← Chapters

အခန်း (၃၀)

Vol. 1 Ch. 30

အခန်း (၃၀)

Vol. 1 Ch. 30

“ဘယ်တွေရောက်နေကြတာလဲ မသိဘူး။ ဟိုကောင်တွေ”

အောင်ရဲကျော်က ဆန်းဝင်းနိုင်ကို ပြောလိုက်တယ်။

ဆန်းဝင်းနိုင်က ထန်းပင်မြစ်ပြုတ်ကို ကိုက်လိုက်ရင်း

“ဘယ်သိမလဲကွာ ပြဇာတ်မရှိတော့ ပြန်ကြတာဖြစ်မှာပေါ့။ ဒါထက် မင်းက အထူးအဆန်းပါလား”

“ဘာကိုတုန်းဟ မင်းကလည်း အရင်းမရှိ အဖျားမရှိ”

“မင်း ငါနဲ့ စကားမပြောဖြစ်တာကြာလှပြီလေ။ ငါက မင်းငါ့ကို စိတ်ဆိုးနေတယ်တောင် ထင်နေတာ”

“ငါက မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲဟ။ ငါ့ဟာနဲ့ ငါတောင် အိပ်ရေးမဝဘူး”

ဆန်းဝင်းနိုင်က အောင်ရဲကျော်ကို အလန့်တကြား ကြည့်ရင်း

“ဘယ်လို အိပ်ရေးမဝတာတုန်း။ မင်းတစ်နေကုန် အိပ်နေတာလေ”

“ဟုတ်လား”

“အေး အခုတောင် ၅နာရီခွဲ”

“မနက်၅ နာရီလား “

“ဟာ ဟေ့ကောင် ညနေ ၅ နာရီခွဲဟ မင်း နေ့နဲ့ညနဲ့တောင်လွဲနေပြီလား။ ဟ အဲ့နေလုံးကြီးက ထွက်နေတာ မဟုတ်ဘူး။ ဝင်နေတာဟ သေချာကြည့်”

“အေး ဟုတ်သားပဲ ဆရာကြီး ဦးတင်ထွေးရော မလာဘူးလား”

“ဟမ်”

ဆန်းဝင်းနိုင် သဘောပေါက်သွားတယ်။ တစ်စုံတစ်ခုပေါ့။

“ဟေ့ကောင် ဒီနေ့ ဘာနေ့လဲ”

“ကြာသာပတေးလေ”

“နင့်မေကြီးတော် တနင်္ဂနွေ ရောက်နေပြီ။ ဒါဆို အောင်ရဲကျော် မင်း ဆရာကြီး ဦးတင်ထွေး သရဲခြောက်ခံရတာကို သိလား”

“ဟမ် ဘယ်တုန်းက ခြောက်တာလဲ”

အောင်ရဲကျော်က မျက်လုံးလေးကလည်ကလည် နဲ့ဖြစ်နေတယ်။သူ့ကြည့်ရတာ သောကြာ စနေ နဲ့ တနင်္ဂနွေ မနက်ခင်း တခင်းလုံးကို မေ့နေတာပဲ။ ပြောရရင် ဗုဒ္ဓဟူးည ကနေ တနင်္ဂနွေ မနက်ထိ ဒီကောင့် ခန္ဓာကိုယ်ထဲမှာ ရှိနေတာ ဒီကောင် မဟုတ်ဘူးပေါ့။

“အောင်ရဲကျော် ငါမင်းကို မေးမယ် မင်းမှန်မှန်ဖြေ”

“ဘာတုန်း မင်းလုပ်တာ ငါလန့်လာပြီ”

“မင်း အချစ်တစ်ပွဲစစ်ပွဲတစ်ရာ စာအုပ်ကို ဒေါ်မြပုလဲသွယ်ကို သွားပေးခဲ့တာလား”

“မပေးပါဘူးဟ။ ငါတောင် အဲ့စာအုပ်ကြီး ဖတ်ရတာ တစ်မျိုးကြီး ဖြစ်နေလို့လေ။ မဖတ်ဖြစ်ဘဲ ကုတင်အောက်ထိုးထားတုန်း ပျောက်သွားတာ။ နောက်မှ ဒေါ်မြပုလဲသွယ် ပြဇာတ် ကကြမယ်ဆိုမှ သူယူသွားမှန်း သိတာ”

ဆန်းဝင်းနိုင် အတွေးလက်ခနဲ ဖြစ်သွားသည်။

ဒေါ်မြပုလဲသွယ်က အဲ့စာအုပ်က အောင်ရဲကျော်က ညဘက်ကြီး သူ့ကို လာပေးသွားတာလို့ ပြောတယ်။ အောင်ရဲကျော်က ဒီကိစ္စကို သိတောင် မသိဘူးဆိုတော့ ကြားခံ တစ်ခုခု ရှိနေတာ သေချာတယ်။ ဒါဆို ဒေါ်မြပုလဲသွယ် သရဲရော ဝင်းမင်းဦး နဲ့ ဝေလင်းဖြိုး တွေ့ခဲ့ပါတယ်ဆိုတဲ့ အောင်ရဲကျော် အတုကလည်း တကယ်ရှိခဲ့တာပေါ့။ ချစ်နန္ဒာရွှေ ပြောသလိုဆိုရင် ဒီပြဇာတ်ကို သရဲက မုန်းနေတယ်ဆိုရင် ဘာလို့

“သားတို့ရေ ဆရာဗိုလ်ဟိန်း “

ဆရာမဒေါ်မြပုလဲသွယ်က အလောတကြီး ပြေးလာတယ်။ ပြေးတာမှ တကယ်မောကြီး ပန်းကြီး ပြေးလာရှာတာ ဖိနပ်တောင် မပါဘူး။

“ဆရာဗိုလ်ဟိန်းရေ ဆရာဗိုလ်ဟိန်း”

“ဘာဖြစ်တာလဲ ဆရာမ”

ဆရာဗိုလ်ဟိန်း က ကျောင်းအပေါ်ထပ်ကနေ ပြေးဆင်းလာတယ်။

“ကျွန်မတို့ကျောင်းသားတွေ YIS ကျောင်းထဲကို တုတ်တွေ ဓားတွေ ယူပြီး ဝင်သွားတယ်တဲ့ ကျောင်းလုံခြုံ‌ရေးအစောင့် နှစ်ယောက်ကိုလည်း ရိုက်သွားတယ်တဲ့။ YIS ကျောင်းအုပ်ကြီးက ဖုန်းဆက်လာတယ်။ သူကိုယ်တိုင်လည်း ရဲတွေ နဲ့ အတူ သွားနေပြီတဲ့ လုပ်ပါဦး”

“ဟာ ဒါဆို သွားရမှာပေါ့”

YIS ကျောင်း ရဲ့ အနုပညာခန်းမ ထဲမှာတော့ ကျောင်းသားတွေ နဲ့ အတူ ချစ်နန္ဒာရွှေ လည်း တူတူရှိနေပါတယ်။ ဒါပေမဲ့ သူက ကျောင်းသားတွေ ရန်ဖြစ်တာ ဘာညာ မရှိအောင် ကြည့်ပေးရုံပါပဲ။ကျန်တဲ့ ဇာတ်တိုက်တာတွေက ကျောင်းသားခေါင်းဆောင် သုံးယောက်ဖြစ်တဲ့ ဆန်ဒီ၊ ဆိုဖီယာ နဲ့ နိုင်ထွန်းအောင်တို့က စီမံတာပါ။

နန်းအိမ့်ခမ်းကတော့ ချစ်နန္ဒာရွှေ ရဲ့ နံဘေး မှာ ထိုင်နေရင်း ဆရာမ ရာထူးဆိုင်းငံ့ခံရတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း လာပြောနေပါတယ်။ ချစ်နန္ဒာရွှေ ကလည်း အဆင်ပြေကြောင်း နဲ့ ဒီပြဇာတ်ကြီး ပျောက်ဆုံး ပျက်စီးသွားတာကိုက အမြတ်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

“ဒါထက် သူတို့က ဘာပြဇာတ် ကကြမှာတဲ့လည်း’’

“မပြောတတ်ဘူး တီချယ်ရယ် မြန်မာနန်းတွင်းဝတ်စုံတွေတော့ ဌားနေတာ တွေ့ရတယ်။ နန်းတွင်းပြဇာတ် တစ်ခုခု နေမှာပေါ့”

ချစ်နန္ဒာရွှေက ပြုံးရင်း

“တကယ်လို့များ ဆန်ဒီ နဲ့ ဆိုဖီယာ တို့ စီစဉ်ထားတဲ့ ပြဇာတ်ဟာ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ ပြဇာတ်ကြီး ဖြစ်နေရင် ဘယ်လို နေမလဲသိဘူး”

“အမယ်လေး တီချယ်ရယ် ဖွဟဲ့ လွဲပါ့စေ ဖယ့်ပါစေ”

“လွဲမှာပါတော် လွဲမှာပါ”

“ဒုန်း”

“ဟာ…ဘာလဲဟ”

ပြဇာတ်အကြောင်း ဆွေးနွေးနေတဲ့ နိုင်ထွန်းအောင် နဲ့ သူငယ်ချင်းတစ်စု ဒုန်းခနဲ အသံကြားလို့ အနုပညာ ခန်း တံခါးမ ကြီးကို ရုတ်တရက်ကြည့်လိုက်မိတယ်။

“ဒုန်း “

“ဒုန်း”

တတိယမြောက် ဒုန်းခနဲ ဖြစ်သွားအပြီးမှာ တံခါးကြီး က ဝုန်းခနဲ ပွင့်သွားပြီး ကျောင်းစိမ်း အင်္ကျီဝတ် လူခြောက်ယောက် ဝင်လာတယ်။

“မင်းတို့က ဘယ်သူတွေလဲ ကျောင်းထဲကို ဘာလို့ဝင်လာတာလဲ”

ဟင် ဇာတ်စင် ပေါ်မှာ ကြည့်နေတဲ့ ချစ်နန္ဒာရွှေလည်း အခန်းထဲကို ဝင်လာတဲ့ ဝေလင်းဖြိုးတို့အုပ်စုကိုမြင်တော့ အောက်ငုံ့ပြီး ခုံအောက်ကို ဝင်ပြီး ကာထားရတယ်။

“တီချယ် အဲဒါ ဘယ်သူတွေလဲ”

“နန်းအေးမြို့မက အုပ်စု လေ အဲဒါက’’

“ဟမ်”

“ငါတို့က နန်းအေးမြို့မကျောင်းကပဲ ဟျောင့် မင်းတို့က ငါတို့ကမဲ့ ပြဇာတ်ကို ဘာလို့ခိုးတာလဲ”

ကျွဲကြီးက ဒဲ့မေးလိုက်တယ်။

“ဟေ့ကောင် မင်းခိုး တယ်ဆိုတဲ့ စကားက ဘယ်သူ့ သုံးတာလဲ။ မင်းတို့မကတော့ဘူးလေ ဟုတ်တယ်မလား။ မကလို့ ငါတို့ ကတာ။ ဘာဖြစ်လဲ မင်းတို့ မူပိုင်မလို့လား ဟေ့ကောင်တွေ”

နိုင်ထွန်းအောင်က လေအေးအေးလေး နဲ့ ရှင်းပြပေမဲ့ အနောက်က ကျောင်းသားတွေက

“မင်းတို့ကများ ငါတို့ကျောင်းထဲလည်း လာသေးတယ်။ ငါတို့လည်း ခိုးတယ်လေး ဘာလေး နဲ့ အနုတ်သုတ်ဂုတ်စုတ် ကောင်တွေက”

“ခွေးမသားတွေ တစ်ခါခိုးလည်း သူခိုး နှစ်ခါခိုးလည်း သူခိုးပေါ့ကွ”

“ဟို့ ဟို့ ဟိုးထား ပြေပြေလည်လည် ဖြစ်အောင်လုပ်ကြပါဟ။ မင်းတို့လည်း တော်တော့ မင်းလည်းတော်တော့”

ဝင်းမင်းဦးက နိုင်ထွန်းအောင် နဲ့ ကျွဲကြီးကြားမှာ ဝင်ရပ်လိုက်ပြီး ရွှေပြည်အေးတရားတွေ စဟောတယ်။

“မင်းတို့ကွာ ငါတို့က တကယ်တမ်း တမြို့ထဲသားတွေ တကယ်လည်း အသက်တွေက တူတူပဲလေ။ ဒီလိုမျိုး တစ်ယောက် နဲ့ တစ်ယောက် ထိုးကြိတ်နေမယ်ဆိုရင် နောင်လာမဲ့ အနာဂတ်မှာ ပိုဆိုးလာမယ်။ငါတို့က ရန်ဖြစ်ရင် ငါတို့သားသမီးတွေက ဆက်ဖြစ်မယ်။ ရန်ဆိုတာ မကောင်းဘူး။ ရန်စကို တိုစေ ချစ်စေ မဟုတ်ဘူးလား”

“ဟေ့ကောင် ဝင်းဦး မင်း ဖယ်နေစမ်းပါကွာ ငပေါကြီးကျလို့”

“အေးလေ ဒီကောင့်ပါ ဆော်ကွာ”

ရွှေပြည်အေးတရား ဟောတဲ့ ကောင်လေးရဲ့အသံကိုကြားတော့ ဆန်ဒီ အရှေ့ကို ထွက်လာပြီး ထွက်ကြည့်လိုက်တယ်။ သူ့နှလုံးသားထဲမှာ ကြောက်တာနဲ့ ပျော်ရွှင်တာ ရောနေတယ်။

ဝံပုလွေလေး ကိ ပြန်တွေ့ပြီ။ အဲ့ဒီနေ့က သူပဲပေါ့။ သုံးနှစ်လုံးလုံး ရှာခဲ့ရတဲ့ ဆန်ဒီရဲ့ ရှာပုံတော် အဆုံးသတ်ပြီ။

“နာမည်က ဝင်းမင်းဦး” တဲ့

“ဟဲ့ နေကြစမ်းပါဦး နင်တို့က ငါတို့ကျောင်းထဲကို လာတယ်။ နောက်ပြီးတော့ ငါတို့ဟာငါတို့ ဘာပြဇာတ်က က နင်တို့ဆီက ခွင့်တောင်းရအောင်။ နင်တို့က ဘာကောင်တွေ မို့လို့လဲ။ အကုန်ထောင်ထဲ ထည့်ပေးလို့ရတယ်နော်”

ဆိုဖီယာက ဝင်ပြောတယ်။ ဆိုဖီယာ့ရဲ့ စကားတွေ အောက်မှာ ကျွဲကြီး စကားပြောစရာပျောက်နေလို့ ဝေလင်းဖြိုးက အရှေ့တက်လာပြီး

“မိန်းမကြီး မို့လို့ ညှာမယ်မထင်နဲ့နော်။ မျက်ခွက် ကျွံသွားမယ်”

“အံမယ် စောက်ကောင် နင် သတ္တိရှိရင် လုပ်ကြည့်လိုက်လေ”

ဝေလင်းဖြိုးက လက်သီးနဲ့ ရွယ်တော့ ဆိုဖီယာက ပါးထိုးပေးတယ်။ ထိုးလိုက်စမ်းပါ ဆိုတဲ့ အဓိပ္ပာယ်။

“ဟေ့ကောင်တွေ အဲဒီမယ် အထက်မြန်မာပြည်ရဲ့ တစ်ခုထဲသော ယောကျာ်းလေး ကျောင်းတဲ့ စော်တွေကို လက်သီးနဲ့ ရွယ်ထားတာ သောက်ရှက်လည်း မရှိဘူး။ အသက်ကြီးရင် domestic violance တွေ သီးသန့်ကျူးလွန် မဲ့ကောင်တွေ”

“ဟေ့ကောင် ယောကျာ်းချင်းဆို လက်သီး မရွေးဘူးကွာ သိလား”

“ဟိုတီချယ်လာနာ့ကို ရှာပြီး သက်ဆိုင်ရာကို ဖုန်းဆက်ခိုင်းတာ ကောင်းမယ်ထင်တယ်နော် ဆိုဖီ”

“တော်စမ်းပါ ဆန်ဒီရယ်။ အခု ငါတို့ လူနှစ်ဆယ် သူတို့ခြောက်ယောက်ထဲ သတ်ပြီး အလောင်းဖျောက်လိုက်လို့တောင်ရတယ်”

“ဟာ မလုပ်နဲ့ အစ်မရယ်” (ဝင်းမင်းဦး အသံ)

“လုပ်လိုက်လေ ကြာသလားလို့”(ဘုန်းဝေယံ)

“ငါက Gender မခွဲခြားဘဲ ရိုက်ရဲတယ်”(ဖြိုးထက်အောင်)

တဖြည်းဖြည်းနဲ့ ဆူညံလာတာမို့ စိုင်းရွက်ဟိန်းက ဝင်လာပြီး

“မဟုတ်ဘူးကွာ သောက်အရစ်တွေရှည်နေပြီ ကျနော်ပြောပါရစေ။ ဒီလိုဗျာ အဲ့ဒီ အချစ်တစ်ပွဲစစ်ပွဲတစ်ရာ ဆိုတဲ့ စာအုပ်ကဗျာ ကျနော်တို့ဆီမှာ တစ်အုပ်ပဲရှိတာ။ ကျနော်တို့ နားလိုက်တယ်ဆိုတာကလည်း အဲစာအုပ်လေး ပျောက်သွားလို့ မကရတာ။ အခု အစ်မတို့က အဲ့ ပြဇာတ်ကတယ်ဆိုတော့ အစ်မ တို့ ကျောင်းကိုများ “

“အဲ့ စာအုပ် မင်းတို့ စောက်သူခိုးကျောင်းက ခိုးသွားတာလား လို့ လာမေးတာကွာ”

စိုင်းရွက်ဟိန်းစကားကို ဝေလင်းဖြိုးက ဖျက်ပြောလိုက်တော့။ YIS ကျောင်းသားတွေက အလည်မှာ ပိတ်နေတဲ့ စိုင်းရွက်ဟိန်းကို လှမ်းထိုးကြတော့တယ်။ စိုင်းရွက်ဟိန်း အသားပေါ် လက်သီးကျတာနဲ့ ကျွဲကြီးနဲ့ ဘုန်းဝေယံက နီးစပ်ရာ YIS ကျောင်းသားတွေကို လက်သီးနဲ့ထိုးတော့တာပဲ

တစ်ယောက်နဲ့တစ်ယောက် လုံးထွေးသတ်ပုတ်နေကြတာ ဆယ်မိနစ် နီးပါးရှိတယ်။ အကုန်လုံးစုတ်ပြတ် ကွဲပြဲကုန်တယ်။ အထူးသဖြင့် ခြောက်ယောက်ထဲနဲ့ လူအယောက် နှစ်ဆယ်ကိုယှဉ်တိုက်တဲ့ နန်းအေးမြို့မကျောင်းသား တွေ ကွဲပြဲကုန်တယ်။

ကျနော်တို့ ကံကောင်းတယ်ပြောရမယ် ရဲတွေနဲ့ ကျောင်းအုပ်ကြီးသာ ရောက်မလာရင် ဟို ကောင်မ ပြောသလို ဒီကောင်တွေ ကျနော်တို့ကို ကျောင်းထဲ သတ်ပြီး မြှုပ်ထားလို့ ရတယ်။ အဲ့ကောင်မကလည်း လက်သီးပြင်းတယ်ဗျာ။ဝင်းမင်းဦးဆို အထိုးခံရတာ မျက်လုံးတစ်လုံးကို ပိတ်ကရောပဲ။ ကျနော်ဆို တုတ်နဲ့ ရိုက်ခံရတာ လက်တစ်ခုလုံး ပွန်းလို့ပဲ့လို့ သူတို့ဘက်က ငါးယောက် ခြောက်ယောက်လောက်ပဲ ဒဏ်ရာ ရတာ။ ဒါတောင် ကျွဲကြီး နဲ့ဘုန်းဝေယံက တကယ့် တိုက်ခိုက်ရေးကောင်းလို့ ထိတာ။

ကျောင်းအုပ်ကြီး နှစ်ယောက် ကလည်း တစ်ယောက်နဲ့ တစ်ယောက် မကျေ‌အေးပေးဘူး လုပ်နေကြတာ။ YIS ကျောင်းကလည်း မင်းမဲ့စရိုက်ဆန်စွာ ကိုယ့်ဖ‌‌ေအ အရွယ်ကျောင်းလုံခြုံရေး ဝန်ထမ်း နှစ်ယောက်ကို တိုက်ခိုက်တယ် လို့ ပြောတယ်။အဲ့ဒီအခါ ကျနော်တို့ရဲ့ ကျောင်းအုပ်ကြီး ဒေါ်မြပုလဲသွယ်ကလည်း ကျနော်တို့ရဲ့ ဖူးယောင် စုတ်ပြတ်နေတဲ့ သနားစရာ မျက်ခွက်ကလေးတွေကို ပြပြီး ဒါ သပ်သပ် အနိုင်ကျင့်တာဖြစ်ကြောင်း လူခြောက်ယောက်ကို အယောက်နှစ်ဆယ် ဝိုင်းထိုးတာ မဖြစ်သင့်ကြောင်း ပြောတယ်။

ဦးဧရာထွန်းက မကျေနပ်ရင် လိုင်းပေါ်တက် ပြောတတ်တဲ့ အတိုင်း live လွှင့်ပြီး နန်းအေးမြို့မကျောင်း က ပိတ်ပစ်သင့်ကြောင်း ဆေးလိပ် မူးယစ်ဆေးတွေ သုံးနေကြောင်း အစသဖြင့် နှစ်နာရီခွဲလောက်ရှည်တဲ့ live တွေကို အပိုင်းတွေခွဲပြီးလွှင့်ပါတယ်။

ကျနော် တို့ ဆရာဦးမင်းရောင် ကလည်း

ဦးဧရာထွန်းက ဆရာလို့ မခေါ်ထိုက်ကြောင်း စီးပွားရေး ပညာ တက်ရုံ နဲ့ ဆရာဖြစ်မသွားကြောင်း YIS post အောက်တွေမှာ လိုက်ပြီး ကောမန့်ရေးတယ်။ လိုင်းပေါ်မှာ ပွဲတွေဖြစ်ပေမဲ့ သွားစတဲ့ ကျနော်တို့ကပဲ အပြစ်ဖြစ်ပြီး လူတွေကလည်း ထုံးစံအတိုင်း အစိုးရကျောင်းတွေဟာ စာရိတ္တဘယ်လောက်ဆိုးကြောင်း တချို့ကလည်း ကိုရီးယားကား ကြည့်ပြီး ဖင်ယားတာ နည်းတောင် နည်းသေးတယ်ဆိုပြီး troll ကြပါတယ်။ ကဗျာဆရာတွေကလည်း တိုင်းပြည်လူငယ်ထု ဘာဖြစ်နေပြီ ညာဖြစ်နေပြီ နဲ့ စာ အရှည်ကြီးတွေ ထုတ်ရေးလို့ရေးပါ။ ဒီကြားထဲ Zaw International School က ဆရာဇော် ရဲ့ နန်းအေးမြို့ အစိုးရကျောင်းတော် ဘာကြောင့် ပျက်သုန်းရသနည်း ဆိုပြီး စာရွက် ၃၀ ပါတဲ့ သုတေသန စာတမ်းလိုလို သောက်တင်းအုပ် စာရွက်တွေကို ဖြန့်ဝေပါသေးတယ်။

ကျနော်တို့ဘက်က တကယ်လို့ ဒေါ်ချစ်နန္ဒာရွှေ ခေါ် တီချယ်လာနာ က ကျနော်တို့ကျောင်းက စာရွက်တွေကို ခိုးပြီး ပြဇာတ်က မရအောင် လုပ်ခဲ့တာပြီး လုယူတာပါလို့ ပြောရင် အလွယ်လေး ပွဲထိန်းနိုင်မှာဖြစ်ပေမဲ့ ပညာရေးမှူး ကိုယ်တိုင်က ဆရာမကို နို့တစ် စာပို့ပြီး မည်သို့မျှ ဆူညံပူညံ မလုပ်ရ လိုင်းပေါ်က ကိစ္စတွေမှာ ဝင်မပါရ ဆိုပြီး တချက်လွှတ် အမိန့်ထုတ်ထားတော့ ကျနော်တို့ ငြိမ်နေရပါတယ်။

ဒါကို အခွင့်ကောင်းယူပြီး နန်းအေးမြို့မကျောင်း ကို သူတစ်ယောက်ထဲ မောင်ပိုင်စီးချင်တဲ့ ကျနော်တို့ရဲ့ ကျောင်းအုပ်ဆရာဟောင်း ဦးဇော်မွန်က ကျနော် အုပ်ချုပ်စဉ်က မြိုမ ကျောင်း အမည်ရှိတဲ့ စာအရှည်ကြီးကို ပညာရေးဌာနကိုရော လိုင်းပေါ်ကိုရော တင်လိုက်ပါတယ်။ဒီလိုဆိုရင် ဆရာမ ဒေါ်မြပုလဲသွယ် ဟာ သူ့ကျောင်းအုပ် သက်တမ်း တစ်နှစ် မပြည့်ခင်မှာပဲ ကျောင်းက ထွက်သွားရဖို့ ရှိနေပါတယ်။ ကျနော်တို့လည်း နောက်ကွယ်ကနေ လက်သီး ဆုပ်နေရုံပဲ တက်နိုင်ပါတယ်။ ပြဇာတ်ပွဲကြီးဟာလည်း တဖြည်းဖြည်း နဲ့ ဇာတ်စင်တွေ ဆောက်ရင်း ကပြရမဲ့ ရက်ကို နီးသထက် နီးလာပါပြီ။ အဲ့အချိန်မှာ မြို့တော်ဝန် ကိုယ်တိုင် ကျောင်းငါးကျောင်း ရဲ့ ကျောင်းအုပ်တွေကို ခေါ်တွေ့ပြီး

‘နန်းအေးမြို့ဟာ ညီညွတ်တဲ့ မြို့ဖြစ်တယ်ဆိုတာကို ပြသဖို့ အခု ပြဇာတ်ပြိုင်ပွဲမှာ နန်းအေးမြို့မ ကျောင်းသားတွေ YIS နဲ့ တွဲကရမယ်’

လို့ပြောပါတယ်။ ဒါကို YIS ကျောင်းအုပ်က အကြီးအကျယ် ငြင်းဆန်ပေမဲ့ ဒါက နိုင်ငံတော်ရဲ့ပညာရေးဝန်ကြီး ကိုယ်တိုင် တောင်းဆိုတာဖြစ်ကြောင်း နဲ့ ဒီလိုမှ မဟုတ်ရင် ပြဇာတ်ပြိုင်ပွဲ ဖျက်ရမယ်ဆိုတဲ့ အကြောင်း ပြောလိုက်မှ ကြိတ်မှိတ် အောင့်အည်းပြီး သဘောတူလိုက်ရတယ်။

ဒါတောင် ဦးဧရာထွန်းက လေးယောက်ထက် ပြဇာတ်ထဲ ပိုမထည့်ပေးလို့

ထက်မြတ်မင်းထွေး၊ချစ်စမ်းအောင်၊ဆန်းဝင်းနိုင်၊အောင်ရဲကျော်တို့ လေးယောက်ပဲ YIS ကျောင်းကို ပြဇာတ်တိုက်ဖို့ ထွက်ခွာသွားရပါတယ်။

ကျနော်တို့ကတော့ ကျောင်းမှာပဲ ဆရာတွေ ဆူတာ ဆဲတာ ခံလိုက်

“ဟဲ့ကြက်ကလေးတွေ နင်တို့ဘယ်မှာ နေတာတုန်း”

ပြဇာတ်ကို တိုက်လိုက်နဲ့ အချိန်ကုန်နေရပါတယ်။

ပိုဆိုးတာက မထွေးထွေးက ကျနော့်ကို စကားမပြောတော့တဲ့ အပြင် ဒေါ်မြပုလဲသွယ်ကလည်း ဘယ်သူနဲ့မှ မတွေ့တော့ပါဘူး။

ဆက်ရန်

******

All Chapters