← Chapters

အခန်း (၃၁)

Vol. 1 Ch. 31

အခန်း (၃၁)

Vol. 1 Ch. 31

“ကျနော် သည် ကျနော့်၏ ဇနီးသည် အဒြိကာဒေဝီ ကိုသာ ပြန်လိုချင်ပါသည်။ ရွှေစင်ကဲ့သို့ မြင့်မြတ်သော အဒြိကာ သူမ နဲ့ မည်သည့် စည်းစိမ် ကို မှ ကျနော် မလဲလိုပါ အဒြိကာသည် ကျနော့်အတွက် တွယ်ငြိရာ ဖြစ်ပါတယ် စပ်နောင်ရှင် အစ်ကိုတော် သူမဟာ ပင့်ကူအိမ် လိုပဲ ပင့်ကူအိမ်ဟာ ခြင်ယင် များကို ဘယ်လိုမှ ပေးမထွက်နိုင်အောင် ဖမ်းဆီးထားဘိသလို”

“အဟက်”

“ဟေ့ကောင် မင်း ဘာရယ်တာလဲ”

“မဟုတ်ပါဘူး ဒီတိုင်း ပါးစပ် ထဲ ခြင်ဝင်သွားလို့

“ခြင်ဝင်တာ မဟုတ်ဘူး မင်းသေချာ ရယ်တာမလား”

“မဟုတ်ပါဘူးဗျာ”

“ကဲ နိုင်ထွန်းအောင် က စရာ ရှိတာ ကစမ်းပါ ဟ”

ဆရာကြီးဦးဧရာထွန်းက ပြောလိုက်မှ နိုင်ထွန်းအောင် သူရွတ်ရမဲ့ စာသားကို ဆက်ရွတ်တယ်။သူတို့အဖွဲ့က နန်းအေးမြို့မကျောင်းသားတွေကို ဆော်ထည့်လိုက်တဲ့ အုပ်စုဖြစ်လို့ ဆန်းဝင်းနိုင်က တစ်ချက်တစ်ချက် ထပြီး စိန်ခေါ်တယ်။

ဆန်းဝင်းနိုင် က ဒီကျောင်းထဲမှာ အားလုံးကို ဘက်တိုက်နေတာပဲ အခု သူက စတုတ္ထသားတော်နေရာကို ကရမှာ ချစ်ပုက စပ်နောင်ရှင် ။ထက်မြတ်မင်းထွေးက ပထမသားတော် အောင်ရဲကျော်က မထင်မရှား စစ်သား တစ်ယောက်အနေနဲ့ပဲ ပါရမယ်တဲ့။ YIS က လူတွေက နန်းအေး က လူတွေကို မခေါ် မဖြစ်လို့သာ ခေါ်ထားရတာ။ အဓိက မကျတဲ့ နေရာတွေမှာ ပဲ ပေးထားတာ။

ချစ်စမ်းအောင် သရုပ်ဆောင်ရတဲ့ စပ်နောင်ရှင် ဆိုတာ နောက်ဆုံးတစ်ခန်းမှာ သုံးမိနစ်လောက် ပါရတဲ့ ဇာတ်ကောင်။ ထက်မြတ်မင်းထွေးရဲ့ ပထမသားတော်ဆိုရင်လည်း စကားတခွန်းမှ မပြောရဘူး တန်းသေရတာ၊ ဆန်းဝင်းနိုင် ရဲ့ စတုတ္ထသားတော် ဇာတ်ကောင်ကတော့ သုံးခန်းလောက်ပါရပြီး ဇာတ်မှာ နည်းနည်း အရေးပါတယ် ဆိုရုံပဲ၊ အောင်ရဲကျော် ရဲ့ စစ်သားဇာတ်ကောင်ကတော့ တင်ပါ့ဘုရား နဲ့ လိုက်ကြဟေ့ လိုက်ကြ ခုတ်ဟေ့ ခုတ်ဟ အဲဒါလောက်ပဲ ပြောရတဲ့ဇာတ်ကောင်။

“ခုတ်ကြလကွာ သတ်ကြလကွာ။ ငါတို့မြို့တော်ကိုမှ လာ တိုက်ချင်တဲ့ မင်းယုတ် ကို ဇက်ပြုတ်အောင် ခုတ်မယ်ကွ ခုတ်ဟေ့ ခုတ်ဟ”

“ဟဲ့ ကောင် နင်လူလည် မကျနဲ့ နင်က ခုတ်ဟေ့ ခုတ်ဟ ပဲ ပြောရမှာလေ ဘာတွေ လျှာရှည်ပြီးပြောနေတာလဲ”

ဆိုဖီယာက ထပြောတယ်။အောင်ရဲကျော်ဆိုတဲ့ ကောင်ကလည်း တကယ့်ကောင်။

ခုတ်ဟေ့ ခုတ်ဟ ပဲ ပြောရမှာကို ကာရန်တွေ စပ်နေတာ။ဆရာကြီးဦးဧရာထွန်းတောင် ခွက်ထိုးခွက်လန် ရယ်နေတယ်။

“Rehearsal ပဲဗျာ ပြောချင်ရာ ပြောမှာပေါ့ ဒါမှ ပျော်စရာကောင်းမှာပေါ့ မမကလည်း”

“လိကိုမမလား”

ဆိုဖီယာက လက်ခလည် ကို ဆရာကြီးဦးဧရာထွန်း မမြင်အောင် စာအုပ်နဲ့ ကွယ်ပြီး အောင်ရဲကျော်ကို ပြလိုက်တယ်။

“ဟို မျက်လုံးဝါ ကောင်လေး ပြန်တော့မလို့လား”

“ဟုတ်ရဲမှူး”

“ဟာ မင်းကွာ ငါဘယ်သူဘယ်ဝါ ဆိုတာ သိနေပြီပဲ ဘာလို့ ရဲမှူးလို့ခေါ်နေသေးတာလဲ”

“ဒါကတော့ ဆရာကြီးကို ရဲမှူး အနေနဲ့ စသိတာကိုးဗျ”

“အဲ့အချိန် က ငါ့ကိုယ်ငါ ရဲမှူး လို့ မပြောရင် မင်းအဲ့ဆေးလိပ် ကို လွှင့်ပစ်မှာ မဟုတ်ဘူး ကဲပြောစမ်းပါဦး အခုရော မင်းဘာဖြစ်ချင်တာလဲသိပြီလား”

“ကျနော်အခု ဖြစ်ချင်တာ သိသွားပြီ။ ကျနော် အခု လူ အရမ်းကယ် ချင်နေတာ”

“ဟမ် ဘယ်လို”

“ဟုတ်တယ်ဗျ လူ အရမ်းကယ်ချင်နေတာ အကုန်လုံးကို ကယ်မှာဗျ သိလား တစ်ယောက် မကျန်ဘဲ ဆရာကြီးလည်း အကယ်ခံ ချင်ရင်ပြော”

ဆရာဦးဧရာထွန်းက ဆန်းဝင်းနိုင် ပြောသွားတဲ့ စကားတွေကို နားမလည်နိုင်စွာ နဲ့ ကျန်ခဲ့တယ်။

“နန်းအိမ့်ခမ်း ဆိုတာလားဗျ”

“ဟုတ်ပါတယ် အစ်ကိုက အောင်ရဲကျော်မလား”

“ဒါပေါ့ ညီမလေး အရင်က ညီမလေး ကိုယ့်ကို လာရှာသေးတယ်မလား”

နန်းအိမ့်ခမ်း က ခေါင်းငုံ့ရင်း

“ဟုတ်ပါတယ် အဲစာအုပ် ကို ပြန်ယူဖို့ပေါ့”

“အေးညီမလေးက ဒီအတိုင်းလာယူတာ ကိုယ့်ရဲ့ဆရာက ကိုယ့်ကို ရည်းစား ရှိတယ် ထင်ကုန်တာ”

အောင်ရဲကျော်က ရယ်လိုက်တယ်။

“အစ်ကို့ကြားတာက ညီမလေးက ဂျွန်ဝင်းမောင် အကြောင်း သိပ်သိချင်တာဆို လောကမှာ ဂျွန်ဝင်းမောင် အကြောင်း အသိဆုံး လူ တစ်ယောက်ပဲ ရှိမယ်ဆိုရင် အဲဒါ အစ်ကိုပဲ ပြောပြရမလား”

“ဟုတ်ကဲ့ အစ်ကို သိရင် ပြောပြပေါ့”

“ဒီမှာတော့ ဘယ်ပြောမလဲ ဟဲဟဲ ဒီကျောင်းကြီး ရဲ့ လေသာဆောင်မှာ ပြောကြတာပေါ့”

နန်းအိမ့်ခမ်း ကြောင်သွားတယ်။ ဘာလို့ လေသာဆောင် မှာ တက်ပြောရမှာလဲပေါ့။ ဒီလူ ကြည့်ရတာ မပတ်သက်ဖြစ်လို့သာ ပတ်သက်နေရတာ နည်းနည်းကြောင်စီစီနဲ့။

“လိုက်ခဲ့စမ်းပါ လေသာဆောင် ဆိုတာ လေတဖြူးဖြူး နဲ့ သိပ်အေးချမ်းတာလေ ဂျွန်ဝင်းမောင် ဆိုတဲ့ လူရဲ့ဘဝ ကလည်း ဒီလိုပဲပေါ့”

အောင်ရဲကျော်က ငေါက်ခနဲ ထထွက်ပြီး လှေကားထစ်တွေအတိုင်း အပေါ်ကို တက်သွားတယ်။ နန်းအိမ့်ခမ်းကလည်း အပေါ်ကို လိုက်တက်သွားဖို့အလုပ်မှာ အနောက်ကနေ လက်တဖက်က သူမ ပုခုံးပေါ်ကို ကျလာတယ်

“အို”

“ရှုး မအော်နဲ့”

‘’ဟင်”

နန်းအိမ့်ခန်း အံ့ဩသွားတယ်။ အောင်ရဲကျော်

“ရှင် ...ရှင်”

“အေး သိတယ် ငါတို့လည်း အဲ့ကောင်ကို ဟိုဘက်ကနေ ချောင်းနေတာ”

အောင်ရဲကျော် အနောက်ကနေ ဆန်းဝင်းနိုင် ပေါ်လာတယ်။နောက် ဆန်ဒီ

ဆန်ဒီက နန်းအိမ့်ခမ်းကို လှမ်းဆွဲလိုက်ရင်း

“လာလာ နန်း နင် လိုက်မသွားနဲ့ သူတို့နှစ်ယောက် တက်လိမ့်မယ်”

“ဆန်ဒီ နင်က ဘာလို့”

“ငါ သူတို့နဲ့ စကားပြောကြည့်ရင်း အကုန်သိပြီးပြီ။ နင်ဟာ အဲဒါကို နင်တို့နှစ်ယောက်ထဲ ဘာလို့ ကြိတ်လုပ်နေတာလည်း အန္တရာယ်များကများ နဲ့”

“ညီမလေး မလာသေးဘူးလား။ အစ်ကို စောင့်နေတယ်လေ”

ဒုတိယထပ်ကနေ အောင်ရဲကျော်အတု ရဲ့ အော်ခေါ်သံကို ကြားရတယ်။

“ညီမတို့နှစ်ယောက် အခုချက်ချင်း ချစ်နန္ဒာရွှေဆီကို သွားတော့ သူ့အိမ်က ဒီကျောင်းနဲ့ သိပ်မဝေးဘူး။ လမ်းမှာ နင်တို့ နှစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံနဲ့ ချစ်နန္ဒာရွှေရဲ့ အိမ်ကို တန်းသွား ငါပြောတာကြားလား”

အောင်ရဲကျော်က နန်းအိမ့်ခမ်း နဲ့ဆန်ဒီကို သေချာမှာလိုက်တယ်။

ထို့နောက် အောင်ရဲကျော်နဲ့ဆန်းဝင်းနိုင် လှေကားက တဆင့် တဖြည်းဖြည်း တက်လာတယ်။

“ဟိုဟိုဟိုး ဟိုဟိုဟိုး”

သီချင်းညည်းနေတဲ့ အသံက တဖြည်းဖြည်း သူတို့နဲ့ နီးလာတယ်။

“ဟေ့ကောင် ဆန်းဝင်းနိုင် ဖြစ်ပါ့မလား ဟ ငါနည်းနည်းတော့ ကြောက်တယ်”

“ငါတို့ကြောက်လို့ မဖြစ်ဘူးသားကြီး။ ဒီကောင်က မင်းခန္ဓာကိုယ်ကို စီးတယ်။ မင်းအယောင်ဆောင်တယ်။ နောက်ပြီး မချစ်နန္ဒာရွှေ ပြောပြတာက မင်းခန္ဓာကိုယ်ထဲ ဝင်ဝင်နေတဲ့ သရဲက ဂျွန်ဝင်းမောင် ကိုယ်တိုင်ပဲ။ မင်းက သူ့ကို သောက်ရမ်း စွဲလမ်းတာကို”

“ဟာ အဲဒါမှန်း သိရင် ဒီကောင့် စာအုပ်တွေ မဖတ်ပါဘူးကွာ”

“ကဲ ထားတော့ တံခါးပေါက် ကို ရောက်ပြီ တစ်နှစ်သုံး ဖွင့်”

“အယ်မလေးဗျ”

ဆန်းဝင်းနိုင်နဲ့အောင်ရဲကျော် တံခါးပေါက်ကို ဝုန်းခနဲ ဖွင့်လိုက်တာနဲ့ တံခါးပေါက် တည့်တည့်မှာ ရပ်နေတဲ့ ဖြူဖတ်ဖတ် အသားအရေနဲ့အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။အဘိုးကြီးက သူတို့ကို တွေ့တာနဲ့

“အား”

ခနဲ အော်ပြီး ဆန်းဝင်းနိုင် ကို တွန်းထုတ်လိုက်တယ်။ ဆန်းဝင်းနိုင် တလိမ့်ကောက်ကွေး လှေကားပေါ်က ပြုတ်ကျသွားတယ်။ ဒါပေမဲ့ လက်ကိုင်ကို ဆွဲအားယူပြီး ထလိုက်တယ်။

လှေကားထိပ်မှာ သရဲကြီး မရှိတော့ဘူး

အောင်ရဲကျော်ရဲ့ခန္ဓာကိုယ် တောင့်တောင့်ကြီးပဲရှိတယ်။ အောင်ရဲကျော်ရဲ့ ခန္ဓာကိုယ်ကြီးဟာ ထို့နောက် လေထဲကို တရွေ့‌ရွေ့ မြောက်တက်သွားတယ်။ ဆန်းဝင်းနိုင်က အပြေးအလွှားသွားပြီး သူ့သူငယ်ချင်းရဲ့ ခြေထောက်ကို ဖက်ထားရတယ်။ မဟုတ်ရင် မိုးပျံပူဖောင်းလို မိုးပေါ်ထိ ပျံတက်သွားမှာစိုးလို့။ အဲအချိန် နာနာဘာဝ ထွက်သွားရင် အောင်ရဲကျော်က မိုးပေါ်က ပြုတ်ကျပြီး သေဖို့ပဲရှိတယ်။

အောင်ရဲကျော်ရဲ့ ခြေထောက်ကို ဖက်ရင်း အချိန်တွေဟာ ကုန်လွန်လာတယ်။ မိနစ်သုံးဆယ်လောက်ကြာမှ အောင်ရဲကျော် အီးခနဲ ညည်းသံကြီးပေးပြီး ပြုတ်ကျလာတယ်။

“အဟွတ် အဟွတ် အဟွတ်”

“သားကြီး ရရဲ့လား “

“စာ စာ စာအုပ် က ကျိန်စာ သင့်နေတာမဟုတ်ဘူးကွ ပြဇာတ်ကလည်း ကျိန်စာသင့်နေတာ မဟုတ်ဘူး။ အဲဒီ အဖြစ်အပျက်ကြီး တစ်ခုလုံးက ကျိန်စာပဲ”

“ဘယ်လိုတုန်း”

“ကျနော်က အစက ဂျွန်ဝင်းမောင်က သရဲဖြစ်ပြီး သူ့ပြဇာတ် ကတဲ့ လူတွေကို လိုက်ခြောက်နေတာလို့ထင်ခဲ့တာ။ နောက်မှ စာရေးဆရာ ဂျွန်ဝင်းမောင် ကိုယ်တိုင်က ဒီကိစ္စရဲ့ victim တစ်ယောက်ပဲဗျ”

အောင်ရဲကျော်က လေသံအေးအေးလေးနဲ့ ပြောတယ်။ ချစ်နန္ဒာရွှေ ၊ဆန်ဒီ၊ နန်းအိမ့်ခမ်း နဲ့ ဆန်းဝင်းနိုင် အပါအဝင် ဝင်းမင်းဦးနဲ့ စိုင်းရွက်ဟိန်းပါ ရောက်နေတယ်။

“အခု ငါက ဒီကိစ္စတွေကို စိုင်းရွက်ဟိန်း နဲ့ ဝင်းမင်းဦးကိုပါ ပြောထားလိုက်တာ။ လူများလေ အကူအညီ ရလေပဲလေ”

“ရမှာပါ။ မဟုတ်လည်း သူက ဖိုက်တာပဲကိုး။ လူနှစ်ဆယ်လောက်ကို တရားချ ဖို့ကြိုးစားနေတာ။ ဟိုက ထိုးလိုက်တာ ရစရာ မရှိဘူး။ ရှင် အဲလောက် မတွေးတတ်ဘူးလား ကိုဝင်းမင်းဦး”

ဆန်ဒီက ပြောလိုက်တယ်။ သူက အဲ့နေ့ကတည်း ဝင်းမင်းဦး ကို အသည်းယားနေတာ။

“ဗျာ”

ဝင်းမင်းဉီး ကြောင်သွားတယ်။ ကိုယ်နဲ့ အခုမှစကားပြောဖူးတဲ့ ကောင်မလေးက ကိုယ့်ကို ပယ်ပယ်နှယ်နှယ် ဆုံးမနေတာကိုး။ ဒါပေမဲ့လည်း ဆုံးမတဲ့ ကောင်မလေးက ချောချောလေး ဆိုတော့လည်း…

“ကဲ ကျနော် ဆက်ပြောမယ် “

“အဲ့ညက ကျနော် ခန္ဓာကိုယ်ထဲကို ဝင်သွားတာ ဘယ်သူလဲသိလား”

‘’ဂျွန်ဝင်းမောင် မဟုတ်ဘူးလား”

“ဂျွန်ဝင်းမောင် ဆိုတဲ့ စောက်ပေါသရဲက သူ့ကို မြင်တာနဲ့ ပြေးတာ။ အဲဒါ စံဖဲဗျ”

“ပယောဂ နှင်တဲ့ ဝတ္ထု ဆရာ စံဖဲလား။ သူကလည်း သရဲဖြစ်နေတာလား”

“မဟုတ်ဘူးဗျ။ သူက ကျနော်တို့ကို သရဲတစ္ဆေ တွေရဲ့ ဘုံကနေဆက်သွယ်တာ။ သရဲတစ္ဆေ တွေရဲ့ ဘုံမှာ အချိန် မရှိဘူး။ ပစ္စုပန်၊ အနာဂတ်၊ အတိတ် မရှိဘူးတဲ့။ သူက သရဲတစ္ဆေတွေ ရဲ့ သူ့အခေါ်အရဆို မလည်တဲ့ ကမ္ဘာကြီးထဲကို သွားရတဲ့ အပေါက်ကို ရှာတွေ့သွားတာ။ သူနဲ့ငါတို့နဲ့ ဘယ်အချိန်မှာ တွေ့တယ်လို့ ထင်တုန်း။ ၁၉၈၉မှာ မင်းရယ် ငါရယ် နဲ့ သူ တွေ့တာ”

‌ချစ်နန္ဒာရွှေရော အားလုံးပါ ကြောင်သွားတယ်။သူပြောတာတွေက နက်နဲ တဲ့ အဆင့်မဟုတ်ဘူး ခက်ခဲ တဲ့ အဆင့်ကို ရောက်သွားပြီ။

“သားကြီး မင်းလူနားလည် အောင်ပြောပါ့လား။ ငါ တော်တော် စဉ်းစားယူနေရလို့”

ဝင်းမင်းဦးက ခေါင်းလေးကုတ်ရင်း ပြောလိုက်တယ်။

“မောင်လေး မပြောနဲ့။ ဒီကိစ္စကို စစုံစမ်းတဲ့ အစ်မ ကိုယ်တိုင်တောင် နားမလည်ဘူး”

“ကျနော်ပြောမယ်။ အဲ့ စံဖဲ ဆိုတဲ့လူက သရဲတစ္ဆေတွေရဲ့ဘုံထဲမှာ သွားလာလို့ရတယ်။ သရဲတစ္ဆေတွေရဲ့ ဘုံမှာ အတိတ်၊ ပစ္စုပန်၊ အနာဂတ် မရှိဘူး။ ဒါကြောင့် အတိတ်က လူကလည်း အနာဂတ်က လူနဲ့ တွေ့နိုင်သလို အနာဂတ်ကလူကလည်း အတိတ်ကလူနဲ့ ‌တွေ့နေနိုင်တယ်။ မင်းပြောချင်တာ အဲ့လိုလား အောင်ရဲကျော်”

စိုင်းရွက်ဟိန်းက ပြန်လည် ဖြေရှင်းပြလိုက်မှ အားလုံး သဘော ပေါက်သွားကြတယ်။

“မင်းတို့ မယုံမှာ ငါသိတယ်။ ရော့ ဒါ ဦးစံဖဲ မသေခင် ၂၀၀၃ ခုနှစ်က ရေးခဲ့တဲ့ စာအုပ် စာရွက် စာမျက်နှာ ၂၇ မှာ ဘာရေးထားလဲ သေချာကြည့်နော်။ ၂၀၀၃ ခုနှစ်က ရေးထားတာ။ ဒီစာအုပ်က သူ့ရဲ့ နောက်ဆုံးစာအုပ် အုပ် ၅၀ ပဲထုတ်လို့ လူသိမများတာ”

သူတို့လည်း ထိုစာအုပ် ကို ကြည့်ရှု့လိုက်ရာ

ရေးထားသည်က

“တစ်နေ့ ကျွန်ုပ်သည် မလည်သောကမ္ဘာထဲတွင် သွားလာနေစဉ် မကောင်းသော အကြွင်းအကျန် များက တစ်စုံတစ်ယောက်ကို နှောင့်ယှက်နေကြောင်းတွေရ၍ ဝင်ရောက် ကူညီခဲ့သေးသည်။ထို အကြွင်းအကျန်များကို ဖြေရှင်းရန် နည်းလမ်းများကိုလည်း ညွှန်ကြားခဲ့ပြီး ထိုတစ်စုံတစ်ယောက်သည် မောင်အောင်ရဲကျော် ဆိုသူဖြစ်ပြီး သူ့အဖော်သည် မောင်ဆန်းဝင်းနိုင် ဆိုသူဖြစ်သည်။

ဟူ၏။

ဆက်ရန်

******

All Chapters