အခန်း (၂၉)
Vol. 1 Ch. 29
“တကယ်က အစ်မ ကိုယ်က အ တာ ထုံတာပါ မောင်လေးရယ် တကယ်က ဒေါ်ချစ်နန္ဒာရွှေ ရဲ့ နေရက် လိပ်စာသော်လည်းကောင်း မှတ်ပုံတင်မိတ္တူသော်လည်းကောင် ယူထားသင့်တာလေနော်”
အစ်မထွေးထွေးက သူ့ကိုယ်သူ အပြစ်တင်နေတယ်။ကျနော်လည်း သူ့ကို နှစ်သိမ့်ပေးပါတယ်။
“ဘာဖြစ်လဲဗျာ ဒါက ဘဝကြီးမှ မဟုတ်တာ အခုလည်း ကျနော်တို့ ပျော်ပါတယ် ကျနော်တို့ နန်းအေးကျောင်းသားတွေဟာ မြို့မကျောင်းကြီးဟာ
ဘယ်လောက်ပဲ စုတ်ပြတ်ပြီး ထိုးကျနေပါ့စေ ဘယ်သောအခါ မှ နန်းအေးမြို့မကျောင်းသားဖြစ်ရလို့ ဂုဏ်ငယ် တယ်လို့ မခံစားရပါဘူး ကျနော်တို့ဟာ ရှိသလောက် နဲ့ ရသလောက် ကိုပဲ ခံစားပါတယ်”
‘’ဒါကတော့ ဒါပေါ့ ဒါပေမဲ့”
“ဒါပေမဲ့ မလုပ်ပါနဲ့ စိတ်ချ ဝင်းမင်းဦး ရေးထားတဲ့ ကောက်ညှင်းပေါင်းကြိုက်တဲ့ကြောင်ကြီး ပြဇာတ်က လူတိုင်းကြိုက်ကြမှာပါ”
“မင်းကလေ စကားပြောရင် လူကြီးလေးကျနေတာပဲနော်”
မထွေးထွေးက ကျနော့်ကို သေချာစိုက်ကြည့်ပြီး ပြုံးပြရင်း ပြောလိုက်တယ်။ကျနော့်နှလုံးသားအရည်ပျော်သွားပါပြီ။ အရင်က မထွေးထွေး ကို သူ့ရဲ့ လှပတဲ့ ကောက်ကြောင်း ပုံစံကြောင့် စိတ်ဝင်စားမိတယ် ဆိုပေမဲ့ အခု အနေများလာတဲ့အခါကျ သူရဲ့ စိတ်နေသဘောထား နဲ့ ဟန်မဆောင်တတ်တဲ့ စိတ်ဓာတ်ကို ကျနော် နှစ်သက်မိပါတယ်။
အဲ့အချိန် ဝင်းမင်းဉီးနဲ့ ကလေးတွေ ပြဇာတ်တိုက်တဲ့နေရာ ကနေ အသံလေးထွက်လာတယ်။
“ဟဲ့ ကြက်ကလေးတွေ နင်တို့ဘယ်မှာလဲ”
“ဟိုး မျှော်စင်ကြီး ပေါ်မှာနေတာပါ”
တဲ့ဒီကောင့်ရဲ့ပြဇာတ်ထဲက ကောက်ညှင်းပေါင်း ကြိုက်တဲ့ကြောင်က ကြက်ကလေးတွေရဲ့ အိမ်ကို လိုက်ရှာတဲ့အခန်းက နေမှာပေါ့။တကယ်လို့သာ
တကယ်လို့များလေ
“ဟေ့ ထွေးထွေး နင် ဘယ်မှာလဲ “
လို့မေးရင်
“စိုင်းရွက်ဟိန်း ရဲ့ နှလုံးသားထဲမှာလို့ ဖြေရမယ်ထင်တယ်”
ကျနော်နဲ့ မထွေးထွေး အကြည်စိုက်နေတုန်း ကျောင်းထဲကို ဆိုင်ကယ်တစ်စီး ဝင်လာတယ်။ ကို တင်နိုင်စိုး နဲ့ ဘုန်းဝေယံ
သူတို့တော်တော် အလျင်လိုနေကြပုံပဲ ဆိုင်ကယ်တောင် ဒေါက်တန်းလန်းကြီးနဲ့
ဘုန်းဝေယံ က ကျနော့်ကို တွေ့တော့
“စိုင်းရွက်ဟိန်း သားကြီးရေ ဆရာဗိုလ်ဟိန်း ဘယ်မှာလဲ”
“ဘာဖြစ်လို့လဲ ဘုန်းဝေယံ”
“ရော့ ဖတ်သာကြည့်တော့”
ဘုန်းဝေယံ က သူ့လက်ထဲက စာရွက် ကို ကျနော့်ကို လှမ်းကမ်းပေးလိုက်တယ်။ ကျနော်နဲ့ မထွေးထွေး လည်း စာရွက် ကို ကြည့်လိုက်တော့
“ဟာ ဘာအထာလဲကွ”
ကျနော်ကိုယ်တိုင်ပါ ဝေလင်းဖြိုး ရဲ့ လေသံဖြစ်သွားတယ်။
“YIS_ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ” တဲ့
“ဒါဆို ဒီပြဇာတ်စာအုပ်ကို ဒေါ်ချစ်နန္ဒာရွှေက YIS ကို ရောင်းစားတာပေါ့ ဟုတ်လား မောင်ဘုန်း”
“မင်းမေကြီးတော် ဟုတ်တာပေါ့ဟ အဲ့ကောင်မကြီး နေတဲ့ အိမ် ငါ့ကိုပြော သွားပြဿနာရှာမယ်ကွာ”
“မဖြစ်နိုင်ဘူး ဆရာမ ချစ်နန္ဒာရွှေ ဒါတွေ လုပ်မှာမဟုတ်ဘူးလို့ ငါယုံတယ်”
ဆရာဉီးမင်းရောင်က ပြောတယ်။ ဒီဘိုးတော် အခုထိ သံဝေဂ မရသေးဘူး တဏှာဖုန်းနေပြီပဲ။အဲဒါကုမရတော့ဘူးရယ်။ကျနော်ကိုယ်တိုင်လည်း ဒေါ်ချစ်နန္ဒာရွှေ ကျနော်တို့ ကို တစ်ပတ်ရိုက်ပြီး YIS ကို သွားရောင်းလိုက်တယ်ဆ်ုတာ ကျနော်ကိုယ်တိုင်လည်းယုံပါတယ်။
“မဟုတ်ဘူး ဆရာကြီး မြေကြီး လက်ခက်မလွဲဘဲ ဒေါ်ချစ်နန္ဒာရွှေ ဆိုတဲ့ မိန်းမ က စရောက်တဲ့နေ့ကတည်းက ဒီပြဇာတ်ကို မကဖို့ ကျနော်တို့ကို အမျိုးမျိုး အယောင်ပြနေတာပဲ”
“အေးလေ သူ့ပြဇာတ်တွေကို တောင် ထိုးရောင်းသေးတယ်”
“ငါကတော့ ဒီအဘွားကြီး မျက်နှာချင်းဆိုင်မေးချင်တယ် ဘာလို့လုပ်တာလဲလို့ ဆိုပြီးတော့”
ကျွဲကြီးက ပြောလိုက်တယ်။ ဆရာဗိုလ်ဟိန်း က
“သေချာ နားထောင်ကြ ဒီပြဇာတ်ဟာ ငါတို့ဆီမှာပဲ ရှိတာ ဟုတ်ချင်မှ ဟုတ်မှာလေ YIS မှာလည်း အစကတည်း ကရှိနေတာဖြစ်နိုင်တာပဲ ဖြည့်တွေးကြပါ”
ဝေလင်းဖြိုးက မျက်နှာရှံ့မဲ့ပြီး ဆရာဗိုလ်ဟိန်း ကို စိတ်ပျက်တဲ့ မျက်နှာနဲ့ လက်ညှိုးထိုးပြီး ဂကြောင် ပဲ လို့ပြောလိုက်တယ်။ ဆရာဗိုလ်ဟိန်းကိုယ်တိုင် က စိတ်တွေ အများကြီး လျှော့ထားလို့ ခါတိုင်းလိုသာဆိုရင် ဒီကောင် ခေါင်းပွင့်လောက်ပြီ။
“ဟာ ဘာမှ ဖြည့်နေစရာမလိုဘူးလေ ကျနော်တို့ကျောင်းကနေ ဒေါ်ချစ်နန္ဒာရွှေနဲ့ စာအုပ်ပျောက်သွားပြီး နောက်ရက်မှာ ဒီကောင်တွေ ကြေညာတာဗျ။ အဲ့နေ့က ဒေါ်ချစ်နန္ဒာရွှေက မိတ္တူတွေကိုတောင် ယူသွားသေးတာ ရှင်းနေတာ ကျနော်တို့ကို လုံးဝ ပြိုင်လို့ မရအောင် လုပ်သွားတာ”
ဖြိုးထက်အောင် ကပြောတယ်။ဆရာဗိုလ်ဟိန်းက ခေါင်းခါရင်း
“ငါကတော့ သူ့ရုပ်က ကြောင်တောင်တောင် နိုင်ပေမဲ့ အဲ့လို လုပ်မဲ့ ရုပ်မဟုတ်တာသေချာတယ်၊ အဲတော့ ငါတို့ အခု ဝင်းမင်းဦး ရဲ့ ပြဇာတ်ကိုပဲ ဦးတည်ပြီး အကောင်းဆုံး ကြိုးစားသွားပါစို့”
“အေးလေ သားကြီးတို့ ကလေးတွေက ငါ့အကူအညီ လိုတယ်”
ဝင်းမင်းဦးက ဆေးခြယ်နေရင်းပြောလိုက်တယ်။
“အာ စောက်ရူး မင်းပြဇာတ်က စောက်ပေါပြဇာတ်ဟ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ နဲ့ လာမနှိုင်းနဲ့လေ။ဟေ့ကြက်လေးတွေ နင်တို့ဘယ်မှာနေတာတုန်း တဲ့။ လိလား ငါ့အဖိုး အရက်ကြောင် ကြောင်ပြီး ပြောပြတဲ့ ပုံပြင်တွေကမှ မင်းရေးတဲ့ဟာ ထက်သာဦးမယ်”
ဝင်းမင်းဦး မျက်နှာကွက်ခနဲ ပျက်သွားတယ်။သူ့ဘေးက ကလေးလေး တွေကလည်း ငြိမ်သွားတယ်။
“အေးဝင်းဦး သားကြီး မင်းကို ဘယ်သူမှ စောက်ဖက် မလုပ်လို့ မင်းစောက်ရမ်းနေရာ ရချင်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ကွာ အခုချိန်ကြီး မင်း အတန်းရှင်း မရှာစမ်းပါနဲ့ ငါတို့ ဘယ်လောက် ဒေါသထွက်နေတယ် ဆိုတာ မင်းမသိဘူး”
ဝေလင်းဖြိုးရဲ့ စကားကြောင့် ဝင်းမင်းဦးက ဘာမှ မပြောဘဲ ဝေလင်းဖြိုးကို ကြောင်ကြည့်နေရင်းက
“မင်းက အခု အဲ့စကားပြောပြီပေါ့ ဟုတ်လား ခွေးသူတောင်းစား ရ ငါ မင်းကို စောက်ပြစ် ဘယ်တုန်းကမှ မပြောဘူးနော်။ အေး ဒါပေမဲ့ မင်းက ငါ့ကို အဲ့လို မြင်တာလား သူငယ်ချင်းဆိုတာ အဲဒါလား။ ငါက မင်းကို အမြဲတမ်း အလျှော့ပေးနေတာလေ။ ဒါက ငါမင်းကို ခင်လို့ကွ ငါ့မှာ သူငယ်ချင်း မရှိဘူးဆိုရင်တောင် မင်းတစ်ကောင် တော့ရှိသေးတယ် ဆိုပြီး တွက်ထားတာ။ လိပဲ မင်းတို့အကုန်လုံး လိပဲကွာ ရှင်းလား”
“ဝုန်း”
ဝင်းမင်းဦးက သူ့ဘေးမှာ ရှိတဲ့ ဆေးရောင်ခြယ်တဲ့ ပုံးတွေကို ခြေထောက် နဲ့ တိုက်ချသွားတယ်။ ကလေးတွေကတော့ သူတို့ဆရာ ဝင်းမင်းဦးနောက်ကို ဘဲမကြီးနောက်ကို ဘဲပေါက်တွေ လိုက်သလို တန်းလန်း တန်းလန်း နဲ့ လိုက်သွားကြတယ်။
ကျနော်တို့ ဒီကောင့်ကို လိုက်မချော့အားသေးဘူး။အခုက YISနဲ့ ဒေါ်ချစ်နန္ဒာရွှေကို ဘယ်လို ဆုံးမမလဲ
“ကျွဲကြီး ငါတို့ ဘာလုပ်ကြမလဲ”
“အခုတော့ ငါလည်း မပြောသေးဘူး။ သူခိုးတွေကို မင်းတို့ ရပ်ကွက်ထဲမှာ တွေ့ရင် ဘာလုပ်လဲ အခု မပြောသေးဘူး ဒီနေ့ညနေ ဆရာတွေ မရှိတဲ့ အချိန် လစ်ထွက်လာခဲ့ကြ။ ဒါပေမဲ့ ပေါ်တင်လုပ်မှာ မင်းတို့ကျောင်းအင်္ကျီတွေ ဝတ်လာခဲ့ကြ”
ကျွဲကြီးက လုပ်ရင်တကယ်လုပ်တဲ့ကောင်။သူ့ဘော်ဒါ ဘုန်းဝေယံကလည်း တကယ့်ဇိုး ခါတိုင်းဆို ဟာကိုကျွဲ မလုပ်ပါနဲ့ ဇာတ်တွေရှုပ်ကုန်မယ်လို့ ပြောပြီး တားမိမှာပဲ။
အခုက ရှုပ်နေတဲ့ဇာတ်ကိုမှ ရွေးပြီး သူ့များအညွန့်ခူးစား တဲ့ ကောင်တွေကို ဒီထက်ပို ရှုပ်အောင် ဖြုတ်ပေးဖို့ပဲ ကျန်တော့တယ်လေ။ အဲဒီညနေပဲ ကျနော်တို့ နန်းအေးကျောင်း အင်္ကျီတွေ လဲလိုက်ကြတယ်။ အဖြူအစိမ်းတွေပေါ့။
အစကတည်းကမှ တံတွေးခွက်ထဲ မျောနေတဲ့ကျောင်းကို မင်းတို့က မိလ္လာတွင်းထဲ ကန်ချလိုက်တာလို့ ပြောချင်ပြောကြပါ့စေ။
နန်းအေး တစ်မြို့လုံး ကျနော်တို့ မြို့မကျောင်းကို လူဆိုး လူမိုက် ကျောင်းလို့ ပြောကြတယ်မလား။ အခု လူဆိုးလူမိုက်အစစ်က ဘာလဲဆိုတာ တစ်မြို့လုံး သိအောင် ပြရမဲ့ အချိန်ပဲ။
ညနေခင်း အချိန် YIS ကျောင်း ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လို့ ကျောင်းရှေ့က ကောင်လေး အရုပ်ကလည်း လေအေးလေ အတိုက်မှာ လှုပ်နေတယ်။ ကျောင်းစောင့်လုပ်တဲ့ ဦးလေးကြီးနှစ်ယောက်ကလည်း လက်ဖက်ရည်ကို တစ်ယောက်တစ်ခွက် သောက်ရင်း စကားစမြည် ပြောနေကြတယ်။ ကျောင်းထဲရှိ အနုပညာခန်းကနေတော့ ပြဇာတ်တိုက်တဲ့ တီးလုံးသံလေးတွေ စွတ်ပျံ့ဖွယ်ပြန်လွင့်နေတယ်။
‘’သာယာ လိုက်တာနော် ကိုချစ်ဖွယ်”
“ဒါပေါ့ ကို ငြိမ်းမောင် ရာ ဒီနေ့ကျမှ အရာအားလုံးက သာယာနေသလိုပဲ နော်”
“ဟုတ်ပါ့”
ထိုအချိန် တောင်အောက်ကနေ စက်ဘီး ခြောက်စီးနဲ့ ဆိုင်ကယ်တစ်စီးက တရကြမ်းမောင်းနှင်ပြီး တက်လာတယ်။
“ဟာ ဘာတွေတုန်းဟ”
ဆိုက်ကယ်က အရှေ့ဆုံးကနေ လီဗာတဗျင်းဗျင်း ပုတ်ပြီး ကျောင်းရှေ့မှာ တစ်ပတ် ပတ်ပြလိုက်တယ်။
အင်ဂျင်သံ ခပ်ဆိုးဆိုး မီးခိုးတွေကလည်း တအူအူထွက်လာတာမို့ လုံခြုံရေးအစောင့် နှစ်ယောက်ဖြစ်တဲ့ ကိုချစ်ဖွယ်နဲ့ကိုငြိမ်းမောင် အသက်ရှုကြပ်လာပြီး တဟွတ်ဟွတ် ဖြစ်သွားတယ်။
စက်ဘီး ၆ စီးပေါ်မှာ ကျောင်းစိမ်းအင်္ကျီဝတ်ထားတဲ့ လူငယ်ခြောက်ယောက်
ဝင်းမင်းဦး၊ဝေလင်းဖြိုး၊စိုင်းရွက်ဟိန်း၊ကျွဲကြီး၊ဖြိုးထက်အောင် နဲ့ ဘုန်းဝေယံ
ဆိုင်ကယ်ပေါ်မှာ လီဗာတဗျင်းဗျင်း လုပ်နေတာက
ကိုတင်နိုင်စိုး
ဘုန်းဝေယံက သူ့စက်ဘီးကို နောက်ဘီးထောင်ပြီးပါ နင်းပြလိုက်သေးတယ်။ဖြဲတာပေါ့ စိုင်းရွက်ဟိန်း က ရှေ့ဘီး ထောင်တယ်။
ဒါပေမဲ့ သူတို့ကို YIS ထဲက ကောင်တွေ တစ်ကောင်မှ ထွက်မကြည့်ကြဘူး။ လုံခြုံရေး ဦးချစ်ဖွယ်နဲ့ဦးငြိမ်းမောင်သာ ဆပ်ကပ်ထဲ အခုမှ ရောက်ဖူးတဲ့ကလေးတွေလို ပါးစပ်အဟောင်းသားလေး နဲ့ ကြောင်နေတာ။
“မင်းတို့ နန်းအေးမြို့မကျောင်း ကမဟုတ်လား။ ဘာလို့ ဒီမှာ ဒီလိုတွေ လာလုပ်နေတာလဲ”
“ကျုပ်တို့ ဒီကျောင်းက ကျောင်းအုပ်ဆိုတဲ့ ကောင်နဲ့ တွေ့ချင်လို့”
ဘုန်းဝေယံ က အသံမာမာ နဲ့ ပြောလိုက်တော့၊ဦးချစ်ဖွယ် က ငေါက်ကနဲ ထလာပြီး
“ဟေ့ကောင်လေး မင်းရိုင်းလှချည်လား မင်း အရွယ်ဆိုတာ ငါ့သား အရွယ်ပဲ ရှိသေးတာ။ နောက်ပြီး ကျောင်းအုပ်ကြီး ဦးဧရာထွန်းမရှိဘူး။ သွား သွား ပြန်ကြ”
ဘုန်းဝေယံက သူ့သူငယ်ချင်းတွေဘက်ကို တချက်လှည့်ပြီး မျက်လုံး ပင့်ပြတယ်။ ဝင်းမင်းဦးကလွဲလို့ အကုန် ခေါင်းညိတ်ပြကြတယ်။ဒါဆို အတည်ဖြစ်ပြီ။
ဘုန်းဝေယံ က သူ့ရဲ့ စက်ဘီးကို ဇာတ်ဆွဲလှည့်ပြီး အနောက်ကို ပတ်သွားတယ်။ဦးချစ်ဖွယ်ကတော့ သူနှင်လိုက်လို့ ပြန်တော့မယ် အထင် နဲ့ လက်ပိုက်ပြီး ပြုံးပြုံးကြီးရပ်နေတယ်။
ဒီအခါ ကျမှ ဘုန်းဝေယံ က စက်ဘီးကို အသားကုန် အားတင်ပြီး အရှိန်နဲ့ နင်းကာ လုံခြုံရေး ဦးချစ်ဖွယ်ကို ဘိုင်းခနဲ ဝင်တိုက်လာတယ်။
“အား”
ခန္ဓာကိုယ်ပိန်တဲ့ ဦးချစ်ဖွယ်ခင်ဗျာ မထင်မှတ်ထားတဲ့ တိုက်ကွက်ကြောင့် အငိုက်မိသွားပြီး ခြောက်ပေလောက် လွင့်ထွက်သွားတယ်။
သူ့အဖော်ခံလိုက်ရမှ သတိ ဝင်လာတဲ့ ဦးငြိမ်းမောင်က ဘုန်းဝေယံကို နံပါတ်တုတ် နဲ့ လှမ်းခေါက်တယ်။ ဒါပေမဲ့ ကျွဲကြီးက ဦးငြိမ်းမောင်ကို ဝင်လုံးပြီး နံပါတ်တုတ်ကို ရအောင်လုတယ် ဝယဝေလင်းဖြိုးက သံလက်စွပ် စွပ်ထားတဲ့ လက်နဲ့ဦးငြိမ်းမောင်ရဲ့ ဝမ်းဗိုက်နဲ့မျက်နှာကို သုံးလေးချက်လောက် ဆင့်ထိုးလိုက်တယ်။
လမ်းသွားလမ်းလာလည်း ကင်းနေတာမို့ ဦးငြိမ်းမောင် နဲ့ ဦးချစ်ဖွယ် အကူအညီ မဲ့နေကြတယ်။
စိုင်းရွက်ဟိန်းနဲ့ဖြိုးထက်အောင်က လဲကျနေတဲ့ ဦးချစ်ဖွယ်ကို ဘောလုံးဖိနပ်တွေနဲ့ ဝိုင်းကန်ကြပါတယ်။ ဘုန်းဝေယံက ဦးငြိမ်းမောင့် အိတ်ထဲက ကျောင်းတံခါးသော့ကို ယူကာ YIS ရဲ့ ကျောင်းတံခါးမကြီးကို ဖွင့်ချလိုက်ပါတယ်။
ဒါဟာ YISနဲ့နန်းအေးမြို့မကြားက အကြီးအကျယ်ဆုံး ရန်တံခါးကြီးကို ဖွင့်ပေးလိုက်တာပါပဲ။
သူတို့ အဖွဲ့ စက်ဘီး ကိုယ်စီ နဲ့ YIS ကျောင်းထဲကို ဝင်သွားတဲ့ အခါကျ မှ ဦးငြိမ်းမောင် က ငေါက်ခနဲထလာပြီး သူ့ လုပ်ဖော်ကိုင်ဖက်က ဦးချစ်ဖွယ်ကို ထူရင်း
“ကိုချစ်ဖွယ် ရရဲ့လား”
ဦးချစ်ဖွယ်က မျက်နှာတခုလုံး နီရဲဖူးယောင်နေသလို မျက်နှာမှာလည်း ဖိနပ်ကပါလာတဲ့ မြေမှုန်တွေ ကပ်နေပါသေးတယ်။
“ရဲခေါ် ရဲခေါ်”
“အေး ရဲ နဲ့ ကျောင်းအုပ်ကြီး ကို ခေါ်လိုက်မယ်”
******