ဇာတ်သိမ်းပိုင်း
Vol. 1 Ch. 34
ဆန်းဝင်းနိုင်၊ ဝင်းမင်းဦးနှင့် စိုင်းရွက်ဟိန်းတို့ နန်းအေးမြို့မကျောင်း အရှေ့ကို ရောက်လာကြတယ်။
နန်းအေးမြို့မကျောင်းဟာ မနက်ခင်းစောစောစီးစီးအချိန်ရဲ့ တိတ်ဆိတ်မှု့နဲ့ အတူ တိတ်ဆိတ်နေတယ်။
“ငါတို့အခုဘာလုပ်ကြမှာလဲ ဆန်းဝင်းနိုင်”
“စောင့်ကြည့်ပေါ့ကွာ”
ကျောင်းတံခါးကို ဆန်းဝင်းနိုင်ဆီမှာ ရှိတဲ့ သော့အပိုနဲ့ ဖွင့်ဝင်လိုက်ကြတယ်။
ထို့နောက် အင်္သချေ ခန်းမ ဟောခန်း ရှိရာကို ချီတက်လာခဲ့ကြတယ်။ ဟောခန်းထဲမှာတော့ ဘာမှ မရှိဘဲ ပြောင်ရှင်းနေပါပြီ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် လောက် က ကျောင်းသားအုပ်စု နေခဲ့လို့ ညစ်ပတ်ပေရေ နေတဲ့ ခန်းမဆောင်ကြီးဟာ အခုချိန်မှာ သန့်ရှင်းလျက်။ စင်ပေါ်မှာတော့ ဆရာဗိုလ်ဟိန်းနဲ့ ဆရာဦးမင်းရောင်တို့နှစ်ယောက်လုံး ရှိနေတယ်။ကျနော်တို့ကို မြင်တော့ ဆင်းလာကြပြီး
“မသေကောင်း မပျောက်ကောင်းကွာ မင်းတို့ကောင်တွေကွာ”
ဆရာဗိုလ်ဟိန်းက သူ့တပည့်တွေကို ခေါင်းတစ်ချက်စီ ခေါက်ရင်း ပြောလိုက်တယ်။ဦးမင်းရောင်ကလည်း
“ငါတို့ live မှာ အကုန်တွေ့လိုက်တယ်၊ ဟိုကောင် အောင်ရဲကျော်က interview တောင်ဖြေနေသေး။ တစ်တိုင်းပြည်လုံး တစ်ညလုံး အိပ်ရေးပျက်တာပဲဟေ့ မင်းတို့လုပ်တာနဲ့ ဟေး ဟေး”
“ကျနော်တို့ ဒီကို နောက်ဆုံး အဆုံးသတ်စရာ ရှိလို့လာတာပါ ဆရာ”
“ဘာကိုလဲကွ”
“ဒေါ်မြပုလဲသွယ် ဘယ်မှာလဲဗျ”
ဆရာတပည့် ငါးယောက် ဒေါ်မြပုလဲသွယ် ရှိရာ အဆောင်ဆီကို ချီတက်လာကြတယ်။ တစ်ယောက်ချင်း ခြေဖော့နင်းရင်း ဒေါ်မြပုလဲသွယ်ရဲ့ အခန်းဝကို ရောက်လာကြတယ်။
“ခင်ဗျား ဘယ်သွားမလို့လဲ ဒေါ်မြပုလဲသွယ် ‘’
အဝတ်တွေ ခေါက်နေ တဲ့ ဒေါ်မြပုလဲသွယ် က ဆန်းဝင်းနိုင် တို့ အုပ်စု ကိုကြည့်ရင်း ပြုံးလိုက်ကာ
“မင်းတို့ကောင်းမှု နဲ့ ဒီကျောင်းကနေ ငါပြောင်းရတော့မယ်လေ။ သဘက်ခါဆိုရင် မင်းတို့ရဲ့ ကျောင်းအုပ်ကြီးဟောင်း ဦးဇော်မွန် မင်းတို့ကို ပြန်ပြီး အုပ်ချုပ်ပါလိမ့်မယ် မင်းတို့လည်း လိလိမ္မာမ္မာ နေရစ်ကြပေါ့”
“ဒေါ်မြပုလဲသွယ် ခင်ဗျား ဒီကို ဘာရည်ရွယ်ချက်နဲ့ လာတယ်ဆိုတာ ကျနော်တို့ သိနေတယ်လေ”
ဒေါ်မြပုလဲသွယ်က မျက်မှောင်ကျုံ့ပြီး
“စာလာသင်တာလေ”
“မဟုတ်ဘူးလေ။ နောက်တစ်ခု ခင်ဗျားက စာရေးဆရာ ကျော်မောင် ရဲ့ မြေးမဟုတ်လား”
“ဟုတ်တယ်လေ”
“ကျော်မောင် ဟာ သူမအောင်မြင်ခင် အချိန်က ဂျွန်ဝင်းမောင် ဆိုတဲ့ နာမည်နဲ့ ပြဇာတ်တွေ ရေးခဲ့တယ်ဆိုတာ ခင်ဗျားသိတယ်မလား”
“သိတယ်လေ။ ငါ့အဖိုးအေ ပြဇာတ်မို့လို့ ငါက ဖို့လုပ်တာလေ”
ဆန်းဝင်းနိုင်က ရယ်လိုက်ရင်း
“ကျနော် ဦးစံဖဲ ရဲ့ တပည့် ဦးကရင်ကြီးဆီကနေ လျှို့ဝှက်ဖိုင်တွေကို ဖတ်ခွင့်ရခဲ့တယ်ဗျ။ တကယ်တော့ ဂျွန်ဝင်းမောင်ဟာ ရုကိဒေဝ ခေါ် ရကီဒါ နတ်ဆိုး နဲ့ အပေးအယူလုပ်မိလို့ ကျိန်စာမိသွားတဲ့ တတိယသားတော်ရဲ့ အဆက်အနွယ်ဗျ”
“ဟာ’’
“ဒါတော့ ငါလည်း မသိဘူးကောင်လေး “
ဒေါ်မြပုလဲသွယ်က ပါးစပ် အဟောင်းသားဖြစ်နေတယ်။ သူကိုယ်တိုင်တောင် ဒါတွေ မသိရိုးအမှန်ပါ။
“ဂျွန်ဝင်းမောင်ဟာ သူတို့မျိုးရိုးကို ထိနေတဲ့ အမြဲကခုန်နေရတဲ့ မျိုးရိုး နောက် သေရင်လည်း ကခုန်ပြီးမှ သေရတဲ့ဘဝ ကနေ လွတ်ဖို့ သူ့နည်းသူဟန် ကြံစည်တယ် အဲဒီမှာ ဒီပြဇာတ်ကို စရေးတာပဲ။ ဘိုးတော်က အလည်နော် ဗလရောင်ကို မုန်းတဲ့သရဲမအကြောင်း သူ သိထားကိုးဗျ”
“သေပြီးမှ လူအယောက် ၃၀ကို သတ်တဲ့ ဟမ်ဇဒ်”
ဝင်းမင်းဦးက ရေရွတ်လိုက်တယ်။
“အဲဒီ အင်္ဂလိပ်ခေတ်မှာတွင် ဂျွန်ဝင်းမောင်က နာမည် မရှိတဲ့ ဇာတ်မင်းသားတွေ တောမင်းသားတွေကို ပိုက်ဆံပေးပြီး ကပြခိုင်းတာ။ ကတဲ့ မင်းသားတိုင်းကို သရဲမက ဗလရောင် အစစ်ထင်နဲ့သတ်တော့ အင်္ဂလိပ်ခေတ် တခေတ် ထဲကို လူ၂၅ ယောက်တိတိ သတ်နိုင်ခဲ့တာ။ နောက်ပိုင်း ဒီပြဇာတ်က ကျိန်စာသင့်နေမှန်းသိတော့ ဘယ်မင်းသားကမှ မကပြကြတော့ရင်းက ဒီပြဇာတ်ဟာ တိမ်ကောလာတာပဲ။ သူအဲလို လိုက်စွယ်ပြီး ဇွတ်ကခိုင်းတဲ့ မင်းသားတွေထဲ ရွှေမန်းတင်မောင်တောင် ပါတယ်တဲ့။ ဟိုက မကနိုင်ဘဲ ငြင်းလိုက်လို့ ရွှေမန်းသဘင် ယနေ့အချိန်ထိ ထင်ကျန်နေတာ”
“ဟာ ယုတ်မာ လိုက်တာကွာ။ ရွှေမန်းတင်မောင်ကိုမှ သတ်ခိုင်းချင်ရတယ်လို့ အယုတ်တမာတွေပဲ”
ရွှေမန်းသဘင် ပရိသတ်ကြီး ဦးမင်းရောင် က ပြောလိုက်တယ်။
“အဲဒါတွေ ငါတကယ် မသိဘူးနော်”
“ခင်ဗျားအစ်မ ဒေါ်နှင်းပုလဲသွယ် အခု အစ်မထွေးထွေးရဲ့အမေကလည်း အဲ့ပြဇာတ်ကို အနုပညာကျောင်းဆင်း ကိုသစ္စာကို ကခိုင်းခဲ့တယ်လေ။ ကိုသစ္စာလည်း သေရောမလား ဒါပေမဲ့ ခင်ဗျား တို့ရဲ့ အကုသိုလ်ကြောင့် ခင်ဗျားအစ်မက ခင်ဗျားနဲ့တူတူ ကနေတုန်း သေသွားတယ်လေ။ ဒါကြောင့် ခင်ဗျား ဇာတ်ဆက်မကတော့တာ”
ဒေါ်မြပုလဲသွယ်က ရှိုက်ကြီးတငင် ငိုရင်း
“အေး အဲဒါ ဟုတ်တယ်။ ငါ့အစ်မ နဲ့ ငါက အမြဲတူတူ ကနေကြ။ အဲ့နေ့က ငါ့အစ်မက ဇာတ်ခုံပေါ်မှာ မထိန်းနိုင်အောင်ကို ကနေတာ။ နောက်ဆုံး ဇာတ်စင်ပေါ်က လိမ့်ကျပြီး သေသွားတဲ့အထိ နောက်ဆုံးထွက်သက်အထိ ကနေခဲ့တာ။ ငါလည်း ငါ့အစ်မကို ကြည့်ပြီး ဇာတ်ဆက်မက တော့တာပဲ။ ဒါပေမဲ့ မင်းပြောသလို မင်းတို့ပြောနေတဲ့ ကျိန်စာသင့်ပြဇာတ် ဆိုတဲ့အကြောင်း ငါ မသိဘူး”
“ခင်ဗျား မလုပ်ရင် ဘယ်သူ လုပ်တာလဲ အရမ်းတွေ တိုက်ဆိုင်နေတာနော်”
ဆရာဗိုလ်ဟိန်းက ပြောလိုက်တယ်။
ဒုန်း အသံ တစ်ခုထွက်ပေါ်လာပြီး ဒေါ်မြပုလဲသွယ် ရဲ့ အခန်းတံခါးက လှုပ်ခါသွားတယ်။ တံခါးရဲ့ အရှေ့မှာ အရိပ်တစ်ခု ဟာ တဖြည်းဖြည်းရွေ့လျားနေတယ်
“ဟာ အဲဒါဘာကြီးလဲ”
ဒေါ်နှင်းပုလဲသွယ်ပဲဗျ။ သူ့အနောက်ကို လိုက်စေချင်နေပုံပဲ။
ဆန်းဝင်းနိုင်နဲ့ ဝင်းမင်းဦးက အရှေ့ဆုံးက ထွက်ပြီး အရိပ်ကြီးရဲ့ အနောက်ကို လိုက်သွားကြတယ်။
စိုင်းရွက်ဟိန်း၊ဦးမင်းရောင်၊ဆရာဗိုလ်ဟိန်းနဲ့ ဒေါ်မြပုလဲသွယ်တို့က အနောက်ကနေ လိုက်လာကြတယ်။
ကျနော်တို့ အားလုံး အင်္သချေခန်းမရှေ့ကို ပြန်ရောက်လာတယ်။
“အရိပ်က ဒီအပေါ် တက်သွားတာ ဆရာ’’
“အဲဒီ အပေါ်မှာ ဘယ်သူရှိလို့လဲ”
“ထွေးထွေး ထွေးထွေး ညနေကတည်းက ပျောက်နေတာ”
“ဟာ သွားလရော ဟေ့”
ဆန်းဝင်းနိုင်က ရေရွတ်လိုက်တယ်။
“ဒါတွေ လုပ်နေတာ မထွေးထွေး ပဲ ဒေါ်မြပုလဲသွယ် မဟုတ်ဘူး”
ထိုစဉ် အင်္သချေ ခန်းမ အပေါ်ထပ်ကနေ ကတ်ဆတ်အသံ တစ်သံ ထွက်ပေါ်လာတယ်။
“And every bright neon sign turned into stars
And the sun and the moon seemed to be ours
Each road that we took turned into gold
But the dream was too much for you to hold”
အင်္ဂလိပ် သီချင်းသံ ဖြစ်တယ်။ အသံအားကောင်းတဲ့ ရှေးအဆိုတော် တစ်ယောက် ယောက် ဖြစ်မယ် ထင်တယ်။
ကျနော်တို့ ခပ်မြန်မြန်ပဲ အဆောင် ဒုတိယထပ်ကို တက်သွားတယ်။ဒါပေမဲ့ အဲဒီမှာ မထွေးထွေး ရှိမနေပါဘူး။ သီချင်းဖွင့်ထားတဲ့ ကတ်ဆတ်ကြီးပဲရှိတယ်။
“စတုတ္ထ ထပ် မှာဖြစ်မယ်ကွ မြန်မြန်လိုက် မဟုတ်ရင် သေမှာ”
ကျနော် ရင်တုန်ပန်းတုန် ဖြစ်လာတယ်။ ကျနော် မထွေးထွေး ကို ဘယ်နည်း နဲ့ မှ ဒုက္ခ မဖြစ်စေချင်ဘူး
“Now over and over, I keep going over the world we knew
Days when you used to love me”
စတုတ္ထ ထပ်ကို ကျနော် တို့ရောက်တော့ မထွေးထွေး ဟာ အပေါ်ထပ် လေသာဆောင် ကို တက်ဖို့လုပ်နေတယ်။ ကျနော့် လှမ်းဆွဲဖို့ အလုပ်မှာ
မျက်နှာနီနီကြီးနဲ့ ရုပ်ဆိုးဆိုး သတ္တဝါ တစ်ကောင် ပေါ်လာပြီး ကျနော့် မျက်နှာကို သူ့လက်သည်းကြီးနဲ့ ကုတ်ချလိုက်တယ်။
“အား”
ကျနော် မျက်နှာတစ်ခုလုံး ပူချစ်သွားတာပဲ။ ဆန်းဝင်းနိုင်က ကျနော်ကို ပြေးပွေ့တော့
“သူ့နောက်ကို လိုက်ပါကွာ ငါ့ကို ဂရုမစိုက်ပါနဲ့”
ဆန်းဝင်းနိုင်က အပေါ်ကို တက်သွားတယ်။ အနောက်ကပါလာတဲ့ ဆရာဗိုလ်ဟိန်းနဲ့ ဆရာမင်းရောင်က ကျနော့်ကို ထူရင်း
“သားလေး မင်းရရဲ့လား”
“သူ့နောက်ကို လိုက်ပါ ဆရာ။ သူ့နောက်ကို လိုက်ပါ။ တစ်ယောက်ထဲ မရလောက်ဘူး။ လိုက်သွားကြပါ။ ကျနော့်ကို ထားခဲ့ပါ”
“Now over and over and keep going over the world we knew”
ကတ်ဆတ်ကနေ အသံတိတ်သွားတယ်။
“မလုပ်နဲ့ မလုပ်နဲ့ မထွေး အောက်က လူတွေဖမ်း”
ဆန်းဝင်းနိုင်ရဲ့ အော်သံ ထွက်ပေါ်လာတယ်။
ကျနော် ကြောက်လန့်တကြား ထပြေးပြီး တတိယထပ် ဝရန်တာကနေ ပြုတ်ကျလာမဲ့ မထွေးကို ဖမ်းကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ ပြုတ်ကျလာတာ ကို ကျနော်ကြည့်ပဲ ကြည့်နေနိုင်တယ်။ ပြုတ်ကျလာတဲ့ အရှိန်ဟာ မြန်လွန်းပေမဲ့ ကျနော့်မျက်စိ ထဲမှာတော့ အနှေးပြကွက်လိုပဲ။
မထွေးထွေးဟာ ဂါဝန်ဖြူဖြူလေး ဝတ်ထားတယ်။ မျက်နှာလေးဟာ ဖြူရော်နေတယ်။ သူမျက်လုံးတွေဟာ နတ်ဆိုးရဲ့ ပြုစားမှု့ကြောင့် ကြောင်တောင်တောင်နဲ့ ပြူးကျယ်နေပေမဲ့ မျက်လုံး ထောင့်စွန်းက မျက်ရည်စလေးတွေကိုတော့ ကျနော် မြင်နေရတယ်။
“နှုတ်ဆက်ပါတယ် ကောင်လေးရေ။ နောက်ဘဝသာ ရှိခဲ့ရင် မင်းနဲ့ ပြန်ဆုံချင်ပါသေးတယ်”
သူ မပြောခဲ့ပေမဲ့ အဲစကားကို ကျနော့်အတွက် သူ ပြောခဲ့တယ်လို့ပဲ စွဲမှတ်နေမိပါတယ်။
“အစ်မရေ”
အဲဒီနေ့က ကျနော့်ရဲ့ ဘဝ ရွှေအိုရောင်သန်းတဲ့နေ့တွေ အဆုံးသတ် သွားခဲ့တယ်။နောက်ပိုင်း ကျနော်ကျောင်းမှာ စာကိုပဲ ဖိလုပ်နေခဲ့တယ်။မထွေးထွေး မရှိတဲ့နောက်ပိုင်း ကျနော်အတွက် ဘာမှ အဓိပ္ပာယ် မရှိတော့သလိုပဲ။
ဒေါ်မြပုလဲသွယ်လည်း တော်တော် စိတ်ထိခိုက်ခဲ့ရှာတာပဲ။ အခုတော့ သူလည်း အထက်ဘက်ကို တရားဝင် ရွှေ့ပြောင်းသွားရှာပါပြီ။ အငြိမ့်ကြီးဦးဇော်မွန် ပြန်ရောက်လာပြီး ကျနော်တို့ကို ခါတိုင်းလို အနိုင်ကျင့်မြဲပါပဲ။ သူ့အချစ်တော် ဆန်းဝင်းနိုင်နဲ့လည်း ရန်ဖြစ်မြဲပေါ့။
“ဟိုကောင်တွေ တိုက်ပုံ မပါပြန်ဘူးလား။ ကျောင်းသားဆိုတာ ဒီလို မနေရဘူးကွ သခင်အောင်ဆန်း တို့ ဆိုရင်”
အစရှိသဖြင့် သူကျက်ထားတဲ့ စာတွေကို ရွတ်ပြနေတုန်းပဲ ကျနော်တို့ကျောင်းကတော့ ဆယ်လီကျောင်း ဖြစ်သွားတာပဲ။ ငါးလလောက် အေးဆေးမနေရဘူး အင်တာဗျူးတွေ လာကြတာ ကမ္ဘာအနှံ့ကပဲ။ BBCကဆို Documentary တောင် ရိုက်မလို့တဲ့ နောက်နှစ်ကျရင်
တီချယ်လာနာခေါ် ချစ်နန္ဒာရွှေက နောက်နှစ်မှာပဲ သူ့ရဲ့ ငယ်သူငယ်ချင်း ဝဏ္ဏတိုး နဲ့ လက်ထပ်သွားပါတယ်။ ကျနော်ကလွဲလို့ ဟိုကောင်တွေ အကုန် သတို့သား အရန် ဝင်လုပ်ကြသေးတယ်။ ဆန်းဝင်းနိုင်ကတော့ သူ့မျက်ရည်တွေ လူမမြင်အောင် နေကာမျက်မှန်ကြီး တပ်ထားရတယ်။
“မင်းချစ်နေတာများ ချစ်နန္ဒာရွှေကို ဘာလို့ဖွင့်မပြောခဲ့တာလဲ”
ကျနော် ဆန်းဝင်းနိုင်ကိုမေးတော့
“တစ်ခါတလေကွာ ကိုယ်ချစ်တဲ့လူက သူချစ်တဲ့လူနဲ့ ပျော်နေတာလေးကို ကြည့်ပြီး ချစ်ပေးနေရတာပဲ ကောင်းပါတယ်ကွာ”
ဆန်းဝင်းနိုင်က ခပ်ပြုံးပြုံးပဲ ဖြေရှာတယ်။
ဝင်းမင်းဦး နဲ့ ဆန်ဒီကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ကောင်မလေးက ချော့လိုက် သူက ချော့လိုက်နဲ့ Romance ဇာတ်လမ်းတွေ ခင်းနေတာပေါ့။
FA ဝေလင်းဖြိုး နဲ့ ဘုန်းဝေယံ ကတော့ ဖိုက်တာဆန်ဆန်ပဲ သူတို့ရဲ့ ကော်ဖီခွက်အေး ခွက်တွေကို နှုတ်ခမ်းချင်း တိုက်ရင်း တစ်နှစ်လုံး နှစ်ယောက်ထဲကမ္ဘာ နေထိုင်သွားကြပါတယ်။
ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ လူငယ်ဘဝ တွေဟာ ကျနော်တို့ အမြဲ ပြန်တောင်းတ နေရတာပါပဲ။အဲ့ဒီတုန်းက အခက်အခဲတွေ စိတ်ညစ်စရာတွေက အဲ့အချိန်တုန်းက ဝမ်းနည်းစရာ ကြောက်စရာ တွေ ဖြစ်ခဲ့ပေမဲ့ နောက်လေးငါးနှစ် လောက်ကြာမှ ပြန်တွေးမိတော့ လွမ်းစရာ ပျော်စရာတွေအဖြစ် ကျန်ခဲ့ရတာပဲ။ စာရေးဆရာ တစ်ယောက် ပြောခဲ့သလိုပေါ့ ။
ဘဝဟာ အနီးကြည့်ရင် ဒရမ်မာရုပ်ရှင် အဝေးကကြည့်မိတော့ ဟာသရုပ်ရှင် ပါပဲတဲ့။ ကျနော့်အတွက်ကတော့ ရွှေအိုရောင်သန်းတဲ့ နေ့ရက်တွေမှာ ကျနော့်ဆီကို ရုတ်တရက် ဝင်လာပြီး ရုတ်တရက် ပြန်ထွက်သွားတဲ့ မမကို လွမ်းဆွတ် သတိရနေမိပါတယ်။
ပြီးပါပြီ
၁၁.၁.၂၀၂၅
ညဆယ့်တစ်နာရီ
******