အခန်း (၃၂)
Vol. 1 Ch. 32
အဖြစ်အပျက်တစ်ခုရယ်လို့ဖြစ်လာရင် ပြောပြတဲ့လူအပေါ် မူတည်ပြီး ဇာတ်ကြောင်းဟာ အမျိုးမျိုး ကွဲထွက်သွားတတ်တယ်ဗျ။ အောင်ရဲကျော်ရဲ့ပြောစကားတွေကတော့ အရှည်ကြီးပါပဲ။ဒါပေမဲ့ ဒီကောင့် ထုံးစံအတိုင်း စကားပြောရင် အရစ်ရှည်လွန်းတာကြောင့် ကျနော် စိုင်းရွက်ဟိန်းကပဲ ဒီဇာတ်လမ်း ကို ဆက်ပြောပြမယ်။
တကယ်တော့ လူတွေဟာ အဖြစ်အပျက်တစ်ခုကို ပြောကြရေးကြရင်း တကယ်ဟုတ်နိုင်သည် မဟုတ်နိုင်သည်ကို အပထား။ သူတို့မြင်ချင်တဲ့အတိုင်း ဆွဲမြင်လိုက်ကြတာပဲ။ ကြာလာတော့ အဲ့အစွဲအလမ်းဟာ အမှန်တရားတစ်ခုယောင်ယောင် ဖြစ်လာတတ်တယ်။ ဒါက ဓမ္မတာ ပါပဲ။ အဒြိကာဒေဝီ နဲ့ လူစွမ်းကောင်းဗလရောင်တို့ အဖြစ်ကလည်း အဲ့လို ဖြစ်ခဲ့တယ်လို့ပြောရမယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က နန်းအေးမြို့ကြီးဟာ မရှိခဲ့သေးပါဘူး။ ရွာကြီးလေးရွာ ပဲရှိပါတယ်။
အဲဒီရွာကြီးလေးရွာရဲ့ အထက်မှာ နန်းကြာစော်ဘွား အုပ်စုဆိုတာ ရှိခဲ့ပါတယ်။ နန်းကြာစော်ဘွားတွေဟာ ရွာကြီးလေးရွာကို သူတို့နယ်ထဲ သိမ်းသွင်းဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ လုံးဝ မအောင်မြင်ခဲ့ပါဘူး။ ရွာကြီးလေးရွာကို အုပ်ချုပ်တဲ့ ရွာသူကြီးဟာ အင်မတန် ထက်မြတ်ပြီး စစ်ရေးမှာ ထူးချွန်တဲ့အတွက် နန်းကြာတပ်တွေဟာ ရွာလေးရွာကို ဘယ်လိုမှ သိမ်းပိုက်လို့မရဘဲ ကုန်သည်တွေ ကိုယ်တိုင်က မြေပြန့်ကို ဆင်းပြီး အရောင်းအဝယ်လုပ်ရင်တောင် ရွာလေးရွာသူကြီးမင်းကို အခွန် ဆက်ပြီးသွားရပါတယ်။
တကယ်လို့ မပေးချင်ရင် တောင်ပေါ်လမ်းက ကွေ့ပတ်ပြီး သွားရတာမို့ ခရီးမတွင်ဘဲ လေးတိလေးတွဲမဲ့ တချို့ အထားမခံတဲ့ သစ်သီးတွေဆို မြေပြန့်မရောက်ခင် ပုပ်ကုန်ပါတယ်။ ဒါကြောင့် ကုန်သည်တွေဟာ မချစ်သော်လည်း အောင့်ကာနမ်းပြီး ရွာကြီးလေးရွာကို အခွန်တွေ ဆက်ပြီးမှ ကုန်သွယ်ရပါတယ်။
နန်းကြာစော်ဘွားတွေ အတွက်ကလည်း ကြီးမားတဲ့ နယ်ပယ်ကြီး ရှိပါလျက် ဘာမဟုတ်တဲ့ ရွာလေးရွာကိုတောင် အနိုင်မတိုက်နိုင်ရလေခြင်း ဆိုပြီး အရှက်တကွဲ ဖြစ်ခဲ့ရပါတယ်။
ရွာလေးရွာရဲ့ အထက်ဘက် မှာ နန်းကြာမြို့ကြီး ရှိပြီး အောက်ဘက်မှာ တော့ မြေပြန့်ဒေသ နဲ့ တောင်ပေါ်ဒေသရဲ့နယ်စပ်ကို စောင့်ရှောက်ရတဲ့ အင်းဝ မင်း လက်အောက်ခံ အဝေးကင်းခံတပ် ဆိုတာရှိပါတယ်။ အဝေးကင်းခံတပ်ဟာ တကယ်လို့ အထက်သားတွေ ပုန်ကန်ရင် အရင်ဆုံးခံတိုက်ဖို့နဲ့ အထက်ပိုင်းရဲ့ သတင်းတွေကို အင်းဝကို ပြန်ပို့ရတဲ့ သတင်းဌာန တစ်ခုဆိုရင် လည်း မမှားပါဘူး။
အဝေးကင်းခံတပ်ရဲ့ အုပ်ချုပ်သူက ဇေယျသူမင်းသားကြီးပါ။ သူက အဓိကကျတဲ့လူပါပဲ။ဇေယျသူဟာ အင်းဝဘုရင် ရဲ့ ဖအေတူ မအေကွဲအစ်ကို တော်စပ်ပေမဲ့ မွေးရာပါ Autism ရောဂါသည် တစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့် သူဟာ သိုက်ကလာတဲ့ မင်းသားလေးအဖြစ် ကျော်ကြားခဲ့ပါတယ်။ အရွယ်ရောက်လာတော့ ညီတော်ဟာ အင်းဝဘုရင် ဖြစ်လာပြီး အစ်ကို ဖြစ်တဲ့ ဇေယျသူမင်းသားကို မသုတ်သင်ရက်တာကြောင့်
အဝေးကင်းတပ်ကို နှင်ပြီး ကွပ်ကဲရေးမှူးအဖြစ် ထားခဲ့ပါတယ်။
ဇေယျသူမင်းသားဟာ ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ မယုံတတ်တဲ့ စိတ်အခံရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ သူဟာ ရွာလေးရွာသူကြီးကိုရော နန်းကြာစော်ဘွားတွေကိုပါ မယုံကြည်ခဲ့ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပုန်ကန်ပြီး အဝေးကင်းတပ်ကို တိုက်ခိုက်နိုင်တယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် သူဟာ အခါသင့်ရင် သင့်သလို နန်းကြာရော ရွာလေးရွာကိုပါ ဖျက်ဆီးပစ်ဖို့ ကြံစည်နေခဲ့တာပါပဲ။
ဆယ်နှစ်လောက်အကြာမှာပဲ ရွာလေးရွာသူကြီးဟာ ကွယ်လွန်ပြီး သူရဲ့ ဇနီးဖြစ်သူ စောဒေဝီဟာ သားတော် ငါးယောက်မှာ အငယ်ဆုံးသားကလွဲလို့ အကြီးဆုံးသားလေးယောက်ကို ရွာလေးရွာကို ခွဲပေးလိုက်ပါတယ်။
အဲဒီနှစ်မှာပဲ အင်းဝမှာ ကပြရင်း အထက်ကို ယောင်လည်လည် တက်လာတဲ့ အိန္ဒိယဘက်က လာတဲ့ ခြေသလုံးအိမ်တိုင် ကချေသည် တစ်စုဟာ အဝေးကင်းတပ်ရဲ့ အနီးအနားမှာပဲ ဘာရည်ရွယ်ချက် ရှိတယ် မသိ တစ်ယောက်နဲ့ တစ်ယောက် လည်ပင်းကို ဓားတွေ နဲ့ အပြိုင်ထိုးပြီး သတ်သေကြပါတယ်။ ကချေသည် အုပ်စုထဲမှာ အသက် ၁၃ နှစ် အရွယ် အက်ဒီကာ ဆိုတဲ့ ကချေသည်မလေး တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
ဇေယျသူဟာ ဒီကောင်မလေး ကို မွေးစားပြီး သိမ်မွေ့တဲ့ နန်းမူနန်းရာ တွေ အဝတ်အစား အကောင်းအလှတွေ ပြင်ဆင်ပေးလိုက်တဲ့ အခါမှာ အင်မတန် ချောမောလှပတဲ့ မင်းသမီးလေးအဖြစ် ပြောင်းလဲသွားပါတယ်။ ရွာကြီးလေးရွာက လူတွေအားလုံးဟာ အဒြိကာ ဒေဝီကို ချစ်မြတ်နိုးကြပြီး
သူ့ရဲ့ ဂုဏ်သတင်းမွှေးပျံ့လွန်းတာကြောင့် ရွာကြီးလေးရွာထဲက အကြီးဆုံးရွာ ကို အပိုင်စားရတဲ့ ပထမသားတော်ဟာ အဒြိကာကို လက်ထပ်ယူခဲ့ပါတယ်။ ပထမသားတော် မင်းသားဟာ အဲဒီနေ့ ညမှာပဲ သူ့အိမ်တော်မှာ လက်သည်မပေါ်ဘဲ သေသွားပါတယ်။
စောဒေဝီဟာ သူ့သားတော်ကြီးရဲ့ နယ်ပယ်ကို တတိယသားတော်ကို ခွဲပေးတဲ့အခါ ဒုတိသားတော်နဲ့ ပြသနာတက်ခဲ့ပါတယ်။ ဒုတိယသားတော်ဟာ သူက အကြီးဖြစ်လို့ သူနှင့်သာ နယ်မြေဟာ ထိုက်တန်ကြောင်းပြောပြီး သူ့ညီနဲ့ သူ့အမေကို စတင်ပုန်ကန်ရင်းက တိုက်ပွဲငယ်လေးတွေ စဖြစ်လာပြီး အများခေါ်နေကြတဲ့ စစ်ပွဲတစ်ရာ စစ်ပွဲငယ်လေးတွေ စလာပါတယ်။
ဒုတိယသားတော်ဟာ နန်းကြာစော်ဘွားထံ ခိုလှုံပြီး တိတ်တဆိတ် လုပ်ကြံရေးအဖွဲ့တွေနဲ့ ရွာတွေရဲ့ ရိက္ခာပိုင်းကို တိတ်တဆိတ် တိုက်ခိုက်ပါတယ်။ ဒီလို သားနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် သတ်ကြဖြတ်ကြတာကို မကြည့်ရက်နိုင်တဲ့ စောဒေဝီဟာ စိတ်ထောင်း ကိုယ်ကြေ ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်တွေ ဖြစ်နေတဲ့ အချိန် ပြည်သူတွေကြားမှာ စိတ်ကူးယဉ် သူရဲကောင်း တစ်ယောက် အကြောင်းဟာ စတင် ပျံ့နှံ့လာပါတယ်။သူက ဗလရောင်။
ဗလရောင်ဟာ မြေသျှိုးလို့ မိုးပျံနိုင်သတဲ့ ညဘက်တွေမှာဆို တိမ်ကြားကနေ ရွှေရောင် တောက်ပနေတဲ့ ကြိုးတချောင်းကို တွဲလျားချကာ ပြည်သူတွေ အလိုရှိတာ ကို ဖြည့်ပေးပါသတဲ့။ ဗလရောင်ဟာ အဒြိကာဒေဝီ ရဲ့ ချစ်သူဖြစ်ပြီး ဒုတိယသားတော် နဲ့သူ့ရဲ့ မကောင်းဆိုးဝါး တပ်တွေကို ဝင်ရောက်တိုက်ခိုက်ပေးပါသတဲ့။
တကယ်က ဗလရောင် နဲ့ ပတ်သက်ပြီး ကြားသာကြားကြလို့ ယုံနေကြပေမဲ့ ဒီသတင်းဟာ ဘယ်ကလာတယ် ဆိုတာ ဘယ်သူမှ မသိကြပါဘူး။
စစ်ပွဲတွေ တအုန်း အုန်း ဖြစ်နေချိန်မှာ ဇေယျသူမင်းသားဟာ ဒုတိယသားတော်ဘက်ကို ထောက်ခံခဲ့ပြီး တတိယသားတော်ကို ချောင်ပိတ်တိုက်ပါတယ်။ အောက်က ကင်းတပ် အပေါ်က စော်ဘွားတပ် ပေါင်းတိုက်ခံရတဲ့ တတိယသားတော်ဟာ ကြာကြာ မခုခံနိုင်တော့ဘဲ အောက်လမ်းဆရာမ တစ်ယောက်နဲ့ ဆက်သွယ်ကာ
ရုကိဒေဝ
ခေါ် မာရ်နတ် တစ်ကောင် ဆီ က အကူအညီ တောင်းခဲ့ပါတယ်။ ရုကိဒေဝ ဟာ အကအခုန် နှစ်ခြိုက်သူဖြစ်ပြီး သူဟာ ခန္ဓာကိုယ်အတိအကျ မရှိတာကြောင့် လူသားတွေရဲ့ ပျက်စီးနာမ်ဓာတ်တွေကို ဌားယူပြီးသုံးရပါတယ်။
လူတစ်ယောက်ဟာ သေပြီး စွဲလမ်းစိတ်တစ်ခုကြောင့် သေသွားရင် အဲ့ စွဲလမ်းစိတ်ဟာ နောက်ထပ် နာမ်တစ်ခု ထပ်ဖြစ်သွားပါတယ်။အဲဒါကို ဖာရစီ လို ဟမ်ဇဒ် လို့ ခေါ်ပါတယ်။ လူတွေရဲ့ ကောင်းတဲ့စိတ်ဟာ အလင်းဘက်ကို ရောက်ပြီး စွဲလမ်းစိတ် ယုတ်ညံ့စိတ်တွေဟာ အမှောင်ဘက်အခြမ်းမှာ သူ့ဟာသူ ခန္ဓာတစ်ခု အဖြစ် ဖန်တီးယူပါတယ်။ ရုကိဒေဝ ဟာ လူ့လောက နဲ့ ဆက်သွယ်ဖို့ ပျက်စီးလေလွင့်နေတဲ့ ဟမ်ဇဒ်တွေကို ယူဖို့လိုပါတယ်။ အခု သူလိုချင်တဲ့ ဟမ်ဇဒ် ရဖို့ ကြိုးစားပေးဖို့ နဲ့ အဲလိုကြိုးစားနေချိန်မှာ တစ်ရွာလုံး အတီးအမှုတ် အက၊ အခုန်တွေ နဲ့ မရပ်မနား ကပြဖို့ ပါ စေခိုင်းပါတယ်။
အဲ့ဒီလပြည့်ည မှာ အတီးအမှုတ်အက အခုန်တွေ နဲ့ ပြည့်နေတဲ့အချိန်မှာ ဇေယျသူမင်းသားရဲ့ တပ်တွေဟာ ရွာရဲ့ သစ်သား တံတိုင်း ကို ဖောက်ပြီး ဝင်လာသလို ဒုတိယသားတော်ကလည်း စစ်ချီပြီ ဆင်းလာပါတယ်။ စစ်ရှုံးပြီလို့ ထင်မှတ်နေတဲ့ တတိယသားတော်ဟာ ဗုံတွေကို ရိုက်ခွဲ ဆိုင်းတွေကို ဖျက်ဆီးပြီး အောက်လမ်းဆရာမ ကို သတ်ကာ ရုကိဒေဝကိုပါ ကျိန်ဆဲရင်း ထွက်တိုက်ရာ အံ့ဩစရာ ကောင်းအောင် သူ နိုင်သွားပါတယ်။ သူ့ အစ်ကို ဒုတိယသားတော်ဟာလည်း တိုက်ပွဲမှာ သေဆုံးတဲ့အပြင် ဇေယျသူမင်းသားဟာလည်း ထွက်ပြေးသွားရပါတယ်။
အဲဒီအချိန်ကျမှ ရုကိဒေဝဟာ တတိယသားတော်ကို
“ငါဟာ မင်းကို နိုင်အောင် လုပ်ပေးမယ်လို့ ပြောထားပါလျက် မင်းဟာ စစ်တောင် မတိုက်ရသေးဘဲ ငါ့ကို စော်ကားခဲ့တယ်။ ဒါကြောင့် မင်းတို့ တစ်မျိုးလုံးဟာ အမြဲတမ်း ကချေသည် သဘင်သည် မျိုးရိုးမှာပဲ ရှိနေပြီး ငါ့ကို အမြဲခစားနေရမယ်။ မင်းတို့သေတဲ့ အခါကျရင်လည်း ဘုရားတရားမလုပ်နိုင်ဘဲ ကရင်းခုန်ရင်း သေကြရမယ်”လို့
ကျိန်စာတိုက်လိုက်တယ်။ တတိယသားတော် ဟာ အကြောက်ကြီးကြောက်ပြီး ကျိန်စာ ကို ဘယ်လို ပယ်ဖျက်ရမလဲ လို့ မေးတဲ့အခါ ရုကိဒေဝက သူ့အတွက် သေပြီးမှ လူပေါင်း၃၀ကို သတ်ဖြတ်ထားတဲ့ ရန်ညှိုးကြီးတဲ့ ဟမ်ဇဒ် တစ်ကောင် ရအောင် ရှာပေးရမယ် ။
လို့ပြောခဲ့ပါတယ်။ဒီအခါ တတိယသားတော်ဟာ အဲ့လို ဟမ်ဇဒ် ကို လိုက်ရှာပေမဲ့ လုံးဝ မတွေ့ဘဲ ဟမ်ဇဒ်ကို ရှာမတွေ့ရင် လုပ်ယူလိုက်ဖို့တွေးကာ အဒြိကာဒေဝီကို ဗလရောင် က တွေ့ချင်နေကြောင်း လှည့်စားပြီး နန်းတော် အပြင်ကို ခေါ်ထုတ်စေပါတယ်။ အဲဒီနောက် သူ့ကို အုပ်စုဖွဲ့ မုဒိန်းကျင့်စေပါတယ်။ အဒြိကာဟာ ငယ်ငယ်က သူ့အရှေ့တင် လူတွေ သေထားတဲ့ ဒဏ်၊ သူရဲ့ ပထမလင် သေဆုံးတာကို တွေ့ရတဲ့ဒဏ်၊တတိယမင်းသားက နေ့စဉ့် မြေအောက်ထပ်ထဲ ပိတ်ပြီး ရိုက်နှက်တဲ့ ဒဏ်တွေကြောင့် စိတ်ဝေဒနာကို ခံစားနေရတာပါ။
ဗလရောင် ဆိုတာ သူ့စိတ်ကူးထဲက ဖန်တီးထားတဲ့ ဇာတ်ကောင် တစ်ကောင်သာ ဖြစ်ပါတယ်။သူက သူ့ရဲ့ အထိန်းတော်တွေကို ဒီဇာတ်လမ်းတွေကို ပြောပြမိရာက ပြည်သူတွေကြားမှာ တကယ်ရှိတယ်လို့ ထင်လာကြတာပါ။
အခုလည်း ရန်သူတွေကြားမှာ ဗလရောင် သူ့ကို ထားရစ်ခဲ့တယ် အထင်နဲ့ စိတ်တွေ ခြောက်ခြားပြီး သူ့ကိုယ်သူ သတ်သေကာ ဗလရောင်ကို သတ်ပြီးမှ သူ့ရဲ့ ရန်ငြှိုးတွေ ကြေမယ်လို့ ကျိန်စာတိုက်ခဲ့ပါတယ်။
စစ်ပွဲတစ်ရာစစ်ကြီးဟာ တဖြည်းဖြည်း နှစ်တွေကြာလာပြီး ဇေယျသူမင်းသားလည်း အသတ်ခံရပြီး သေဆုံးပါတယ်။ နောက်ဆုံးကင်းတပ်ရော ရွာလေးရွာက ဖွတ်ဖွတ်ညက်ညက် ကြေသွားပြီး တိုက်စရာ စစ်သား မရှိတော့မှ တတိယသားတော်ဟာ နန်းကြာစော်ဘွားထံ လက်နက် ချခဲ့ပါတယ်။ဒါပေမဲ့ သူ့အနေနဲ့ ရုကိဒေဝကို ကတိမတည်နိုင်ခဲ့ပါဘူး
တတိယသားတော်ဟာ သေခါနီးလေ သီချင်းဆိုလေ ရယ်လေ ကလေ ဖြစ်ပြီး တငိုငို တရယ် ရယ်နဲ့ နောက်ဆုံးမှာ သေတာတောင် ကရင်း သေသွားရပါတယ်။
နန်းကြာစော်ဘွား စပ်နောင်ရှင် ကတော့ ရွာကြီးလေရွာ နဲ့ အဝေးကင်းတပ်ကိုပါ စုစည်းပြီး
နန်းအေးမြို့ကြီးကို စတင်ထည်ထောင်ခဲ့တာပါပဲ။
အောင်ရဲကျော်က သူ့စကားအဆုံးမှာ မှာထားတဲ့ ကိုကာကိုလာဗူးကို မော့သောက်လိုက်ပါတယ်။ ကျနော်တို့အားလုံးက တော့ ဒီကောင့်ကိုကြည့်ရင်း ဘာမှ နားမလည်နိုင် ဖြစ်နေပါတယ်။
“နေစမ်းပါဦး ကိုအောင်ရဲကျော် ကျွန်မ မသိလို့ မေးပါရစေဦး ဂျွန်ဝင်းမောင် ရဲ့ ပြဇာတ် ကျိန်စာသင့်တာနဲ့ အဒြိကာက ဗလရောင် နေရာမှာ သရုပ်ဆောင်တဲ့ လူတွေ လိုက်သတ်တာက ဘာဆိုင်လို့လဲ”
“အေး အဲ့ဒါတော့ ကျနော်လည်းမသိဘူး”
“ဟာ မသိတာကိုကွာ မင်းကလည်း စံဖဲ နဲ့တွေ့တော့ သေချာ မေးလိုက်တာမဟုတ်ဘူး။ အခု ငါတို့က ဘာသွားလုပ်ရမှာလဲ”
“ရှင်းရှင်းလေးပါ”
ဝင်းမင်းဦးက ပြောလိုက်တယ်။ကျနော် ဝင်းမင်းဦးကို ကြည့်ရင်း လက်ထဲမှာ ရေသံဗူးအလွတ် တစ်ခုကိုင်ထားတယ်။ ဒီကောင် ဒီလို အခြေအနေမျိုးမှာမှ ဟာသ ထလုပ်ရင် ဆော်မလို့
“သူက ဗလရောင် ကို မသတ်မရမချင်း သရဲဘဝ က မကျွတ်ဘူးမလား”
“အေးလေ”
“ငါတို့ သိတယ်လေကွာ”
“ဗလရောင်က အပြင်မှာ တကယ် မရှိဘူး။ ဒါကြောင့် သူက ဗလရောင် ကို သတ်ဖို့ ရှာတယ်။ ဗလရောင်ကို မတွေ့ဘူး။ ဘာလို့ဆို ဗလရောင်က အပြင်မှာ တကယ်မရှိလို့”
“ခွပ်”
ဝင်းမင်းဦး ရေသံဗူးနဲ့ အချခံလိုက်ရတယ်။ ကျနော် ချတာ မဟုတ်ဘူး။ ချလိုက်တဲ့လူက ဟို မချောလေး ဆန်ဒီ
“အဲဒါ နင်ပြောမှာလား အကုန်သိတယ်လေ။ ဝံပုလွေကောင်ရဲ့”
“ဟာ နင်ကလည်း ငါပြောတာ ဆုံးအောင်နားထောင်ပါဟ။ ဗလရောင်က တကယ်မရှိဘူး။ သရဲမကလည်း ရန်ငြှိုးစိတ် ကလွဲပြီး ဘာမှ မတွေးတတ်ဘူးဆိုမှတော့ ပြဇာတ်ကတဲ့အခါ ဗလရောင်အဖြစ် ကပြရတဲ့ မင်းသားတွေကို ဗလရောင် အစစ်လို့ သူထင်ပြီး လိုက်သတ်နေတာ ပေါ့ဟ ရှင်းရှင်းလေး”
“ဟာ”
ကျနော် ဝင်းမင်းဦးကို တကယ်ချီးကျူးမိသွားတယ်။ကျနော်တို့ အကုန်လုံး ဒါကို တကယ် မတွေးမိခဲ့ဘူးဗျ။ ဒီကောင် တကယ်တော်တယ်။ ကျနော်တို့ လက်ခုပ်တွေပါ ထတီးမိသွားတယ်။
“တော်တယ် မောင်လေးရယ်”
“အဲ့လို ဉာဏ်တွေ သင်္ချာတွက်တဲ့အချိန်ကျ မင်းဦးနှောက်ထဲက ထွက်လာရမှာကွာ”
“အဲတော့ အစ်မ တို့လုပ်ရမှာက ဒီပြဇာတ်ကို မကဖြစ်အောင် တားဖို့”
“မကဖြစ်အောင်တားလည်း ရမှာ မဟုတ်ဘူး။ နောက်ပြီး ငါတို့သွားပြောလို့လဲ လက်ခံမှာမဟုတ်ဘူး”
နန်းအိမ့်ခမ်းက ပြောတယ်။
“ဒါနဲ့ ဆန်ဒီ နင်တို့ပြဇာတ် မှာ ဗလရောင် အဖြစ်ကပြရမဲ့လူက “
“နိုင်ထွန်းအောင်လေ”
“ဟာ နိုင်ထွန်းလား တကယ်နိုင်ထွန်းလား။ တီချယ် တီချယ် အဲ့ကောင်က အဲဒါတွေ အယုံအကြည်ရှိတာ မဟုတ်ဘူး။ ဇွတ်တရွတ် လုပ်မဲ့ အကောင် ဘယ်လို လုပ်ကြမလဲ”
“ပြဇာတ်ကို ကခိုင်းလိုက်ပါ”
ဆန်းဝင်းနိုင် က ဝင်ပြောတယ်။
“ဒါပေမဲ့ နိုင်ထွန်းအောင် သေသွားနိုင်တယ်လေ”
“မသေစေ ရပါဘူး တကယ်က ဒီကိစ္စမှာ လက်မဲကြီးတွေရှိနေတယ်။ သူတို့က ဒီ ကိစ္စကြီး မဖြစ်ဖြစ်အောင်လုပ်မှာ ကျိန်စာနွယ်တွေပေါ့”
“ကျိန်စာနွယ်တွေဆိုတာ “
“ကျနော့်ကို မမေးပါနဲ့ ဒီကိစ္စတွေ ဘယ်သူမှ မယုံတဲ့အချိန်မှာ ကျနော် အစ်မ ကို ယုံပေးခဲ့တယ်လေ အခု ကျနော့်ကို အစ်မရော မင်းတို့ရော ယုံပေးကြပါ။ အဲဒီနေ့မှာ နိုင်ထွန်းအောင် လုံးဝ မသေစေရပါဘူး စိတ်ချပါ”
ဆန်းဝင်းနိုင်က အဲ့လိုပြောပြီး ကောင်းကင်ကြီးကို သူ့ရဲ့ မျက်လုံးလိမ္မော်ရောင်တွေ နဲ့ ငေးကြည့်နေတယ်။သူက အရင်ကလည်း အေးဆေးသမား အခုလည်း အေးဆေးသမားပဲ သူ့ကိုယ်သူ အန္တရာယ် အဖြစ်ခံပြီး လုပ်မယ် ဆိုရင်တော့ ကျနော် တားမှာပါ။ ဒါပေမဲ့ ဆန်းဝင်းနိုင်က ကျနော်တို့ကို ယုံကြည်မှု တောင်းသွားတယ်။ ယုံကြည်မှုတဲ့ အဲ့ဒါ ဘယ်လောက် စွမ်းအားကြီး လိုက်သလဲနော်။
ဆက်ရန်
******