အခန်း (၃၃)
Vol. 1 Ch. 33
ဒီနေ့ ကျနော် တို့ နန်းအေးမြို့မကျောင်းလေးရဲ့ မူလတန်း အဆင့် ပြဇာတ်ပြိုင်ပွဲပေါ့။ ပြဇာတ်ကတော့ ဝင်းမင်းဦးရေးသားတဲ့ ကောက်ညှင်းပေါင်းကြိုက်တဲ့ ကြောင်ကြီး ပြဇာတ်ပေါ့ ။
ကျနော်တို့ ကြိုးစားထားတဲ့ ပြဇာတ်လေးက လူကြိုက်များပါတယ်။ကလေးတွေလည်း ဆုငွေတွေ အများကြီး ရခဲ့ပါတယ်။ ဆရာ ဆရာမ တွေကလည်း ပြဇာတ်ရေးဆရာကြီး ဝင်းမင်းဦးကို လက်ဆွဲ နှုတ်ဆက်ပြီး ချီးကျူးကြပါတယ်။
ဆရာဦးမင်းရောင်ဆို မျက်ရည်တွေဝဲပြီး ကျနော့်နားလာကပ်ပြီး
“ငါဂုဏ်ယူတယ်ကွာ။ ဒီကောင့်အတွက် ငါ့တပည့် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်ပေမဲ့ ဒါက ဒီကောင့်အတွက် မှတ်ကျောက် ဖြစ်သွားပြီ။ ဟမ် ဒီကောင့်ဘေးက ကောင်မလေးက”
ဆရာဦးမင်းရောင်က နေ့ချင်းညချင်း ကောင်မလေးရော အောင်မြင်မှုတွေရော ဆွတ်ခူးသွားတဲ့ သူ့တပည့်ကို မယုံမကြည်နိုင် ဖြစ်နေတယ်။
ဝင်းမင်းဦးဘေးမှာ ချိတ်ထဘီ ဝမ်းဆက်လေးနဲ့ လှနေတာက ဆန်ဒီလေ ။ ဆန်ဒီက ဝင်းမင်းဦးကို တကယ်ချစ်ရှာတာဗျ။ မျက်လုံးက သူဆီကကို မခွာဘူး။ ဝင်းမင်းဦးက အခု အခါမှာတော့ သူ့ဆံပင်ကို ယင်ကောင် ချော်လဲ အောင်ကို ဆီတွေရွှဲနေအောင် လိမ်းထားတယ်။ နောက် ဆန်ဒီလက်ကလေးကို ချိတ်ပြီး မျက်နှာကြီးတွေ သုန်မှုန်နေတဲ့ ဝေလင်းဖြိုးတို့တသိုက်ရှေ့ မှာ ဖြတ်လျှောက်ပြနေသေးတယ်။
“ချစ် လာ သွားကြစို့”
“ဟုတ်ကဲ့ပါ မောင်ရေ”
“ကျက်သရေတုံးလိုက်တာကွာ ငါ့လခွမ်း”
ဝေလင်းဖြိုးက မကျေမချမ်း ရေရွတ်လိုက်တယ်။
“အေးကွာ ဒါပေမဲ့ ငါတို့ကောင်ကြီး စွံသွားတဲ့အတွက် တကယ်ဂုဏ်ယူပါတယ်ကွာ “
ကျွဲကြီးကတော့ အားလုံးအတွက် ဂုဏ်ယူပေးနေပါတယ်။ အခုဆို သူ့မှာ ဘာပြောစရာမှ မရှိဘူး။
“တစ်ခါတလေ ငါက လောကမှ ငါ့ကိုငါ မိန်းကရိုက်တာ လို့ ထင်တာကွ။ အခု ငါက ဇာတ်ပို့ဖြစ်နေတယ်လို့ ခံစားလာရတယ်။ အခုက ပေါကားထဲက ဇော်ဇော်အောင် ကမှ ငါ့ထက် လုပ်ကွက်ရှိဦးမယ်။ ငါ့ကိုယ်ငါ အောင်ရဲလင်း သူငယ်ချင်း လုပ်ရတဲ့ကောင်တွေလို့ ခံစားလာရတယ်ဟ။ ဒီကောင် စော်ရသွားတော့ ဘာပဲဖြစ်ဖြစ် ငါတို့ သူငယ်ချင်းတွေ စော်မရှိတဲ့ အဖွဲ့ အမြဲတမ်း တူတူ မခွဲ ခွဲ”
“ဟျောင့် မင်းတစ်ယောက်ထဲ စော်မရှိတာ ငါတို့ရှိတယ်”
“အေးငါရောပဲ မမကြီး ရှိတယ်”
“ချစ်ပု မင်းကလည်း စော်ရှိတယ်ပေါ့”
“အေးဟုတ်တယ် မင်း တစ်ယောက်ထဲမရှိတာ။ အရူးနှစ်ကောင်ထဲမှ ဝင်းမင်းရူးကတော့ အရူးမဟုတ်တော့ဘူး။ မင်းကတော့ ဝေလင်းရူးက မတက်သေးဘူး။ ဆက်သာ ရူးလိုက် ပါတော့ကွာ ဟား ဟား ဟား”
ကျနော် ဝေလင်းဖြိုးတို့ အုပ်စုကို ကြည့်ရင်း တကယ်ကြည်နူးရပါတယ်။ ကျနော့်သူငယ်ချင်းတွေ ဒီလို ချစ်ချစ်ခင်ခင် အေးအေးဆေးဆေး ဖြစ်သွားတာကို ကြည့်ရတာ။
ကျနော် ပရိသတ်တွေထဲကို ငေးကြည့်မိတယ်။ အစ်မထွေးထွေးကို ရိပ်ခနဲ မြင်မိလိုက်တယ်။သူက ကျနော့်ကို တွေ့တော့ လှစ်ခနဲ ပြန်ထွက်သွားတယ်။
ပြဇာတ်ပြိုင်ပွဲပြီးပြီမို့ လူတွေကလည်း တဖွဲဖွဲ ပြန်သွားနေကြတဲ့အချိန်ပေါ့။ ကျနော် မထွေးထွေးလက်ကို လှမ်းဆွဲလိုက်တယ်။
“အစ်မ ကျနော့်ကို စိတ်ဆိုးနေတာလား”
“အို အစ်မက မင်းကို ဘာလို့ စိတ်ဆိုးရမလဲ”
“ဒါဆို ကျနော့်ကို ဘာလို့ ရှောင်နေတာလဲ”
အစ်မထွေးထွေးက ဒီနေ့ မြန်မာဝတ်စုံ ဝမ်းဆက်လေးဝတ်ထားပြီး သနပ်ခါးလေး ခပ်ပါးပါး လိမ်းထားတယ်။ တကယ့်ချစ်စရာလေး
“တကယ်က အဲ့နေ့က မင်း ဖူးယောင် နေတာကို အစ်မ တကယ်မကြည့်ရက်လို့ပါ”
“ဘာလို့ မကြည့်ရက်တာလဲဗျာ။ ကျနော့်ကိုဖြေပါ ကျနော်ထင်တယ် အစ်မနဲ့ ကျနော့်ကြားမှာ ပြောစရာမလို တဲ့ စကားတွေရှိနေတယ်မလား”
“ဒါပေါ့ မောင်လေး နောက်ကျောမှာ ညှင်းပေါက်နေတာ အစ်မသိပါတယ် “
“ဟာဗျာ အစ်မကလည်း”
မထွေးထွေးက တခစ်ခစ် ရယ်တယ်ဗျ။တကယ့်အပြစ်ကင်းစင်တဲ့ ကလေးလေး အတိုင်းပဲ။
“ကျနော် ဘန်းယဉ် ကို မပြန်တော့ဘူး ကျနော် ဒီကျောင်းမှာ ပဲ စာမေးပွဲ ဆက်ဖြေမယ်”
“တကယ်”
“တကယ်ပေါ့ နန်းအေးမြို့မရဲ့ ဂုဏ်ထူးဆောင် ကျောင်းသားကြီး ဖြစ်အောင် လုပ်မယ် အမျိုးတွေကို ဖားဖို့”
“ဘယ်ကအမျိုးတွေလည်း”
“ကျနော့်အနာဂတ်ဇနီးလောင်းလေးရဲ့ အမျိုး ဒေါ်မြပုလဲသွယ်ကြီးကို ဖားဖို့ ပေါ့ဗျ”
ကျနော်ပြောလိုက်တော့ သူ့မျက်နှာလေး ရဲသွားတယ်။
“အစ်မသိပါတယ် ကျနော် အစ်မကို ချစ်တယ်ဆိုတာ ကျနော့်ကို အဖြေပေးမလား”
“အစ်မ ကလေ တကယ်တော့ မောင်လေးကို အရင်ကတည်းက သံယောဇဉ် ရှိခဲ့တာပဲ အဲဒါအမှန်ပါ မောင်လေး လိုချင်တဲ့ အဖြေကို ပေးမှာပါ။ ဒါပေမဲ့ ခဏတော့စောင့်ပါ။ ခဏပါပဲ”
ကျနော် သူ့လက်ကလေးကို ဆုပ်ကိုင်မိတယ်။လက်ဖျားလေးတွေဟာ အေးစက် နေတာပဲ။ သူ့လက်အေးအေးတွေကို ကျနော့်ရဲ့ နွေးထွေးတဲ့ လက်လေးနဲ့ ပြန်နွှေးပေးနေမိတာ ဘယ်အချိန်ထိ မှန်းကို မမှတ်မိခဲ့ပါဘူး။
မတ်လ ၂၁ ရက်
နန်းအေးမြို့မ ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးစတင်ပါပြီ။ထုံးစံအတိုင်း ကျောင်းငါးကျောင်းက ပြိုင်ဆိုင်နေကြပြီ။ ပြဇာတ်တွေဟာ တစ်ယောက်တမျိုး နဲ့ အသစ်ဆန်းနိုင်ဆုံး ဆန်းထားတာကြောင့် ဝေဖန်သံတွေရော ချီးကျူးသံတွေရော ဆူနေတာပဲ။
အထူးသဖြင့် Zaw International school ရဲ့ ညီအစ်ကိုတော် ပြဇာတ် နဲ့ ကုမ္မာရီ ရဲ့ Great Dictator က အချီးကျူးခံရဆုံးပြဇာတ်တွေပဲ။facebook မှာလည်း parody video တွေထွက်လာတာ သောက်သောက်လဲ။ တနိုင်ငံလုံးကလည်း နောက်ဆုံး ကပြကြမဲ့ YIS နဲ့ နန်းအေးမြို့မ ပူးတွဲ ကပြရတဲ့ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာကို စောင့်မျှော်နေကြတယ်။ online ပေါ်မှာလည်း အချစ်တစ်ပွဲ စစ်ပွဲတစ်ရာရဲ့ သမိုင်းမကောင်းခဲ့ပုံ နဲ့ အန္တရာယ် ကြီးတဲ့ ပြဇာတ်ဖြစ်တယ် ဆိုတဲ့ အကြောင်းတွေဟာ ပြန့်နေပါတယ်။
ဦးဧရာထွန်း ကလည်း ဒါကိုပဲ ဂုဏ်ယူလို့မဆုံး ဖြစ်နေရှာတယ်။ ဒီရက်ပိုင်းတွေမှာ ဆန်းဝင်းနိုင် ဘယ်ရောက်နေမှန်း မသိရပါဘူး။ သူ မနက်မှာပျောက်နေပြီး ညမှ ပေါ်ပေါ်လာတယ်။ မြို့ထဲမှာဂေါ်လီလို ပတ်နေတဲ့ တင်နိုင်စိုး ကတော့
ဆန်းဝင်းနိုင်က မြို့နယ် ပညာရေးမှူးရုံးထဲ ဝင်နေတာကွ။ ပြီးတော့ ငါ့ဆီကလည်း ဦးဇော်မွန်ရဲ့ ဖုန်းနံပါတ် သိလာဆိုပြီး တောင်းနေတာ။
ကားလိပ်တင်
စာရေးသူ ဂျွန်ဝင်းမောင်
ဇာတ်ညွှန်း ဆိုဖီယာထွဋ်ခေါင်
အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ
ပြဇာတ်စတာနဲ့ ပရိသတ်ဟာ ပြဇာတ်ကို မျက်စိ ကနေမခွာနိုင်ကြပါဘူး။ အားလုံးဟာပြဇာတ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်ခန်းတွေကို ချီးကျူးနေကြတယ်။ ဗလရောင်နေရာက သရုပ်ဆောင်တဲ့ နိုင်ထွန်းအောင် ပေါ်လာတဲ့ အချိန်ဆို အားလုံး ဝက်ဝက်ကွဲ အော်ဟစ်အားပေးကြတယ်။
ဦးဧရာထွန်းက ပိုက်ဆံကောင်းကောင်း သုံးထားတာမို့ စစ်တိုက်ခန်းတွေမှာလေ လူတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ တကယ့် ခမ်းခမ်းနားနားပြဇာတ်ကြီးလိုပါပဲ။
ပွဲခင်းထဲက ချစ်နန္ဒာရွှေ ခေါင်းဆောင်တဲ့ ကျောင်းသားတသိုက်ကတော့ ရင်တထိတ်ထိတ်နဲ့ ချစ်နန္ဒာရွှေ အဖို့လည်း တစ်ခါက မန္တလေး အနောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ သွေးပျက်ဖွယ်ညကို ပြန်လည် သတိရနေမိတယ်။ အဆင်ပြေမှာပါ
“ကိုယ့်လူတို့ ဆန်းဝင်းနိုင် ဘယ်ပျောက်နေတာလဲ”
ဝင်းမင်းဦး က မေးလိုက်တယ်။
“အေး သူ မလာလို့တောင် သူ့နေရာမှာ လူတစ်ယောက် အစားထိုးထားရတာတဲ့”
စိုင်းရွက်ဟိန်းက ပြန်ဖြေတယ်။ နန်းအိမ့်ခမ်း ကတော့ သူချစ်ရတဲ့ နိုင်ထွန်းအောင် အတွက် စိတ်လှုပ်ရှားနေရလို့ မျက်ရည်တွေပါ ကျနေတယ်။
“သူ လာပါ့မလား တီချယ် သမီးစင်ပေါ် တက်ပြီး ပွဲပျက်အောင် ဖျက်လိုက်ရမလား”
“မရဘူး နန်းအိမ့် ဒီလို အခြေအနေမှာ အဲ့လိုလုပ်လည်း သူက မရ ရအောင် လိုက်သတ်မှာပဲ”
ချစ်နန္ဒာရွှေက သူ့ရဲ့ မလှမ်းမကမ်းမှာ မြင်နေရတဲ့ အနီရောင် ခေါင်းမြီးခြုံအမျိုးသမီးကို ကြည့်ရင်းပြောလိုက်တယ်။ ဒါကို သူမ တစ်ယောက်ထဲ မြင်ရတာကိုး။
အဲ့ဒီ မိန်းမက ခန္ဓာကိုယ်တစ်ခုလုံး နီရဲ နေတဲ့ အဝတ်တွေ ခြုံထားတယ်။သူ့ကို သူမ နဲ့ ဇာတ်စင်ပေါ်မှာ ကနေတဲ့ နိုင်ထွန်းအောင်ကလွဲလို့ ဘယ်သူမှ မမြင်နိုင်ဘူးဆိုတာ ချစ်နန္ဒာရွှေ သိနေပါတယ်။
နိုင်ထွန်းအောင်ရဲ့ မျက်လုံးတွေက ပွဲခင်းထဲကို မသိမသာ ရောက် ရောက် နေတယ်။ဒါ သူ့ရဲ့ အဖေ ကိုသစ္စာ ဖြစ်ခဲ့ အတိုင်း အတိအကျပဲကိုး။
စစ်တိုက်တဲ့ အခန်းပြီးလို့ ကားလိပ်ချလိုက်တဲ့အချိန် ရောက်တော့ ချစ်နန္ဒာရွှေ လက်တွေ ခြေတွေတုန်လာတယ်။စိုင်းရွက်ဟိန်း နဲ့ ဝင်းမင်းဦး ကလည်း ဇာတ်စင် နဲ့ အနီးဆုံးနေရာထိ သွားပြီး နေရာယူထားတယ်။ တစ်ခုခု ဖြစ်ရင် စင်ပေါ်ကို ပြေးတက်ပြီး နိုင်ထွန်းအောင် ကို ဆွဲထုတ်ရမယ်။
“ဗိန် ထီ ထီ”
ဆိုင်းသံ နဲ့အတူ ကားလိပ်ကြီး ပြန်ပွင့်လာတယ်။ဒါ ဂျွန်ဝင်းမောင် ရေးသား တဲ့ ပြဇာတ်ကြီးရဲ့ နောက်ဆုံးအခန်း နန်းအေးမြို့တော် ဖြစ်ပေါ်လာခန်း။
ကားလိပ်ပွင့်တာနဲ့ ဗလရောင် နိုင်ထွန်းအောင်ဟာ စိတ်ပျက်လက်ပျက် အမူအရာ နဲ့ ဇာတ်စင်ပေါ်တက်လာတယ်။ စပ်နောင်ရှင်နေရာက သရုပ်ဆောင်တဲ့ ချစ်စမ်းအောင် က အနောက်က ပါလာတယ်။
“ညီတော် ဗလရောင် ညီတော်ဟာ အစ်ကို့ရဲ့ဘက်မှာ ရပ်တည်ပြီး မကောင်းမှု့ ဒုစရိုက်သားများ ကို စွမ်းစွမ်းတမံ တိုက်ခိုက်ပေးခဲ့တယ်။ အစ်ကို ထံက ငါ့ညီ ဘာလိုချင်လဲ တောင်းစေ “
“ကျနော့်အနေနဲ့ ဘာမှ မတောင်းဆိုချင်ပါ အစ်ကိုတော် စပ်နောင်ရှင် ဘုရား ကျနော် သည် ကျနော့်၏ ဇနီးသည် အဒြိကာဒေဝီကိုသာ ပြန်လိုချင်ပါသည်။ ရွှေစင်ကဲ့သို့ မြင့်မြတ်သော အဒြိကာ သူမ နဲ့ မည်သည့် စည်းစိမ်ကိုမှ ကျနော် မလဲလိုပါ။ အဒြိကာသည် ကျနော့်အတွက် တွယ်ငြိရာ ဖြစ်ပါတယ်။ စပ်နောင်ရှင် အစ်ကိုတော် သူမဟာ ပင့်ကူအိမ် လိုပဲ ပင့်ကူအိမ်ဟာ ခြင်ယင် များကို ဘယ်လိုမှ ပေးမထွက်နိုင်အောင် ဖမ်းဆီးထားဘိသလို သူမရဲ့ အထိ အတွေ့များက ကျနော်မျိုးကို ပြေးမထွက်နိုင်အောင် ပြုစားထားပါတယ်”
စပ်နောင်ရှင် ချစ်စမ်းအောင်က ခေါင်းကို လေးလေးကြီး ခါရင်း
“အချစ်ကြီးလှပေသည် ညီတော်။ သို့သော် ငါ့ညီတော် အနေနဲ့ အတိတ် ကို အလွန်အမင်း စွဲလမ်းပြီး ဘဝ တက်လမ်းကို ပျောက်နေစေသဟာ အဟမ်း အဟမ်း အဟမ်း”
ချစ်စမ်းအောင်က ချောင်းဟန့်ပြီး နိုင်ထွန်းအောင်ကို အသိပေးနေတယ်။ နိုင်ထွန်းအောင်က ဇာတ်စင်ပေါ်မှာ တောင့်တောင့်ကြီး ဘာစကားမှ မပြောဘဲ ရပ်နေတယ်။
“အဲဒါဖြစ်နေပြီ သူ နိုင်ထွန်းအောင် ရဲ့ ခန္ဓာကိုယ်ပေါ်မှာ”
ချစ်နန္ဒာရွှေက ပြောလိုက်တယ်။ နန်းအိမ့်ခမ်းက ချစ်နန္ဒာရွှေ့ ထံ က နေ ဇွတ်ရုန်းကာ ဇာတ်စင်ရှိရာဆီပြေးသွားတယ်။
“ဘုရားကယ်တော့မူပါ”
နိုင်ထွန်းအောင်က သူ့ခန္ဓာကိုယ်ကို ခေါင်းညွှတ်ပြီး ကြမ်းပြင်ကို ကြည့်နေတယ်။
အဓိပ္ပာယ်က လက်ထဲမှာ ဓားမရှိတော့လို့ ဇက်ကျိုးအောင် လုပ်ပြီး သတ်မယ် ဆိုတဲ့ အဓိပ္ပာယ်
“ဝင်းမင်းဦးရေ ဝမ်း တူး သရီး ဖမ်း”
ဝင်းမင်းဦး နဲ့ စိုင်းရွက်ဟိန်းက လှမ်းဖမ်းဖို့လုပ်လိုက်ရင်း စင်ပေါ်ကို ခုန်တက်လိုက်တယ်။
“ဟာ ဘာတွေဖြစ်တာလဲဟ”
ပရိသတ်တွေရော ဦးဧရာထွန်း ပါ နားမလည် နိုင်အောင် ဖြစ်နေတယ်။
“အက်ဒီကား မယ် ရဟား ဟူမ်း”
ရုတ်တရက် ဘယ်က ထွက်လာမှန်း မသိရတဲ့ အသံကြောင့် နိုင်ထွန်းအောင် အသံရှင်ကို လိုက်ရှာနေတယ်။ ဝင်းမင်းဦး နဲ့ စိုင်းရွက်ဟိန်း လည်း အသံလာရာ ကို ကြည့်လိုက်မိတယ်။
“ဆန်းဝင်းနိုင် မလုပ် နဲ့”
ဆန်းဝင်းနိုင်က ကဇာတ်ရုံ ရဲ့ မီးအလင်းရောင် ထိုးပေးရတဲ့ စင် ပေါ်ကနေ ကြိုး တချောင်း နဲ့ တွဲလျားချပြီး ဆင်းလာတယ်။
“ရေး အက်ဒီကား မယ် ဘဟ်လေးရောင် ဝ် ဟူးမ်”
ဆန်းဝင်းနိုင်က အင်္ကျီ အဖြူ ဝမ်းဆက် မျက်နှာ မှာလည်း နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး တွေ အပြည့် အတုတွေ တပ်ထားတာ ဖြစ်ပါတယ်။
ပရိသတ်တွေ ကြောင်သွားတယ်။ ချစ်နန္ဒာရွှေ ကတော့
“တော်တယ် မောင်လေး တော်တယ်”
“ဒီကောင့် သူ့ကိုယ်သူ စတေးနေတာပဲ”
“စောက်ရူး”
စိုင်းရွက်ဟိန်းက ပြောရင်း နိုင်ထွန်းအောင်ကို ဖက်ထားတယ်။
“ဆန်းဝင်းနိုင် ပြေးပြေး မင်းသေလိမ့်မယ်”
ဦးဧရာထွန်းက ဒေါသတကြီး နဲ့ ဆန်းဝင်းနိုင်ဆီ ကို လျှောက်သွားပြီး
“ဟေ့ကောင် မင်း ငါတို့ ကျောင်းရဲ့ပြဇာတ်ကို ဖျက်ဆီးတာလား”
ဒါပေမဲ့ ဆန်းဝင်းနိုင်က ဘာကိုမှ ဂရု မစိုက်ဘဲ
“ဩောင်းမေရာပရီရာ မယ် သွန်မဟာရာ ဟီး အင်တာဂျာ ကား ရဟာ ထား”
(လာခဲ့ပါ ငါ့အချစ်ရေ ငါမင်းကို စောင့်နေခဲ့တာ)
“အား”
နိုင်ထွန်းအောင်က အော်လိုက်တယ်။ အသံခပ်သြသြ ခပ်အက်အက်ကြီး ကျယ်လွန်းလို့ စိုင်းရွက်ဟိန်း နဲ့ ဝင်းမင်းဉီး နားရွက်ကို လက်နဲ့ ပိတ်ထားရတာ။
ထိုင်ခုံတွေကလည်း ဝုန်းခနဲ ဝုန်းခနဲ ထခုန်ပြီး လူတွေလည်း ကသုတ်ကရိုက် ထွက်ပြေးကြရတယ်။
“ပြေးဟေ့ ပြေးဟ”
“ပုဏ္ဏက တိုက်နေပြီ”
နိုင်ထွန်းအောင် လဲကျသွားပြီး ပိတ်ကား အနီကြီးဟာ လေမှာ တဖြတ်ဖြတ်လွင့်နေတယ်။ လေလည်း မတိုက်ဘဲ ဇာတ်ရုံထဲက အဝတ်တိုင်းက လေလွင့်နေတယ်။
အရိုးပြိုင်းပြိုင်းကျနေတဲ့ အသားရေ နဲ့ မျက်တွင်းဟောက်ပက် မိန်းမ တစ်ယောက်ဟာ ဆန်းဝင်းနိုင်ရဲ့ အမြင်အာရုံမှာ ပေါ်လာတယ်။
ထို့နောက် ထိုမိန်းမက ဆန်းဝင်းနိုင် နဲ့ တဖြည်းဖြည်း နီးလာပြီး ဆန်းဝင်းနိုင် ရဲ့ လည်ပင်းကို ညှစ်လိုက်ရင်း အပေါ်ကို မြှောက်ထားလိုက်တယ်။ နန်းအိမ့်ခမ်းက ချစ်နန္ဒာရွှေကို တစ်ချက် ရိုက်လိုက်ရင်း
“ဆရာမ ဘာလုပ်နေတာလဲ ဟိုမှာ သေတော့မယ်။ တစ်ခုခု လုပ်ပါဦး ”
“အက်ဒီကား ဒါက မင်းမဟုတ်ပါဘူး အဲဒီနေ့က။ ဗဟ်လေးရောင်ဝ်က မင်းဆီကို ရောက်လာပါတယ်။ ဒါပေမဲ့ မင်းဆီကို မရောက်ခင်မှာ သူ့ကို ဘုရင်ဆိုးတွေက သတ်ဖြတ်လိုက်ကြတာပါ။ ဗဟ်လေးရောင်ဟာ မင်းကို ဘယ်တော့မှ ချန်မထားသလို အမြဲလည်း ချစ်နေမှာပါ။ သူက မင်းကို အခုချိန်ထိ လိုက်ရှာနေတုန်းလေ။ ဒီကိစ္စကို လူတိုင်း အခုချိန်ထိ ပြောနေကြတုန်းလေ”
ချစ်နန္ဒာရွှေ ရဲ့ စကားကြောင့် အဒြိကာ ရပ်တန့်သွားတယ်။
“ဗလရောင်ဟာ အဲ့နေ့က အဒြိကာကို ခေါ်ပြီး ဟိုး အဝေးကိုထွက်သွားကြတယ်တဲ့။ အိန္ဒိယကိုပေါ့ မင်းမေ့နေတာလား။ အဒြိကာ မင်းနဲ့သူ ပါနီးပူရီတွေ လုပ်စားကြသေးတယ်လေ။ သူက တံငါသည်လေး ဖြစ်သွားတယ်။ သူ့အစွမ်းနဲ့ရေငုပ်ပြီး မင်း လည်တိုင်မှာ ပုလဲလုံးတွေ ဆွဲပေးခဲ့တယ်လေ။ မင်းတို့မှာ သားလေးတွေ ရှိခဲ့တယ်။ လသာတဲ့ညတွေမှာ သူက ဗုံလေးတီး မင်းက ကပြရင်း ပျော်ပျော်ပါးပါး နေခဲ့ကြတာပေါ့။ အခု မင်း ဘုရင်ဆိုးတစ်ယောက်ရဲ့ အိပ်မက်ဆိုးထဲမှာ ပိတ်မိနေတာ။ နိုးထ ပါတော့ နိုးပါတော့ အမှောင်ထဲကနေ အလင်းကို ထွက်ခဲ့ပါ အဒြိကာ..ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး”
ချစ်နန္ဒာရွှေက ပြောရင်း မျက်ရည်တွေ ကျလာပြီး ရှိုက်ကြီး တငင် ငိုပါတယ်။
“ကျေးဇူးပြုပြီး နိုးထပါတော့”
ဆန်းဝင်းနိုင်ကို ညှစ်ထားတဲ့ လက်တွေဟာ ပြေကျလာပြီး ဆန်းဝင်းနိုင်လည်း မြေပေါ်ကို ပြုတ်ကျလာတယ်။
အင်္ကျီအဖြူ ဝတ်ထားတဲ့ အိန္ဒိယသူ ကောင်မလေးတစ်ယောက်က သူ့ကို ငုံ့ကြည့်နေတယ်။သူမရဲ့ မျက်လုံးလေးက ခပ်ပြူးပြူး ဝိုင်းဝိုင်းလေး အသားလေးဟာ ညိုစိမ့်စိမ့်လေး သူမရဲ့မျက်ဝန်းတွေကတော့ မျက်ရည်တွေနဲ့ ဆံပင်ကောက်ကောက်လေးတွေဟာ မီးရောင်အောက်မှာ တဖြတ်ဖြတ် တောက်ပနေတယ်။
“ဘဟ်လေးရောင်ဝ် မင်းက ဘဟ်လေးရောင်ဝ် မှ မဟုတ်တာ”
သူမက နွေးထွေးစွာ ပြုံးပြရင်း တဖြည်းဖြည်း အရောင်မှိန်လာပြီး ပျောက်ကွယ်သွားပါတယ်။သူမရဲ့ခန္ဓာကိုယ် ပျောက်သွားတာနဲ့ ပတ်ဝန်းကျင်တခုလုံး လင်းခနဲ ဖြစ်သွားပါတယ်။
ကျိန်စာသင့်ပြဇာတ် နဲ့ သရဲမ အဒြိကာ ရဲ့ ပုံပြင်ဟာ ဒီမှာတင် နတ္ထိ တံ သွားပါပြီ။
ဆက်ရန်
******