး ကျောင်းသားတွေကို နာနာကျည်းကျည်း လုပ်လိုက်မိတယ်ဗျာ၊ အဲ့မှာ ကျောင်းထွက်တော့မယ် လုပ်နေလို့ သူတို့များ စိတ်ပြေလာမလားလို့ တွေးပြီး လက်ခံလိုက်တာ”
“အေးဗျာ ကျနော်တို့က ဆရာတွေ ဖြစ်တော့ ကျောင်းသားတွေနဲ့က ယောကျာ်းချင်းဆိုတော့ ပိုပြီး အညှိုးထားစရာ ဖြစ်တယ်။ ကျနော် ကိုယ်ချင်းစာပါတယ် ဆရာရယ်။ ကျနော်တောင် ဆယ်ကျော်သက်တွေကို ကိုင်တွယ်ရခက်လွန်းလို့ မူလတန်းကလေးတွေကိုပဲ ကိုင်တွယ် သင်ပြနေရတာ ဆရာ့နေရာမှာ ကျနော်ဆိုလည်း လုပ်မိမှာပါ”
ဆရာဗိုလ်ဟိန်းက ဆေးပုံးတွေနဲ့ ဆော့နေတဲ့ ဝေလင်းဖြိုး နဲ့ စိုင်းရွက်ဟိန်း ကို ကြည့်ရင်း
“အခုကျတော့ သူတို့ မဟုတ်တဲ့ အတိုင်းပါပဲဗျာ”
“သရဲဆိုတာ တကယ်မရှိဘူးလို့ ဆိုမရဘူး တပည့်တို့”
ကျနော်တို့ စိတ်လေသွားတယ်။ ဆရာကြီးဦးတင်ထွေးက သူ့ဘဝ ဇာတ်ကြောင်း ကို ရင်ဖွင့်ရင်းနဲ့ ဘယ်က ဘယ်လို သရဲ အကြောင်း စကားလမ်းကြောင်း ဖွင့်လိုက်တယ်မသိဘူး။
အခု ညက ကိုးနာရီ ကျနော်တို့ မအိပ်သေးဘူး ကျနော်တို့ဆိုတာ ထက်မြတ်မင်းထွေး၊ကျနော်၊ကိုတင်နိုင်စိုး၊ကျွဲကြီး တို့ပေါ့ ကျန်တဲ့ ကောင်တွေဖြစ်တဲ့ ဝေလင်းဖြိုး၊အောင်ရဲကျော်၊ဝင်းမင်းဦး၊ဖြိုးထက်အောင်နဲ့ဆန်းဝင်းနိုင် တို့ကတော့ အိပ်ကုန်ကြပြီ။
ချစ်ပု ချစ်စမ်းအောင်ကတော့ သူမိဘတွေက ခြောက်နာရီဆို လာကြိုသွားလို့ အိမ်ရောက်နေပြီလေ။ဟုတ်တယ်လေ ကိုယ့်သားကို အိမ်သာထဲ ရှစ်နာရီလောက် သတိလစ်တဲ့အထိ ပစ်ထားတဲ့ ကောင်တွေနဲ့ သူ့သားကို ည ဘယ်လိုလုပ် သိပ်ရဲတော့မှာလဲ။ ဒီပြဇာတ်ကိုတောင် ချစ်ပုက အရမ်းတောင်းဆို လွန်းလို့ ကခိုင်းတာ။ ချစ်ပုအဖေက ဝေလင်းဖြိုးနဲ့ကျနော့်ကို တွေ့တိုင်း မျက်နှာလွှဲတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကြည့်ရင် သူ့လက်သီးတွေ ဘယ်လောက် ယားနေမယ်ဆိုတာ သိနိုင်ပါတယ်။
“သရဲကြောင်း ပြောပြပါ့လား ။ကျနော်က သရဲကြောင်း လွှတ်နားထောင်ချင်တာ”
ကျွဲကြီးက ပြောလိုက်တယ်။ကျွဲကြီးဆိုတဲ့ ကောင်က ဆရာဦးတင်ထွေး ကို reader channel က ဇာတ်လမ်းပုံပြင်နားထောင်ချင် အစီအစဉ် ရိုက်တဲ့ ဘွားဘွားကြီးများ မှတ်နေတာလား မသိဘူး။ ဒီကောင် သရဲကြောင်း နားထောင်ချင်တာ အကြောင်း မဟုတ်ဘူး။ ကျနော်တို့က လန့်နေတာ။
“ဟေ့ကောင် ငကျွဲ မင်းကွာ အခု အခြေအနေ အချိန်အခါမှာ စောက်သရဲကြောင်း ပြောစရာလားဟ”
ကိုတင်နိုင်စိုး က ထပြောတော့၊ ဆရာဦးတင်ထွေးက တင်နိုင်စိုးကို ဒေါက်ခနဲ မြည်အောင် ခေါင်းကို ထိုးချလိုက်တယ်။
“အား ဆရာကြီး”
“တင်နိုင်စိုး မင်းဟာမင်း တက္ကသိုလ်ကျောင်းသားဖြစ်ဖြစ် နွားကျောင်းသားဖြစ်ဖြစ် ငါရှေ့မှာ စောက်တွေ တူတွေ လေးလက်မသံတွေ လာမပြောနဲ့။ မမိုက်ရိုင်းနဲ့ ကလေးတွေ အတုယူမှား ကုန်မယ်”
ကိုတင်နိုင်စိုး လည်း ဆရာကြီးဦးတင်ထွေးကို ငယ်ကြောက် ဖြစ်ခဲ့တာမို့ ခေါင်းလေးပဲ ပွတ်နေရတယ်။ ဆရာကြီးဦးတင်ထွေးက သက်ပြင်းချရင်း
“သရဲ သရဲ သရဲ အဲ့အကြောင်းတွေက ဒီမြို့မှာ သရဲအကြောင်းတွေ အများကြီးပဲ။ ငါ့အဖေ ဦးအိုင် ပြောပြချက်အရ ခြောက်လှန့်မှု့တွေ စလာတာ။ ၁၉၄၀ နန်းအေးကြီး ဗုံးကျဲခံရပြီး နောက်ပိုင်း ပိုဆိုးလာတယ်တဲ့။ လူတွေ သေကြတော့သရဲက အရမ်းခြောက်လာတာ ဒီကြားထဲ RAKIDA ရကီဒါ ယုံကြည်မှုက ဖြစ်လာသေးတယ်”
“ရကီဒါ ဆိုတာ ဘာလဲ ဆရာ”
“ရကီဒါ ဆိုတာ ဥရောပ နဲ့ အာရှအလယ်ပိုင်း ပုံပြင်တွေက နတ်ဆိုး တစ်ပါး ပါပဲ။ သူက အပျော်အပါး အကအခုန် နဲ့ လူတွေရဲ့ စိတ်ကို လှည့်စားတတ်တဲ့ သဘောရှိတယ်၊ သူ့ကိုယ်သူလည်း ပါဆင်နယ်လတီတွေ အများကြီးခွဲထားတာမျိုး နိုင်ငံခြားမှာ ရှိတဲ့ ဂီတပညာရှင်တွေ ရုပ်ရှင် သဘင် ပညာရှင်တွေက ရကီဒါကို ကိုးကွယ်ကြတယ်။ ပါဝါ အတွက်ပေါ့။ အဲဒီ ရကီဒါ ကွန်ရက်တွေက ဆယ်နှစ်တစ်ခါ ကမ္ဘာပေါ်က နေရာတိုင်းမှာ တွေ့ဆုံကြတယ်ဆိုပဲ၊ ယဇ်ပူဇော်တာတွေ ဘာတွေလုပ်ကြတယ်ဆိုပါတော့”
“၁၉၅၀ ပြည့်မှာ နန်းအေးကို ရကီဒန်းနစ်တွေက သူတို့ရဲ့ စုဝေးပွဲ အဖြစ်လုပ်မယ် လို့ သတင်းတွေ ထွက်တယ်။တကယ်ဖြစ် မဖြစ်တော့ ငါတို့လည်း မသိဘူး၊ အဲ့တုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုတောင် အဲ့လို နတ်ဆိုးကိုးကွယ်တဲ့ အဖွဲ့တွေကို ဆန့်ကျင်တဲ့ ဘာသာရေးအဖွဲ့အစည်းတွေက စာပို့ခဲ့ကြတာ။ မြို့ထဲမှာ ပျံ့နေရောပဲ ကောလဟလတွေ တချို့စာရေးဆရာ တွေက ရကီဒန်းနစ် ဆိုတာတော့ မတွေ့ဘူး။ ရခိုင်မှာတော့ ဒိုင်းနက် လူမျိုးတွေ တွေ့နိုင်သေးတယ်လို့ ဟာသတောင် လုပ်ကြတာ”
“ဆရာ အဲ့ အဖွဲ့အကြောင်း အသေးစိတ်လေးပြောပြ”
“ဟ ငါက ဘယ်သိမှာလဲ နောက်ပြီး နတ်ဆိုး ဘာညာ က ငါကိုးကွယ်တဲ့ဘာသာ နဲ့လည်း ဘာမှပတ်သက်တာမဟုတ်ဘူး။ အဲ့တုန်းက ငါ့အဖေတောင် ငါ့အမေနဲ့ ချစ်သူဖြစ်ခါစရှိဦးမှာ။ ဒါပေမဲ့ ငါ့အဖေ သူငယ်ချင်း တစ်ယောက် ကတော့ ဒီကိစ္စတွေ နဲ့ ပတ်သက်ပြီး တော်တော်ကျွမ်းတယ်တဲ့ သူ့နာမည်က စံဖဲ တဲ့။ သရဲတွေ ပယောဂ တွေ နဲ့ ပတ်သက်ရင် တကယ်တော်တယ်ဆိုပဲ “
ကျနော်တို့လည်း ဆရာကြီးပြောသမျှကို မျက်စိအဝိုင်းသား နဲ့ နားထောင်နေကြတယ်။
“ဆရာကြီး ကျနော် တစ်ခု သိချင်တာကလေ။ ကျနော်တို့ ကျောင်းကို ကုမ္မာရီ ကျောင်းက ဘာလို့ မုန်းကြတာလဲ ဆိုတာရယ် အဲ့ကျောင်းက ဗိုက်ကြီးသည် သရဲမ ဆိုတာ အကြောင်း သိချင်တာဗျာ”
“ငါအဲ့အကြောင်းတော့ မင်းတို့ကို မပြောပြပါ့ရစေနဲ့ကွာ”
“ဆရာကြီးရာ လုပ်ပါဗျာ။ ကျနော်တို့က သိချင်လို့”
“အိပ်ကြတော့လေ”
ဆရာကြီးက သူပဲ သရဲအကြောင်းတွေပြောပြီး အခုမှ စကားတွေကို တိခနဲ ဖြတ်ချနေတယ်။
“မအိပ်ချင်သေးဘူးဗျာ”
“ငါနောက်ကျရင် ပြောပြမယ်လို့ ကတိပေးတယ် အခုတော့ အိပ်ကြတော့”
“ဘုရားရှိခိုးအိပ်ကြကွာ။ ငါတော့ မောင်မင်းရောင် ကိုအထစ်ဖြစ်အောင် ခြောက်တဲ့သရဲကို စောင့်ကြည့်ချင်သေးလို့ မအိပ်ဘဲ စောင့်ဦးမယ်ဟေ့”
ဆက်ရန်
******