← Chapters

အခန်း (၂၈)

Vol. 1 Ch. 28

အခန်း (၂၈)

Vol. 1 Ch. 28

“ဒါဆို လာနာ က အခုချိန်ထိ မင်းတို့နဲ့ တူတူ လာပြီး ပြဇာတ် မတိုက်ပေးသေးဘူးပေါ့”

“ဟုတ်ပါတယ် ဆရာကြီး အခုဆို ပြဇာတ်ကဖို့က ရက်လည်း သိပ်မလိုတော့ဘူး ကျနော်တို့က အခုထိ ပြဇာတ်ကို မရွေးရသေးတာပါ”

နိုင်ထွန်းအောင် က ပြောလိုက်တယ်။ အခု နိုင်ထွန်းအောင်၊ ဆိုဖီယာ နဲ့ ဆန်ဒီတို့ သုံးယောက်က တီချယ်လာနာ ပျက်ကွက်တာနဲ့ ပတ်သက်ပြီး ဆရာဦးဧရာထွန်းကို အကျိုးအကြောင်း လာပြောပြကြတာပါ။

“ဒါဆို ပြဇာတ်နဲ့ပတ်သက်ပြီး သမီးတို့ ကျောင်းသား ခေါင်းဆောင် သုံးယောက်ကိုပဲ တာဝန်ပေးရမှာပဲ ဘာပြဇာတ်တွေ ကဖို့ စိတ်ကူးမိလဲ”

“ကျနော်က အလက်ဇန္ဒားဒူးမား ရဲ့ Three Musketeersကို ကမယ်လို့ စိတ်ကူးထားပါတယ်ဆရာကြီး”

ဦးဧရာထွန်း သူ့နှဖူးကို သူ လက်ဝါးနဲ့ ပြန်ရိုက်လိုက်တယ်။

“ငါမှန်းကြည့်မယ်။ နိုင်ထွန်းအောင် မင်းက ဒါးတညံ ဆန်ဒီက မိုင်လေဒီလို့ မင်းရေးထားတာမဟုတ်လား”

“ဟုတ်ကဲ့”

“အရူး အဲ့ စာအုပ်က သူကိုယ်တိုင်တောင် ရှုပ်ခံနေတာ။ ပြင်သစ်ဘုရင် နဲ့ သူ့မိဖုရား ကို ကြိတ်ကြံနေတဲ့ အင်္ဂလိပ် အမတ်နဲ့တင် ရှုပ်နေပြီ။ နောက်ပြီး အဲ့ ဇာတ်လမ်းတစ်ခုလုံးက ပရိုတက်စတင့်နဲ့ ကတ်သလစ် သတ်နေကြတာ။ လူးဝစ်ဘုရင်လက်ထက် အင်္ကျီ အဝတ်အစားတွေ ချုပ်ပေးနေရတာနဲ့တင် မွဲလိမ့်မယ်ကွဲ့”

“ဒါပေမဲ့ ဆရာကြီး Romeo x Juliet ကိုတောင် လီယိုနာဒိုတို့ ပြန်ရိုက်တာ ခေတ်သစ်ပုံစံနဲ့လေ”

“အေးဒါပေမဲ့ အဲဒါက ဘာသာရေးအရမ်းနွယ်တယ်။ ထိလွယ်ခိုက်လွယ် ဒိုင်ဆိုင်တဲ့ ကောင်တွေက ဟိုးနှစ်က ငါ Othello ပြဇာတ်ကပြတာကို ဒါဟာ လူမျိုးရေး ခွဲခြားတာလား လို့မေးသေးတာ ဒီကောင်တွေက Literature နဲ့ ပတ်သက်ပြီး ဘာမှ သိတာမဟုတ်ဘူး Othello ပါဆို လူမည်းပေါ့ဟ ငါက တရုတ်ထည့်ပေးရမှာလား”

“ဒါဆိုလည်း သမီးတို့မကဘဲ နေလိုက်မလား”

“အဲ့လိုကြလည်း မဖြစ်ဘူးလေ သမီးဆရာတို့ကျောင်းက မကဖြစ်ဘူးဆိုရင် သိက္ခာကျမှာပေါ့။ ဆရာရော သမီးတို့ရောက ဒီသိန်းတစ်ရာကို လိုတဲ့လူတွေ မဟုတ်ဘူးလေ ဟုတ်တယ်မလား ဂုဏ်သိက္ခာလေ”

တကယ်တမ်း YIS ကျောင်း ရဲ့ ဂုဏ်သိက္ခာဆိုတာ ဦးဧရာထွန်းတို့ မိသားစုရဲ့သိက္ခာပါပဲ။ တကယ်က ဒီပွဲမှာသာ အကောင်းဆုံး တင်ဆက်နိုင်ခဲ့ရင် YIS ရဲ့ ဂုဏ်သိက္ခာလည်း ပိုတက်လာမှာ ဖြစ်သလို ကျောင်းသားဦးရေပါ တက်လာနိုင်တယ်။ မြန်မာပြည် တစ်ပြည်လုံးကို လွယ်လွယ်ကူကူ ပရိုမိုးရှင်းဆင်းပြီးသား ဖြစ်သွားတာပေါ့။

“ဒါပေမဲ့ ဆရာကြီး မကဘဲ နေမယ်ဆိုလည်းရပါတယ်။ နန်းအေးမြို့မကျောင်း ဆိုရင် မနေ့ကပဲ သူတို့ရဲ့ အထက်တန်းပြဇာတ်ကို မကဖြစ်တော့ကြောင်း နှုတ်ထွက်သွားတယ်”

“မထူးဆန်းပါဘူး။ နိုင်ထွန်းအောင် အဲ့အဖွဲ့က ဆရာတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး သူတို့အဖွဲ့က အလယ်တန်းပြဇာတ် ဝက်ကလေးသုံးကောင် နဲ့ ဝံပုလွေ ဆိုးကြီးကိုတောင် ဟုတ်တိပတ်တိ ကမပြနိုင်ဘူးလေ မှတ်မိပါသေးတယ်။ ဝက်ကလေးသုံးကောင်က အိမ်မဆောက်ဘဲ စင်ပေါ်မှာ ဖိုက်တင် ပလေးနေကြလို့ ဝက်တွေကို လိုက်ဖမ်းရမဲ့ ဝံပုလွေက လိုက်ဖြန်ဖြေ နေရတာလေ ဟားဟားဟား”

ဆရာကြီးဦးဧရာထွန်း ရယ်တော့ ဆန်ဒီနဲ့ နိုင်ထွန်းအောင်လည်း လိုက်ရယ်မိကြတယ်။နိုင်ထွန်းအောင်ကတော့ လှောင်ချင် ပြောင်ချင်လို့ ရယ်ချင်တာ ဖြစ်ပေမဲ့ ဆန်ဒီကတော့ အဲ့အချိန်က ရွှေရောင် သန်းတဲ့ နေ့တွေကို ပြန်သတိရနေလို့ပါ။ သူမငယ်ငယ်က အရမ်းဖြူစင်ခဲ့တဲ့အချိန်ပေါ့။ ဟန်ဆောင်မှု့တွေ မျက်နှာဖုံးတွေ မတပ်ထားခဲ့ရတဲ့အရွယ် လွန်ခဲ့တဲ့ သုံးနှစ်လေ သုံးနှစ်ဆိုတဲ့ အချိန်ဟာ သူမကို အများကြီး ပြောင်းလဲသွားစေခဲ့တာပေါ့။

အဲ့အချိန်က နန်းအေးမြို့မကျောင်းရဲ့ ပြဇာတ်ကလေးကို သူမ သတိရနေတုန်းပဲ။ ဝက်ကလေးသုံးကောင်နဲ့ ဝံပုလွေဆိုးကြီးတဲ့။ဒါပေမဲ့ ဇာတ်လမ်းတဝက်အရောက်မှာ ဝက်ကလေးသုံးကောင်က တကယ်ရန်ထဖြစ်ပြီး ထထိုးကြရင်း အိမ်ကြီး ပြိုကျသွားတာ တကယ် ဟာသ ဖြစ်သွားတယ်။

အဲအချိန် ဝံပုလွေ လုပ်တဲ့ ကောင်လေးက

“ဝက်ကလေးတွေ လွန်မယ်နော် လွန်မယ်နော် ဝက်ကလေးတွေ “

နဲ့ လိုက်ပြီး ဖြန်ဖြေပေးရသေး။ သူမ အဲ့နေ့မှာ ဝံပုလွေလေးကို တကယ် သနားမိသလို၊ သူငယ်ချင်းလည်း ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲ့နေ့က လူတွေရှုပ်နေတာနဲ့ သူတို့က ရှာမတွေ့တော့ဘူး။

ဝံပု‌လွေကောင်လေးကို တွေ့မလား ဆိုပြီး နန်းအေးမြို့မကျောင်း အရှေ့ ဖြတ်သွားတိုင်း ရှာရတာ အမော ဒါပေမဲ့ သူမ ရှာ မတွေ့ခဲ့ဘူး။

“ကဲ အခုက နန်းအေးကိုဖယ်လိုက်ရင် ဆရာတို့မှာ ပြိုင်ဘက် ငါးကျောင်း ရှိနေတယ်

၁။ အောင်ပန်းဆွက် သူတို့ရဲ့ ပြဇာတ်က ဆရာသခင် အလွဲများ တဲ့ ဒီကောင်တွေက အမြဲတမ်း ဟာသပဲပျက်ကြတာ လူကြိုက်များတာကိုးကွ။

၂။ ကုမ္မာရီ သူတို့က ချာလီချက်ပလင် နဲ့ The Great Dictator ကို ပြဇာတ်အဖြစ် ပြန်ကကြမှာ အမယ်လေး အမျိုးသမီးတွေ သီးသန့် စစ်ဟာသပြဇာတ်ကကြမယ်တဲ့။

၃။Zaw International School သူက ညီအရင်းအကို ပြဇာတ်ဆိုပါလား Historical Drama တဲ့ မင်းတုန်း၊ကနောင်၊ပုဂံညီအစ်ကို သုံးယောက် အကြောင်းဇာတ်လမ်းဆင်ထားတာဆိုပဲ၊ ဒါက ဆရာတို့ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်တယ်။

၄။အထက(၅) က ဇင်းဒါးအကျဉ်းသား တဲ့ သူက အက်ရှင်”

“ဟာ အားလုံး အကောင်းတွေချည်းပဲဟ ဆရာတို့ကမဲ့ ပြဇာတ်ဟာ သူတို့ကို ကျော်တက်ပြီး အကောင်းတကာ့ အကောင်းဆုံး နံပါတ် ၁ နေရာမှာ ရှိမှ ဖြစ်မယ်”

“ဟုတ်ကဲ့ ဆရာ ဒါပေမဲ့ သမီးတောင်းဆိုတာ တစ်ခုလုပ်ပေးပါ”

ဆိုဖီယာက လက်ကလေးထောင်ပြီး ပြောလိုက်တယ်။

“ဘာများလဲ သမီး”

“တာဝန်ပျက်ကွက်တဲ့ တီချယ်လာနာကို အရေးယူပေးပါ”

“ဘယ်လို အရေးယူရမှာလဲ”

“သူ့ကို ပေးမဲ့ အထက်တန်းပြရာထူးကို ဆိုင်းငံ့ထားပေးဖို့ပါ”

ဆိုဖီယာ တောင်းဆိုလိုက်တဲ့ အချက်ကြောင့် ဆရာဦးဧရာထွန်းရော ဆန်ဒီရော နိုင်ထွန်းအောင်ပါ ကြောင်သွားတယ်။

“ဆရာက သူ့ကို အဲ့လိုမလုပ်ဘဲ လစာလောက်ပဲလျှော့ဖို့ ဆုံးဖြတ်ထားတာ”

“အေးလေ ဆိုဖီယာ အဲ့လို လုပ်ဖို့ မလိုဘူးထင်တယ်နော်”

“နိုင်ထွန်းအောင် နင်ပါးစပ်ပိတ်ထား။ ငါပြောတဲ့ အတိုင်းလုပ် ဆရာကြီး အဲ့လိုလုပ်ပေးပါ။ မဟုတ်ရင် သမီး ဝင်မကဘူး။ သမီးတို့ကျောင်းသားခေါင်းဆောင် သုံးယောက်မကရင် ဆရာကြီးရဲ့ ပြဇာတ်ပျက်မှာပဲ”

ဆရာဦးဧရာထွန်းက ဆိုဖီယာ့ကို သေချာကြည့်ရင်း

“သမီးက ဆရာ့ကို ခြိမ်းခြောက်နေတာလား”

“အင်း သမီးပြောတာက သမီးတို့က နောက်နှစ်ဆို ကျောင်းပြီး လက်မှတ်ရပြီ။ သမီးတို့ ကျောင်းမပြီးမချင်း သူ့ကို အထက်တန်းကို မပို့ပါနဲ့။ သမီးတို့ပြီးမှ ဆရာကြီးဘာသာ ဆရာကြီး သူ့ကို CEO ရာထူးအထိ တိုးပေးလည်း သမီးနဲ့ မဆိုင်ဘူး”

ဆန်ဒီကတော့ ဆိုဖီယာရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ ခံနေရတဲ့အပြင် ကြောက်လည်း ကြောက်တာမို့ မပြောပေမဲ့ နိုင်ထွန်းအောင်က

“It’s not fair”

ဆိုပြီး ပြောနေတယ်။နောက်ဆုံးကျောင်းဂုဏ်သိက္ခာကို တက်စေချင်တဲ့ ဦးဧရာထွန်းဟာ ဆိုဖီယာ ပြောတာကို လက်ခံလိုက်ရပါတယ်။

“နင် ဘယ်လိုလုပ်လိုက်တာလဲ ဆိုဖီ”

ဆိုဖီယာက Bubble tea သောက်နေတာကို ရပ်လိုက်ရင်း

“ဘာကိုလဲ ဆန်ဒီ။ ကြွက်မကို ရာထူးနားခိုင်းတဲ့ကိစ္စလား။ နင်ကလေ အဲ့ ကြွက်မ ကို ဘာလို့ စွဲလမ်းနေတာလည်း ကြိုက်နေတာလား။ မဟုတ်ဘူးလေ။ နင် ငါတစ်ယောက်ထဲကို ပဲ ကြိုက်ရမယ်”

“ငါက အဲ့ကိစ္စပြောတာ မဟုတ်ပါဘူး။ ပြဇာတ်ကိစ္စပါဟာ ငါတို့မှာ ပြဇာတ်မှ မရှိတာ”

ဆိုဖီယာက သူ့ရဲ့ ကျောပိုးအိတ်ထဲကနေ ဖိုင်တွဲတစ်ခုကို ဆွဲထုတ်ကာ ဆန်ဒီ လက်ထဲ ထည့်ပေးလိုက်တယ်။

“ရေးသူ ဂျွန်ဝင်းမောင်။ ပြဇာတ်အမည် အချစ်တစ်ပွဲစစ်ပွဲတစ်ရာ ဆိုဖီယာ ဒါနန်းအေးမြို့မကျောင်းရဲ့ ပြဇာတ်ကြီးမလား”

“အေးလေ သူတို့မှ မကတော့တာ နောက်ပြီး ဒါက သူတို့ရေးတဲ့ own creation လည်းမဟုတ်ဘူး။ အဲတော့ ငါတို့ ကမယ်ဆိုလည်း ကလို့ရတယ်၊ ဒါက နာမည်ကြီးပြဇာတ် နော် နန်းအိမ့်ခမ်းရဲ့မောင် ရူးပတ် ဆိုတဲ့ စောက်ရူးလေးတောင် ဒီပြဇာတ်ကို ညဘက် ဖတ်ပြပြီး ကြောင်သွားတယ်ဆိုလား။ တကယ်က ဒီကောင်က အသက်ငယ်ငယ်နဲ့ တေဇတို့နဲ့ ပေါင်းမိရင်း ဆေးဘဲ ဖြစ်နေတာပါဟာ”

ဆန်ဒီက ပြဇာတ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း

“နင် ဒါ ဘယ်ကရ”

“နန်းအေးမြို့မကျောင်းမှာ ငါ့ရဲ့ EX ရှိတယ်။ ငါက ဆရာဝန်ဖြစ်ရင် ပြန်လက်ခံမယ်ဆိုပြီး ပြောထားလို့ ငနှဲကလေးခင်ဗျာ အတော်ကြိုးစားနေရှာတာ။ အခုလည်း ငါက နင်တို့ကျောင်းမှာ ကမဲ့ပြဇာတ် ဖတ်ဘူးချင်လို့ ငါ့ကို မိတ္တူကူးပေးစမ်းလို့ ပြောလိုက်တာ ရှိသေးတ။ယ် ချက်ချင်း မိတ္တူကူးပေးတာ”

ဆန်ဒီကတော့ ဆိုဖီယာရဲ့ လူတစ်ဖက်သားအပေါ် မျှော်လင့်ချက်ပေးပြီး အနိုင်ယူတဲ့ ပုံစံကို ကြည့်ရင်း လန့်လာပါတယ်။

“ငါဒီမိတ္တူရတာ တစ်ပတ်ရှိပြီ အခု သူတို့ မကဖြစ်တော့ ငါတို့ကတာပေါ့”

“ဆိုဖီယာ နင် အဲ့လိုလုပ်တာ မတရားဘူးနော်”

“အယ် မတရားလည်း ဘာဖြစ်လဲ။ ဒီကောင် ဆရာဝန် ဖြစ်သွားမှာလေ။ သူ့မိဘတွေကတောင် သူတို့သား ဆရာဝန်ဖြစ်အောင် လုပ်ပေးလို့ ငါ့ကို ကျေးဇူးတင်နေကြရမှာ မဟုတ်ဘူးလား။ ကဲပါ ဒီနေ့ညနေပဲ ပြဇာတ်ကို စလိုက်ကြစို့”

ကျနော်တို့မျက်နှာတွေ ပျက်နေကြတယ်။ကျနော်တို့ရဲ့ ပြဇာတ်မူရင်းစာအုပ်ရော မိတ္တူတွေရောကို ယူပြီး ဒေါ်ချစ်နန္ဒာရွှေကြီး ပျောက်သွားတယ်။အခု ကျနော်တို့ အထက်တန်းပြဇာတ်ကို စွန့်ပြီး မူလတန်းပြဇာတ်တစ်ခုကိုပဲ ကပြရပါတော့တယ်။အားလုံးက သေချင်လောက်အောင် စိတ်ညစ်နေတာမို့ မူလတန်းကလေးတွေနဲ့ ပလဲပနံသင့်တဲ့ ဝင်းမင်းဦးကိုပဲ ပြဇာတ်ဆရာ အဖြစ်ခန့်ထားရတယ်။ပြဇာတ်နာမည်က

“ကြက်ကလေးများနဲ့ ကောက်ညှင်းပေါင်းကြိုက်တဲ့ ကြောင်ကြီး”

“အကိုကြီး ကြောင်က ကောက်ညှင်းပေါင်း စားလို့လားဗျ”

“ငါက စားတယ်ဆို စားလိုက်ကွာ “

“ကောက်ညှင်းပေါင်းကြိုက်တဲ့ကြောင်အစား ငါးကြော် ကြိုက်တဲ့ ကြောင်ကြီး လို့ ပြောင်းလိုက်ပါ့လား”

“ဟေ့ကောင်လေး ကြက်ပေါက်လေးတွေ ငါးဖမ်းတာ မြင်ဖူးလား ဖြစ်မှ မဖြစ်နိုင်တာကွ”

ဝင်းမင်းဦးက သူ့တပည့်ကျော် နှစ်တန်းကျောင်းသားတွေနဲ့ ငြင်းခုန်နေတယ်။ကလေးတစ်ယောက်က

“ဒါဆို သားတို့လည်း ကောက်ညှင်းပေါင်း ပေါင်းတဲ့ ကြက် မမြင်ဖူးသလို ကောင်ညှင်းပေါင်းစားတဲ့ ကြောင်လည်း မမြင်ဖူးဘူးလေ”

ဝင်းမင်းဉီးက သူ့ကို ကလေးဗိုလ် တာဝန်ပေးထား‌တာ တော်တော်ပျော်နေပုံပဲ။ ကျနော်တို့မျက်နှာတွေကတော့ အီးမှန်နေပြီ။ ပြဇာတ် မကဖြစ်တော့လို့ အပျင်းပြေ သင်္ချာဉာဏ်စမ်းလေးတွက်ကြစို့ဆိုပြီး ဆရာမင်းရောင်ကြီး ရောက်ရောက်လာတာကိုး

ဝေလင်းဖြိုးဆို

“ဘာလို့လဲကွာ”

ဆိုတာကိုပဲ တစ်နေ့ ခြောက်ခါလောက် ပြောနေတာ။

“ဟေ့ကောင် ကျွဲကြီး ငါ့ကို ကြက်အတောင်ပံ ပုံလေး ဆေးခြယ်ပေးပါ့လား”

“စိတ်ညစ်နေပါတယ်ဆို မင်းဟာ မင်း လုပ်ပါ့လား”

ကလေးတွေကလည်း ဂနာမငြိမ် ဟောခန်းထဲ ပြေးနေတာ

“ဟေ့ကောင် ဝင်းဦး မင်းကလေးတွေ မင်းထိန်းကွာ မဟုတ်ရင် ငါကိုင်ပေါက်မိမယ်”

“အံမယ် ငါ့ကြက်ပေါက်လေးတွေကို ထိရင် ကြက်မေမေကြီးက လိုက်ဆိတ်မှာပေါ့ ကတော် ကတော်”

ဝေလင်းဖြိုးက

“ကဲ ကြက်မေမေကြီးရေ ဒီမှာ ကြက်ဖေဖေကြီး လာပြီး မိတ်လိုက်ရအောင် အောက်အီးအီးအွတ်”

ဆိုပြီး ဝင်းမင်းဦး နောက်ကို ပြေးလိုက်တယ်။ဝင်းဦး ကလည်း ပြေးတာပဲ။

“ကတော် ကတော် ကတော်”

ဒီကောင်တွေလုပ်မှပဲ ကျနော်တို့လည်း ပြန်ရယ်ဖြစ်တော့တယ်။ တကယ်ကောင့်တွေ။

ဒါပေမဲ့ ဒီပျော်စရာကောင်းတာက ပြဇာတ်တိုက်နေတုန်း သရဲလိုလို တစ္ဆေလိုလို ဟာတွေ နဲ့ တွေ့နေရတာထက် စာရင် ပိုကောင်းတယ်လို့ ကျနော်ထင်တာပါပဲ ။

ဆက်ရန်

******

All Chapters