အခန်း (၂၆)
Vol. 1 Ch. 26
ဦးတင်ထွေး မအိပ်သေးဘဲ ထိုင်ခုံပေါ်မှာ ထိုင်ရင်း ဖုန်းပွတ်နေမိတယ်။ ဖုန်းထဲတက်တဲ့ သတင်းတွေဟာလည်း သူနဲ့ သက်တူရွယ်တူ အဘွားကြီးတွေတင်တဲ့ အရည်မရအဖတ်မရ ပို့စ်တွေပါပဲ။မြေးလေးနဲ့အတူတကွ သားလေးနဲ့ဘက်ဒေး တူတူ ကျင်းပတာ စသဖြင့်ပေါ့။
ဆရာဦးတင်ထွေး ကလည်း ကောမန့်ဘောက်ထဲ ဝင်ပြီး သာယာ ပျော်ရွှင်ကြပါစေ လို့ ဆုတောင်းပါတယ်။ ဆိုတဲ့ စာသားကိုပဲ ပို့ဖြစ်ပါတယ်။
“ဟို ဟို ဟို ဟို”
သီချင်းညည်းသံသဲ့သဲ့က ဦးတင်ထွေး နားထဲ ကို ဝင်လာတယ်။ ဦးတင်ထွေး သူ့မျက်လုံးကို ဖုန်းစခရင် ကနေ ခွာလိုက်ရင်း ပတ်ဝန်းကျင် ကို အကဲခတ်ကာ
“အဟမ်း အဟမ်း မအိပ်ကြသေးဘူးလားကွ”
“အဟင့် ဟင့် ဟင့် အား ဟီးဟီး”
အသံကြီးတစ်ခု ထွက်လာတယ်။ ဆရာ ဦးတင်ထွေး နည်းနည်း လန့်သွားတယ်။ဒါပေမဲ့ အိန္ဒြေထိန်းကာ
“ဟေ့ ငါ့ကို လာခြောက်တော့ တင်ထွေးကွ မင်းပဲမောသွားမှာပေါ့။ ဘာလဲ အမျှ လိုချင်တာလား မကျေနပ်လို့လား ဒါမှမဟုတ် နောက်ချင်ပြောင်ချင်တာလား။ ဒီကလေးတွေ နဲ့ ကျောင်းကို ဘာကြောင့် နှောက်ယှက်နေတာလဲ”
အသံက ထပ်ထွက်မလာတော့ အရာအားလုံးက တဖန် တိတ်ဆိတ်သွားတယ်။ ဆရာကြီး ဦးတင်ထွေးလည်း အိပ်ချင်လာတာကြောင့် မျက်လုံးမှိတ်ပြီး အိပ်နေလိုက်တယ်။ ဆရာကြီးက ခေါင်းအုံး နဲ့ ဦးခေါင်း ထိတာနဲ့ အိပ်ပျော်သွားအောင် လေ့ကျင့်ထားတာမို့လို့ ခဏအကြာမှာပဲ အိပ်ပျော်သွားပါတယ်။
“ဟေ့ကောင် တင်ထွေး ဟေ့ကောင် ထစမ်း”
ဘယ်ကောင်လဲကွ ငါ့ကို တင်ထွေး ခေါ်တာ
“ဟာ ဘိုးဉာဏ် မင်း.. မင်း..”
“ဟေ့ကောင် ဘာတွေ ကြောင်နေတာတုန်း။ မင်းပဲဒီနေ့ စံပယ်ခင် နဲ့ သွားတွေ့မှာ ဆို မင်းအခု ဘာကြောင်နေတာတုန်း”
“သူငယ်ချင်းဘိုးဉာဏ်။ မင်း သေသွားပြီလေ။ ဘာဖြစ်လို့ မင်းရှိနေတာလဲ”
ဘိုးဉာဏ်က မျက်မှောင်ကျုံ့သွားတယ်။
“ဘာလို့ ငါက သေရမှာလည်းကွ။ ငါတို့က ခုနှစ်တန်းပဲ ရှိသေးတာလေကွာ”
“မဟုတ်သေးဘူး ဘိုးဉာဏ် မဟုတ်သေးဘူး။ ငါ့အသက် ၆၀ ကျော်ပြီကွ။ ငါ နန်းအေးမြို့မမှာ ကျောင်းဆရာကြီး ဖြစ်နေတာလေ”
“အံမယ် ဆေးဘဲက ကျောင်းဆရာ လုပ်ဦးမယ်တဲ့။ တော်စမ်းပါကွာ။ အခု စံပယ်ခင့်ဆီ သွားကြရအောင်ပါ ။မင်း အိပ်မက် မက်နေတာ ဖြစ်မယ်”
“ဟေ့ကောင် မင်း နှစ်၅၀ စာ အိပ်မက် မက်ဖူးလားကွ။ ငါ လျှောက်ပြောနေတာမဟုတ်ဘူး ကွ။ ဘိုးဉာဏ် မင်းက အသက် ၅၀ မှာ ဆီးချို နဲ့သေတာ အခု မင်းသေတာ ၁၀ နှစ်ရှိပြီ သူငယ်ချင်း”
“ဖြောင်း ဖြောင်း ဖြောင်း”
ဘိုးဉာဏ် က ဘာမပြောညာမပြော နဲ့ ဆရာဦးတင်ထွေးကို ပါးချ လိုက်တယ်။
“ဟေ့ကောင် မင်း ဘာလို့ ငါ့ ပါးချတာလဲ”
“မင်းအိပ်မက် မက်နေတာ မဟုတ်ဘူးဆိုတာ သိအောင် ပါးချတာ စံပယ်ခင့်ဆီ သွားရအောင်ပါကွာ”
“အေးပါ အေးပါ”
ဆရာဦးတင်ထွေး လည်း ရုတ်တရက် ပစ္စုပန်မှာ သာယာမိသွားတယ်။ လူငယ်ဘဝ ဒါဆို ငါ့ဘဝက အခု မှ အစပေါ့ တော်သေးတာပေါ့ကွာ။ အိပ်မက်တွေ မလို့
တင်ထွေး နဲ့ ဘိုးဉာဏ် သူငယ်ချင်း နှစ်ယောက် က စက်ဘီးကလေးတွေ တူတူနင်း ရင်း နန်းအေးမြို့မကျောင်းကြီးကနေထွက်လာခဲ့ကြတယ်။ လမ်းတွေဟာ လွန်ခဲ့ တဲ့ နှစ်တွေက အတိုင်းပဲ။ ကျောင်းအင်္ကျီတွေဟာ အဖြူအစိမ်းတွေ မဟုတ်ဘူး မရမ်းရောင်လုံချည်နဲ့ လိမ္မော်ရောင် လက်ရှည်တွေပဲ။ တင်ထွေး ပျော်လာတယ်။ရွှေအိုရောင်လွှမ်းတဲ့ ကလေးဘဝ ကို သူပြန်ရောက်ပြီ လမ်းမှာတွေ့တဲ့လူတွေ
“ ဦးနိုင်ကြီး ပါလား သူက ငါ့အိပ်မက်ထဲမှာ ငါ အသက်နှစ်ဆယ်ကျရင် သေသွားတာပဲ၊ ဪ ဟိုဟာက ဆရာမ ရီရီ သူက ငါ့အိပ်မက်ထဲမှာ ငါဆရာဖြစ်ကာစအထိ တူတူ စာသင်ခဲ့ကြသေးတာတဲ့။ အိပ်မက် နှယ်ကွ ကပေါက်တိကပေါက်ချာ “
တင်ထွေး ရုတ်တရက် ကြောင်သွားပြီး စက်ဘီးကို ကောက်ရပ်လိုက်တယ်။ ကောင်လေးတစ်ယောက် အသားမည်းမည်းလေးနဲ့ သူကလည်း နန်းအေးမြို့မကျောင်း ဝတ်စုံ လိမ္မော်ရောင် နဲ့ မရမ်းရောင်လုံခြည် ။
“ဒီကောင် ဒီကောင်လေး အောင်ရဲကျော်ပဲဟ ငါ့အိပ်မက်ရှည်ကြီးထဲက ကောင်လေး”
“ဟေ့ကောင် တင်ထွေး ဘာဖြစ်နေတာလဲ”
ဘိုးဉာဏ်က ပြောလိုက်တယ်။
“ဟို ကောင် ဟိုကောင် အဲ့ကောင် ငါတပည့် ကွ ငါဒီကောင့်ကို သူငယ်တန်းကတည်းက သင်လာတာ”
“ဟာ တော်ပါတော့ တင်ထွေးရာ ငါမင်းကို ပါးထပ်ချမိတော့မယ် လာပါ။ ကုမ္မာရီကျောင်းနားတောင် ရောက်နေပြီ”
“ဘာ စံပယ် နင် ဘာပြောတယ်”
“ငါ ကိုယ်ဝန်ရှိနေတယ် တင်ထွေး နှစ်လတဲ့”
“ဟာ အဲ့ဒါ ငါ နဲ့ ဘာဆိုင်လဲ။ နင်နဲ့ ငါ အဲဒါ မလုပ်ဖြစ်တာ တစ်နှစ်ကျော်ပြီလေ။ ဒါ ငါ့ဟာ မဟုတ်ဘူး”
တင်ထွေး အကြောက်အကန် ငြင်းတယ်။စံပယ်ခင့်ကို သူဘာမှ မလုပ်ခဲ့ဘူးလေ။ စံပယ်ခင်က ဦးလေး မိသားစုနဲ့ နေရတဲ့ မိန်းကလေး။သူ့ဦးလေးတွေက အရက်ရောင်းတဲ့ မိသားစု၊ စရိုက်ကြမ်းလိုက်ကြတာလည်းလွန်ပါရော။
စံပယ်ခင်က အိခနဲ ငိုချရင်း
“အဲဒါ ငါ့တဝမ်းကွဲ အစ်ကို ယုတ်မာလိုက်တာပါဟာ။ ငါ အိမ်ကိုလည်း မပြောရဲဘူး”
“ နင့် ဦးလေးကို ပြောလိုက်လေ။ အဲ့ကောင်ကို တာဝန်ယူခိုင်းပေါ့ဟ”
“ဒါပေမဲ့ ငါ ပတ်ဝန်းကျင်ကို ဘယ်လို ရင်ဆိုင်ရမှာလဲ။ တင်ထွေး နောက်ပြီး နင်နဲ့ ငါက”
တင်ထွေး မျက်နှာကြီး ရှုံ့ပြီး
“ဟဲ့ နင်နဲ့ ငါ ဘာဖြစ်တုန်း”
“ငါ နင်နဲ့ မဝေးချင်ဘူး တင်ထွေး ဖြစ်နိုင်ရင် ငါ နင်နဲ့ ခိုးရာလိုက်ချင်တယ်ဟာ”
“န င်ရူးနေလား စံပယ် ဒါမှမဟုတ် ငါ့ကို ရုပ်ရှင်မင်းသားဇေယျ ထင်နေတာလား ဇေယျကြီး လှည်းကျိုးထမ်းတာ ရုပ်ရှင်ထဲမှာပဲ ရှိတယ်”
တင်ထွေးရဲ့ စကားကြောင့် စံပယ်ခင် မျက်နှာပျက်သွားတယ်။
“ငါ နင် ဒီကလေး ကို မလိုချင်ဘူးဆိုလည်း ဖျက်ချမယ်ဟာ ငါကတော့ နင်နဲ့ပဲ ရှိချင်တာ”
“ ထပ်သရီး နင် ငါ့ကို အကုသိုလ် လာပေးနေတာလား။ နင့်လင် အခုချိန်ထိ သက်ရှိသေးတယ်။ သေနေလို့ ငါက လှည်းထမ်းရတယ်ဆိုလည်း ထားပါဦးဟ။ အခုက နင်က ရှိချင်ရင်တောင် ငါက နင်နဲ့ မရှိချင်ဘူး စံပယ်ခင်”
စံပယ်ခင်ရဲ့ မျက်လုံးတွေ ရဲလာပြီး
“တင်ထွေး ငါကလေ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူး။ နင်ပဲ ငါ့ဘဝထဲကို ချစ်ပါရဲ့ ကြိုက်ပါရဲ့ဆိုပြီး ဝင်လာတာလေ။ နောက်ပြီး ဒီကလေးက နင့်ဟာ မဟုတ်ပေမဲ့ ငါ့အပျိုရည်ကို ငါ နင့်ကို ပေးခဲ့တာလေ။ အခု နင်က ငါ့ကို ထားခဲ့မယ်ပေါ့ “
“နင့်အပျိုဘဝ ကို ငါယူတာနဲ့ ဒီကလေးကို ငါလှည်းကျိုးထမ်းရတာ ဘာဆိုင်လဲ။ ဒါ ငါ့ဟာမှ မဟုတ်တာ”
“နင့်အချစ်က ဘယ်လိုပြောင်းလဲ တတ်သလဲ ငါမသိဘူး။ ငါ့အချစ်ကတော့ ထာဝရတည်မြဲနေမှာ။ ငါတောင်းပန်ပါတယ် တင်ထွေးရယ်။ ငါနဲ့ နင်နဲ့ ဒီကလေးလေးနဲ့ ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ကြမယ်လေ”
‘နင်စိတ်ကူးယဉ်လွန်းတယ် စံပယ်ခင် “
“တင်ထွေး တင်ထွေး နင် မရှိရင် ငါသေမှာနော်။ ငါ့ဘဝက သေမထူး နေမထူးဘဲ။ တကယ်လို့ ငါသေရင် ငါ့ဘဝ ကို ဖျက်ဆီးတဲ့လူတွေထက် နင့်ကို ပိုပြီး ငါ နာမှာနော်။ ငါ့ကို သနားသောအားဖြင့်”
“မောင်တင် ကိုယ့်ကိုပင် သနား သနားလှချည်ရဲ့”
တင်ထွေးက ရွှေမန်းတင်မောင်ရဲ့ လက်သုံးစကားကို သုံးပြီး စံပယ်ခင့် ဘေးကနေ ခွာလိုက်ပြီး
“သေရင်လည်း သေရွာမှာ ပျော်ရွှင်ပေါ့”
စံပယ်ခင်ကတော့ မျက်နှာကို လက်ဝါးနဲ့ အုပ်ရင်း ငိုပြီး ကျန်ခဲ့တယ်။
ဉီးတင်ထွေး စံပယ်ခင့် နားက နေ ထွက်လာပြီး သုံးလှမ်းမြှောက်မှာ
“ဟာ မင်း...မင်း... အောင်ရဲကျော်’
အောင်ရဲကျော်က တင်ထွေး ရဲ့ အရှေ့မှာပိတ်ရပ်နေတယ်။ သူ့ဘေးကနေ ဘိုးဉာဏ် ပေါ်လာတယ်။ ဘိုးဉာဏ်က ခေါင်းတွေခါရင်း
“တင်ထွေး တင်ထွေး မင်းကွာ ကောင်မလေးခမျာ သနားပါတယ်ဟ တဏှာရူး လူယုတ်ရ”
“ဆရာတင်ထွေးကတော့ မြှာပွေပါတယ်ဗျာ။ တကယ်ကြီးမြတ်သူကြီးပါပဲ”
“မောင်မင်းရောင် မင်းရောပဲလား”
ဦးမင်းရောင်က ဘယ်ကနေ ရောက်လာမှန်းမသိ။ဆရာဦးတင်ထွေး ဘေးမှာ ပေါ်လာပြီး စကားတွေ ပြောနေတယ်။
“ကောင်မလေးခမျာ ခင်ဗျား ဥပေက္ခာ ပြုသွားလို့ သူ့ကိုယ်ဝန် ငါးလအရောက်မှာ ကြောင်လှေကားပေါ်က သူ့ဟာ သူ ခုန်ချ သတ်သေပြီး ကုမ္မာရီကျောင်းက ဗိုက်ကြီးသရဲမ ဆိုတာ ဖြစ်သွားရှာတာကိုးဗျ။ တကယ်တမ်း သူ့အစ်ကို ဝမ်းကွဲ လူယုတ်မာနဲ့ ခင်ဗျားက ဘာခြားလို့လဲ”
“မင်းရောင် ဟေ့ကောင် မင်း မင်း ပါးစပ်ပိတ်ထား”
“ဟော ဟော သူလာပြီ သူလာပြီ”
ဦးမင်းရောင် လက်ညှိုးထိုးပြရာ ကိုတင်ထွေး လှည့်ကြည့်လိုက်တော့ စံပယ်ခင်ဟာ ကောက်ကွေးပြီး ထလာတယ်။သူ့ရဲ့ ကျောင်းဂါဝန် အောက်ကနေ သွေးတွေရွှဲစိုလို့
“တင် ထွေး ငါ နင့်ကို ချစ်တယ်လေ။ ဟီး ဟီး ဟီး ”
စံပယ်ခင်က အသံဩဩကြီးနဲ့ အော်တယ်။ သူ့မျက်နှာမှာ မျက်လုံး၊ မျက်ခုံး၊ ပါးစပ် ဘာမှမရှိ ပြောင်ချော ဂျပ်ပိတ်ကြီးဖြစ်ပြီး မျက်နှာ တစ်ခုလုံး သွေးတွေနဲ့ ရဲမှည့်နေတယ်။
ဆရာကြီးဦးတင်ထွေးလည်း အရှေ့ကို တိုးပြေးရာ အောင်ရဲကျော်နားကို ရောက်သွားတော့ အောင်ရဲကျော်ဟာ ရုတ်တရက် အနီရောင် ပိတ်စကြီးနဲ့ ဆရာဦးတင်ထွေးကို လှမ်းအုပ်လိုက်တယ်။
“အား”
ဦးတင်ထွေး လန့်နိုးလာတယ်။ မျက်နှာတခုလုံးလည်း ချွေးတွေသံတွေနဲ့ သူ့ အသံနက်ကြီးကြောင့် ကျောင်းသားတွေ အကုန်လုံး နိုးလာကြတယ်။
“အား”ခနဲ အော်လိုက်တဲ့ အသံကြောင့် ကျနော် ဖြတ်ခနဲ လန့်နိုးသွားတယ်။ ဆရာဦးတင်ထွေး ရဲ့ အသံဖြစ်လို့ ကျနော် သိလိုက်ပြီ။ သူ့ကို သရဲခြောက်တာပဲ နေမယ် ညဦးပိုင်းလောက်က သရဲကို စောင့်ဦးမယ် ဘာညာ နဲ့ သူအာချောင် ထားတာလေ။ အခု သရဲက ကိုင်လိုက်ပြီနေမယ်။ သူ့ကို ကျနော်တို့ဘာမှ မေးမရဘူး မေးလိုက်တိုင်း
“စံပယ် ငါ တောင်းပန်ပါတယ်ဟာ ပဲ ပြောနေလို”
သရဲကို နှိမ်ဖို့ ဆိုပြီးသူယူလာတဲ့ ပရိတ်ရေ သူ့ပြန်ပတ် ပေးလိုက်မှ အနည်းငယ် ငြိမ်သွားတာပါ။
“ဆရာဗိုလ်ဟိန်းကို ခေါ်ပေးပါ”
“ပြောပါ ဆရာကြီး ဘာဖြစ်လို့လဲ”
“ဒီမှာ သရဲတကယ် ရှိပါတယ်ဆရာ တကယ့်သရဲအကြီးစားပါ”
ဆရာကြီးဦးတင်ထွေးစကားကြောင့် ဆရာဗိုလ်ဟိန်းသာ မက အသံကြားလို့ ရောက်လာတဲ့ ဆရာမဒေါ်မြပုလဲသွယ်ပါ စိတ်ဝင်စားသွားတယ်။
“ဆရာကြီး အိမ်မက်ဆိုးများ မက်နေတာလား”
“မဟုတ်ပါဘူး ဆရာမကြီး ကျနော် ပြောတာကို ယုံပါ ကျနော်ကတော့ ပရိတ်ရွတ်တာဖြစ်ဖြစ် လုပ်စေချင်ပါတယ်။ ကျနော် တော်တော် ဆိုးတဲ့ အရာ ကြုံခဲ့ရတာပါ။ အိပ်မက်ထဲမှာ ကျနော် ငယ်ငယ်တုန်းက အချိန်ကို ပြန်ရောက်သွားပါတယ်”
“ဆရာကြီးကလည်း အဲဒါတော့ ကျနော်တို့လည်း မက်ဘူးတာပဲကို လာစားနေတယ်”
“တင်နိုင်စိုး ဟောဒီမှာ ငါ့ပါးကိုကြည့်”
“ဟာ”
ဆရာဦးတင်ထွေးမျက်နှာ တခြမ်းလုံး ယောင်ကိုင်းနေတာပဲဗျို့။တစ်ယောက်ယောက်က ဗျင်းထားသလို ယောင်နေတာ။
“အဲဒါ အိပ်မက်ထဲမှာ ငါ့သူငယ်ချင်း ဘိုးဉာဏ်ဆိုတဲ့ကောင်က ငါ့ကို ရိုက်တာ အပြင်မှာပါ။ ယောင်နေတာ တွေ့လား”
“အဲဒါကျနော် သိပါတယ်။ ဘယ်သူ လုပ်တာလဲဆိုတာ”
ပြောလိုက်တဲ့လူက ဝင်းမင်းဦး။ နောက်တစ်ယောက်က ဝေလင်းဖြိုး။
သူ လုပ်တာ။
သူတို့လက်ညှိုးထိုးပြရာကို ကျနော်တို့ကြည့်မိတော့ ခြေရင်းမှာ ခွေခွေလေး အိပ်နေတဲ့ အောင်ရဲကျော်။
ဆရာကြီး အိပ်တဲ့အချိန် ကျနော်တို့နှစ်ယောက် အသံပိတ်ပြီး ဂိမ်းခိုးဆော့နေတာပါ။ အဲဒီအချိန် အောင်ရဲကျော်က ရုတ်တရက်ကြီး ထသွားပြီး ဆရာကြီး ဦးတင်ထွေး ရှေ့မှာ မက်တပ်ရပ်နေတာ အကြာကြီးပဲ။ ပြီးမှ ဖြောင်းဖြောင်းဖြောင်း ဆိုပြီးပါးကို သုံးချက် ဆက်တိုက်ဆင့်ရိုက်တာ။ ကျနော်တို့တောင် ကြောင်သွားတယ်။ အဲ့လိုရိုက်ပြီးမှ သူ့ဟာသူ ပြန်လာပြီး အိပ်နေတာ။
ဘာကွ။
ဆက်ရန်
******