← Chapters

အခန်း (၂၇)

Vol. 1 Ch. 27

အခန်း (၂၇)

Vol. 1 Ch. 27

ဆရာကြီးဦးတင်ထွေးလည်း ပြန်ရောဗျ။ ဦးမင်းရောင်ကမှ မနက်ခင်း လာသေးတယ်။ဆရာဦးတင်ထွေးက လာကို မလာတော့တာ။ သူက ပြောတယ်။

“ငါ့တပည့်တို့ လိလိမ္မာမ္မာနေကြကွာ ဆရာကတော့ မလာနိုင်တော့ဘူး။ နောက်ပြီး မင်းတို့လည်း ဒီမှာ နေမနေကြနဲ့တော့ သူက အားလုံးကို သိနေတယ်”

“ဘာကို သိတာလဲ”

ဆရာကြီးဦးတင်ထွေးက ဘာမှ မဖြေဘူး။

“ဪ စံပယ်ရာ ငါမှားတာပါ ဟာ”

ဆရာဦးတင်ထွေးက အဲစကားတစ်ခွန်းပဲ ပြောသွားပါတယ်။

(ဒီကိစ္စတွေ အပြီး နောက်ဆုံး သူပင်စင် ယူပြီးတဲ့နောက်ပိုင်း ဆရာကြီးဦးတင်ထွေးက ရာသက်ပန် ဘုန်းကြီး ဝတ်သွားပါတယ်။ ဤကား စကားချပ်)

“ကျနော်တို့ ဒီကျောင်းမှာ ဆက်နေလို့ မဖြစ်ဘူး။ နောက်ပြီး အောင်ရဲကျော် သူ့ကို ကျနော်တို့ အိမ်ပြန်ပို့ပြီး သူ့မိသားစု တွေကို အကျိုးအကြောင်း ပြောထားသင့်တယ်။ သူမှာ တစ်ခုခု မကောင်းတာ ဖြစ်နေတယ်လို့ ကျနော် ထင်တယ်”

“ဘာလို့ထင်တာလဲ။ ကိုမင်းရောင် ဒါက အိပ်ရင်း လမ်းလျှောက်တာရော မဖြစ်နိုင်ဘူးလား။ နောက်ပြီး ဒီကိစ္စကို မြင်လိုက်တယ် ဆိုတာ ဝင်းမင်းဦးနဲ့ ဝေလင်းဖြိုး ဖြစ်နေတယ်။ ဒီကလေးတွေ ဘယ်လို သဘောထားရှိတယ် ဆိုတာ ခင်ဗျားလည်း သိနေတာပဲဗျာ”

ဦးမင်းရောင်က ခေါင်းခါရင်း

“ကျနော်ကတော့ ဒီကျောင်းမှာ ညအိပ်ညနေ မထားစေချင်ဘူးဗျာ”

“ကျနော်ကရော ထားချင်တယ်လို့ ထင်နေတာလား။ ကိုမင်းရောင် ကျနော်က ဖြစ်နိုင်ရင် ပြဇာတ်ကတာကိုပါ ပိတ်ချင်တယ်။ အခုက ငွေအား လူအားတော်တော် ကုန်ထားတာမို့ လွှတ်ထားတာ။ ပြဇာတ်က အခန်း ၁၅ ခန်း အခုမှ ငါးခန်းစာပဲ ရှိသေးတာ။ ပြဇာတ်ကဖို့ ဆယ်ရက်ပဲ လိုတယ်”

“အေး‌ဗျာ ဆရာမချစ်နန္ဒာရွှေကလည်း တော်ပါတယ်ဗျာ။ ဒါပေမဲ့ သူက ဒီပြဇာတ်ကို မနှောင့်နှေး နှေးအောင် လုပ်နေတယ်လို့ ကျနော်ထင်တယ်”

ဆရာဗိုလ်ဟိန်းကတော့ ‌ဟောခန်းထဲမှာ ကျောင်းသားတွေ နဲ့ တူတူ ‌ပြဇာတ်စာသားတွေ ရွတ်နေတဲ့ ဒေါ်ချစ်နန္ဒာရွှေကို ကြည့်ရင်း

“ပြဇာတ်ကိုက အရစ်ရှည်တဲ့ ဇာတ်ကြီးပါဗျာ”

“ဆရာတို့ရှင့် အခု ဒီပြဇာတ်ကို ကျွန်မ သင်ထားပြီးပါပြီ။ ဒါပေမဲ့ ကလေးတွေ လက်ထဲမှာ ကိုင်ထားတဲ့ မိတ္တူစာရွက်တွေက အရောင်တွေ မှိန်နေတယ်။ အဲဒါ ကျွန်မလည်း မိတ္တူပြန်ကူးထားချင်လို့ မူရင်းစာအုပ်လေး ပေးလို့ရမလား”

ချစ်နန္ဒာရွှေ တဖက်လှည့်နဲ့ စာအုပ်ရလာအောင် ကြိုးစားလိုက်တယ်။ သူ့လက်ထဲ စာအုပ်ရတာနဲ့ ကျောင်းသားတွေဆီက မိတ္တူတွေကိုလည်း တောင်းယူလိုက်တယ်။

“ဘာလို့ မိတ္တူပါ တောင်းတာလဲ”

“အဲဒါ နင့်အလုပ်လား”

“ဟ”

ဆရာမချစ်နန္ဒာရွှေက ဘုဆတ်ဆတ် ပြန်ပြောလိုက်တာမို့ စောဒက တက်မိတဲ့ ကျွဲကြီး ပါတွန့်သွားပါတယ်။ ဆန်းဝင်းနိုင်ကတော့ ချစ်နန္ဒာရွှေ ဘာလုပ်မယ် ဆိုတာ သိနေတာမို့ ဘာမှ စောဒက မတက်ဘဲ နေလိုက်ပါတယ်။ ကျန်တဲ့ကျောင်းသားတွေကလည်း မငြင်းဘဲ ပေးလိုက်တယ်။

“ဒါဆို ဆရာမ ပြန်ပြီနော်”

“ကျနော် လိုက်ပို့ပါရစေ။ ဒီနေ့တော့ ဆန်းဝင်းနိုင်ကို နားခိုင်းလိုက်ပါ”

တင်နိုင်စိုးက ပြောလိုက်တယ်။တကယ်က ဆန်းဝင်းနိုင်ကို ညှာချင်လို့ မဟုတ်ဘူး။ သူကိုယ်တိုင်လည်း ဆေးလိပ်လေး ဘီယာလေး ဝယ်ပြီး ရဲဆေးတင်မလို့ အခုက မျက်စိဒေါက်ထောက် ကြည့်နေတတ်တဲ့ ဆရာကြီး ဦးတင်စိုးလည်း မရှိတော့ဘူးဆိုတော့ သူ့အတွက် ဂွင်လေ။

“မလိုဘူး ရတယ် ငါ ဆန်းဝင်းနိုင် နဲ့ ပဲ ပြန်မယ်”

“ကျနော် ဒီကောင့်ထက် ပိုပြီး လမ်းကျွမ်းပါတယ်ဗျ။ အထက်ပိုင်း အောက်ပိုင်း နှံ့နေအောင် မောင်းတတ်ပါတယ်ဗျ”

“ရတယ် ကို တင်နိုင်စိုး ကျနော်ပဲ ပို့ပေးပါ့မယ် အစ်ကို ဝယ်ချင်တာ ရှိရင် ကျနော့်ကို ပြောပါ”

“ငါ့လခွမ်း မင်းကို ပြောမရလို့ပေါ့ဟာ တော်ပါပြီကွာ နတ်သမီးခုနှစ်ဖော် အားလူးကြော်သာ ဝယ်ခဲ့ပါတော့”

ဒီလိုနဲ့ ဆန်းဝင်းနိုင် က ချစ်နန္ဒာရွှေ ရဲ့ အိတ်ကို ကူဆွဲရင်း ထွက်သွားပါတယ်။

“အဖွားကြီးက ဆန်းဝင်းနိုင်ကို ကြိုက်နေတာ ဖြစ်မယ်ကွ”

“ဟေ့ရောင် ဝေလင်းဖြိုး မင်းကလည်း တွေးလိုက်ရင် ပြောလိုက်ရင် စောက်ရမ်းချည်းပဲ အမေနဲ့သား အရွယ်ကြီးကို”

“ဟေ့ကောင် စိုင်းရွက်ရ မြင့်မြတ်နဲ့စိုးမြတ်သူဇာတောင် အမေနဲ့သားအရွယ်ကို ရည်းစားခန်း ရိုက်တာပဲလေ”

“အဲဒါ ရုပ်ရှင်လေ ဒါက”

“ရုပ်ရှင် မဟုတ်ရင် ရုပ်သေလား”

“ဟုတ်တယ်ကိုစိုင်း ဝေလင်းဖြိုး ပြောတာ ဟုတ်နိုင်တယ်ဗျ။ ကျနော်တို့ကို ဆက်ဆံတဲ့ ပုံစံနဲ့ဆန်းဝင်းနိုင်ကို ဆက်ဆံတဲ့ ပုံစံမတူဘူးဗျ။ တစ်ခါတလေ သူတို့နှစ်ယောက် မျက်လုံးချင်းတွေ စကားပြောနေကြတာ”

“တလျှောက်လုံး ပါးစပ်ပိတ်နေတဲ့ ထက်မြတ်မင်းထွေးကပါ ဝင်ပြောလိုက်တယ်။ဒီအခါ ဝေလင်းဖြိုးက”

“အေး coward အဲလေ ထက်မြတ် မင်းပြောတာ မှန်တယ်ကွ။ ဒီလို အချိန်မျိုးမှာ အထီးအကျန် အပျိုကြီးတွေ ဘာလို အပ်တယ်ဆိုတာ အားလုံးသိနေတာပဲ။ ဘွားတော်က ဘဲကျိုးထော့ကျိုး ဆိုပေမဲ့ လှတယ်ကွ။ သေချာကြည့်ရင် ဟိုကောင်ကလည်း ရုပ်ကလေးပြစားတတ်တဲ့ အကောင်ပဲဆိုတော့ အခု လောက်ဆို ဘဲသား စားနေရလောက်ပြီ ဟဟ”

သူတို့အားလုံး ကိုယ်စီကိုယ်င စကားများနေကြချိန် အောင်ရဲကျော်ကတော့ နှုတ်ခမ်းတစ်ချက် ကွေးရင်း ပြုံးနေတယ်။

“ကျနော်တို့ ဘာလုပ်ကြမလဲ အစ်မ”

“ဖျက်စီးပစ်မှာ မောင်လေး”

“ဒီပြဇာတ်စာအုပ်က ကျိန်စာကို စနေတာဆိုတာ သေချာလား”

“ထင်ရတာပဲ ဒီပြဇာတ်ကို ကခဲ့တဲ့ လူတွေ သေကြရတယ်တဲ့။ လေးယောက်တိတိနော်။ ၁၉၄၁ ပြဇာတ်မင်းသား ခင်မောင်ထွန်းကို စပြီး စင်တင်ကပြခိုင်းတာ။ ဇာတ်စင်ပေါ်ကနေ ဇက်ကျိုးကျပြီး သေသွားတယ်”

ဆန်းဝင်းနိုင် ရယ်မိသွားတယ်။ဘယ်နှယ့် ဇာတ်စင်ပေါ်မှာ ဇက်ကျိုး သေရတယ်လို့။

“ပြီးတော့ ၁၉၅၆ ပြဇာတ်မင်းသား မောင်မောင်ချစ် သူ့ကိုယ်သူ ဇာတ်ကနေတုန်း သေနတ်နဲ့ ပစ်ပြီး သတ်သေသွားတယ်။ ၁၉၇၂ ဇာတ်မင်းသား ဆိုင်းတန်းအောင်မြင်”

“ဇာတ်ကနေတုန်း မီးရုတ်တရက် ထလောင်တာ မလား အစ်မ”

“ဟင် မောင်လေးအဲဒါ ဘယ်လိုသိ”

“အဲဒါ နာမည်ကြီးပဲဗျ ။ကျနော့် အဖွားရဲ့ညီမရဲ့ ယောကျာ်းက ဆိုင်းတန်းအောင်မြင် ဇာတ်မှာ ကန်ထရိုက်ကား မောင်းရတာ။ ဆိုင်းတန်းအောင်မြင်က ဇာတ်မင်းသားတွေထဲမှာ တော်တော်ပဲ့တဲ့ဘဲဗျ သူက ဇာတ်စင် ဆောက်ဖို့တောင် ပိုက်ဆံမရှိလို့ ရွက်ဖျင်တဲကြီးထိုးပြီး မြန်မာ့ရိုးရာ မြေဝိုင်းဇာတ်သဘင် ဘာညာနဲ့ လျှောက်ပြီး ပရိသတ်ကို ဂျင်းထည့်တတ်သေးတာ။ အဲ့နေ့က သူက အရက်တွေ သောက်ရမ်းမူးနေလို့ ထွက်တောင် မကနိုင်ဘူး။ အဲ့မှာ သူ အိပ်နေတဲ့အချိန် သူ့ဘေးမှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကို ဝင်တိုက်မိရာက ခန္ဓာကိုယ်ကို မီးဆွဲပြီး ဇာတ်ခုံအနောက်ကနေ အရှေ့ကို ဝုန်းခနဲ ထပြေးလာတာ။ ပရိသတ်တွေကတော့ မင်းသားကို ရုတ်တရက် မီးထလောင်တယ် ထင်တာပေါ့။ အစ်မ နောက်ပြီး ဆိုင်းတန်းအောင်မြင်က အဲ့နေ့ညက မသေပါဘူး နောက်ဆယ်နှစ်လောက်ကြာမှသေတာပါ”။

“ကဲပါ ကဲပါ သူတို့တွေ က အဲ့ပြဇာတ်ကြောင့် ကျိန်စာသင့်ကုန်တာ “

“အဲ့ပြဇာတ်ကြောင့်လို့ အစ်မ ဘယ်အထောက်အထားနဲ့ ပြောလဲ ဆိုင်းတန်းအောင်မြင်က အဲ့ပြဇာတ်ကြောင့် သေတာ မဟုတ်ကြောင်း ကျနော် သက်သေပြပြီးပြီ။ ကဲ အဲ့ဒီ အဖြစ်အပျက်တွေထဲမှာ ဟိုမင်းသား ဇာတ်ခုံပေါ်မှာ ဇက်ကျိုးသေတာကလည်း ဖြည့်တွေးပေးလို့ရနေတယ်။ ဇာတ်စင်ပေါ်မှာ သေနတ်နဲ့ ကိုယ့်ဟာကိုယ် ပြန်ပစ်သေတာကတော့ ရှင်းရှင်းလေးပါ။ ရူးနေလို့ပေါ့ဗျ”

ချစ်နန္ဒာရွှေ ဒေါသထွက်လာတယ်။ဆန်းဝင်းနိုင်က သရဲတစ္ဆေ သာဘာဝ လွန်လောက နဲ့ ပတ်သက်ပြီး ယုံရင်ယုံတယ် မယုံရင် မယုံဘူးဗျာလို့ ပြောလိုက်တာကမှ တော်ဦးမယ်။ အခုက ဖြစ်နိုင်ချေ ဖြစ်နိုင်ချေ နဲ့ သူ့ကိုယ်သူ 12 angry men ကားထဲက ဗိသုကာ ပညာရှင် များ မှတ်နေတာလား မသိဘူး။

“ကဲပြောစမ်းပါဦး အစ်မ နောက်ဆုံးတစ်ယောက်ကရော ဘယ်လို ကြောင်တောင်တောင် ကောင်လည်း”

ချစ်နန္ဒာရွှေ မျက်နှာတွေ ရဲလာပြီး ဆန်းဝင်းနိုင်ကို ဒေါသမျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ဆန်းဝင်းနိုင် ကိုယ်တိုင်တောင် လန့်သွားတယ်။ချစ်နန္ဒာရွှေ ရုတ်တရက်ကြီး ဘာများထဖြစ်တာလဲပေါ့

“၂၀၀၆ ခုနှစ် အနုပညာကျောင်းဆင်း ကိုသစ္စာ သူ့ကိုယ်သူ ဇာတ်စင်ပေါ်မှာ မျက်စိ နှစ်လုံး ထိုးဖောက်ပြီး သတ်သေသွားတယ်တဲ့။ အဲ့ကိုသစ္စာဆိုတာက ငါ့အဖေ အရင်းပဲ”

“ဗျာ”

“အဲ့နေ့က ငါ့အရှေ့မှာတင် ငါ့အဖေ သူ့ကိုယ်သူ သတ်သေသွားခဲ့တာ။ အို ကိုယ့်ကို ကိုယ်သတ်သေရင် ငါခံသာပါတယ်ဟာ။ အခုဟာက အဲဒါ ငါ့အဖေ မဟုတ်ဘူး သူ့ ပုခုံးပေါ်မှာ အနီရောင် ပိတ်စတွေ ပတ်ထားတဲ့ ရုပ်ဆိုးဆိုး အကောင်ကြီး တစ်ကောင် ရှိနေတာ။ အခု ဒီကောင်ကြီးကို နင်တို့ကျောင်းထဲမှာ ငါတွေ့ပြန်ပြီ။ ဒီ ကျိန်စာသင့်စာအုပ်ကလေ သူ့ကို ညဘက်မှာ ဖတ်ရင်တောင် အိပ်မက်ဆိုး မက်တယ်။ သရဲခြောက်ခံရတယ်။ ပြဇာတ်ကရင်း သေရတာ သိလား”

ဆန်းဝင်းနိုင် ချစ်နန္ဒာရွှေရဲ့ဘဝကို ကြားလိုက်ရတော့ သနားလည်း သနားမိသလို ကြောက်လည်း ကြောက်မိတယ်။သူ့ဘဝ ငယ်ငယ်လေးနဲ့အဖေက သူ့ရှေ့သတ်သေတာ မြင်ခဲ့ရတယ်။ အဖေ မရှိရတဲ့ ဖီလင်ကို ဆန်းဝင်းနိုင် နားလည်တာမို့လို့ ရှိုက်ကြီးတငင် ငိုနေတဲ့ ချစ်နန္ဒာရွှေ ရဲ့ ပုခုံးကို သူဖွဖွ လေးဖက်ရင်း အားပေးနေမိတယ်။

“ကဲပြောပါ ငါ့အဖေက အရက်လည်း မသောက်ဘူး။ ကမျင်းကြောလည်း မထဘူး ရူးလည်း မရူးဘူး။ ငါ့အဖေက ဘာကြောင့်သေရတာလဲ နောက် ငါက ရူးနေတာလား။ ငါ့အဖေလို အရူးသွေးပါလို့ ငါရူးနေတယ်လို့ နင်ပြောဦးမလား ဆန်းဝင်းနိုင် ဟမ်”

ချစ်နန္ဒာရွှေက မျက်နှာမှာ မျက်ရည်တွေရော နှပ်တွေရော ပေပွနေတယ်။ လက်ကလည်း ဆန်းဝင်းနိုင် ကို တဘုန်းဘုန်း ရိုက်နေတယ်။

“ကဲပါဗျာ ကျနော် ပြောပြီးသားပဲ ကျနော်က စောဒက ကြီးပေမဲ့ အစ်မကိုတော့ ရာနှုန်းပြည့် ယုံပါတယ်လို့ ပြောပြီးသားပဲ”

ဆန်းဝင်းနိုင်က ချစ်နန္ဒာရွှေကို ဖက်ထားလိုက်တယ်။

ချစ်နန္ဒာရွှေ ရုတ်တရက်ကြောင်သွားတယ်။

“ဟယ် ဒီကောင် ဘာလုပ်တာလဲ ဟဆိုပြီး”

ဒါပေမဲ့ သူမ ကိုယ်တိုင်လည်း ရှိုက်ကြီးတငင်ဖြစ်ပြီး အဖေ့ကို သတိရနေတာမလို့ ဆန်းဝင်းနိုင်ရဲ့ လက်တွေကို ဖယ်မထုတ်နိုင်ခဲ့ပါဘူး

ထို့နောက် စာအုပ်ကြီးကို ဆန်းဝင်းနိုင်က မြေပေါ်ချပြီး မီးရှို့လိုက်ပါတော့တယ်။မိတ္တူစာရွက်တွေကိုလည်း တစ်ရွက်စီ သေချာလေးဘဝ ပြောင်းပစ်လိုက်တယ်။

“အခုဆို အားလုံးပြီးသွားပြီပေါ့ ပြီးသွားပြီပေါ့”

“ငါ မနက်ဖြန် နင်တို့ ကျောင်းကို မလာတော့ဘူး ဆန်းဝင်းနိုင်”

“ဗျာ”

ဆန်းဝင်းနိုင် ဝမ်းနည်းသွားတယ်။ ဒါပေမဲ့ အစကတည်းက သူ့ဘဝ နဲ့ ကိုယ့်ဘဝ ပဲလေ ဘာသွားပြောလို့ရမှာလဲ။

“ပျော်ခဲ့ပါတယ် မင်းတို့နဲ့ ဒါပေမဲ့ ငါ့မှာလည်း ရှင်သန်ရမဲ့ ဘဝတွေ ရှိသေးတယ် Facebook မှာတော့ add ထားလိုက်လေ”

“ကျနော့်မှာ ဖုန်းဝယ်ဖို့ ပိုက်ဆံရှိတယ်လို့ထင်လား။ ရှိရင်လည်း သုံးဖြစ်မှာ မဟုတ်ပါဘူး။ တော်ပါပြီ ကျနော်တို့ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့။ အစ်မ မင်္ဂလာဆောင်ရင် ဖိတ်လိုက်လေ”

“အမယ်လေးဟယ် နင်ငါ့ကို ဆွဲတင်နေပြီ ငါ့မှာ ရည်းစားမရှိပါဘူးဟ”

“တကယ်”

“အေး ငါက အကုန်လုံးကို အင်းမလုပ် အဲမလုပ်နဲ့ ဆွဲထားတာ။ နင်တို့ ယောကျာ်းလေးတွေကလေ မိန်းကလေးတစ်ယောက် ဖော်ဖော်ရွေရွေ ဆက်ဆံလိုက်တာနဲ့ ငါ့ကို အထာပေးတာပဲဆိုပြီး ရည်းစား စကားတန်းပြောကြတာ အကျင့်ထင်တယ်”

“အဲဒါ အကျင့် မဟုတ်ဘူး အစ်မရေ။ အဲဒါ အပြောခံရတဲ့ ရုပ်လေးနဲ့လည်း ဆိုင်သေးတယ်။ အစ်မရုပ်ကလေးကို ပြန်ကြည့်လေ သူငယ်ချင်းအဖြစ် မောင်နှမသံယောဇဉ်အဖြစ် တွေးကြည့်လို့ကို မရတဲ့ ရုပ်ကလေးကိုဗျ”

ဆန်းဝင်းနိုင် အဲ့စကားလေးကို သူ့အတွေးထဲမှာပဲ ပြောမိလိုက်တာပါ။ ချစ်နန္ဒာရွှေကတော့ စာအုပ်ကြီး မီးသဂြိုလ်ခံရတာကို အာရုံစိုက်ကြည့်နေမိတယ်။

ဆက်ရန်

******

All Chapters